News @ M-Media

Blog

  • ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    – ဥရောပတစ်ဝှမ်းမှာ အမျိုးသားရေးဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က သတိပေးလိုက်ပြီး ဥရောပမှာ အာဏာရှင်ကြိုက်ဝါဒနဲ့ လစ်ဘရယ်ဒီမိုကရေစီအကြား ပွတ်တိုက်မှုဟာ ပြည်တွင်းစစ်ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ပြင်သစ်နိုင်ငံ စထရာဘော့ဂ်မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ဥရောပလွှတ်တော်မှာ မာခရွန်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီကတိက၀တ်ကို ဆက်လက်ဆန်းသစ်ဖို့လည်း ဥရောပခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတိတ်ကိုမေ့ပြီး စမ်းတ၀ါးဝါးလျှောက်နေတဲ့ မျိုးဆက်မှာ ကျွန်တော် မပါဝင်လိုပါဘူး”

    အမျိုးသားရေးအမည်ခံ လူပြိန်းကြိုက်ဝါဒဟာ လတ်တလော ဥရောပတစ်ဝှမ်းက ရွေးကောက်ပွဲတွေမှာ လွှမ်းမိုးလာခဲ့ပြီး ဟန်ဂေရီနဲ့ အီတလီနိုင်ငံတွေမှာ ဒါကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ ဥရောပက ကြုံတွေ့နေရတဲ့ ပြောင်းရွှေ့အခြေချမှုပြဿနာက ဒီအမျိုးသားရေးဝါဒကို မီးထိုးပေးတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်း ဟန်ဂေရီရွေးကောက်ပွဲမှာ လက်ယာစွန်းဝန်ကြီးချုပ် ဗစ်တာ အော်ရ်ဘန်က သောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရခဲ့ပြီး မတ်လက အီတလီမှာလည်း ဥရောပပေါင်းစည်းရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ အထိနာခဲ့ပါတယ်။

    မာခရွန်နဲ့ သူ့ရဲ့ LREM ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ဥရောပ မပြိုကွဲရေး ရပ်တည်ချက်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ရွေးကောက်ပွဲမှာ မဲမပေးသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။

    မနေ့က မိန့်ခွန်းမှာ မာခရွန် လစ်ဘရယ်ဆန့်ကျင်ရေးဝါဒကို ကြိုက်နှစ်သက်မှု မြင့်တက်လာပြီး ဥရောပပြည်သူတွေအကြား သဘောထားကွဲလွဲမှုဟာ ပြည်တွင်းစစ်လို ဖြစ်နေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ တိုက်ပွဲဝင်ပြီး ရရှိလာတဲ့ ဥရောပရဲ့ အချုပ်အခြာကို ကာကွယ်သွားမယ့် မျိုးဆက်ထဲမှာ ကျွန်တော် ပါဝင်ချင်ပါတယ်။ အာဏာရှင်ဝါဒနဲ့ ပတ်သက်တဲ့ ဘယ်လိုသဘောထားမျိုးမှာမှ ကျွန်တော် ပါဝင်မှာ မဟုတ်ပါဘူး”

    Ref: BBC

    http://www.bbc.com/news/world-europe-43794856

  • ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ရုရှားလုပ် S-300 ဒုံးခွင်း

    – ဆီးရီးယားအစိုးရအား S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က ပြောကြားလိုက်ပြီး အမေရိကန်နှင့် အပေါင်းအပါများက ဆီးရီးယားကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    “S-300 စနစ်တွေကို ပေးပို့ဖို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆီးရီးယားက တောင်းဆိုခဲ့ပေမယ့် ကျွန်တ်ာတို့ မပေးခဲ့ပါဘူး။ အမေရိကန်၊ ပြင်သစ်နဲ့ ဂရိတ်ဗြိတိန်တို့ရဲ့ ဒီလို လွန်လွန်းတဲ့ ကျူးကျော်မှုကြောင့် အခုတော့ ကျွန်တ်ာတို့ဟာ ဆီးရီးယားရဲ့ လုံခြုံရေးအတွက် နည်းလမ်းတွေကို စဉ်စားရတော့မှာပါ” ဟု လာဗရော့က ယနေ့တွင် ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

