ဒီဇင်ဘာ ၂ ၊ ၂၀၁၃
M-Media
မိုးကြိုးတင်ပြသည်။
တက္ကသိုလ် ကျောင်းတိုက်နှစ်လည်စာစောင်၊ အတွဲ ၃ ၊ အမှတ် ၇၊ ၁၉၅၃-၅၄
ရန်ကုန်တက္ကသိုလ်ဆေး သိပ္ပံတွင် ကြောက်ရှုံး၊ ကွဲရှုံး လက်သီးရော ဒူးပါအကွဲထိုးရသည့် ဗမာလက်ဝှေ့ကျော် တစ်ဦးရှိပါသည်ဟုဆိုလျှင် အများကအံ့သြသွားစရာ ရှိပေသည်။သို့သော်မအံ့သြပါနှင့်ရှိပါသည်။ ၁၉၄၇ ခုနှစ်၊ သထုံခရိုင်၊ ဇင်းကျိုက် လက်ဝှေ့ရုံကြီးတွင် နာမည်ကျော် ဗိုလ်ကျော်ဆိုသူက သတ်ဖက်မရှိဘဲ ဗိုလ်စွဲနေပြီး လက်ဝှေ့ရေး အမျိုးမျိုးပြ၍ သက်ဖက်ခေါ်နေသည်ကို ကြာကြာ မကြည့်လိုသဖြင့် ကြိုးဝိုင်းထဲသို့ခုန်ဝင်ကာ ယှဉ်ပြိုင်ခဲ့သည်။ ဘယ်ဘက်မျက်ခုံးတွင် ဗိုလ်ကျော်၏ လက်သီးချက်မိသွားသဖြင့် ကွဲပြီးရှုံးခဲ့ရသည်။ သို့သော် ဗိုလ်ကျော်၏ လက်ကို မြင်ခဲ့သိခဲ့ပြီးဖြစ်သည့်အတိုင်း ရက်များမကြာမီ တံခွန်စိုက်ပွဲကျင်းပသည့်အခါတွင် ထိုးဘက်မဲ့နေသော ဗိုလ်ကျော်နှင့်ပင်ဝင်၍ စိတ်မကြေပွဲ ယှဉ်ပြိုင်ခဲ့လေသည်။ တခဏအတွင်းပင် နာမည်ကြီး ဗိုလ်ကျော်၏ မေးစေ့ကို ညာလက်သီးတစ်လုံးသွင်း၍ အလဲထိုးခဲ့သည်။ ဗိုလ်ကျော်ကားမထနိုင်တော့။ ထိုတံခွန်စိုက်ပွဲတွင် ဗိုလ်ကျော်၏ တံခွန်ကိုလှဲခဲ့သည်။ သူကား ၁၉၅၀ ခုနှစ်မှ ယခု တိုင်းဗမာပြည်ချန်ပီယံ စွဲနေသော ဆေးသိပ္ပံကျောင်းသား လက်ဝှေ့ကျော် “စတန်လီ မဂျစ်” ပင် ဖြစ်ပါသည်။
မဂျစ်-မင်းကြွယ်
၁၉၄၉ ခုနှစ် စိန်ဂျွန်း ကျောင်း ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ထိုနှစ် ဗမာပြည် “လိုက်ဝိတ်ချန်ပီယံ” လုရာတွင် တပ်မတော်မှစစ်သားကြီး ဂူရမ်းနှင့် မေမြို့မှ မောင်ရှင်တို့အား ပဌမ အချီဖြင့် အလဲထိုး၍ အနိုင်ယူခဲ့ပြီး နောက်ဆုံးည ရေတပ်မှ မင်းကြွယ်နှင့် ထိုးရာတွင်စိုက်လဲ၍ခေါင်းကွဲသဖြင့် ဒိုင်ကပွဲရပ်ပြီး မင်းကြွယ်အား အနိုင်ပေးလိုက်သည်။
ဗမာပြည်လက်ဝှေ့ချန်ပီယံ-မဂျစ်
