News @ M-Media
Blog
  • တရုတ်ရန်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး မရိန်းတပ်ဖွဲ့ကို ဂျပန်ဖွဲ့စည်း
    တရုတ်ရန်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး မရိန်းတပ်ဖွဲ့ကို ဂျပန်ဖွဲ့စည်း
    ဧပြီ ၇၊ ၂၀၁၈
    M-Media
    အသစ်ဖွဲ့စည်းလိုက်သည့် ဂျပန်မရိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ချို့
    – ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်တပ်မှာ မရိန်းတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အရှေ့တရုတ်ပင်လယ်အစွန်းရှိ ဂျပန်ပိုင်ကျွန်းများအား ကျူးကျော်သိမ်းပိုက်သူများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Amphibious Rapid Deployment Brigade (ARDB) ဟု အမည်ပေးထားသည့် မရိန်းတပ်ဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့မနက်ပိုင်းက နိုင်ငံအနောက်တောင်ပိုင်း ကျူရှုးကျွန်းရှိ ဆာဆီဘိုမြို့အနီး စစ်စခန်းတွင် ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်မှာ စစ်ရေးပြခဲ့ကြသည်။
    “ဂျပန်နိုင်ငံပတ်ဝန်းကျင်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ ခက်ခဲမှု မြင့်တက်လာတာကြောင့် ကျွန်တော်တို့ရဲ့ ကျွန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မလုပ်မဖြစ်တဲ့ တာဝန်မျိုး ဖြစ်လာပါတယ်” ဟု ဒုတိယကာကွယ်ရေးဝန်ကြီး တိုမိုဟီရို ယာမာမိုတိုက ပြောကြားခဲ့သည်။
    မရိန်းတပ်ဖွဲ့ဝင်များမှာ ဝေလံခေါင်ဖျားသည့် ကျွန်းတစ်ခုကို ရန်သူများလက်မှ ပြန်သိမ်းသည့် မိနစ် ၂၀ ကြာ စစ်ရေးပြမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။
    ယခုဖွဲ့စည်းလိုက်သည့် မရိန်းတပ်ဖွဲ့ကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်လာနိုင်သည်ဟု ကျွမ်း ကျင်သူများက သတိပေးမှု ရှိနေသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ အခြေခံဥပဒေတွင် စစ်ပွဲတိုက်ခိုက်မှုကို စွန့်လွှတ်ကြောင်း ဖော်ပြထားသည်။
    ဂျပန်၏ ယခုတပ်ဖွဲ့သစ်တွင် ရဟတ်ယာဉ်များ၊ ကုန်း/ရေ နှစ်မျိုးစလုံးတွင် မောင်းနှင်နိုင်သောယာဉ်များအပါအ၀င် ခေတ်မီ မရိန်းတပ်ဖွဲ့တစ်ခုတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများ၊ ယာဉ်များ ပါဝင်ပြီး ပစိဖိအနောက်ခြမ်းတွင် တရုတ်က အလွယ်တစ်ကူ ၀င်ရောက်နိုင်မှုကို ဟန့်တားရန် ဖြစ်သည်။
    တရုတ်မှာ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်က ထိန်းချုပ်ထားသော ကျွန်းများကို ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။
    ယခု ARDB တပ်ဖွဲ့တွင် စစ်သား ၂၁၀၀ ခန့် ပါဝင်ပြီး အမေရိကန်၏ US Marine Expeditionary Unit (MEU) ကဲ့သို့ အခြေစိုက်စခန်းနှင့် အလွန်ဝေးသည့် ပယ်လယ်ပြင်တွင် စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် တပ်ဖွဲ့မျိုး ဖွဲ့စည်းရန် ခြေလှမ်းအစလည်းဖြစ်သည်။
    Ref: CNA
  • အစွန်းရောက်တိုက်ဖျက်ရေးအတွက် စံပြဗလီ ၅၀၀ ကျော် ဘင်္ဂလားဒေ့ရှ် တည်ဆောက်မည်
    အစွန်းရောက်တိုက်ဖျက်ရေးအတွက် စံပြဗလီ ၅၀၀ ကျော် ဘင်္ဂလားဒေ့ရှ် တည်ဆောက်မည်
    ဧပြီ ၇၊ ၂၀၁၈
    M-Media
    ဘင်္ဂလားဒေ့ရှ် ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ၀တ်ပြုနေမှု
    – နိုင်ငံအတွင်းက အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေးအတွက် စံပြဗလီဝတ်ကျောင်းတော်ပေါင်း ရာနဲ့ချီ တည်ဆောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ယဉ်ကျေးမှုစင်တာတွေပါ တစ်ပါတည်းပါဝင်မယ့် ဗလီဝတ်ကျောင်းတော်ပေါင်း ၅၆၀ လောက်ကို နောက်ထပ် လပေါင်း ၃၀ အတွင်း ဆောက်လုပ်မှာဖြစ်ပြီး အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အစိုးရရဲ့ ကြိုးစားမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    အဲဒီဗလီဝတ်ကျောင်းတော်တွေဟာ ဘင်္ဂလားဒေ့ရှ်က အတိုက်အခံ အစ္စလာမ့်မစ်ပါတီ ဂျမာအသ်-အလ်-အစ္စလာမီလို အဖွဲ့တွေက အစ္စလာမ်သာသနာကို ပုံဖျက်ဝါဒဖြန့်မှုတွေကို ဆန့်ကျင်တားဆီးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အစွန်းရောက်ဝါဒကို တွန်းလှန်နေရပြီး စစ်သွေးကြွတွေဟာ ဘာသာရေးလူနည်းစုတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံခြားသားတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
    အစိုးရရဲ့ အစ္စလာမ့်သာသနာရေးရာဦးစီးဌာန အကြီးအကဲ ရှာမင် အက်ဖ်ဇဲလ်က နိုင်ငံအတွင်း အခြားဗလီတွေလိုမဟုတ်ဘဲ အခု ဗလီအသစ်တွေမှာ အမျိုးသမီးတွေအတွက် ၀တ်ပြုဖို့နေရာတွေ ပါဝင်မှာဖြစ်ကာ စာကြည့်တိုက်တွေ၊ ယဉ်ကျေးမှုစင်တာတွေကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “အဲဒီဗလီဝတ်ကျောင်းတော် တစ်ခုစီတိုင်းဟာ တာကာငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၁.၈သန်း) ကုန်ကျမှာဖြစ်ပါတယ်”
    အဲဒီ ဗလီဝတ်ကျောင်းတော်တွေက ရှေ့ဆောင်အီမာမ်တွေဟာ အစွန်းရောက်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးသွားမှာ ဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒီစီမံကိန်းမှာ ဆော်ဒီကလည်း ငွေကြေး တစ်စိတ်တစ်ပိုင်း ထည့်ဝင်မှာပါ။
    “ရိုးရာစွဲ အစ္စလာမ်အဖွဲ့တွေနဲ့ သူမဟာ နားလည်မှု တည်ဆောက်ချင်တယ်။ ဒီအုပ်စုတွေအပေါ် နိုင်ချင်တာပါ” လို့ ဒါကာအခြေစိုက် အုပ်ချုပ်ရေးဆိုင်ရာ လေ့လာမှုစင်တာ ဥက္ကဌ အာတူရ် ရဟ်မန်းက ပြောကြားခဲ့ပါတယ်။
    ဟာဆီနာရဲ့ အာဏာရ အာဝါမီလိဂ်ပါတီဟာ နိုင်ငံအတွင်း ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေမှာ ဟာဆီနာဟာ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေကို နှိမ်နင်းခဲ့ပြီး အစ္စလာမ့်မစ်ခေါင်းဆောင်တွေကို စစ်ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲကွပ်မျက်တာတွေ လုပ်ခဲ့ပါတယ်။ သူမဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေခံဥပဒေအတိုင်း ဘာသာရေးမနွယ်တဲ့ တိုင်းပြည်တစ်ခုကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
    Ref: CNA
  • ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၇ ဦး ထပ်မံသေဆုံး
    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၇ ဦး ထပ်မံသေဆုံး
    ဧပြီ ၇၊ ၂၀၁၈
    M-Media
    သေဆုံးသူတစ်ဦး၏ ဈာပနမြင်ကွင်း
    – ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေး ဂါဇာကမ်းမြှောင်၌ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၇ ဦး သေဆုံးကာ၊ တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြှောင်ရှိ အစ္စရေးနယ်စပ်၌ သောင်းနှင့်ချီသည့် ပါလက်စတိုင်းများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြပြီး Great March of Return ဟု အမည်ပေးထားသည့် လှုပ်ရှားမှု၏ နောက်ဆက်တွဲလည်း ဖြစ်သည်။
    အဆိုပါ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ ၁၉၄၈ ခုနှစ်က အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရသော ပါလက်စတိုင်းများ ၎င်း၏ မူရင်းနေရပ်တွင် ပြန်လည်နေထိုင်ခွင့်ရရေး သတင်းစကားပေးရန်ဖြစ်သည်။
    ယမန်နေ့ ဆန္ဒပြမှုအတွင်း အစ္စရေးက ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်းကြောင့် ၂၉၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
    အစ္စရေး၏ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့အကြီးဆုံး လဟာပြင် အကျဉ်းထောင်ဟု သမုတ်ခြင်းခံရသည့် ဂါဇာကမ်းမြှောင်တွင် နေထိုင်သော ပြည်သူ ၂ သန်းတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများ၏ မျိုးဆက်များဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ် March 30 ဆန္ဒပြမှုတွင်လည်း အစ္စရေးတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၁ ဦးသေဆုံးခဲ့ ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    Ref: Aljazeera
  • ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ
    ခြစားမှုကြောင့် တောင်ကိုရီးယားသမ္မတဟောင်း ထောင် နှစ် ၂၀ ကျော်ကျ
    ဧပြီ ၆၊ ၂၀၁၈
    M-Media
    တရားရုံးသို့ ရောက်ရှိလာမှု မြင်ကွင်း
    – ရာထူးရှိစဉ်က ခြစားမှုများအတွက် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂျုံဟေးမှာ ယနေ့တွင် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံလိုက်ရသည်ဟု သိရသည်။
    ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှု စသည့် စွဲချက်များစွာဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဒဏ်ငွေ ကန်ဒေါ်လာ ၁၆ သန်း ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချခဲ့သည်။
    အသက် ၆၆ နှစ်အရွယ်ရှိ ပက်ဂျုံဟေးမှာ ၎င်း၏ အကြံပေးဟောင်းဖြစ်သူ ချိုဆွန်ဆီလ်နှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးပြီး ၎င်းတို့တည်ထောင်ထားသော ဖောင်ဒေးရှင်းများသို့ ငွေကြေးထည့်ဝင်ခိုင်းသည်ဟု စွပ်စွဲခံခဲ့ရသည်။
    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group ထံမှ လာဘ်ငွေများ ရယူမှုဖြင့်လည်း တရားစွဲခံခဲ့ရသည်။
    မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ် ပိုင်ဆိုင်သည့် ကုမ္ပဏီအတွက် ကြော်ငြာပေးရန် ဟွန်ဒိုင်းကားကုမ္ပဏီအား အကြပ်ကိုင်မှုနှင့် ပတ်သက်သည့် စွဲချက်အတွက် ပတ်ဂျုံဟေးမှာ တရားသေ လွတ်မြောက်ခဲ့သည်။
    အမိန့်ချမှုအတွင်း ပက်ဂျုံဟေးမှာ တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိချေ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တောင်ကိုရီးယားလွှတ်တော်က သူမအား သမ္မတအဖြစ်မှ ဖြုတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသော်လည်း သူမမှာ ရုံးချိန်းအများစုကို လာရောက်ခြင်း မရှိပေ။
    ပက်ဂျုံဟေးမှာ ခြစားမှုဖြင့် စွဲချက်တင်ခံရသည့် တတိယမြောက် တောင်ကိုရီးယားသမ္မတလည်း ဖြစ်သည်။
    Ref: Aljazeera
  • အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်
    အမုန်းစကားများကို Facebook က ထိထိရောက်ရောက် ဟန့်တားမပေးဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်
    ဧပြီ ၆၊ ၂၀၁၈
    M-Media
    Facebook တည်ထောင်သူ မာ့ခ် ဇူကာဘတ်
    – မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာ အမုန်းစကားတွေ ပြန့်နှံ့မှုနဲ့ပတ်သက်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘက်ရဲ့ တုန့်ပြန်မှုအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စောင့်ကြည့်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်မှာ Facebook ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ တိုက်ခိုက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ ၀ါဒဖြန့်စာတွေ ပြန့်နှံ့တာကို သိရှိခဲ့ပြီး ဒါတွေ ထပ်မပြန့်အောင် လုပ်နိုင်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ ဇူကာဘက်က ဖြေကြားခဲ့တာပါ။
    ဒါပေမယ့် မြန်မာနိုင်ငံက အဖွဲ့ ၆ ဖွဲ့ပေါင်းပြီး ဇူကာဘတ်ကို လိပ်မူတဲ့ အိပ်ဖွင့်ပေးစာမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တဲ့ အန္တရာယ်ရှိတဲ့ ဒီဝါဒဖြန့်မှုတွေကို Facebook က ၄ ရက်ကြာမှ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ ၆ ဖွဲ့ဟာ အန္တရာယ်ရှိတဲ့ ရေးသားမှုတွေကို တားဆီးဖို့အတွက် Facebook နဲ့အတူ လက်တွဲလုပ်နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ ဒီစာတွေကို တွေ့ရှိပြီး မြန်မာစံတော်ချိန် စက်တင်ဘာ ၉ ရက် စနေနေ့မှာ ခင်ဗျားတို့အဖွဲ့ကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို အကြောင်းကြားပြီးနောက်ပိုင်း ဒီစာဟာ နောက်ထပ် ၃ ရက်အထိ ဆက်လက်ပြန့်နှံ့နေတုန်းပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
    ပြန့်နှံတဲ့ဝါဒဖြန့်မှုက နှစ်ခုဖြစ်ပြီး မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့စာမှာ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတာကြောင့် သတိထားဖို့ ရေးသားထားပါတယ်။
    ဗုဒ္ဓဘာသာဝင်တွေကို ရည်ရွယ်တဲ့စာမှာတော့ မွတ်စလင်တွေဟာ အဲဒီနေ့မှာ ဂျီဟတ်လုပ်ဖို့ရှိနေတာကြောင့် သွေးစည်းကြဖို့၊ ဒီစာကို တစ်ဆင့်ပြန်လည်ဖြန့်ဝေပေးဖို့ တိုက်တွန်းထားပါတယ်။
    အိတ်ဖွင့်ပေးစာပေးတဲ့ အဖွဲ့တွေကတော့ Facebook ဟာ ဒီစာတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
    “ရပ်တန့်အောင် မလုပ်ယုံသာမက ဒီစာဟာ မကြုံစဖူးနည်းလမ်းနဲ့ နိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ခဲ့ကာ အနည်းဆုံး ရုန်းရင်းဆန်ခတ်မှု ၃ ခုလောက် ဒီကိစ္စမှာ ဖြစ်ခဲ့ပါတယ်”
    Myanmar ICT for Development အဖွဲ့က ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အင်တာနက် လွတ်လပ်ခွင့်ရရေး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ မထိုက်ထိုက်က တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုတဲ့ ဒီဝါဒဖြန့်မှုကြောင့် နိုင်ငံတစ်ဝှမ်း စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
    “ဒီကိစ္စရဲ့ နောက်ဆက်တွဲတွေကို လမ်းတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ လူတွေဟာ အချင်းချင်း စကားစမြည်ပြောတာတွေ သိပ်မလုပ်တော့ဘူး။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမတက်ခိုင်းကြတော့ဘူး”
    ဇူကာဘက်က Facebook ရဲ့ ထိထိရောက်ရောက်ဟန့်တားမှုကို ချီးကျူးတယ်လို့ ပြောဆိုမှုကို အံ့အားသင့်ရကြောင်းလည်း ဒီအဖွဲ့ ၆ ဖွဲ့က ပြောကြားခဲ့ပါတယ်။
    “ခင်ဗျားတို့အဖွဲ့ဟာ ဒီကိစ္စကို အလေးထားပုံ မရပါဘူး။ ခင်ဗျားတို့အချက်အလက်တွေကိုကြည့်ရင် ခင်ဗျားတို့အဖွဲ့က အကြီးတန်းအဖွဲ့ဝင်တွေကို ဒီကိစ္စအကြောင်း ကျွန်တော်တို့ကပြောမှ ဒါကို ဆောင်ရွက်ခဲ့တဲ့ ပုံစံမျိုးပါ” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
    အဓိကပြဿနာက ဗမာစကားပြောဆိုတဲ့ ၀န်ထမ်းမျိုး Facebook မှာ မရှိတာလို့လည်း ဒီအဖွဲ့တွေက ပြောပါတယ်။
    “ယုံကြည်ရပြီး ဒီကိစ္စကို ကောင်းကောင်း သတင်းပို့နိုင်ခဲ့တဲ့ အင်္ဂလိပ်စကားပြော နိုင်ငံခြားသားတစ်ဦး ရှိတာ ကျွန်တော်တို့ ကံကောင်းသွားတာပါ။ ဒီလိုစနစ်မျိုးဟာ အားကိုလောက်တဲ့ ခိုင်မာတဲ့စနစ်မျိုး မဟုတ်ပါဘူး။ အစကတည်းကကို နှောင့်နှေးကြံ့ကြာတဲ့ စနစ်မျိုးပါ”
    Facebook ဟာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ နောက်တွန့်နေကြောင်း၊ မြန်မာနိုင်ငံကို Facebook ကိုယ်စားလှယ်တွေ လာရောက်ခဲ့ပေမယ့် အခုအချိန်အထိ ပြဿနာတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုန့်ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိသေးကြောင်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
    “ခင်ဗျားတို့ နည်းပညာအဖွဲ့ဟာ ပို့စ်တွေပွားနေတာကို သိရှိသင့်ပြီး အမုန်းစကားတွေလို့ ဖော်ထုတ်ထားတဲ့ဟာတွေကို လုံးဝ ဖယ်ရှားပစ်သင့်ပါတယ်။ ဒီလို မြန်မြန်ဆန်ဆန် လုပ်ဆောင်တာကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး”
    Facebook က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Facebook ကို အမုန်းတရားပြန့်နှံ့ဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့ အသုံးပြုတာမျိုး မိမိတို့က မလိုချင်ကြောင်း၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကူအညီပေးခဲ့တဲ့အတွက် အလွန် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဒီဝါဒဖြန့်မှုကို ပထမဆုံး သတင်းပေးတာက မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့အကြောင့် မာ့ခ်က ရှင်းရှင်းလင်းလင်း မပြောသွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ သူတို့ရဲ့ သတင်းပို့မှုကို ကျွ န်တော်တို့ သေသေချချာ ဂရုတစ်စိုက် လက်ခံကာ ဒီသတင်းတွေ ပြန့်နှံ့မှုကို တားဆီးရေး အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လျင်လျင်မြန် ဆောင်ရွက်သင့်ပြီး၊ စော်ကားတဲ့၊ အမုန်းဆောင်တဲ့ မှားယွင်းတဲ့ ရေးသားချက်တွေကို ဖော်ထုတ်တားဆီးရေးအတွက် နည်းပညာတွေနဲ့ နည်းလမ်းတွေ တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်နေပါတယ်”
    Ref: The Guardian