News @ M-Media
Blog
  • အရေးပါသော အရှေ့ဂူတာဒေသ တစ်ခုလုံးကို ဆီးရီးယားအစိုးရတပ်များက သူပုန်လက်မှ ပြန်သိမ်း
    အရေးပါသော အရှေ့ဂူတာဒေသ တစ်ခုလုံးကို ဆီးရီးယားအစိုးရတပ်များက သူပုန်လက်မှ ပြန်သိမ်း
    ဧပြီ ၁၃၊ ၂၀၁၈
    M-Media
    အရှေ့ဂူတာဒေသအား ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုမြင်ကွင်းတစ်ခု
    – ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ခဲ့သော ဒူးမားမျိုးကို ဆီးရီးယားအစိုးရတပ်က ပြန်သိမ်းနိုင်ခဲ့ပြီး မြို့တော် ဒမတ်စတ်ဆင်ခြေဖုံးရှိ သူပုန်များထိန်းချုပ်ထားသည့် အရှေ့ဂူတာဒေသတစ်ခုလုံးအား ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။
    ဒူးမားမှာ အရှေ့ဂူတာဒေသတွင် သူပုန်များ ထိန်းချုပ်ထားသည့် နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်များက ယမန်နေ့တွင် ပြန်သိမ်းနိုင်ခဲ့သည်ဟု ဆီးရီးယားပြန်လည်ရင်ကြားစေ့ရေး ရုရှားစင်တာမှ အကြီးအကဲ ယူရီ ယက်တူရှန်ကိုက သတင်းထောက်များအား ယနေ့တွင် ပြောကြားခဲ့သည်။
    “ဒီကနေ့ ဆီးရီးယားနိုင်ငံရဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ နိုင်ငံတော်အလံကို ဒူးမားမြို့မှာ လွှင့်ထူနိုင်ခဲ့တာဟာ ဒီဒေသကို ပြန်လည်ထိန်းချုပ်နိုင်မှု၊ တစ်ဆက်တည်း အရှေ့ဂူတာတစ်ခုလုံးကို ထိန်းချုပ်နိုင်မှု အမှတ်အသား ဖြစ်ပါတယ်”
    ထိုကိစ္စနှင့်ပတ်သက်၍ ဆီးရီးယားအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
    ပြီးခဲ့သည့်စနေနေ့တွင် ဒူးမားမြို့အား ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုတွင် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားခဲ့ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများက ထိုကိစ္စအတွက် ဆီးရီးယားအစိုးရအား စစ်ရေးဖြင့် တုန့်ပြန်မည်ဟု ခြိမ်းခြောက်ထားကြသည်။
    အရှေ့ဂူတာဒေသအား ရုရှားလေတပ်၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားအစိုးရတပ်က သီတင်းပတ်ပေါင်းများစွာကြာ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း အရပ်သား အမြောက်အများ သေဆုံးဒဏ်ရာရခဲ့သည်။
    Ref: Aljazeera
  • မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုရှိသည်ဆိုသည့် စကားအတွက် ဒူတာတေး ပြန်တောင်းပန်
    မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုရှိသည်ဆိုသည့် စကားအတွက် ဒူတာတေး ပြန်တောင်းပန်
    ဧပြီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်နေတယ်လို့ ပြောဆိုမိတဲ့အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ ပြန်တောင်းပန်လိုက်ပြီး ရိုဟင်ဂျာတွေကို မကူညီတဲ့ အနောက်နိုင်ငံတွေအပေါ် သရော်တာသာဖြစ်တယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် ထွက်ပြေးခဲ့ရပြီး ကုလက ဒါဟာ လူမျိုးစုလိုက် သုတ်သင်မှုဖြစ်တယ်လို့ သမုတ်ထားပါတယ်။
    ဒူတာတေးက မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့တာပါ။ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒူတာတေးဟာ စည်းစောင့်သူတစ်ဦးမဟုတ်ဘဲ မြန်မာနိုင်ငံအကြောင်းလည်း ဘာမှမသိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ဒီကနေ့ သတင်းထောက်တွေကိုပြောကြားမှုမှာ ဒူတာတေးက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ သူ့အနေနဲ့ ၀င်ရောက်စွက်ဖက်တာမဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။
    “ခင်ဗျားကို ကျွန်တော် တောင်းပန်မှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပြောကြားမှုဟာ ပြက်ရယ်ပြုမှုဖြစ်တယ်ဆိုတာကို ခင်ဗျား သိလောက်မှာပါ။ ခင်းရဲ့(ပြည်တွင်းရေးမှာ) ၀င်စွက်ဖို့ ကျွန်တော် အဆင်သင့်မဖြစ်သေးပါဘူး”
    ဖိလစ်ပိုင်နဲ့ မြန်မာတို့ဟာ အိမ်နီးချင်းတွေရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ရဆိုတဲ့ ကတိရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။
    ဒူတာတေးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်ပုံတစ်ခေါင်းရှိနေတယ်လို့ပြောပြီး ရိုဟင်ဂျာတွေကို ဘာမှ ကူညီမပေးတဲ့ အနောက်အင်အားကြီးနိုင်ငံတွေကို ဝေဖန်လိုတဲ့အတွက် ရိုဟင်ဂျာတွေကို လက်ခံမယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
    “စစ်ပွဲရဲ့သားကောင် ဖြစ်နေတဲ့သူတွေကို ခဏလောက်ဖြစ်ဖြစ် ကယ်တင်ထားဖို့ ခင်ဗျားတို့မှာ အစီအစဉ်မရှိဘူးလား” လို့ ဥရောပနိုင်ငံတွေကို ရည်ညွှန်းပြီး ဒူတာတေးက ပြောကြားခဲ့ပါတယ်။
    ဒုက္ခသည်တွေကို ယာယီကယ်တင်ထားဖို့ အဲဒီနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး၊ သူ့အနေနဲ့ ဒီလိုကယ်တင်ထားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “လူသားဆန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တာဝန်တွေကို မျှဝေယူဖို့ ကျွန်တော် အဆင်သင့်ရှိနေပါတယ်”
    Ref: Reuters
  • ပါကစ္စန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခွင့် ရာသက်ပန် ပိတ်ပင်ခံရ
    ပါကစ္စန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခွင့် ရာသက်ပန် ပိတ်ပင်ခံရ
    မတ် ၁၃၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်
    – ခြစားမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်နှစ်တွင် ရာထူးမှ ထုတ်ပတ်ခံလိုက်ရသည့် ၀န်ကြီးချုပ်ဟောင်း နာဝဇ် ရှရှစ်ဖ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် သင့်တော်ခြင်းမရှိဟု ပါကစ္စတန်တရားရုံးချုပ်က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
    နာဝဇ် ရှရစ်ဖ်တွင် ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်၌ ရှိရမည့် ရိုသားမှုနှင့် ယုံကြည်စိတ်ချရမှုတို့ မရှိဟု တရားရုံးချုပ်၏ အဖွဲ့ဝင် ၅ ဦးပါ ခုံအဖွဲ့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို ရာသက်ပန် ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။
    ပြီးခဲ့သည့်နှစ် ပနားမား ဥပဒေအကျိုးဆောင်အဖွဲ့မှ ပေါက်ကြားလာသည့် ခြစားမှုဆိုင်ရာ အချက်အလက်များ၊ ၎င်း၏သားပိုင်ဆိုင်သော ယူအေအီးအခြေစိုက် ကုမ္ပဏီမှရရှိသည့် လစာကို မကြေငြာမှုတို့ကြောင့် နာဝဇ်ရှရစ်ဖ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ၀န်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
    ရှရစ်ဖ်က ၎င်းအနေဖြင့် ယူအေအီးကုမ္ပဏီမှ လစာယူခြင်း မရှိဘဲ လုပ်ငန်းဗီဇာ ရရှိရန်အတွက်သာ ရာထူးယူထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တရားရုံးချုပ်ကမူ ၎င်းအနေဖြင့် လစာယူခြင်း၊ မယူခြင်းမှာ အရေးမကြီးဟု ဆုံးဖြတ်ခဲ့သည်။
    ပါကစ္စတန်မှာ ဇူလိုင်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
    Ref: Aljazeera
  • ပြည်သူတွေကို ရင်းဂစ်တစ်သန်းကျော်ဖိုး ဒါနပြုတဲ့ မလေးရှား အိမ်ရှေ့မင်းသား
    ပြည်သူတွေကို ရင်းဂစ်တစ်သန်းကျော်ဖိုး ဒါနပြုတဲ့ မလေးရှား အိမ်ရှေ့မင်းသား
    ဧပြီ ၁၃၊ ၂၀၁၈
    M-Media
    ရှော့ပင်းစင်တာသို့ ရောက်လာသည့် မင်းသား အီဘရာဟင်
    – မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်ရဲ့ အိမ်ရှေ့မင်းသား တွန်ကူ အစ္စမေးလ် ဆူလ်တန် အီဘရာဟင်ဟာ ဗုဒ္ဓဟူးနေ့ညက ရှော့ပင်းစင်တာတစ်ခုကို လာရောက်ကာ ပြည်သူတစ်ဦးချင်းစီကို ရင်းဂစ် ၃၀၀၀ (မြန်မာငွေ ၁၀ သိန်းနီးပါး) ဖိုးအထိ ဒါနပြုခဲ့တယ်လို့ သိရပါတယ်။
    မင်းသားဟာ AEON Tebrau ရှေ့ပင်းစင်တာကို ည ၇ နာရီလောက်မှာ ဇနီးဖြစ်သူ ချီပွမ်ခါလီဒါ ဘူစတာမန်နဲ့အတူ ရုတ်တရက် ရောက်ရှိလာခဲ့တာဖြစ်ပြီး စုစုပေါင်း ရင်းဂစ် ၁ သန်းကျော်လောက် လှူဒါန်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
    ဈေးဝယ်သူ တစ်ဦးစီဟာ တွန်းလှည်း ၃ စီးလောက်အထိ ပစ္စည်းတွေ ရရှိသွားခဲ့ကြပြီး ဆန်၊ ဆီ၊ အသီးအနှံ၊ အသီးအရွက် ဂျုံနဲ့ လက်ဖက်တွေက ၀ယ်ယူမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
    မင်းသား အီဘရာဟင် ဒီလို လှူဒါန်းနေတယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့သွားတဲ့အတွက် ရှော့ပင်းစင်တာထဲ လူတွေ ထပ်ဝင်လာတာကြောင့် ည ၈ နာရီမှာ စင်တာကို ပိတ်ပစ်ခဲ့ရပါတယ်။
    မင်းသားရဲ့ ဒါနပြုမှုနဲ့ပတ်သက်တဲ့ ပုံတွေလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီရှော့ပင်းစင်တာဟာ ကြာသာပတေးနေ့အထိ ပိတ်ထားဆဲပါ။
    မင်းသား အီဘရာဟင်က သူ့အနေနဲ့ ပြည်သူတွေကို ချစ်ခင်တဲ့အတွက် ဒီလို လှူဒါန်းတာဖြစ်တယ်လို့ Johor Southern Tigers ရဲ့ Facebook စာမျက်မှာ ရေးသားခဲ့ပါတယ်။
    “ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး။ မဲလည်းမလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ပြည်သူတွေကို ကျွန်တော် တကယ်ချစ်တယ်။ ဂျိုဟိုးပြည်သူတွေနဲ့ အမြဲတမ်းအတူ ရှိနေမှာပါ။ ကျွန်တော်ဟာ ဂျိုးဟိုးကိုချစ်သူ ဖြစ်ပါတယ်”
    မင်းသားဟာ လက်ရှိအစိုးရကိုသာ ယုံကြည်ပြီး အတိုက်အခံတွေစကားကို နားမထောင်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပြီးတဲ့နောက် မလေးရှားပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူက သူ့ရဲ့ ကိုယ်ပိုင်အမြင်ကိုသာ ပြောကြားတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • ဆေးခြောက်များကို ကြွက်စားသွားသည်ဟုပြောသည့် ရဲအရာရှိများကို အာဂျင်တီးနား ထုတ်ပယ်
    ဆေးခြောက်များကို ကြွက်စားသွားသည်ဟုပြောသည့် ရဲအရာရှိများကို အာဂျင်တီးနား ထုတ်ပယ်
    ဧပြီ ၁၂၊ ၂၀၁၈
    M-Media
    – ဖမ်းဆီးထားတဲ့ ဆေးခြောက်တွေ ပျောက်ဆုံးမှုဟာ ကြွက်စားသွားတာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို အာဂျင်တီးနားက ထုတ်ပယ်လိုက်ပါတယ်။
    မြို့တော် ဗျူနိုအေရီးစ် အနောက်မြောက်ဖက် ပီလာမြို့ ရဲတပ်ဖွဲ့ စတိုခန်းထဲက ဆေးခြောက် ၅၄၀ ဂရမ် ပျောက်ဆုံးမှုကိ စုံစမ်းစစ်ဆေးရာမှာ ရဲမှူး ဂျာဗီယာ စပီစီယာနဲ့ သူ့လက်အောက်ငယ်သားတွေက ဆေးခြောက်ကို ကြွက်စားသွားတယ်လို့ တရားသူကြီးကို ပြောကြားခဲ့ပါတယ်။
    မှုခင်းဆရာဝန်တွေက ကြွက်တွေဟာ မူးယစ်ဆေးဝါးကို အစားအသောက်နဲ့ ဘယ်တော့မှ မမှားနိုင်ဘဲ၊ ဆေးခြောက်တွေကို တကယ်စားသုံးခဲ့မယ်ဆိုရင်တောင် သေသွားမှာကြောင့် ကြွက်သေတွေအများကြီး တွေ့ရလိမ့်မယ်လို့ ထောက်ပြခဲ့ကြပါတယ်။
    နောက်ဆုံးကြားနာမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပြီး ဒီဆေးခြောက်တွေဟာ သုံးစွဲလိုက်တာကြောင့်၊ ဒါမှမဟုတ် ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားတာလားဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
    ပီလာမြို့က ရဲစတိုခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆေးခြောက် ကီလို ၆၀၀၀ လောက် သိမ်းဆည်းထားတာပါ။
    ရဲမင်းကြီး စပီစီယာက သူ အဲဒီမြို့မှာ တာဝန်ထမ်းဆောင်ကတည်းက ဆေးခြောက်တွေ လျော့နေတာကို သတိပြုမိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
    ရဲမှူးဟောင်း ၂၀၁၇ ခုနှစ် ဧပြီလက ပြောင်းရွှေ့သွားစဉ်မှာ စပီစီယာဟာ စတိုခန်းကို တရားဝင် လက်မှတ်ထိုး လွှဲပြောင်းယူခဲ့ခြင်းမရှိဘူးလို့ တွေ့ရှိခဲ့ရပြီးတဲ့နောက် သူ့အပေါ်မှာ သံသယ ပိုလာခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ရဲမှူးဟောင်းလည်း စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။
    Ref: BBC