    နောက်ထပ်ဖြစ်လာမည့် ကျူးကျော်မှုများအား ဆီးရီးယားက ကာကွယ်နိုင်ရေး ကူညီရန် ရုရှားက နည်းလမ်းအားလုံးကို စဉ်းစားသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    စနေနေ့တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့မှာ ဆီးရီးယားရှိ နေရာ ၃ ခုကို ဒုံးကျည်များဖြင့်လည်းကြောင်း၊ လေကြောင်းမှလည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်နှင့် သက်ဆိုင်သော နေရာများကို တိုက်ခိုကခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားစစ်တပ်မှာ ဒုံးကျည်ပေါင်း ၁၀၃ စင်းမှ ၇၁ ခုကို ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ရုရှားစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆာဂျီ ရုဒ်စ်ကိုအီက အမေရိကန်၏ ယခုလုပ်ရပ်မှာ ဆီးရီးယားတွင် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို ပိုမိုဆိုးရွားအောင် ရည်ရွယ်ခြင်းဖြစ်ပြီး ရုရှားအနေဖြင့် ဆီးရီးယားအပါအ၀င် အခြားနိုင်ငံများသို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပေးပို့သွားနိုင်သည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • အင်္ဂါနေ့ ဘောလုံးသတင်းတို

    အင်္ဂါနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    – လာမယ့်နွေရာသီမှာ ဘန်ဇီမာနဲ့ ဘေးလ်တို့ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ငြင်းဆိုလိုက်ပြီး သူတို့နှစ်ဦးရဲ့ ရီးယဲလ်အနာဂတ်ဟာ အန္တရာယ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘေးလ်ဟာ လက်ရှိမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဘန်ဇီမာကလည်း ရော်နယ်ဒိုရဲ့ လောင်းရိပ်အောက်မှာ ကစားနေရတာကြောင့် နှစ်ယောက်စလုံးဟာ ရီးယဲလ်မှာ မပျော်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    – ပြီးခဲ့တဲ့တစ်ပတ် မန်ယူကိုရှုံးခဲ့တဲ့ ဒါဘီပွဲမှာ ဒူးခေါင်းဒဏ်ရာရခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ အသင်းနဲ့ လက်ကျန်ပွဲတွေအားလုံးမှာ ပါဝင်နိုင်မှာမဟုတ်တော့ဘဲ ရုရှားကမ္ဘာ့ဖလားပွဲအမှီ ပြန်ကောင်းလာဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ အဂူရိုဟာ ဒူးခေါင်းဒဏ်ရာကြောင့် တစ်လတာနားနေရာကနေ ပြန်လည်ကစားတဲ့ပွဲမှာ ဒီလို ဒဏ်ရာထပ်ရခဲ့တာပါ။

    – ပြီခဲ့တဲ့တစ်ပတ် ရီးယဲလ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ နောက်ဆုံးမိနစ်မှာ ရီးယဲလ်ဖက်ကို အငြင်းပွားဖွယ် ပင်နယ်တီပေးခဲ့တယ်တဲ့ အင်္ဂလိပ်ဒိုင်လူကြီး မီခေးလ် အိုလီဗာနဲ့ သူ့ရဲ့ဇနီးတို့ဟာ ခြိမ်းခြောက်မှုတွေ ခံနေရပြီး ဒီကိစ္စအတွက် ပြင်းပြင်းထန် ရှုတ်ချတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပြောကြားလိုက်ပါတယ်။

    – အာဆင်နယ်အသင်း ယူရိုပါဖလား ရရှိမှုဟာ ၀င်းဂါး အသင်းမှာဆက်ရှိနေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ တိုက်စစ်မှူး အလက်ဇန်ဒရေ လကာဇက်တီက ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်နေသေးပေမယ့် ဒီနှစ်အကုန်မှာ အသင်းကနေ ထွက်တော့မယ်လို့ သတင်းတွေထွက်နေတာပါ။ ၀င်းဂါးဟာ သူ့ရဲ့ နှစ် ၃၀ နည်းပြသက်တမ်းတစ်လျှောက်မှာ ယူရိုပါဖလားကို တစ်ကြိမ်မှ မရဖူးသေးပါဘူး။

    Ref: Goal

  • လူတစ်ဦးအား ပြန်ပေးဆွဲသတ်ဖြတ်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူ ထောင်ချ

    လူတစ်ဦးအား ပြန်ပေးဆွဲသတ်ဖြတ်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူ ထောင်ချ

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ရုံးထုတ်လာမှုတွင် တွေ့ရစဉ်

    – စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုင်းစေမှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး၊ ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို စင်ကာပူက မနေ့မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

    အသက် ၄၀ ရွယ် ဇော်မင်းလှိုင်နဲ့ အသက် ၃၄ နှစ်အရွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် အေးမောင်မောင်သက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

    ဇော်မင်းလှိုင်ကို တရားရုံးက ထောင်ဒဏ် ၄ နှစ်၊ ၃ လနဲ့ ၂ ပတ် ချမှတ်ခဲ့ပြီး၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင် ပေးဆောင်ဖို့၊ ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ပြန်ပေးဆွဲရန် ကြိုးပမ်းမှု၊ ခေါက်ဓားမြှောင်နဲ့ ကျဉ်စက်တွေ လက်ဝယ်ထားရှိမှု၊ လိုင်စင်မရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ကားမောင်းခိုင်းမှု စတာတွေအပါအ၀င် ပုဒ်မ ၇ ခုနဲ့ တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။

    သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြိုးမင်းနိုင်ကလည်း ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်ခံရပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၆၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဖြိုးမင်းနိုင်ဟာ ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ ကျဉ်စက်နဲ့ ငရုတ်ကောင်းစပရေး လက်ဝယ်ထားရှိမှုတွေနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

    စီးပွားရေးသမား အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်အောင်က သူ့ဇနီး စန္ဒီဟာ အေးမောင်မောင်သက်နဲ့ ငြိစွန်းနေတယ်လို့ သံသယဖြစ်တဲ့အတွက် အေးမောင်မောင်သတ်ကို ပြန်ပေးဆွဲသတ်ဖြတ်ဖို့ ၂၀၁၅ ခုနှစ် မေလမှာ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ကို ခိုင်းစေခဲ့တာပါ။

    ဒါ့ကြောင့် ဇွန် ၂၁ ရက်နေ့မှာ ဒီနှစ်ယောက်ဟာ အေးမောင်မောင်သက်ကို သွားရောက် ပြန်ပေးဆွဲခဲ့ပေမယ့် လမ်းသွားလမ်းလာတွေ တွေ့ရှိသွားတာကြောင့် အကြံအစည် အထမမြောက်ခဲ့ဘဲ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

    အေးမောင်မောင်သက်က ဒီကိစ္စကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ကို ဖမ်းမိခဲ့ပါတယ်။

    ခိုင်းစေသူအောင်အောင်ဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခြင်းမပြုနိုင်မီ စင်ကာပူကနေ ထွက်ခွာသွားခဲ့ပြီး၊ အေးမောင်မောင်သက်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စင်ကာပူကနေ ထွက်သွားခဲ့တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

    ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ဟာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေ ဖြစ်ပါတယ်။

    Ref: Strait Times

  • ကွန်ဂိုတွင် ဥပဒေဘွဲ့မရဘဲ တရားသူကြီးလုပ်နေသူ ၂၀၀ ကျော်ကို ထုတ်ပယ်

    ကွန်ဂိုတွင် ဥပဒေဘွဲ့မရဘဲ တရားသူကြီးလုပ်နေသူ ၂၀၀ ကျော်ကို ထုတ်ပယ်

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ကွန်ဂိုသမ္မတ ဂျိုးဆက်ပ်

    – အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုမှာ ဥပဒေဘွဲ့မရသူ၊ ခြစားတယ်လို့ သတင်းထွက်နေသူ တရားသူကြီး ၂၅၀ ကျော်ကို ထုတ်ပယ်လိုက်ပါတယ်။

    တရားရေးဝန်ကြီး အလက်ဇစ် သမ်ဘွယ် မ၀မ်ဘာက သမ္မတ ဂျိုးဆက်ပ် ကာဘီလာဟာ တရားသူကြီးတွေမှာ ရှိရမယ့် အရည်အချင်း မရှိသူ ၂၀၀ လောက်ကို အရေးယူလိုက်တယ်လို့ မနေ့က ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

    ဒေသတွင်းမီဒီယာတွေက ရာထူးက ရပ်ဆိုင်းခံရတဲ့၊ ထုတ်ပယ်ခံရတဲ့ အရေအတွက်ဟဟာ ၂၅၆ ဦးလောက်ရှိပြီး၊ ရာထူးကနှုတ်ထွက်သူ ၂ ဦးနဲ့ အငြိမ်းစားယူသွားသူတွေလည်း ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ တရားရေးမဏ္ဍိုင် ချို့ယွင်းနေတဲ့ ကွန်ဂိုနိုင်ငံမှာ တရားသူကြီးပေါင်း ၄၀၀၀ လောက် ရှိနေတာပါ။

    မ၀ပ်ဘာက ငွေရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားရေးလုပ်ငန်းထဲကို ၀င်ရောက်လို့မရကြောင်း၊ အခု ထုတ်ပယ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ဥပဒေဘွဲ့မရဘဲ ၀င်လာသူတွေ၊ လာဘ်လာဘမျှော်ကိုးလိုသူတွေ၊ အခွင့်အရေး ရလိုသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကွန်ဂိုမှာ ၂၀၀၉ ခုနှစ်ကလည်း သမ္မတဂျိုးဆက်ပ်ဟာ ခြစားမှုစွဲချက်တွေနဲ့ တရားသူကြီး ၉၆ ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    မ၀မ်ဘာက တရားရေးစနစ် နှေးကွေးနေတာကို ဝေဖန်ခဲ့ပြီး သံသယရှိသူတွေဆီက ပိုင်ဆိုင်မှုတွေကို ရရှိဖို့အတွက် ဖမ်းဆီးထိန်းသိမ်းသိမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera