6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၉ ။ ၂၀၁၃
M-Media
ဆောင်းပါး၇ှင် – သြရသရေချမ်း

9th copy

ကျွန်ုပ်တို့ မှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသည် “ဗမာ/မြန်မာ” ဟူသော အမည်နာမသည်လည်းကောင်း၊ တိုင်းပြည်နယ်နမိတ်ဟူ၍ ကန့်သတ်ချက်သည်လည်းကောင်း သတ်သတ်မှတ်မှတ် မရှိခင်ကပင် နယ်ပယ်ဒေသအလိုက် အုပ်ချုပ်မင်းလုပ်သူများ၊ မင်းကြီးမင်းငယ်များ၊ မင်းဆက်များ၊ စော်ဘွားများ စသဖြင့် ရှိနေခဲ့ကြသည်။

ပထမမြန်မာနိုင်ငံတော် မတိုင်မီက မြန်မာ့ရှေးဦးသမိုင်းအား အနုလုံပဋိလုံ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိခဲ့ကြပေ။ တွေ့ကြရသည့်အထောက်အထားတို့မှာလည်း မဆိုစလောက်မျှသာ ဖြစ်ခဲ့သည်။ ၄င်းနောက် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသဖြင့် အဆက်ဆက်တည်ထောင်လာကြသည်။ သမိုင်းတင်မှုများကိုလည်း ထိုက်သင့်သမျှ ပြုလုပ်ဆောင်ရွက်လာကြသည်။ ခေတ်ကာလတိုင်းတွင် မှတ်တမ်းတင်ခံရသည့် သမိုင်းများ ရှိသလို၊ မှတ်တမ်းတင် မခံကြရသော ရာဇ၀င်များလည်း ရှိနေကြောင်း ကျွန်ုပ်တို့ သိဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်တွင်မူ တစ်စုံတစ်ရာသော ကိုယ်ကျိုးစီးပွားများအတွက် သမိုင်းလိမ်များကိုလည်း အစားထိုးလာသည်ကို တွေ့ရ၏။ အလိမ်အညာ သွတ်သွင်းမှုများအကြားမှ ဖြစ်ရပ်မှန်များကို ပြန်လည်ဖော်ထုတ်သူများလည်း ရှိနေပေဦးမည်။ အရိုးပေါ်အရွက်ဖုံးမှု အစဉ်အလာ ခိုင်မာသွားလျှင်မူ အနာဂတ်မြန်မာနိုင်ငံအဖို့ အရှက်ကွဲစရာ၊ ဂုဏ်သိက္ခာကျဆင်းဖွယ်ရာများ တစ်နေ့မဟုတ်တစ်နေ့တွင် မလွဲမသွေ ကြုံဆုံလာနိုင်သည်ကိုလည်း မျိုးဆက်သစ်များမှ သတိကရုပြုရမည့် အချက်တစ်ရပ် ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာ့သမိုင်းတွင် တတိယမြန်မာနိုင်ငံတော်(ကုန်းဘောင်မင်းဆက်)အထိကား ရှင်ဘုရင်များ၊ မင်းဆက်များတို့ဖြင့်သာ နိုင်ငံတော်ကို ထူထောင်အုပ်ချုပ်ခဲ့ကြပေသည်။

တတိယမြန်မာနိုင်ငံတော်တွင် အလောင်းမင်းတရားကြီး(မြန်မာသက္ကရာဇ် ၁၀၇၆-၁၁၂၂) မှသည် သီပေါမင်း(၁၂၂၁-၁၂၇၈) အထိ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်၏နောက်ဆုံးဘုရင်ဖြစ်သူ သီပေါမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၇၄၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့လက်အောက် ကျရောက်သွားခဲ့သည်။ ထိုနေ့တွင်ပင် သီပေါမင်း၏မိသားစုကို အိန္ဒိယသို့ ပို့ဆောင်လိုက်သည်။ ထို ပါတော်မူချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် ရှင်ဘုရင်မျိုးဆက်ပြတ်၍ ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်သွားကာ ပြည်သူပြည်သားများအားလုံး နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘ၀ရောက်ခဲ့၏။ ဗြိတိသျှတို့၏ကျွန်ဘ၀၊ ဂျပန်နယ်ချဲ့တို့၏ကျွန်ဘ၀ နှင့် (ယခုလက်ရှိ) စစ်အာဏာပိုင်တို့၏ကျွန်ဘ၀ ဟူသော ကျွန်ဘ၀သုံးခုကို ဖြတ်သန်းလာကြရာ မြန်မာပြည်သူပြည်သားတို့၏ ကံကြမ္မာကား ကျွန်ဘ၀မှ မဖောက်ထွက်နိုင်သေးဟု ဆိုရပေတော့မည်။

ခေတ်ကာလအပြောင်းအလဲများအရ ကမ္ဘာတစ်ဝှန်း၌ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ် တစ်စစ ပျက်သုဉ်း၍ ဘုရင်မင်းဆက်ဓလေ့နေရာတွင် ပိုမိုလက်တွေ့ကျသော သမ္မတ၊ ၀န်ကြီးချုပ် စသည့် အာဏာပိုင်စံနစ်မျိုးကို ပိုမိုခေတ်စားလက်ခံလာကြသည်။

၁၉၄၇ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် ကိုယ်ပိုင်အချုပ်အခြာအာဏာထူထောင်မည့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ခဲ့သည်။ ပြည်တွင်းရှိ လူမျိုးစုံ၊ ဘာသာစုံ၊ အလွှာစုံတို့၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် တိုင်းတစ်ပါးတို့၏ကျွန်ဘ၀မှ အပြီးအပိုင် လွတ်မြောက်သွားသည်။ ၄င်းနှစ်မှာပင် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအချိန်မှ စတင်ကာ သမ္မတနိုင်ငံတော်စံနစ်အား စတင်ကျင့်သုံးသည်။ ၁၉၄၇ ခုနှစ်ဥပဒေအရ နိုင်ငံတော်သမ္မတကို တိုင်းရင်းသားများအနက်မှ အလှည့်ကျရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

သို့ဖြင့်  ရှမ်းလူမျိုး ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက် မှာ မြန်မာနိုင်ငံ၏ပထမဦးဆုံးသမ္မတ ဖြစ်လာသည်။ စ၀်ရွှေသိုက် (၁၈၉၆-၁၉၆၂)သည် ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်မှ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –

1
*  ၁၉၂၃ ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်း အရှေ့မြောက်နယ်စပ်ဒေသ ဗမာ့လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့ဝင်
*  ၁၉၂၇ မှ ၁၉၅၉ ခုနှစ်အထိ ညောင်ရွှေစော်ဘွား
*  ၁၉၃၉ မှ ၁၉၄၂ ခုနှစ်အထိ ဗမာ့တပ်မတော်စစ်မှုထမ်း
*  ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်းကော်မတီအဖွဲ့ဝင် နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ
*  ၁၉၅၂ ခုနှစ် လူမျိုးစုလွှတ်တော်နာယက
*  ၁၉၄၇ မှ ၁၉၆၀ ခုနှစ်အထိ လူမျိုးစုလွှတ်တော်အမတ်
*  ဓနရှင်ပါလီမန်ခေတ်တွင် ပဒေသရာဇ်စိတ် မပျောက်သေးခဲ့သူဖြစ်သော်လည်း ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် နယ်ရှင်စော်ဘွားအာဏာကို စွန့်လွှတ်ခဲ့ပြီး၊ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ်၊ သြဂုတ်လတွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံသို့ အဖွဲ့နှင့်ချစ်ကြည်ရေးခရီးစဉ်
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့၊ နံနက် ၁ နာရီတွင် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေးအစိုးရမှ သိမ်းယူသောအခါ ထိန်းသိမ်းခံရ
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ အသက် ၆၆ နှစ်အရွယ်၊ အကျဉ်းသားဘ၀ဖြင့်ပင် ကွယ်လွန်သည်။

ဒုတိယမြောက်သမ္မတမှာ ပုသိမ်မြို့ဇာတိ၊ ဗမာလူမျိုး ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃) ဖြစ်၏။ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
2*  ၁၉၁၂ ခုနှစ်၊ LLB, M.A  ကဲန်းဘရစ်ခ်ျ တက္ကသိုလ်
*  ၁၉၂၁ ခုနှစ် ခရိုင်ရာဇ၀တ်အုပ်တရားသူကြီး
*  ၁၉၃၀ ခုနှစ် တရားလွှတ်တော်ချုပ်တရားသူကြီး
*  ၁၉၃၁ ခုနှစ် အထူးခုံရုံးအဖွဲ့ဝင်
*  ၁၉၄၇ ခုနှစ် ဗြိတိသျှအစိုးရမှချီးမြှင့်သော ဓားဆု နှင့် ဆာ ဘွဲ့
*  ၁၉၄၈-၅၂ ခုနှစ်ထိ မြန်မာနိုင်ငံတရားသူကြီးချုပ်
*  ၁၉၅၂ ခုနှစ် မြန်မာနိုင်ငံဒုသမ္မတ
*  ၁၉၅၅ ခုနှစ် ထိုင်းနိုင်ငံမှ ဟိတ္တိသေနဘွဲ့ နှင့် မြန်မာနိုင်ငံမှ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံအစိုးရအတိုင်ပင်ခံကော်မတီဥက္ကဌ
*  ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ စနေနေ့၊ အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သည်။

တတိယမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်ဆိပ်ရွာဇာတိ၊ ကရင်လူမျိုး မန်းဝင်းမောင်(၁၉၁၆-၁၉၈၉) ဖြစ်သည်။ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း၏အာဏာသိမ်းချိန်အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
3*  ၁၉၃၇ ခုနှစ်၊ ရန်ကုန် ဂျပ်ဆင်ကောလိပ်မှ ဘီအေဘွဲ့၊ သန်လျင်ရေနံချက်စက်ရုံတာဝန်ခံ
*  ၁၉၄၁ ခုနှစ် ဒုအရာခံဗိုလ်
*  ၁၉၄၅ ခုနှစ် ကရင်လူငယ်များဒုဥက္ကဌ နှင့် တိုင်းရင်းသားဂျာနယ်အယ်ဒီတာ
*  ၁၉၄၇ ခုနှစ် ပုသိမ်အနောက်ပိုင်းဥပဒေပြုလွှတ်တော်အမတ် နှင့် သတ္ထုတွင်းနှင့်အလုပ်သမားဝန်ကြီး
*  ၁၉၄၉ နှင့် ၁၉၅၁ ခုနှစ် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
*  ၁၉၅၆ ခုနှစ် ဆိပ်ကမ်းရေကြောင်း၊ လေကြောင်း နှင့် ကမ်းရိုးတန်းသွားသင်္ဘောဌာန၀န်ကြီး
*  ၁၉၅၇ ခုနှစ် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ
*  ၁၉၅၉ ခုနှစ် ထိုင်းဘုရင်မင်းမြတ်မှချီးမြှင့်သော Chula Chom Kloa တံဆိပ်
*  ၁၉၆၀ ခုနှစ် တော်လှန်ရေးကြယ်တံဆိပ် ဒုတိယဆင့်
*  ၁၉၆၂ မှ ၁၉၆၇  ခုနှစ်အထိ ထိန်းသိမ်းခံရ
*  ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးအခင်းကာလတွင် ၀န်ကြီးချုပ်ဟောင်းဦးနု၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(ဒီ/ငြိမ်း)ပါတီ ဒုဥက္ကဌ နှင့် ယှဉ်ပြိုင်အစိုးရ၏သမ္မတ
*  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံသမ္မတများအနက် ပဒေသရာဇ်နှင့်ဗျူရိုကရက်စိတ် အလျဉ်းမရှိဘဲ ဒီမိုကရေစီစစ်စစ်ကိုလိုလားသည့် တစ်ဦးတည်းသောသမ္မတအဖြစ် မှတ်တမ်းတင်ခံရသည်။

စတုတ္ထမြောက်သမ္မတမှာ ပြည်ခရိုင်၊ ပေါင်တလည်မြို့ဇာတိ (လူမျိုးမသိ) ဦးနေ၀င်း(၁၉၁၁-၂၀၀၂) ဖြစ်သည်။  ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ မှစ၍ ၂၆ နှစ်တိုင်တိုင် တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သူဖြစ်သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
4*  ၁၉၂၉ ခုနှစ် ရန်ကုန်တက္ကသိုလ် တက်ရောက်
*  ၁၉၃၁ ခုနှစ် ဥပစာသိပ္ပံနောက်ဆုံးနှစ်တွင် ကျောင်းထွက်
*  ၁၉၃၄ ခုနှစ် မီးရထားဌာန၀န်ထမ်း
*  ၁၉၃၆ ခုနှစ် စာတိုက်နှင့်ကြေးနန်းဌာနစာရေး၊ ဒို့ဗမာအစည်းအရုံးဝင်၊ ဥပစာသိပ္ပံဘွဲ့ရ၊ သခင်ရှုမောင် အဖြစ်အမည်ခံ
*  ၁၉၄၁ ခုနှစ် စစ်ပညာသင်ရန် ဂျပန်သို့သွားရောက်၊ ပြန်လည်ဝင်ရောက်လာသည့်ရှေ့ပြေးအဖွဲ့ခေါင်းဆောင်၊ ဘီအိုင်အေတပ်မကြီး ၂ တွင် တပ်မကြီးမှူး။ ဘီဒီအေတပ်ရင်း ၁ တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့်တပ်ရင်းမှူး
*  ၁၉၄၂ ခုနှစ် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေနှင့်ဘီအင်န်အေတို့၏စစ်သေနာပတိ၊ စစ်ဦးစီးဌာနချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူး
*  ၁၉၄၅ ခုနှစ် ကနီမြို့၊ မဟာမိတ်တို့၏တွေ့ဆုံပွဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါ။ ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့တပ်မတော်သေနတ်ကိုင်တပ်ရင်း ၄ ၏တပ်ရင်းမှူး
*  ၁၉၄၆ ခုနှစ် ဒုတိယဗိုလ်မှူးကြီး
*  ၁၉၄၇ ခုနှစ် တပ်ရင်းမှူး နှင့် ဗိုလ်မှူးကြီး။ ၄င်းနောက် ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
*  ၁၉၆၂ ခုနှစ် တပ်မတော်ကိုဦးဆောင်၍ နိုင်ငံတော်အာဏာကို သိမ်းယူ ။ တော်လှန်ရေးကောင်စီဥက္ကဌ ၊(ထိုအချိန်မှစပြီး ၂၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့)
*  ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီဥက္ကဌ ၊ ၄င်းမှတဆင့် နိုင်ငံတော်သမ္မတ နှင့် မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ
*  ၁၉၈၈ ခုနှစ် အနားယူ
*  ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်၊ အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံးစစ်အာဏာရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပဉ္စမမြောက်သမ္မတမှာ ပြည်ခရိုင်၊ သဲကုန်းမြို့ဇာတိ၊ ဗမာလူမျိုး ဦးစန်းယု(၁၉၁၈-၁၉၉၆) ဖြစ်သည်။  ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
5*  ၁၉၄၂ ခုနှစ်၊ ရန်ကုန်ဆေးကျောင်းတွင် ဒုတိယနှစ်အထိတက်ရောက်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ပြည်မြို့မှ ၀င်ရောက်စစ်မှုထမ်း၊ ၄င်းမှ အရာရှိဖြစ်ကာ တပ်ရင်း ၂ တွင် တပ်ရင်းမှူးခန့်အပ်ခံရ
*  ၁၉၄၆ ခုနှစ် တပ်ရင်း ၃ တွင် တပ်ခွဲအရာရှိ၊ နိုင်ငံတစ်ဝှန်းဖြစ်ပွားသော တိုက်ပွဲများစွာတွင် ပါဝင်ခဲ့
*  ၁၉၄၇ ခုနှစ် ဗိုလ်ကြီး
*  ၁၉၄၉ ခုနှစ် ဗိုလ်မှူး နှင့် သနက ၃ တွင် ဒုတပ်ရင်းမှူး။ ၄င်းမှတဆင့် အီးကရင်းတပ်ရင်း ၁ တွင် ဒုဗိုလ်မှူးကြီး
*  ၁၉၅၀ ခုနှစ် အီးကရင်း တပ်ရင်း ၂၊ ကယား ၁ တွင် တပ်ရင်းမှူး
*  ၁၉၅၁ ခုနှစ် လက်ထောက်စစ်ရေး စစ်ထောက်ချုပ်
*  ၁၉၅၂ ခုနှစ် စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်ရာထူးခန့်အတွင်းဝန်
*  ၁၉၅၉ ခုနှစ် မပခ တိုင်းမှူး၊ ၄င်းမှတဆင့် ဗိုလ်မှူးချုပ်
*  ၁၉၆၁ ခုနှစ် တပ်မဟာ ၁ မှ တပ်မဟာမှူး ၊ ၄င်းမှတဆင့် ရပခတိုင်းမှူး၊ ၄င်းနောက် နမခတိုင်းမှူး
*  ၁၉၆၃ ခုနှစ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း)
*  ၁၉၇၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး နှင့် ဒုဝန်ကြီးချုပ်၊ တပ်မတော်ပါတီဥက္ကဌ
*  ၁၉၇၄ ခုနှစ် ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ကောင်စီအတွင်းရေးမှူး
*  ၁၉၇၈ ခုနှစ် တပ်မတော်မှအနားယူ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီဝင် ၊ အမျိုးသားစီမံကိန်းဌာန၀န်ကြီး၊ မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီအထွေထွေအတွင်းရေးမှူး
*  ၁၉၈၁ ခုနှစ် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဌ ၊ နိုင်ငံတော်ကောင်စီဥက္ကဌ၊ နိုင်ငံတော်သမ္မတ
*  ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အနားယူ
*  ၁၉၉၆ ခုနှစ်၊ ဇန္န၀ါရီလ ၂၈ရက်၊ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သည်။

ဆဌမမြောက်သမ္မတမှာ မွန်ပြည်နယ်၊ ပေါင်မြို့ဇာတိ၊  ဦးစိန်လွင်(၁၉၂၄-၂၀၀၄) ဖြစ်သည်။   ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
6*  ၁၉၄၂ ခုနှစ် အလယ်တန်းပြကျောင်းဆရာအဖြစ်မှ ရဟန်းဘ၀သို့ရောက်ခဲ့ပြီးနောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ဝင်ရောက်
*  ၁၉၄၃ ခုနှစ် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၁ မှ အရာရှိ
*  ၁၉၄၅ ခုနှစ် တိုင်း ၂ ၊ တပ်ရင်း ၈၃ တွင် တပ်ခွဲမှူးအဖြစ် မြစ်ဝကျွန်ပေါ်ဖက်ဆစ်ဂျပန်တော်လှန်ရး၌ပါဝင်
*  ၁၉၄၆ ခုနှစ် သနက ၄ တွင် တပ်သား
*  ၁၉၄၈ ခုနှစ် ပြန်တမ်းဝင်အရာရှိ နှင့် ပြည်ထဲရေးဌာန၊ တနင်္သာရီတိုင်းမင်းကြီး၏အပါးတော်မြဲ
*  ၁၉၄၉ ခုနှစ် ထားဝယ်တပ်ရင်းမှူး
*  ၁၉၅၀ ခုနှစ် ခလရ ၃ တွင် တပ်ခွဲမှူး
*  ၁၉၅၀-၅၁ ခုနှစ် လကရ ၁ ၏ တပ်ခွဲမှူး
*  ၁၉၅၃-၅၄ ခုနှစ် ချင်းသနက၏ဒုတပ်ရင်းမှူး နှင့် လရက ၁ ၏ဒုတပ်ရင်းမှူး
*  ၁၉၅၇ ခုနှစ် သနက ၄ ၏ တပ်ရင်းမှူး
*  ၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းမှု၏ ကွပ်ကဲရေးခေါင်းဆောင်၊ 7 July ကျောင်းသာအရေးအခင်းတွင် အဓိကရုဏ်းအား အဓိကဖြိုခွဲ
*  ၁၉၆၅ ခုနှစ် ပြည်ထဲရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့်ဒေသန္တရအဖွဲ့အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်၊ တရားရေး စသည့် ၀န်ကြီးဌာနများ၏ အတွင်းဝန်
*  ၁၉၆၅-၆၉ ခုနှစ် နတခဒုတိုင်းမှူး
*  ၁၉၇၀ ခုနှစ် အရှေ့ပိုင်းတိုင်းဗျူဟာမှူး
*  ၁၉၇၀-၇၂ ခုနှစ် တိုင်းကြီးကြပ်ရေးဥက္ကဌ
*  ၁၉၇၂-၇၄-၈၀ ခုနှစ် နမခတိုင်းမှူး။ ပါတီလုပ်ငန်းစိစစ်ရေးနှင့်အရေးပေါ်ပါတီညီလာခံ၏ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်။ သမ၀ါယမ၀န်ကြီး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး (ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဘ၀တွင် သာသနာသန့်ရှင်းတည်တံ့ပြန့်ပွားရေးဌာန၏တာဝန်ခံ)
*  ၁၉၈၁ ခုနှစ် နိုင်ငံတော်ကောင်စီဝင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး
*  ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ နှင့် နိုင်ငံတော်ကောင်စီဥက္ကဌ၊ ၄င်းမှတဆင့် ရှစ်လေးလုံးကာလ ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ကောင်စီဥက္ကဌနှင့်သမ္မတအဖြစ် တင်မြှောက်ခံရ
*  ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်းအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ၁၇ ရက်သာ တာဝန်ယူခဲ့သည်။

သတ္တမမြောက်သမ္မတမှာ မန္တလေးမြို့ဇာတိ၊  ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄) ဖြစ်သည်။  ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
499px-Dr_Maung_Maung*  မန္တလေးဥပစာကောလိပ်တက်ဆဲမှ တပ်မတော်သို့ဝင်။ ဟင်္သာတခရိုင်နှင့်ဗမာ့မျိုးချစ်တပ်မတော်တိုင်း ၁ တွင် တာဝန်ထမ်းဆောင်
*  ၁၉၄၆-၅၀ ခုနှစ် ဘီအယ်လ်ဘွဲ့ရ။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန သရုပ်ပြဆရာ၊ ဗမာ့ခေတ်သတင်းစာအယ်ဒီတာ၊ ဗမာ့မီးရထားလက်ထောက်အတွင်းဝန်
*  ၁၉၅၀ ခုနှစ် ဗြိတိန်သို့ ပညာတော်သင်စေလွှတ်ခံရ
*  ၁၉၅၃-၅၄ ခုနှစ် အစိုးရရှေ့နေ
*  ၁၉၅၅ ခုနှစ် ဥပဒေသတင်းထောက်
*  ၁၉၅၆ ခုနှစ်၊ ဟော်လန်နိုင်ငံ Utrecht တက္ကသိုလ်မှ နိုင်ငံတကာ L.L.D ဘွဲ့ရရှိ
*  ၁၉၅၈ ခုနှစ် လက်ထောက်ရှေ့နေချုပ်
*  ၁၉၆၀ ခုနှစ် နိုင်ငံရေးသိပ္ပံနှင့်အရှေ့တောင်အာရှနိုင်ငံများလေ့လာရေးပညာရပ်များကို ယေးလ်တက္ကသိုလ်သို့ တက်ရောက်လေ့လာ ။ မော်ကွန်းဝင်ဒုတိယအဆင့်ကို ချီးမြှင့်ခံရ
*  ၁၉၆၂ ခုနှစ် မဆလအမြုတေပါတီ၏ပညာရေးကော်မတီဝင်။ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ။ ၄င်းနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
*  တော်လှန်ရေးကောင်စီခေတ်တစ်လျှောက်တွင် တရားသူကြီးချုပ်၊ တော်လှန်ရေးအစိုးရအဖွဲ့ဝင် တရားရေးဌာန၀န်ကြီး  အဖြစ် တာဝန်ယူဆောင်ရွက်
*  ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံတော်ကောင်စီဝင်
*  ၁၉၇၅ ခုနှစ် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ချီးမြှင့်ခံရ
*  ၁၉၈၄ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရ
*  ၁၉၈၈ ခုနှစ် မဆလပါတီဥက္ကဌ၊ နိုင်ငံတော်ကောင်စီဥက္ကဌ နှင့် နိုင်ငံတော်သမ္မတ
*  ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အသက် ၇၀ အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်း၌ ဒုတိယအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ တစ်လသာ တာဝန်ယူခဲ့သည်။ ၄င်းပြင် အာဏာရှင်ဗိုလ်ချုပ်နေ၀င်း၏လက်စွဲသက်တော်ရှည်အမတ်ကြီးအဖြစ် နီးစပ်လက်တွဲခဲ့သူဖြစ်သည်။

အဌမမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာဇာတိ (လက်ရှိသမ္မတ) ဦးသိန်းစိန်(၁၉၄၅-      ) ဖြစ်သည်။  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲ၌ အနိုင်ရပြီး သမ္မတဖြစ်လာသည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ –
8*  ကျုံကူးကျေးရွာ ဆရာတော်ဦးကေသရဘုန်းတော်ကြီးကျောင်း၌ မူလတန်း၊ ပုသိမ်မြို့တွင် အလယ်တန်းမှ ဒဿမတန်းအထိ၊ ၄င်းနောက် DSA  ၀င်ရောက်ဖြေဆိုပြီး ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ တွင် တက်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ် B.A(DSA) ဘွဲ့ရရှိခဲ့
*  နအဖခေတ်တွင် အတွင်းရေးမှူး ၂ ၊ ၄င်းနောက် အတွင်းရေးမှူး ၁
*  ၂၀၀၈ ခုနှစ် ၀န်ကြီးချုပ်
*  ၂၀၁၀ ခုနှစ် ဗိုလ်ချုပ်ကြီးရာထူးမှနှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အဖြစ် တာဝန်ယူ
*  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရ၍ နိုင်ငံတော်သမ္မတ ဖြစ်လာ။ ခေါက်ရိုးကျိုးစစ်မှုထမ်းများ နှင့် ဒီမိုကရေစီအုပ်စုအကြား နိုင်ငံရေးခရီးကို ရှေ့ဆက်လျက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ကြေငြာခဲ့သည်။

လွတ်လပ်ရေးရရှိချိန်မှ လက်ရှိသမ္မတဦးသိန်းစိန်လက်ထက်အထိ သမ္မတရာထူးကို တရားဝင်ရယူခဲ့သည့် ပုဂ္ဂိုလ်မှာ မြန်မာ့နိုင်ငံရေးခရီး ၆၆ နှစ်တာကာလအတွင်း ၈ ဦးသာ ရှိသေး၏။ ၀ါရင့်နိုင်ငံရေးသမားတို့၏ သုံးသပ်ချက်များအား အောက်ပါအတိုင်း တွေ့ကြရသည်။

ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၈-၁၉၆၂)က ရွေးကောက်တင်မြှောက်ခဲ့သော နိုင်ငံတော်သမ္မတ သုံးဦးသည်ကား ဖွဲ့စည်းပုံ၏အဖြည့်ခံများသာ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် လောက်လောက်လားလား လုပ်ဆောင်ချက်ဟူ၍ မရှိခဲ့။

မဆလခေတ်(၁၉၇၄-၁၉၈၈)က သမ္မတဖြစ်ခဲ့သော ဦးနေ၀င်း နှင့် ဦးစန်းယုသည်လည်း တစ်ပါတီစံနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များသာ ဖြစ်ခဲ့ကြ၏။ ၈၈ အရေးအခင်းကာလ၌ ၁၇ ရက်သမ္မတဦးစိန်လွင်သည်လည်း ထူးမခြားနားသာ ဖြစ်၏။ ထို့နည်းတူ နောက်ထပ်တက်လာသော ဒေါက်တာမောင်မောင်သည်လည်း ကတိမျိုးစုံပေးကာ ပြည်သူအား ချွေးသိပ်ခဲ့ရာမှ မင်းမဲ့စရိုက်ထကြွလျက် အုပ်ချုပ်ရေးယန္တရားပျက်စီးကုန်သဖြင့် စစ်တပ်ကိုပင် ပြန်လည် လက်လွှဲပေးခဲ့ရသည်။

လက်ရှိသမ္မတဦးသိန်းစိန်ကမူ စစ်အသိုင်းအ၀ိုင်းမှ တိုးထွက်လာသော်လည်း နာမည်ဆိုးဖြင့်ကျော်ကြားခြင်း မရှိခဲ့၊ သူ့ရှေ့က အုပ်ချုပ်သွားခဲ့သော စစ်အာဏာရှင်ကြီး ဦးသန်းရွှေကဲ့သို့လည်း ဆိုးဝါးကြမ်းတမ်းခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် စစ်တပ်၏ကျောထောက်နောက်ခံအရှိန်အ၀ါဖြင့် မဲမသမာမှုများ ရှိခဲ့ကြောင်း သတင်းကြီးသည်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း စစ်အာဏာဖြင့်သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ဖက်သို့ ယိမ်းလိုခဲ့သော ဦးသန်းရွှေ၏ လက်ရင်းလူယုံစာရင်း၌ ပါဝင်နေသောကြောင့် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည်တို့၌ ဦးသန်းရွှေ၏ညွှန်ကြားမှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်နေရကြောင်း – ဦးသန်းရွှေမှာ အမည်ခံအားဖြင့် အနားယူသွားသည်ဆိုသော်လည်း သူ၏အစီအမံများက သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှပင်သိရှိရိပ်စားမိသည့်အခြေအနေသို့ ရောက်နေ၏။

မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်၏သမ္မတသက်တမ်း ကနဦး ၂ နှစ်တာ၌ အပြုသဘောဆောင်သည့် လုပ်ရပ်များစွာ ဆောင်ရွက်ခဲ့သည်။ ဦးသန်းရွှေလက်ထက်က ဖိနှိပ်အကျဉ်းချထားခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာကို လွတ်မြောက်စေခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်တော်သားတို့ကို လွှတ်တော်အတွင်းသို့ ၀င်နိုင်ရန် လမ်းဖော်ပေးခြင်း၊ စီးပွားရေးပိတ်ဆို့မှုများကို အာမခံချက်များဖြင့် ပွင့်လှစ်စေခြင်း၊ အနောက်နိုင်ငံများနှင့်ဆက်ဆံရေး တင်းမာနေခဲ့ရာမှ အမြင်ပြောင်းလဲစေခြင်း၊ စာနယ်ဇင်း/မီဒီယာနှင့်အသင်းအဖွဲ့လွတ်လပ်မှု၌ ထင်ထားသည်ထက် လျှော့ပေါ့ပေးခြင်း၊ နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်ခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများတွင် အာရုံစိုက်တုန့်ပြန်လာခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပိုမိုပြေလည်မှုရအောင် ကြိုးပမ်းနေခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာ၏ချီးကျူးမှုကို ခံရကာ – ဦးနေ၀င်းမှ ဦးသန်းရွှေခေတ်ကာလ အခြေအနေများနှင့် နှိုင်းစာလျှင် ပြည်သူများအဖို့ များစွာအသက်ရှူချောင်ခဲ့သည်။

သို့ပါသော်လည်း စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်း အစိုးရဖြစ်နေသေးသည့်အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် စံနစ်ဝါဒအား တွေ့မြင်နေရသည်။ ၂၀၁၂ ခုနှစ်အလွန်တွင်တော့ အကျည်းတန်မှုများ ချဉ်းနင်းဝင်ရောက်လာကြသည်။ ဒီမိုကရေစီလမ်းကြောင်းသို့မောင်းနှင်နေသည့်တိုင်အောင် စစ်တပ်၏လွှမ်းမိုးထိန်းချုပ်မှုအား မပယ်လှန်နိုင်သေး။ တရားဥပဒေစိုးမိုးမှုမှာ မထိရောက်သေး။ တရားစီရင်ရေးကဏ္ဍတွင်လည်း ဥပဒေကြောင်း၏ဘောင်အတွင်းသို့ တင်းပြည့်ကြပ်ပြည့် မရောက်ရှိသေး။ တိုင်းပြည်၏သယံဇာတယိုပေါက်များကို မပိတ်ဆို့နိုင်သေး။ အာဏာရှင်ဟောင်းအသိုင်းအ၀ိုင်းများနှင့် ၄င်းတို့၏လက်ဝေခံများအတွင်းရှိ ခရိုနီတို့၏ လက်ဝါးကြီးအုပ်ထားမှုကို မဖယ်ထုတ်နိုင်သေး။ စစ်အုပ်ချုပ်ရေးအဆက်ဆက်က ချမှတ်ကျင့်သုံးခဲ့သော ဘာသာရေး၊ လူမျိုးရေး နှင့် လူ့အခွင့်အရေးတို့အပေါ် မူဝါဒဆိုင်ရာ အချို့ဖော်မြူလာများကိုလည်း လက်ကိုင်ထားဆဲ-အကောင်အထည်ဖော်နေဆဲ။ နိုင်ငံတကာမှ ရှုတ်ချဖွယ်ရာ လုပ်ရပ်ဆိုး၊ စိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အမြင်ဆိုး၊ အကြံဆိုးများစွာကို အဆုံးမသတ်နိုင်သည်သာမက ထင်ရာစိုင်းဥပဒေမဲ့ကိစ္စများ၊ မဟာဗမာလူမျိုးကြီးဝါဒ၊ ဘာသာရေးဘက်လိုက်မှု၊ မျက်ကန်းမျိုးချစ်အယူအဆများ၊ အယူသည်းမှုများ၊ ငါတကောကောခြင်းများမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ကမ္ဘာသိ ကတိက၀တ်များကိုလည်း စစ်တပ်အပါအ၀င် သူ၏အစိုးရအဖွဲ့ဝင်များမှ အလေးမထားကြ – လက်တွေ့ဖြည့်ဆည်းဆောင်ရွက်မှုကို ပီပြင်စွာ မမြင်ရသေးချေ။ မိမိသည် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု ကြွေးကြော်ထားသည့်တိုင် နောက်ပြန်ဆုတ်မည့်အနေအထားများအား လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ လူနည်းစုအရေးကို ဥပေက္ခာပြုထားကြဆဲ။ တိုင်းရင်းသားဖြစ်မှု နှင့် နိုင်ငံသားဖြစ်မှုအပြင် ဘာသာရေး၊ လူမျိုးရေးနှင့် အမျိုးသားရေးတို့ကို ရောထွေးစွာ သတ်မှတ်၍ မပြီးနိုင်ကြ – မကွဲပြားသဖြင့် ပြည်သူ့ဆန္ဒမဲတွင် ပြဿနာ၏အငွေ့အသက်က ၀န်းရံနေသည်။ နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလည်း ပြီးမြောက်အောင် မရေးဆွဲနိုင်သေးသည်သာမက ဒီမိုကရေစီနည်းကျလမ်းကြောင်း၏ပုံစံ မပေါ်လွင်လာသေး။ သို့ဖြစ်ရာ အနာဂတ်မြန်မာ့နိုင်ငံရေးက မှုန်ဝါးဝါးပန်းချီကားတစ်ချပ်နှယ် ဖြစ်နေပေ၏။ ဦးသိန်းစိန်က အနားယူတော့မည်ဟု ဆိုထားသောကြောင့် သူ၏သမ္မတသက်တမ်းမှာ ၂ နှစ်ဝန်းကျင်သာ ကျန်ရှိတော့သည်။ လက်ရှိအခြေအနေမှာ သူ့ထံတွင် ရာထူးတာဝန် နှင့် လုပ်ပိုင်ခွင့်အာဏာစက်က တစ်သားတည်းဖြစ်မနေ။ ဤကာလအတွင်း သူ၏ခံယူချက်၊ သူ၏ရှေ့ဆက်ခြေလှမ်းများနှင့်ပတ်သက်၍ နောက်ကွယ်မှနှောင်ကြိုးများကို ရှင်းလင်းမည်လော – ဇာတ်ဆရာအလိုကျ ဆက်က,သွားမည်လောဟူသည့်အချက်မှာ ယခင်သမ္မတဟောင်း ၇ ဦးထက်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

တဖန် ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း နှစ်ဦးလုံးက သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု လူသိရှင်ကြား ဆိုနေကြပြီ။ များမကြာမီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နှင့်) အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ အားပြိုင်မှု အရှိန်ပြင်းကြီးမားလာတော့မည်။ သီးသန့်နိုင်ငံရေးပါတီတစ်ရပ်ရပ် ထပ်မံပေါ်ထွက်နိုင်ခြင်းရှိမရှိကိုလည်း မည်သူမျှ တပ်အပ်မပြောနိုင်။ မည်သည့်ဖက်မှ အပြတ်အသတ် အနိုင်ရစေကာမူ ညွှန့်ပေါင်းအစိုးရဖွဲ့ရမည့် အနေအထားရှိနေ၏။ မက်လုံးပေးမှုမည်မျှကောင်းကောင်း သူရဦးရွှေမန်းမှာ ခေတ်အဆက်ဆက် အာဏာရှင်တို့၏လက်ဝေခံမျိုးဆက်ထဲက ဖြစ်နေသောကြောင့် မြန်မာပြည်သူများမှ ကောင်းစွာ မယုံစားရဲကြ။ ဒေါ်အောင်ဆန်းစုကြည်သည် ခွဲခြားနှိမ့်ချဆက်ဆံတတ်သူ မဟုတ်သော်လည်း မကြာသေးမီက ရုပ်ပျက်ဆင်းပျက်ဖြစ်ပွားခဲ့သည့် အကျည်းတန်ကမ္ဘာကျော်ကိစ္စများ၌ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လူသားချင်းစာနာထောက်ထားရေးတို့နှင့် ပတ်သက်ပြီး နှုတ်ဆိတ်လျက် စစ်အုပ်စုများနှင့်အဆင်ပြေအောင်သာ အားထုတ်နေသည့်အပေါ် သူမ၏ပုံရိပ်ကောင်းက တဖြည်းဖြည်းကျဆင်းလာနေသည်။ ကျွဲနှစ်ကောင်ခတ်သည့်အကြား အဘယ်သူတို့ မြေစာပင် ဖြစ်ကြဦးမည်နည်း ? ဘုရားပြီးငြမ်းဖျက်ဇာတ်လမ်းများ နားဆင်ကြရဦးမည်လော ?

ဆက်၍ဆိုရပါလျှင် မြန်မာပြည်သူပြည်သားတို့အတွင်း ကိန်းဂဏန်းနံပါတ်များ၊ အတိတ်နိမိတ်ကောက်ခြင်းများ၊ ယတြာနှင့်ဓာတ်ဆင်ဓာတ်ရိုက်ကိစ္စများ စသည်တို့တွင် ကြောက်ခမန်းလိလိ အယူသည်းအစွဲကြီးလွန်းလေရာ – ထိုသူတို့၏အယူအဆနှင့်ဥပါဒါန်၌ ၉ (န၀မ) ဂဏန်းသည် အထွဋ်အထိပ်အနေအထား ဖြစ်နေသည်။ ဆင်ခြင်တုံတရားအား လက်ကိုင်မပြုကြသဖြင့် ဆရာစံတော်လှန်ရေးတုန်းကလို ဥပါဒါန်ကြောင့် ဥပါဒ်သင့်ရပေါင်းလည်း မနည်းတော့။ သို့တိုင် အမှတ် မရှိကြသေး။ သူတစ်ပါး၏ပြုပြင်ပြောင်းလဲမှုကို တွေ့ချင်၊ မြင်ချင်၊ လိုချင်ကြသော်လည်း မိမိကိုယ်ကို ဦးစွာပြုပြင်ပြောင်းလဲရန်ကိုမူ မေ့လျော့လျက်ရှိနေကြသည်။ ကျွန်ုပ်တို့အတွက် သမိုင်းထဲတွင် မရေတွက်နိုင်သော သင်ခန်းစာများ ရှိပါသည်။ သင်ခန်းစာများကို သမိုင်းရာဇ၀င်ထဲ ပြန်လည်ပစ်မသွင်းလိုက်ကြဖို့ အရေးကြီးသည်။ အနာဂတ်အတွက် ပြဒါးတိုင်အဖြစ် အမြင်ရှိဖို့ လိုအပ်ပေသည်။ မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းသည် အမှန်တကယ် နောက်ပြန်မလှည့်ခဲ့ပါက လာလတ္တံ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏သမ္မတမှာ န၀မမြောက် ဖြစ်ပါတော့မည်။ သို့ဖြစ်၍ ကိုးဂဏန်းအပေါ် အယူကြီး အစွဲပြင်းထန်လှစွာသော မြန်မာပြည်သူပြည်သားများအဖို့ န၀မမြောက်သမ္မတနေရာတွင် မည်သို့သော လူစားမျိုး တက်လာမည်နည်း၊ ကောင်းသည့်နိမိတ်လက္ခဏာလော၊ အပိုင်းပိုင်းအစိပ်စိပ်ကွဲထွက်ပျက်စီးမည့် သင်္ကေတလောဟု အတွေးပင်လယ်ထဲ နစ်မျောနေသည်ထက် ပိုမိုလက်တွေ့ကျသည့်ဖက်သို့ ဦးတည်ကြစေလိုပါသည်။ အဆုံးအဖြတ် ဟူသည်ကို အချိန်ကသက်သေပြသွားမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လူသားများနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း သတိချပ်နိုင်ကြပါစေ။

( သြရသ ရေချမ်း )

* ကိုးကားချက်များ *
၁။ ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ-ထားဝယ်)
၂။ ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ (တင်နိုင်တိုး)
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၈၊ ၄၊ ၁၄
၎။ ခေတ်ရေစီးထဲကပုဂ္ဂိုလ်များ (သမိုင်းသုတေသနဦးစီးဌာန၊ နေပြည်တော်)
၅။ “နိုင်ငံတော်သမ္မတများ” ဆောင်းပါး (အောင်စွမ်း၊ Norhtern Star ဂျာနယ်၊ ၆.၉.၂၀၁၂)
၆။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆိုင်ရာ နိုင်ငံတကာသတင်းနှင့်ဆောင်းပါးများ (အင်တာနက်)
၇။ မြန်မာပြည်တွင်း သတင်းနှင့်အတင်းများ (အင်တာနက်)

Leave a Reply