News @ M-Media

Blog

  • ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသည့် မူလာ

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာနိုင်ငံဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး အူရ်ဆူလာ မူလာက ပြောကြားလိုက်ပါတယ်။

    “လူတွေထံကနေ ကျွန်မ မြင်ရတာ၊ ကြားရတွေကိုပြောရရင် ကျန်းမာရေးစောင့်ရှောက်မှု မရဘူး၊ ကာကွယ်ပေးပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ ဆက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ လူတွေပြန်လာလို့ရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး” လို့ သူမက ဆိုပါတယ်။

    မူလာဟာ မြန်မာနိုင်ငံကိုလာရောက်ကာ ရခိုင်ဒေသအပါအ၀င် နိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တာပါ။

    မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မူလာရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

    နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

    ဇန်န၀ါရီလမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ၂ နှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်ဖို့ ထပ်မံသဘောတူခဲ့ကြပါတယ်။

    မြန်မာတာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ အခုအထိ ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေကို အတည်ပြုထားပြီး ပထမဆုံးအသုတ် နေရပ်ပြန်လာသူတွေ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    မူလာဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရဆုံး ဒေသတွေကို သွားရောက်ခွင့်ရခဲ့ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေက ၀န်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ကော့ဇ်ဘဇားက ဒုက္ခသည်တွေ နေရပ်ပြန်လာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒ၊ ဂုဏ်သိက္ခာရှိစွာဖြစ်ဖို့နဲ့ ဖြေရှင်းမှုတွေ ရေရှည်တည်တံ့ဖို့ (မြန်မာအာဏာပိုင်တွေကို) ကျွန်မ တောင်းဆိုခဲ့ပါတယ်” လို့ မူလာက ရန်ကုန်မြို့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တူရကီတွင် ဆီတင်သင်္ဘောက သမိုင်းဝင်အဆောက်အဦးတစ်ခုကို ၀င်တိုက်

    တူရကီတွင် ဆီတင်သင်္ဘောက သမိုင်းဝင်အဆောက်အဦးတစ်ခုကို ၀င်တိုက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    သင်္ဘောတိုက်မှုမြင်ကွင်း

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဘော့စ်ဖရက်စ်ရေလက်ကြားမှာ မော်လ်တာအလံ လွှင့်တင်ထားတဲ့ ဆီတင်သင်္ဘောတစ်စင်းဟာ ကမ်းခြေကို ၀င်တိုက်မှု ဖြစ်ပွားခဲ့ပြီး သမိုင်းဝင် အိမ်ဂေဟာတစ်ခု ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့ပါတယ်။

    မနေ့က နေ့လည်ပိုင်းမှာ Vitaspirit ဆိုတဲ့ အဲဒီသင်္ဘောဟာ ပဲ့ထိန်းစတီယာတိုင် လော့ကျသွားပြီး ထိန်းလို့မရတော့တဲ့အတွက် ကျောက်ချရပ်နားခဲ့ပေမယ့် အရှိန်ကြောင့် ဒီလို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဖာတီဆူလ်တန် မဟ်မတ်တံတားအောက်မှာ တည်ဆောက်ထားတဲ့ ဟီကင်ဘာဆီ ဆာလီဟ် အီဖန်ဒီ အိမ်ဂေဟာကြီးဟာ သင်္ဘောတိုက်မိမှုကြောင့် ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

    တူရကီ နိုင်ငံပိုင်သတင်းဌာန Anadolu က သင်္ဘောကို အခင်းဖြစ်ရာနေရာကနေ ကမ်းခြေကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဟီကင်ဘာဆီ ဆာလီဟ် အီဖန်ဒီ အိမ်ဂေဟာ ဟာ ၁၈ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦးဖြစ်ပြီး မင်္ဂလာပွဲတွေ၊ ဂီတပွဲတွေ ကျင်းပရာနေရာ ဖြစ်ပါတယ်။ ဘော့စ်ဖရက်ရေလက်ကြားမှာ ကမ်းခြေက အဆောက်အဦးတွေဟာ တော်တော်လေး တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်ပါတယ်။

    ဒီရေလက်ကြားဟာ အစ္စတန်ဘူလ်ရဲ့ ဥရောပနဲ့ အာရှဖက်ခြမ်းကို ခြားထားတဲ့ မြစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ ရေနံကုန်သွယ်မှုအတွက် အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    တိုက်ခိုက်ခံခဲ့ရသည့် ကလေးငယ်တစ်ဦး

    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်အနီး ဒူးမားမြို့မှာ ဆီးရီးယားအစိုးရတပ်ရဲ့ မနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ဒူးမားမြို့ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး White Helmets အဖွဲ့က သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။

    “လူ ၇၀ လောက်ဟာ အသက်ရှူကြပ်သေဆုံးခဲ့ပြီး၊ ရာနဲ့ချီတဲ့လူတွေဟာလည်း အသက်ရှူကြပ်နေကြပါတယ်” လို့ White Helmets အဖွဲ့ခေါင်းဆောင် ရာအဒ် အလ်-ဆာလေဟ်က ဆိုပြီး သေဆုံးသူတွေ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူးမားမှာ ကလိုရင်းဓာတ်ငွေ့နဲ့ အခြား အားပြင်းတဲ့ ဓာတ်ငွေ့တစ်မျိုးကို ကြဲချခဲ့တာဖြစ်တယ်လို့လည်း ဆာလေဟ်က ပြောပါတယ်။

    “White Helmet အဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ကူညီဖို့ ကြိုးစားနေပေမယ့် လုပ်နိုင်တာက အခြားနေရာတွေကို ခြေလျင် ပြောင်းရွှေ့ပေးနေရတာ ဖြစ်ပါတယ်။ ကားတွေအများစုနဲ့ စင်တာတွေအများစုက သုံးလို့မရပါဘူး”

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကတော့ အစိုးရတပ်တွေဟာ ဓာတုလက်နက် အသုံပြုတာမျိုး မရှိဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒူမားဟာ အရှေ့ဂူတာဒေသမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ သောကြာနေ့ကတည်းကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသမှာ ဆီးရီးယားအစိုးရတပ်တွေဟာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေဟာ ယခင်ကလည်း ထွက်ခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ထရမ့်၏ နိုင်ငံခြားသားဝင်ခွင့် ပေါ်လစီကြောင့် မြန်မာကျောင်းသားများ ဗီဇာကြေး ၄ ဆ ပိုပေးရမည်

    ထရမ့်၏ နိုင်ငံခြားသားဝင်ခွင့် ပေါ်လစီကြောင့် မြန်မာကျောင်းသားများ ဗီဇာကြေး ၄ ဆ ပိုပေးရမည်

    ဧပြီ ၇၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ချို့ကလူတွေကို ဗီဇာပိတ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် အမေရိကန်ကိုသွားရောက်ပြီး ကျောင်းတက်မယ့် မြန်မာကျောင်းသားတွေရဲ့ ဗီဇာကြေးဟာ နောက်တစ်ပတ်ကစပြီး ၄ ဆလောက် တက်သွားလိမ့်မယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ပြောကြားလိုက်ပါတယ်။

    Protecting the Nation from Foreign Terrorist Entry into the United States (အမေရိကန်သို့ နိုင်ငံခြားမှ အကြမ်းဖက်သမားများ ၀င်ရောက်ခွင့် တားဆီးမှု) ဆိုတဲ့ခေါင်းစဉ်နဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁၃၇၈၀ ကို ထရမ့်က မတ်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး အဓိကအားဖြင့် နိုင်ငံ ၈ နိုင်ငံက လူတွေ ၀င်ရောက်မှုကို တားဆီးခဲ့တာပါ။

    ဒါဟာ မွတ်စလင်တွေကို ပိတ်ပင်မှုဖြစ်တယ်လို့ ဝေဖန်သံတွေညံခဲ့ပြီး အမေရိကန် တရားရုံးတော်တော်များများကလည်း ဒီအမိန့်ကို မကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

    ၈ နိုင်ငံလူတွေကို ဗီဇာတ်ပိတ်မှုအပြင် အခြားနိုင်ငံကတွေကလည်း အမေရိကန်ကို ၀င်ရောက်ဖို့ဆိုရင် ဗီဇာကြေးနဲ့ နေထိုင်ခွင့်ရမယ့် ကာလတွေအတွက် အပြန်အလှန် သဘောတူညီချက်တွေ ရယူရမှာ ဖြစ်ပါတယ်။

    ဧပြီလ ၉ ရက်နေ့က စတင် အာဏာသက်ရောက်မယ့် ဒီဥပဒေကြောင့် မြန်မာကျောင်းသားတွေ ပေးရမယ့် အမေရိကန်ဗီဇာကြေးဟာ ၄ နှစ်တာ စာသင်နှစ်အတွက် ဒေါ်လာ ၁၆၀ ကနေ ဒေါ်လာ ၆၀၀ ဒါမှမဟုတ် ဒေါ်လာ ၆၄၀ ကနေ ၂၄၀၀ လောက်အထိ တက်သွားမှာ ဖြစ်ပါတယ်။

    ဒီလို ဈေးတက်မှုအတွက် မြန်မာကျောင်းသား တော်တော်များများက ဝေဖန်လိုက်ပြီး ဒါဟာ အရင်ကတည်းက အခက်အခဲဖြစ်နေတဲ့လူတွေကို ပိုပြီး ၀န်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ဟာ မြန်မာအစိုးရနဲ့ နိုင်ငံခြားအလုပ်သမားတွေကို မကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကို ဘာ့ကြောင့် ပစ်မှတ်ထားလဲဆိုတာကို နားမလည်ပါဘူး။ အမေရိကန်မှာရှိနေတဲ့ နိုင်ငံတကာက ကျောင်းသားတွေအတွက် နိုင်ငံရပ်ခြားကို သွားရောက်ပြီး ပညာသင်ကြားရတယ် ဆိုကတည်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ကြံ့ကြံ့ခံပြီး ပိုက်ဆံအများကြီးသုံးရတာမျိုးပါ” လို့ Bucknell တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၀ီလီယံကျော်က ဒီကိစ္စနဲ့ပတ်သက်လို့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရန်ကုန်မြန်မာသံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို ဗီဇာကြေး မြင့်တက်မှုဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာမဟုတ်ဘဲ အခြားနိုင်ငံတွေအတွက်လည်း အမေရိကန်အစိုးရက တစ်ပြေးညီသတ်မှတ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ကြေငြာချက်မှာ ထရမ့်ရဲ့ ဘယ်အမိန့်ကို အခြေခံပြီး ဒီလို ဗီဇာကြေး မြှင့်လိုက်တယ်ဆိုတာနဲ့ နိုင်ငံအချို့ကို ဗီဇာပိတ်တဲ့ အမိန့်နဲ့ အတူတူပဲလားဆိုတာတွေကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

    Ref: coconuts yangon

  • အမဲလိုက်မှုဖြင့် ထောင်ကျသည့် ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း အာမခံဖြင့် ပြန်လွတ်

    အမဲလိုက်မှုဖြင့် ထောင်ကျသည့် ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း အာမခံဖြင့် ပြန်လွတ်

    ဧပြီ ၇၊ ၂၀၁၈
    M-Media

    တရားရင်ဆိုင်နေသည့်အချိန်က တွေ့ရသည့် ဆလ်မန်းခန်း (လယ်)

    – သမင်နှင်တူသော ရှားပါးတောဆိတ်တစ်မျိုးကို အမဲလိုက်ခဲ့မှုကြောင့် ကြာသာပတေးနေ့တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသည့် ဘောလီးဝုဒ်နာမည်ကြီးမင်းသား ဆလ်မန်းခန်းမှာ အာမခံဖြင့် ယနေ့တွင် လွတ်မြောက်လာမည်ဟု သိရသည်။

    ဆလ်မန်းခန်း၏ ရှေ့နေဖြစ်သူ မာဟီရှ် ဘိုရာက ခရိုင်တရားသူကြီးမှာ တရားစွဲဆိုမှု၊ တရားခံ၏ လျှောက်ထားချက်များကို တစ်နာရီခန့် နားထောင်ပြီးနောက် ရူပီးငါးသောင်း (ကန်ဒေါ်လာ ၇၇၀ ဖြင့်) ဖြင့် အာမခံပေးရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    အသက် ၅၂ နှစ်အရွယ်ရှိ ဆလ်မန်းခန်းမှာ ၁၉၉၈ ခုနှစ်က ရာဂျာစတန်ပြည်နယ်၌ ရုပ်ရှင်ရိုက်ကူးစဉ် သမင်နှင့်တူသည့် ရှားပါး တောဆိတ်နှစ်ကောင်အား အမဲလိုက် သတ်ဖြတ်ခဲ့မှုအတွက် တရားစွဲဆို ထောင်ချခံခဲ့ရခြင်းဖြစ်သည်။

    ခန်းမှာ ယခင်ကလည်း အမဲလိုက်မှုများဖြင့် ၃ ကြိမ်တိတိ တရားစွဲဆို ခံခဲ့ရသည်။

    အကျဉ်းထောင်တွင် နှစ်ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် ဆလ်မန်းခန်းမှာ ယနေ့ညပိုင်းတွင် လွတ်မြောက်လာမည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera