News @ M-Media

Blog

  • ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    နှစ်ဖက် တွေ့ဆုံမှုတစ်ခု

    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ပြင်သစ်ခရီးစဉ်အတွင်း ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ စီးပွားရေးသဘောတူညီချက် အခု ၂၀ ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    ထိုအထဲမှ အရေးပါဆုံးမှာ ဆော်ဒီ၏ Aramco ကုမ္ပဏီနှင့် ပြင်သစ်မှ ထိပ်တန်း ရေနံကုမ္ပဏီ Total တို့အကြား သဘောတူညီချက်များဖြစ်သည်။ ကုမ္ပဏီနှစ်ခုမှာ ဆော်ဒီတွင် ကန်ဒေါ်လာ ၇.၂ ဘီလီယံတန် ရေနံထွက်ပစ္စည်းစက်ရုံ တည်ဆောက်ရေးနှင့် ကန်ဒေါ်လာ ၃ ဘီလီယံတန် ကုန်သွယ်ရေးကိစ္စများအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆော်ဒီတွင် လေယာဉ်အင်ဂျင်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆော်ဒီနှင့် ပြင်သစ်တို့က သဘောတူညီခဲ့ကြသည်။

    ဆော်ဒီစွမ်းအင်နှင့် စက်မှုဝန်ကြီး ခါလစ် အလ်-ဖာလီဟ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး မဂျစ် အလ်-ကာဆာဘီတို့ မနေ့က နှစ်ဖက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

    ပြင်သစ်မှာ ဆော်ဒီတွင် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည့် နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး ရှိနေသည်။

    Ref: Alarabiya

  • လက်နက်မဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးက တမင်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်

    လက်နက်မဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးက တမင်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    ပစ်ခတ်သတ်ဖြတ်မှုကို ရိုက်ကူးထားမှု

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ရှိနေတဲ့ လက်နက်မဲ့ ပါလက်စတိုင်းတစ်ယောက်ကို အစ္စရေးစနိုက်ပါတွေက ပစ်သတ်အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားလာပြီးတဲ့နောက် ပါလက်စတိုင်းတာဝန်ရှိသူတွေက အစ္စရေးရဲ့ ဒီ လူမဆန်မှုကို ရှုတ်ချခဲ့ကြပါတယ်။

    တနင်္လာနေ့က ထွက်လာတဲ့ ဒီဗီဒီယိုမှာ နယ်စပ်ခြံစည်းရိုးနား ရပ်နေတဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစနိုက်ပါက တမင်တကာ ပစ်ခတ်သတ်ဖြတ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

    ပစ်သတ်ခံရတဲ့ အဲဒီလူငယ်ဟာ စစ်သားတွေအပေါ် ခြိမ်းခြောက်တဲ့အနေအထားမျိုး မရှိသလို၊ နယ်စပ်ခြံစည်းရိုးနားမှာ ဖြစ်နေတဲ့ ပြဿနာတွေမှာလည်း ပါဝင်ပတ်သက်မှုမရှိပါဘူး။

    အစ္စရေးစစ်သားတွေက သူ့ကိုပစ်သတ်ဖို့ ပြောဆိုနေပုံ၊ ပစ်ခတ်ပြီးတဲ့နောက် ဆဲရေးတိုင်းထွာကာ အောင်ပွဲခံနေပုံတွေကိုလည်း ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။

    အစ္စရေးစစ်တပ်က ဒီဗီဒီယိုဟာ မှန်ကန်ပြီး လတ်တလောဖြစ်နေတဲ့ ကိစ္စမဟုတ်ဘဲ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုအတွင်း ဖြစ်ပျက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    ပစ်ခတ်ခံရတဲ့ ပါလက်စတိုင်းလူငယ် သေဆုံးသွားသလားဆိုတာ သေသေချာချာ မသိရပါဘူး။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က ညှိနှိုင်းဆွေးနွေးရေးမှူး စအစ် အီရီကတ်က မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းတွေအပေါ် မုန်းတီးမှု၊ ပါလက်စတိုင်းတွေရဲ့ အသက်ကို အလေးမထားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျူးကျော်သိမ်းပိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ ကောက်ကျစ်တဲ့ စိတ်ဓာတ်၊ ပါလက်စတိုင်းအရပ်သားတွေအပေါ် ပစ်ခတ်သတ်ဖြတ်တဲ့ ပေါ်လစီကို စနစ်တကျ ကျင့်သုံးနေမှု၊ ပါလက်စတိုင်းနယ်မြေတည်ရှိမှုကို လက်မခံမှု၊ နိုင်ငံ ဥပေဒတွေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ စံနှုန်းဥပဒေတွေကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်မှုတွေကို ထင်ဟပ်နေပါတယ်”

    အစ္စရေးလွှတ်တော်က အာရပ်အမတ် ဂျမာလ် ဇာဟာလ်ကာကလည်း ဒီဗီဒီယိုကို ရှုတ်ချခဲ့ပါတယ်။

    အစ္စရေးကာကွယ်ရေးဝန်ကြီး လီဘာမန်အပါအ၀င် ဂျူးလက်ယာစွန်းရောက်တွေကတော့ ဒီလုပ်ရပ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆန္ဒပြခဲ့ကြပြီး အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၃၁ ဦးသေဆုံးကာ ၁၄၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljazeera

  • အလ်ဂျီးရီးယားတွင် စစ်ဖက်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၂၀၀ ကျော် သေဆုံး

    အလ်ဂျီးရီးယားတွင် စစ်ဖက်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၂၀၀ ကျော် သေဆုံး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    လေယာဉ်ပျက်ကျပြီးနောက် မြင်ကွင်း

    – အလ်ဂျီးရီးယားနိုင်ငံတွင် စစ်ဖက်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး ၂၅၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    Ilyushin Il-76 ပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး နိုင်ငံအနောက်ပိုင်း ဘီချာရ်မြို့သို့ သွားရောက်ရန်အတွက် မြို့တော် အလ်ဂျီရာအပြင်ဘက်ရှိ ဘူဖာရစ် လေတပ်စခန်းမှ ယနေ့မနက်အစောပိုင်း ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

    အလ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက လိုက်ပါသွားသူ ၂၄၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ လေယာဉ်ပေါ် လိုက်ပါသွားသူများမှာ အလ်ဂျီးရီးယားစစ်တပ်မှ အမှုထမ်းများဖြစ်သည်။

    ယခုလေယာဉ်ပျက်ကျမှုမှာ ၂၀၀၃ ခုနှစ် Air Algerie လေကြာင်းလိုင်းမှ လေယာဉ်တစ်စီး ပျက်ကျမှုနောက်ပိုင်း အဆိုးဝါးဆုံး အဖြစ်အပျက်ဖြစ်သည်။ ၂၀၀၃ ခုနှစ် ပျက်မှုအတွင်း ၁၀၂ ဦး သေဆုံးခဲ့သည်။

    ၂၀၁၄ ခုနှစ်ကလည်းက C-130 လေယာဉ်မှာ နိုင်ငံမြောက်ပိုင်း ကွန်စတန်တိုင်မြို့သို့ မဆင်းသက်မီ ပျက်ကျမှုကြောင့် စစ်သည် စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၇၀ ကျော် သေဆုံးခဲ့သည်။

    Ref : Aljazeera

  • ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကို မိမိတို့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ဒီကနေ့မနက်ပိုင်းမှာ Twitter ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသကို ဆီးရီးယားအစိုးရတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က လက်တုန့်ပြန်ဖို့ စီစဉ်နေတာပါ။

    လက်ဘနွန်ဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်အနေနဲ့ ဆီးရီးယားကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ်ဆိုရင် သမ္မတပူတင်နဲ့ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ စကားအတိုင်း ဒီဒုံးကျည်တွေကို ပစ်ချသွားမှာဖြစ်သလို၊ ဒုံးကျည်တိုက်ခိုက်တဲ့နေရာကိုလည်း ချေမှုန်းသွားမယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီနေ့မနက် Twitter မှတ်ချက်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ကို ရုရှားက ပံ့ပိုးမှုအတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    “ဆီးရီးယားကိုပစ်တဲ့ ဘယ်လိုဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ ရုရှားက သန္ဓိဌာန်ချထားတယ်။ အဲဒါဆိုရင် အဆင်သင့်သာလုပ်ထားလိုက်ပါ ရုရှားရေ။ ဒုံးကျည်တွေလာတော့မှာ၊ တော်တော်ကောင်းတဲ့ စမတ်ကျတဲ့ ဒုံးကျည်အသစ်တွေပေါ့။ ကိုယ့်ပြည်သူကိုသတ်ပြီး ပျော်နေတဲ့ ဓာတ်ငွေ့တိရစ္ဆာန်လိုကောင်နဲ့ မင်းတို့ မိတ်ဆွေမဖြစ်သင့်ဘူး”

    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံး အရှေ့ဂူတာဒေသက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားမြို့မှာ စနေနေ့က ဆီးရီးယားအစိုးတပ်ရဲ့ တိုက်ခိုက်မှုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူ ၇၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေက အဲဒီတိုက်ခိုက်မှုမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံ တော်တော်များများက ဒီကိစ္စအတွက် ဆီးရီးယားအစိုးရကို စစ်ရေးနဲ့ လက်တုန့်ပြန်ဖို့ အခုရက်ပိုင်းအတွင်းမှာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera