News @ M-Media

Blog

  • ပြည်သူ ၁၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ပါလက်စတိုင်းကြေငြာ

    ပြည်သူ ၁၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ပါလက်စတိုင်းကြေငြာ

    မတ် ၃၁၊ ၂၀၁၈
    M-Media

    ဒဏ်ရာရသူများကို သယ်ဆောင်သွားစဉ်

    – ဂါဇာနယ်စပ်မှာ ချီတက်ဆန္ဒပြကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ပစ်သတ်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းအာဏာပိုင်တွေက ဒီကနေ့ (စနေနေ့) ကို နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာလိုက်ပါတယ်။

    ၄၂ နှစ်မြောက် Land Day အောက်မေ့ဖွယ်အဖြစ် မနေ့က ချီတက်ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၄၀၀ ကျော်လောက်ရှိတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    “အာဇာနည်တွေရဲ့ စွန့်လွှတ်စတေးမှုအတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာဖို့ သမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရရုံးတွေအားလုံး စနေနေ့မှာ ပိတ်ထားမှာဖြစ်ပါတယ်” လို့ မနေ့က ထုတ်ပြန်တဲ့ ပါလက်စတိုင်းအစိုးရရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၁၉၇၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပါလက်စတိုင်းတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ တော်တော်များများကို အစ္စရေးက သိမ်းယူခဲ့မှုအတွက် မကျေမနပ်ဆန္ဒပြရာမှာ လက်နက်မဲ့ ပါလက်စတိုင်း ၆ ဦး အစ္စရေးရဲ့ သတ်ဖြတ်ခြင်းခံရမှုကို အမှတ်ရတဲ့အနေနဲ့ Land Day ကို နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။

    မနေ့က ချီတက်မှုကို Great Return March လို့ စီစဉ်သူတွေက အမည်ပေးခဲ့ပြီး ပါလက်စတိုင်းဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရရေး ဆော်သြဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာမှာနေထိုင်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ပိုင်နက်တွေကို အကြမ်းဖက်သိမ်းပိုက်ချိန်မှာ ထွက်ပြေးခဲ့ရတဲ့ မိသားစုတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

    မနေ့က ဆန္ဒပြမှုကို ဂါဇာ-အစ္စရေး နယ်စပ်တစ်လျှောက် နေရာ ၅ နေရာမှာ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူအများစုဟာ ကျည်အစည်၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရတာ၊ မျက်ရည်ဗုံးအငွေ့ ရှုမိတာတွေကြောင့်ဖြစ်တ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    မတ် ၃၀၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နိုင်ငံမှာ ကီလိုမီတာ ၄၅၀ အထိ ရောက်ရှိနိုင်ပြီး ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ခရုဇ်ဒုံးကျည် Babur ကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။

    ပြည်တွင်း၌ထုတ်လုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ကို ရေအောက်တွင် ရွေ့လျားနေသည့် အရာတစ်ခုပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်နှုန်းများအတိုင်း ပျံသန်းသွားကာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ISPR က ဖော်ပြခဲ့သည်။

    “SLCM Babur ဟာ ဘယ်လို ၀န်ချိန်မျိုးကိုမဆို တင်ဆောင်သွားလို့ရပြီး ရေအာက်တွန်းကန်အား ထိန်းချုပ်စနစ်၊ အဆင့်မြင့် ပဲ့ထိန်းစနစ်နဲ့ လမ်းကြောင်းရှာ လုပ်ဆောင်ချက်တွေအပါအ၀င် နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်”

    ထို့ပြင် အဆိုပါဒုံးကျည်မှာ ပါကစ္စတန်၏ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှု၊ မိမိကိုယ်ကို အားကိုးမှု ပေါ်လစီဖြင့် ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရာတွင် ယခုတိုးတက်မှုက ခြေလှမ်းတစ်ခု ဖြစ်မည်ဟုလည်း ISPR က ထည့်သွင်းဖော်ပြခဲ့သည်။

    ပါကစ္စတန်သမ္မတနှင့် ၀န်ကြီးချုပ်တို့က ဒုံးကျည်တီထွင်မှုတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အခြားသူများကို ကျေးဇူးင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Arab News

  • အိန္ဒိယက ဂုဏ်သိက္ခာအတွက်သတ်ဖြတ်မှု (သို့) လူလူချင်း ခွဲခြားမှု၏ နောက်ဆက်တွဲဆိုးကျိုး (မြန်မာစာတမ်းထိုး)

    မတ် ၃၀၊ ၂၀၁၈
    M-Media

    သတိပေးချက် – ဤမှတ်တမ်းရုပ်ရှင်တွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်။

    Source – Aljazeera

     

     

  • ဗလီမီးရှို့မည်ဟု ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်သူကို အမေရိကန်က ထောင် ၅ နှစ်ချ

    ဗလီမီးရှို့မည်ဟု ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်သူကို အမေရိကန်က ထောင် ၅ နှစ်ချ

    မတ် ၃၀၊ ၂၀၁၈
    M-Media

    – ဗလီတွေကို မီးရှို့မယ်လို့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ခြိမ်းခြောက်သူကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

    မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၀ီလ်မင်တန်မြို့က ပက်ထရစ် ကီယိုဂန်ဆိုသူဖြစ်ပြီး ဗလီတွေကို မီးရှို့ဖို့ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေကို လက်ဝယ်ထားရှိမှု၊ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ထားမှုတွေနဲ့ တရားစွဲဆို ထောင်ချခံရတာဖြစ်ပါတယ်။

    ထောင်ကထွက်လာရင် သူ့ကို စောင့်ကြည့်ဖို့ လိင်ကျူးလွန်သူအဖြစ် မှတ်တမ်းတင်ထားဖို့လည်း အမိန့်ချမှတ်မှုမှာ ပါဝင်ပါတယ်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ကီယိုဂန်ဟာ ဘော်စတွန်မွတ်စလင်အသိုင်းအ၀ိုင်း ယဉ်ကျေးမှုစင်တာရဲ့ Facebook စာမျက်နှာမှာ မီးလောင်နေတဲ့ ဗလီပုံတစ်ခုကို တင်ခဲ့ပြီး ‘ကိုယ့်နေရာက ဗလီတွေကို မီးရှို့ကြ’ လို့ ရေးသားခဲ့ပါတယ်။

    ဒါတင် မကသေးဘဲ ‘ဟယ်လို ကလိမ်ကကျစ်တွေ’ ဆိုတဲ့စာသားကို ရေးသားခဲ့သလို၊ နောက်သ်အီစတန်းတက္ကသိုလ် အစ္စလာမ်အသင်းရဲ့ Facebook စာမျက်နှာမှာလည်း မီးလောင်နေတဲ့ဗလီပုံကို လွှင့်တင်ခဲ့ပါတယ်။

    ပြစ်မှုကျူးလွန်သူ ကီယိုဂန်

    ကီယိုဂန်ရဲ့ Facebook အကောင့်ကို စစ်ဆေးဖို့ ၀ရမ်းအရ ဖက်ဒရယ်တာဝန်ရှိသူတွေက ရှာဖွေရာမှာ ၂၀၁၃ နှစ်ကတည်းက ဗလီတွေကို မီးရှို့ရေး တိုက်တွန်းတဲ့ပို့စ်တွေကို တွေ့ခဲ့ရပါတယ်။

    သူဟာ အရင်က ရာဇ၀တ်မှုကို နှစ်ကြိမ်ကျူးလွန်ခဲ့ဖူးသူပါ။

    ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ကီယိုဂန်ကို ၀ီလ်မင်တန်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဘော်စတွန်က ခရိုင်တရားရုံးမှာ သူက အခြားသူတွေကို ထိခိုက်နာကျင်စေဖို့၊ ခြောက်လှန့်ဖို့၊ အဆောက်အဦးတစ်ခုကို မီးနဲ့ ဖျက်ဆီးဖို့ ခြိမ်းခြောက်မှု၊ ကလေးညစ်ညမ်းဇာတ်ကားတွေ၊ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှုနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

    သူ့ကိုဖမ်းဆီးတဲ့အချိန် သူ့အိမ်မှာ စက်သေနတ်တွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ စနိုက်ပါတွေ၊ လက်နက်ခဲယမ်းတွေ တော်တော်များများ တွေ့ခဲ့ရပါတယ်။

    Ref: lowellsun.com

  • ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၃၀၊ ၂၀၁၈
    M-Media

    ဆော်ဒီစစ်သားများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ ထပ်မံဆောင်ရွက်မှု မပြုလျှင် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အီရန်နှင့် ဆော်ဒီတို့ စစ်ဖြစ်လာနိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ဘင် ဆလ်မန်မှာ ယခုတစ်ပတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ဖိအားပိုဖြစ်စေမည့် ကန့်သတ်မှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အီရန်နဲ့ စစ်ဖြစ်မယ့်အလားအလာ ရှိနေပါတယ်”

    အီရန်နှင့် ဆော်ဒီတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိစ္စရပ် အများအပြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ် ကိစ္စများတွင် ဖြစ်သည်။

    ဘင် ဆလ်မန်က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး၊ အီရန်က နျူလက်နက်ပိုင်ဆိုင်လာလျှင် မိမိတို့လည်း ပိုင်ဆိုင်အောင်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိုဟာမက် ဘင် ဆလ်မန်မှာ နုံအသူ၊ အတွေးလွန်သူဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT