ဧပြီ ၅ ၊ ၂၀၁၃
M-Media
ရေးသူ- သုတေသီ
Hate speech ၏အဓိပ္ပါယ်မှာ လူတဦးတယောက် (သို့) အစု အဝေးတခုကို ခွဲခြားနှိမ်ချလိုသော သဘောဖြင့် ထိုသူ (သို့) အစုအဝေးတခုအား ဥပဒေဘောင် ပြင်ပမှ သွားပုတ်လေလွင့် ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။
ဥပဒေ အရမူ Hate speech ဆိုသည်မှာ နှုတ်မှပြောဆိုသောစကားအမျိုးမျိုး၊ လက်ဟန်ခြေဟန်ပြ (သို့) အမူအယာ၊ အရေးအသား အမျိုးမျိုး (သို့) တဦးချင်း (သို့) အဖွဲ့ အစည်းတခုကို အကြမ်းဖက်မှု ဖြစ်ပေါ်စေသည့် (သို့) မလိုမုန်းထား ဘက်လိုက်စိတ်များဖြင့် လူတဦးတယောက်၏ (သို့) အဖွဲ့ အစည်းတခု၏ လုံခြုံမှုကို ဆန့်ကျင်သည့် အပြုအမှုကို တားမြစ်ထားသည့် သရုပ်ဖေါ်တင်ပြချက်များ ဖြစ်သည်။
ထို Hate speech နှင့် စပ်လျဉ်း၍ ၁၉၆၆ ခုနှစ်တွင် International Covenant on Civil and Political Rights (ICCPR) ပြည်သူများ၏ ရပိုင်ခွင့်နှင့် နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး အပြည်ပြည်ဆိုင်ရာညီလာခံ ကြီးပေါ်ပေါက်လာခဲ့ပါသည်။
The International Covenant on Civil and Political Rights (ICCPR) သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကမ္ဘာ့ကုလသမ္ဂဂ၏ အထွေထွေညီလာခံမှ ပေါက်ဖွားလာသော ရှုထောင့်စုံပါဝင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူ ကြေငြာစာတမ်းကြီး ဖြစ်ပါသည်။ ထိုဥပဒေသည် ၁၉၇၆ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အာဏာသက်ဝင်သည်။
ထိုညီလာခံမှ ချမှတ်ခဲ့သော သဘောတူကြေငြာစာတမ်း Article 20 တွင် “နိုင်ငံသား၊ လူမျိုးရေး (သို့) ဘာသာရေးနှင့် ဆက်နွယ်သည့် ခွဲခြား နှိမ်ချလိုသော၊ ရန်လိုသော၊ အကြမ်းဖက်လိုသော အမုန်းတရား တို့ကို လှုံ့ဆော်သည့် မည်သည့် ထောက်ခံမှု အားပေးမှုမဆို ဥပဒေအရတားမြစ်ရမည်။” ဟု ပြဌာန်းထားပါသည်။
ထိုဥပဒေတွင် လူတဦးချင်းစီ၏ ရပိုင်ခွင့် နှင့် နိုင်ငံရေးဆိုင်ရာ အကျိုးခံစားခွင့်များ၊ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် အစရှိသည်တို့ပါဝင်သည်။ ၂၀၁၂ ခုနှစ် မတ်လအထိ အဖွဲ့ဝင်ပါတီပေါင်း ၁၇၆ ခုနှင့် အတည်ပြုလက်မှတ်ထိုးထားသော နိုင်ငံပေါင်း ၇၄ ခု ရှိပါသည်။
သဘောတူ လက်မှတ်ရေးထိုးထားသော အချို့နိုင်ငံများတွင် Hate speech အသုံးစွဲခံရသူသည် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှု ကြောင်း အရ ဖြစ်စေ၊ ၂ခုစလုံးနှင့်ဖြစ်စေ ကုစားနိုင်ခွင့် ရှိသည်။
Comments