၁၉၅၀ ခုနှစ်-ဗမာပြည် လိုက်ဝိတ် ချန်ပီယံလုပွဲတွင် ပထမ တပ်မတော်မှဂူရမ်းနှင့်ပင် ထိုးရသည်။မဂျစ်၏ လက်သီး တစ်ချက်ကို ရှောင်ရင်း ရှောင်ရင်းနှင့် ပထမအချီမပြီးခင် ညာဖြတ်လက်သီး တစ်ချက်မိသွား၍ ဂူရမ်း ဟပ်ထိုးလဲကျကာ ပွဲပြီးသွားခဲ့သည်။ နောက်ဆုံးတွင် ရေတပ်မှ နာမည်ကျော် ဗိုလ်ဂိုနားနှင့်တွေ့ကြရာ ပထမအချီတွင်ပင် ဘယ်တစ်ချက် ပင့်၍ ညာချိတ်တစ်ချက် သွင်းလိုက်သဖြင့် ဗိုလ်ဂိုနားကြမ်းပြင်သို့ခွေ ကျသွားခဲ့သည်။ပြန်ထရန်ကြိုးစားသော်လည်း မရတော့။ ထိုညတွင် “ဗမာပြည် လိုက်ဝိတ် သရဖူ” ကို မဂျစ် စတင်၍ဆောင်းခဲ့ ရလေသည်။
မာရှယ်-မဂျစ်( ပထမအကြိမ်)
သို့သော် ယှဉ်ပေးလျှင်ငြင်းလေ့ မရှိသော မဂျစ်အဘို့အတော် အထိနာခဲ့ရပေသေးသည်။ ဗမာပြည်ချန်ပီယံ တစ်ဦးဖြစ်သူ ရေတပ်မှအော်စကာ မာရှယ်အား ပေါင် ၂၀ အလေးချိန်ကြီးနေလျက်နှင့် တက်၍ ထိုးခဲ့သည်။ ထိုညတွင် စလေတန်မှာကြမ်းပြင်သို့ ပထမအချီတည်းတွင်ပင် (၇) ကြိမ်တိတိ လဲကျကာ မရှုမလှခံရသဖြင့် ဒိုင်ကပွဲရပ်ပြီး မာရှယ်အား အနိုင်ပေးလိုက်သည်။
ဒုတိယံမိလိုက်ဝိတ်ချန်ပီယံ
၁၉၅၁- ခုနှစ်တွင်လဲ ဗမာပြည် လိုက်ဝိတ် သရဖူကို ဆက်၍ဆောင်းခဲ့သည်။ သို့သော် ဤည အဘို့် မဂျစ်၏ဇွဲ ကြောင့်အနိုင်ရသည်ဟု ဆိုရပေမည်။ ရေတပ်မှ ဗိုလ်ဂိုနားနှင့် ပင်ကျ၍ ပထမ အချီတွင် ဗိုလ်ဂိုနား ခေါင်းနှင့်ထိကာ ညာဘက်လက်မ လက်ဆစ် ပြုတ်သွားတော့သည်။ နာနေလျက်နေနှင့် တတိယ အချီအထိဆက်၍ ထိုးပြီး အမှတ်နှင့် အနိုင်ယူခဲ့သည်။
မာစဒင်(အိန္ဒိယ) -မဂျစ်( ဗမာပြည်)
ဤနှစ်တွင် အိန္ဒိယပြည်မှ ချန်ပီယံ အဲ့ရစ်မာစဒင်နှင့် အထူးပွဲ ထိုးသတ်ရာပထမ အချီအစတွင် ဘယ်ညာ၊ ဘယ်ညာဆင့်၍ သွင်းလိုက်သဖြင့် မာစဒင် ကြမ်းပြင်သို့ လန်၍ကျသွားတော့သည်။ ဒိုင်လုပ်သူ အာနီဒီဗလာရက်ဇ်က ၁,၂ ၃ ၄……….၁၀ အထိ ရေတွက်ပြီးနောက် လဲနေသူမာစဒင်အားဆွဲထူ၍ အနိုင်ပေးလိုက်သဖြင့် တကွင်းလုံးဆူသွားကာ ခဲပုလင်းမိုးရွာခဲ့သည်။ မဂျစ်ဖောင်းနှင့် ရှုံးခဲ့ရသည်။
မဂျစ် (တက္ကသိုလ်) – မာရှယ်(ရေတပ်) (ဒုတိယအကြိမ်)
ထိုနှစ်အဘို့ မဂျစ်၏ရင်ထဲတွင် ခဲနေသည့်အလုံးတလုံးကြေသွားခဲ့သည်။ မရှုမလှနှင့် ရှုံးခဲ့ရသည့်အိုမာရှယ် (ရေတပ်) အားမြို့တော်ခန်းမတွင် စိတ်မကြေပွဲလေး အချိန်ပိုပေးပြီးထိုပြန်သည်။ တဦးနှင့်တဦး ချက်ကောင်းစောင့်နေရင်းပထမ အချီပြီးသွားခဲ့သည်။ ဒုတိယအချီထွက်ထွက်ခြင်း မာရှယ်၏ညာဘက်လက်သီးတစ်လုံး မဂျစ်၏ မေးရိုးပေါ်တည့်တည့်ကြီး ထိသွားသဖြင့် ပွဲဖြင့်ပီးပြီဟု ရေတပ်မှ ဟစ်ကြွေးသံများဆူသွားသည်။ သို့သော် မဂျစ်၏ ထိလိုက်မှန်းမသိအောင်ဆက်၍ ထိုးချက်ကြောင့်ပရိတ်သတ်ရော မာရှယ်ပါကြောင်၍ ငိုင်သွားစဉ် မဂျစ်၏ဘယ်ချိတ်တလုံးဗိုက်သို့ဝင်လာပြီး ညာဖြတ်တချက်မေးပေါ် ရောက်လိုက်သည်တွင် မာရှယ်မှာ ကြမ်းပြင်သို့ထိုးစိုက်၍ ကျသွားတော့သည်။ ခမ်းမဆောင် တစ်ခုလုံးမှ လျှံထွက်လာသော သြဘာသံကြီးကားမစဲတော့ပေ။ မဂျစ်အဘို့စိတ်မကြေပွဲကား စိတ်ကြေပွဲဖြစ်ခဲ့လေသည်။ မဂျစ်၏ အပြုံးသည်ကြိုးကွင်းထက်ဝယ်လူးလွင့်နေပေတော့သည်။
နော့ကောက်မဂျစ်
၁၉၅၂- ခုနှစ်တွင်ကား ကမ္ဘာ့အိုလံပစ်ပွဲတော်သို့ ဗမာပြည်မှစေလွှတ်ရန် ဗမာ့ချန်ပီယံသူရဲကောင်းရွေးကြည့်သည်။ လိုက်ဝဲလတာ ဝိတ်တန်းအတွက် အမြဲတမ်းနိုင်ခဲ့သူ ရေတပ်မှ ဗိုလ်ဂိုးနားနှင့် တတိယအကြိမ်ယှဉ်ပြိုင်၍ အရွေးခံကြရာ ဒုတိယအချီတွင် ဗိုလ်ဂိုးနားအားကြမ်းပြင်သို့ပို့၍ အနိုင်ယူခဲ့သည်။
မထိနီးယပ်စ်(ဖင်လန်) နှင့် မဂျစ်(ဗမာ)
အိုလံပစ်ပွဲတော်တွင် စားကောင်းသောက်ဘွယ်များမှန်မှန်စားသောက်၍ အမြဲတမ်းလေ့ကျင့်ကာ ပွဲကြီးပွဲကောင်းပါင်း (၇၁) ကျော်ထိုးခဲ့ဘူးသည့် ဖင်လန်ပြည်မှ မလီနီးယပ်စ် နှင့် ထိုးရပြန်ပေသည်။ ပထမ အချီတွင် မဂျစ်က ဘာလက်သီးတချက်ဖြင့် မလီနီးယပ်စ်အားကြမ်းပြင်သို့ပို့နိုင်ခဲ့သေးသည်။ ဒုတိယအချီတွင် သူတပြန် ကိုယ်တပြန် ထိုးနိုင်သေးသော်လဲ တတိယအချီ တွင်ကားစတန်လေမှာ ရိုင်ခွေပန်းလျနေသဖြင့် ပွဲကိုရပ်၍ အရှုံးပေးလိုက်ရတော့သည်။
မဂျစ်နှင့် ထိအောင်(ရေတပ်)
၁၉၅၃ ခုနှစ် ဗမာ့ချန်ပီယံလုပွဲ လိုက်ဝဲလတာ ဝိတ်တန်းတွင် ကိုကိုကြီး (မန္တလေး) နှင့် ထိုးရသည်။ ကိုကိုကြီးမှာ ကြမ်းပြင်သို့ကျအောင် ထိုးနိုင်သူရှားသည့် လူမာကြီးတဦးဟု နာမည်ကြီးနေသူတဦးဖြစ်သည်။ သို့သော်သူ့အား တတိယ အချီတွင် မဂျစ်၏ဘယ်ဖြတ်တချက်က ကြမ်းပြင်သို့ပို့နိုင်ခဲ့၏ ။ နောက်ဆုံးညတွင်မှု နိုင်ငံခြားမှလာသူ မှန်သမျှကို အနိုင်ထိုးနေသည့် ဗမာ့ ချန်ပီယံ ထိအောင် (ရေတပ်) နှင့် ထိုးသတ်ရသည်။ တီအောင်၏ ကျဉ်လည်သော အရှောင်အတိမ်းများနှင့်ဇွဲကြောင့် ခက်လေသည်။ အမှတ်ဖြင့်သာ အနိုင်ယူလိုက်ရပေသည်။ ဤနှစ်တွင် ချန်ပီယံဆုသုံးနှစ်ဆက်ရသဖြင့် အထူးဆုဖလားကြီးတလုံး ချီးမြင့်ခြင်းခံရသည်။
မဂျစ်(တက္ကသိုလ်) အိုမာရှယ်(ရေတပ်) (တတိယအကြိမ်)
၁၉၅၄ ခုနှစ်ဗမာ့ချန်ပီယံလုပွဲနှင့် အာရှ အိုလံပစ်လူရွေးပွဲ ဝဲလတာဝိတ်တန်းတွင် ထိုးဘက်ဖြစ်ခဲ့သူ အိုမာရှယ် (ရေတပ်) နှင့်တွေ့ကြပြန်သည်။ ပထမအချီ ပြီးခါနီးတွင် အော်စကာ၏ညာလက်သီးတချက်မိ၍ စဘင်လေကြမ်းပြင်သို့ ဒူးထောက်ကျသွားတော့သည်။ သို့သော် ဇွဲကောင်းစွာဖြင့် ပထမအချီပြီးသည်အထိ တိမ်းရှောင်ရင်းဖြင့် ပြန်ထိုးခဲ့လေသည်။ ဒုတိယအချီစ၍ မကြာမီပင် လျပ်တပြက် ညာဖြတ်တချက်ထိသွားသဖြင့် မာရှယ်ကြီးအရုပ်ကြိုးပြတ်ကြမ်းပြင်သို့ သတိလုံးဝမရဘဲကျသွားခဲ့သည်။ ဇွဲကောင်း၍ စိတ်ကြီးလှသောမာရှယ် သတိရရခြင်း ခုန်ထပြီး ထိုးရန်မဂျစ်ကို လိုက်ရှာလေသည်။ သို့သော် ၁မှ ၁၀ ရေတွက်ပွဲပြီးခဲ့သည်မှကား ၂၅-စက္ကန့်ပင်ကျော်ခဲ့လေပြီ။ မဂျစ်ကား အာရှအိုလံပစ်သို့သွားရန်ရွေးချယ်ခဲ့ပြီးမှ လေ့ကျင့်ခန်းမှန်မှန် မဆင်းဟူသောအချက်ဖြင့် ချန်ထားခဲ့ခြင်းဖြစ်ပေသည်။
မဂျစ်(ဗမာပြည်) ဟေး (ဘင်းဂေါလ်)
အာရှအိုလံပစ်ပွဲမလုပ်မီ ဗမာပြည်တွင် ဗမာဘင်းဂေါလ် လက်ဝှေ့ပွဲကျင်းပရာ အိန္ဒိယ ချန်ပီယံ အီးဟေးနှင့် စတန်လေတို့ တွေ့ကြလေသည်။ မဂျစ်၏ဘယ် လက်သီးတချက် ပါးချိတ် ထိသွားသဖြင့် ပထမအချီစ၍ မကြာသေးမီ “ဟေး” ခွေကျသွားသည်။ သို့သော် ထပြီးဆက်ထိုးစဉ်မဂျစ်၏ ညာလက်သီးတချက် နားသယ်တွင်ထိပြန်သဖြင့် နောက်တခါထပ်၍ ကျသွားပြန်သည်။ သို့သော် ဇွဲကောင်းစွာဖြင့် “ဟေး” ကဆက်၍ ထိုးခဲ့သည်။ ဒုတိယအချီ အလယ်လောက်တွင် ဟေး၏ လက်သီးတစ်ချက်က ချက်အောက်တွင် ထိသဖြင့် မဂျစ်ခွေကျသွားသည်။ ကြိုးဝိုင်းဒိုင်လူကြီးက အမှတ်ပေးဒိုင်လူကြီးအား ချက်အောက်ထိမထိ မရှင်းသဖြင့် လိုက်၍ မေးရာအနားကပ်နေသော ဒိုင်လူကြီးက ထိသည်ဟုဆိုသည်။ မဂျစ်ဖောင်းလ် နှင့်အနိုင်ရခဲ့သော်လည်း လဲကျသည့်ဒဏ်ကြောင့် ညာဘက်အရိုးအက်သွားခဲ့သည်။ ဤမျှဖြင့် မဂျစ်၏ စွမ်းပကားကိုရိပ်စားမိကြပေမည်။
ယနေ့ဆေးကျောင်းသား စတန်လေမဂျစ်မှာ အစားကောင်းမှန်မှန်မစားရ၊ ကရိယာ အစုံဖြင့် မလေ့ကျင့်ရဘဲလျက် ၁၉၅၀ ခုနှစ်မှ ယခုတိုင် ဗမာ့ ချန်ပီယံအဖြစ် တည်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
၁၉၅၄ ခု ကမ္ဘာ့ကျောင်းသား နွေရာသီပွဲတော်သို့ ဖိတ်ခေါ်ခြင်းကို ခံရသော်လည်းမအားလပ်သဖြင့် မတက်ရောက်နိုင်ခဲ့။ အစားကောင်း မှန်မှန် ကရိယာစုံဖြင့် လေ့ကျင့်ခန်းရကာ ကမ္ဘာသို့ ဗမာအစွမ်းပြနိုင်ရန်အတွက် စလေတန်မဂျစ်အားစင်တော် ကောက်ယူနိုင်ရန် စင်တော်ကြီးမကြာခင်ပေါ်ပေါက် လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ဗမာ့ကျောင်းသားလောကမှ လက်ဝှေ့စွှမ်းကို ကမ္ဘာ့ကျောင်းသားလောက တွင်တင်ပြခွင့်ရလိမ့်မည်ဟု ယုံကြည်မိပါသည်။
ဗမာ့ဂုဏ်ဆောင် သားကောင်းရတနာအဖြစ် စတန်လေမဂျစ်သည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေလေသည်။ သူ၏ စွမ်ပကားကို ချီးကြူးသောအားဖြင့် ကမ္ဘာ့ကျောင်းသားအဖွဲ့ချုပ်ကြီး (I.U.S) မှဆုတံဆိပ်နှင့် ဆုလက်မှတ်များကို ဗ၊က၊သ၊ များအဖွဲ့ချုပ်မှတဆင့် အပ်နှင်းလိုက်ပြီးဖြစ်ရာ အမိတက္ကသိုလ်ကြီး အတွက် အတိုင်းမသိသောဝမ်းမြောက်ဂုဏ်ယူခြင်းဖြင့် မှတ်တမ်းတင်ရပေမည်။
ရှေ့အဖို့လည်းဆေးသိပ္ပံ ကျောင်းသားကြီး စလေတန်မဂျစ်အားအောင်မြင်ခြင်းသရဖူများ ဆက်လက်ဆောင်းနိုင်စေရန် ဆန္ဒပြုအပ်ပါသတည်း
ချန်ပီယံ မဂျစ်ထိုးတဲ့ပွဲတိုင်းနိုင်ပါစေ။
တက္ကသိုလ် ကျောင်းတိုက်နှစ်လည်စာစောင်၊ အတွဲ ၃ ၊ အမှတ် ၇၊ ၁၉၅၃-၅၄ မှ ကူးယူဖော်ပြပါသည်။
Comments