ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် ဘားမားပို့စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အားရည်စူးလျှက် ကျန်ရစ်သည့် မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်တို့က စုပေါင်းပြီး ယနေ့တွင် ကောင်မှု ကုသိုလ် ပြုခဲ့ကြသည်။
ဘန်ကောက်မြို့ ပချာအူထစ် ၃၃ လမ်းတွင် နေထိုင်ခဲ့သည့် ဦးသက်လွင်ဦးသည် (Burma Post) ဘားမားပို့စ် ဟူသည့် မြန်မာစာဖြင့် သတင်းစာ တစ်စောင်အား ၂၀၀၅ ခုနှစ်တွင် ထည်ထောင် ကာ ၂၀၀၉ ခုနှစ်အထိ လစဉ် ထုတ်ဝေခဲ့သည်။
ကျန်ရစ်သည့် မိသားစုဝင်များက အစ္စလာမ်ဘာသာ ထုံစံအတိုင်း ဆုတောင်းပွဲပြုလုပ်ကြသကဲ့သို့ မိတ်ဆွေများနှင့် တပည့်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ပါးတို့အား ပင့်ဖိတ်လျှက် အလှူဒါနများ ပြုလုပ်ခဲ့ကြသည်။
ညီဖြစ်သူ ကိုဌေးလွင်ဦး က“အကိုကြီးက ငယ်ငယ်ကတည်းက အများအတွက် အမြဲစဉ်းစားတယ်၊ ပေးဆပ်
တယ်။ သူများအတွက် လုပ်ပေးနေရတာကို သူ့အလုပ်အဖြစ် ခံယူထားသူဖြစ်တယ်။ ဘန်ကောက်မှာ အလုပ် သမား စာသင်ကျောင်းတွေ ပေါ်ပေါက်ရေးအတွက် စတင်ကြိုးစားခဲ့သူလည်းဖြစ်တယ်။ သူနိုင်ငံခြားကိုထွက် ရင် ဘန်ကောက်မှာ လုပ်မယ့်လူမရှိဖြစ်မှာကို သူပူပင်တယ်။ ကိုယ်ကျိုး တစ်ခါမှ မရှာခဲ့ဘူး။ ကျနော်အကိုကြီးကို နှမြောလို့မဆုံးဘူး” ဟုပြောသည်။
ကိုသက်လွင်ဦးသည်၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်အရ အမေရိကန်နိုင်ငံသို့သွားရောက်အခြေချခွင့်ရရှိခဲ့သော်လည်း အများအကျိုးကိုသာလုပ်နေမည်ဟု ဆုံးဖြတ် ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်နေထိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘ၀ လုံခြုံရေး အတွက် အထောက်အထား တစ်ရပ်(ယာယီပတ်စပို့) လုပ်ငန်းစဉ် အကောင်းအထည်ဖေါ် နိုင်ရေး အတွက် ထိုင်းနှင့်မြန်မာ အစိုးရအား ကြိုးစား တင်ပြခဲ့သူ ဖြစ်သည်။ ထိုင်းအစိုးရက သူ့အား ထိုင်းနိုင်ငံသား အဖြစ် ခံယူရန် တရားဝင် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။
လုပ်ဖေါ်ကိုင်ဘက် တစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက် အလွတ်သတင်းထောက် ကိုကျော်သောင်း က “ကျနော်တို့ ပြည်ပကို ရောက်လာတော့ ကလောင် သွေးခွင့်ရခဲ့တာ၊ ပထမဦးဆုံး သတင်းထောက်သင်တန်း တက်ခွင့် ရခဲ့တာ ဘားမားပို့စ် သတင်းစာပဲဖြစ်တယ်။ ကိုသက်လွင် မှာ အတုယူ လေးစားစရာအများကြီးပါ။ အလွန် သည်းခံနိုင်တဲ့ လူဖြစ်တယ်။ လူတိုင်းကို အောင်မြင်စေချင်တယ်။ အထူးသဖြင့်သတင်းစာနဲ့ စာစောင်တွေ ထုတ်ဖို့ အမြဲအားပေးတဲ့သူ ဖြစ်တယ်၊ ကျနော် သတင်းစာ စဉ်ဆက်မပြတ် လုပ်နေတာကို သူအမြဲ အားပေးတယ်” ဟုပြောသည်။
ဦးသက်လွင်ဦးအားဦးပုရေ+ဒေါ်မလေးတို့ကရခိုင်ပြည်နယ်သံတွဲမြို့နယ်ပိန်းတောကြီး ကျေးရွာတွင်
မွေးဖွားခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ဂွမြို့နယ်မှ ဆယ်တန်းစာမေးကို အောင်မြင်ခဲ့သည်။ ထို့နောက် သင်္ချာဘာသာရပ်အား အဝေးသင်တက္ကသိုလ် ပညာရေးဖြင့် ဆက်လက် သင်ယူခဲ့သည်။ ထိုအတောအတွင်း ရခိုင်ပြည်နယ်၊ ရမ်ဗြဲနှင့် ကျောက်နီမော် တို့က ကျောင်းသူ/ကျောင်းသားများ အတွက် စေတနာ့ဝန်ထမ်း ပညာဒါန ပြုခဲ့သည်။
၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်လာခဲ့ရာ ဒေသတွင်း ဦးဆောင်မှု အခန်းကပါဝင်လာခဲ့သည်။ စစ်အာဏာသိမ်းပိုက်လိုက်ချိန်တွင်ဘင်္ဂလားဒေ့ခ်ျဘက်သို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဖက်ဒေသ) ကို ဦးဆောင် ဖွဲ့စည်ခဲ့သူလည်းဖြစ်သည်။ ကျောင်းသားတပ်မတော်မှာလည်း ရခိုင်ဘက်တွင် အခြေမချနိုင်၊ အခြားသောအကြောင်းအမျိုးမျိုးတို့ကြောင့် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
၁၉၉၂ ခုမှ ၁၉၉၃ ခုနှစ်များတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် နှင့်ဆပ်သွားကျေးရွာများတွင် ရှိသော အထက်တန်း ကျောင်းသားများအား စေတနာ့ဝန်ထမ်း စာသင်ပြခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာလာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (Muslim Information Center Burma) MICB ကိုထူထောင်လျှက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအား တတ်အားသမျှ ကာကွယ်ပေးခဲ့သည်။ ၂၀၀၁-၂၀၀၂ -၂၀၀၃ ခုနှစ်များအတွက် HRDU ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီအရင်ခံစာများကို ဦးဆောင်
ရေးသားဖေါ်ပြခဲ့သူဖြစ်သည်။
၈၈ တော်လှန်ရေးကျောင်းသား၊ ကျောင်းဆရာ၊ သတင်းစာဆရာနှင့် လူမှုရေးလုပ်ငန်းနယ်ပယ်တို့တွင် အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည့် ဦးသက်လွင်ဦး သည် အဆုတ် ကင်ဆာရောဂါဖြင့်တစ်လခန့် ဘန်ကောက် အင်တာနယ်ရှင်နယ် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့ က ကွယ်လွန်သွားခဲ့သည်။ သူ၏ ဈာပနအား အစ္စလာမ်ဘာသာထုံစံအတိုင်း ၎င်းနေ့ညနေတွင် ဘန်ကောက်မြို့ လန်းစစ်မြို့ နယ်၊ ကက်ယောက်နီမစ် အစ္စလာမ် သုသာန်တွင် မြေချသဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။
မူရင်း။ ။ http://goldenworkers.blogspot.com/2012/04/blog-post_16.html
နောက်ဆက်တွဲအနေနဲ့ ဦးသက်လွင်မှပြောခဲ့တဲ့စကားတွေကိုသူငယ်ချင်းဖြစ်သူ ကိုကျော်သောင်းမှပြောခဲ့တာလေးကိုပါ ထပ်မံဖြည့်စွက်တင်ပြလိုက်ပါတယ်။
ကျနော့်သူငယ်ချင်းကို ကျနော် တစ်သက်လုံး သတိရနေမှာပါ။ ကျနော့်အတွက် အားတစ်ခု လျှော့သွားခဲ့ပါတယ်။ ကိုသက်လွင် ရင်ထဲက စကားတစ်ခုပြောခဲ့ဖူးတယ်။ ကျနော်သတင်းမှာတော့ထည့်မရေးလိုက်ဘူး။ ကျနော် အနော်စိတ်မကောင်းဖြစ်ရတဲ့စကားပါ။
ကိုကျော်သောင်းတဲ့ ၈၈ ဖြစ်ပြီး အနောက်ဖက် တောထဲကိုရောက်တော့ ဗမာကျောင်းသား ရခိုင်ကျောင်းသားတွေက ကျနော့်ကိုလက်မခံချင်ကြဘူး။ ကျနော် ရခိုင်မျိုးနွယ် ကမန်လူမျိုးပါ။ ကျနော် ကုလားမဟုတ်ဘူး။ ဆိုတော့ကုလားစကားလည်းမတတ်ဘူး။ ကျနော် ဘယ်လိုမှ နေလို့ထိုင်လို့ အဆင် မပြေဘူးဗျ။ ဒီလို ရင်ဖွင့်ပြောပြခဲ့ဘူးတယ်။ သူရခိုင်ကိုပြန်မယ်။ လူမှုရေးလုပ်မယ်။ သတင်းစာလုပ်မယ်။ နိုင်ငံခြားပညာသင်လိုသူတွေ အကုန်လွှတ်မယ်။ သံတွဲနယ် ကကျွန်းတွေအကုန်လုံး ဟောင်ကောင်လိုဖြစ်စေရမယ် လို့ ကျိန်းဝါးဖူးတယ်ဗျ။
Comments