ကျွန်တော် ဆယ်တန်းအောင်ပြီးစ အချိန်- ၁၉၈၆ ခုနှစ်က ရခိုင်ပြည် သံတွဲမြို့နယ်ရှိ ကျီးကန်းရဲကျေးရွာလေးကို အလည်သွားတော့- တောနယ်က စာဆိုတစ်ဦးဖြစ်တဲ့ ကလောင်ရှင် မောင်ကြွေက “ဓါးကမကောင်း၊ ၀ါးမပျောင်း ၍- နှီးချောင်းကျွတ်ဆတ်ခဲ့ရပြီ၊” ဆိုတဲ့ စာသားလေးကို သူ့အိမ်နံရံမှာ မီးသွေးခဲနဲ့ ရေးသားထားတာကို တွေ့ လိုက်မိပါတယ်။ သူကိုယ်တိုင် ဘာကို ရည်ရွယ်ပြီး ရေးသားထားမှန်း ကျွန်တော် မသိပါ။ သို့သော် ထိုစဉ်ကပင် နိုင်ငံတော်အရေး- လူထုအရေးကို တစ်စုံတစ်ရာ စိတ်ဝင်စားမိသော ကျွန်တော်က- သြော်- ငါတို့နိုင်ငံမှာ အုပ်ချုပ်သူက မကောင်း၊ ပြည်သူကမလိမ္မာ- နိုင်ငံတော်မွဲခဲ့ရလေပြီ- လို့ ဆိုလိုလေသလားလို့-၊ မှတ်ချက်ချ မိပါတယ်။
ဒီနေရာမှာ အုပ်ချုပ်သူက မကောင်း လို့ သုံးမိတဲ့ အတွက် အုပ်ချုပ်သူ ကောင်းတယ် ဆိုတာ ဘာလဲ- လို့ ကျွန်တော်တွေးမိသလောက် ပြန်လည် ရှင်းပြဘို့ လိုမယ် ထင်ပါတယ်။ အုပ်ချုပ်သူ တစ်ဦးအနေနဲ့-
(၁) သူဟာ- လူမျိုးနွယ် ဘာသာတရား တစ်ခုခုပေါ်မှာ မျက်နှာလိုက် ဇောင်းပေးခြင်း ကင်းရပါမယ်- သူဟာ သူ့တစ်သီးပုဂ္ဂလအနေနဲ့ ကြိုက်တဲ့ ဘာသာကို ကိုးကွယ်ယုံကြည်နိုင်ပါတယ်- ဒါပေမယ့် အဲ့ဒီ ဘာသာ အတွက် သာသနာပြုတစ်ဦး မဖြစ်စေရပါ။ သူ့ယုံကြည်တဲ့ ဘာသာတရားကို သူ့နှလုံးသားထဲမှာသာ သိမ်းထားရ ပါမယ်- အဲ့ဒီဘာသာတရားကို ကိုယ်စားပြုပြီး နိုင်ငံတော်ကို အုပ်ချုပ်ခြင်း၊ ပြည်နယ်၊ မြို့ရွာ ဒေသများကို အုပ်ချုပ်ခြင်း မပြုလုပ်ရပါ။ ဘာကြောင့်လဲ ဆိုတော့ သူ အုပ်ချုပ်နေတဲ့ အသိုင်းအ၀ိုင်းမှာ သူနဲ့ ဘာသာတူလူ သားတွေချည်း နေထိုင်နေခြင်း မဟုတ်ပါ။ သူအုပ်ချုပ်ရာ ဒေသတစ်ခုလုံး တိုးတက်ရေး ကောင်းစားရေးကိုသာ သူ အာရုံ ထားရပါမယ်- သူ့ဘာသာ၊ သူ့လူ၊ သူ့ဘက်သား၊ သူ့ဆွေမျိုး ကောင်းစားရေးကို ပါယ်သတ်ထားရပါမယ်။ အလားတူ- လူမျိုးနွယ်စုံ နေထိုင်ရာ နိုင်ငံတစ်ခုမှာ မိမိကိုယ်စားပြုတဲ့ လူမျိုးတစ်ခုတည်း ကောင်းစားရေးကိုသာ အာရုံထားနေတဲ့ ခေါင်းဆောင်ဆိုတာလည်း အင်မတန်မှ အယူသည်းညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါ တယ်။ အဲ့လို ခေါင်းဆောင်တစ်ဦးဦးရဲ့ နောက်မှာ လိုက်နေရသူများဟာ အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်လို မုန်း တီးစိတ်များသာ တိုးပွားစေပါတယ်။
ဥပမာ- ရပ်ကွက်တစ်ခုအတွင်း ဗမာတစ်ဦးနဲ့ ကရင်တစ်ဦး ရန်ဖြစ်တယ် ဆိုပါတော့- အုပ်ချုပ်သူဟာ ဗမာ ဖြစ်နေပါစေ- သူဟာ ရန်ဖြစ်သူ နှစ်ဦးရဲ့ လူမျိုးကို မကြည့်ဘဲ- ရန်ဖြစ်သူနှစ်ဦးရဲ့ အမှုအခင်းကိုသာ ကြည့်တဲ့ လူသားမျိုး ဖြစ်ရပါမယ်။ ဗမာ အုပ်ချုပ်သူ အောက်က ဗမာများတဲ့ ရပ်ကွက်မှာ ကရင်ကို မှားမှားမှန်မှန် အမှုရှုံး စေ ဆိုတာမျိုး မဖြစ်စေရပါ။
အလားတူ ဗမာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ပအို့- စသည်ဖြင့် လူမျိုးစုံ အတူနေတဲ့ တိုင်းပြည်တစ် ခုကို ဦးဆောင်နေသူ တစ်ဦးဟာ- ငါ ဟာ နိုင်ငံတစ်ခုရဲ့ ဦးဆောင်- ငါ့အသွေး ငါ့အသားဟာ တိုင်းပြည်တွင်း လူမျိုးအားလုံးနဲ့ ဖွဲ့စည်းထားတယ်- ငါဟာ ဗမာ မဟုတ်ဘူး၊ ငါဟာ ကုလားမဟုတ်ဘူး၊ ငါဟာ ရှမ်းမဟုတ်ဘူး-၊ ငါဟာ လူမျိုးအားလုံးပါဝင်သူ လို့ ခံစားနိုင်ရပါမယ်။ ကုလားကို နှိမ်ရင်လည်း ငါ့ကို နှိမ်တာ၊ ဗမာကို ဖိရင်လည်း ငါ့ကို ဖိတာ၊ ရခိုင်ကို နှိပ်ရင်လည်း ငါ့ကို နှိပ်တာလို့ ခံယူနိုင်ရပါမယ်။ ဒီလို ခံယူချက်ရှိတဲ့ ခေါင်းဆောင်များ ဦး ဆောင်ပါမှ အဲ့ဒီ ဦးဆောင်အောက်မှာ ရှိတဲ့ နိုင်ငံတော်ဟာ ညီညွတ်လာမယ်၊ တိုးတက်လာမယ်၊ အေးချမ်းလာ မယ် ဖြစ်ပါတယ်။
(၂) အုပ်ချုပ်သူ သို့မဟုတ် နိုင်ငံဦးဆောင် တစ်ဦးဟာ- ကမ္ဘာမှာ ငါ ဦးဆောင် လမ်းလျှောက်နေတဲ့ နိုင်ငံဟာ အတိုးတက်ဆုံး ဖြစ်ရစေမယ်လို့ ခံယူချက် ရှိရပါမယ်။ ဒီခံယူချက်နဲ့ အတူ နိုင်ငံသား တစ်ဦးချင်းစီကိုလည်း တိုး တက်အောင် ကြံဆောင်ဘို့ ကြိုးစားဘို့ စိတ်ဓါတ်များဝင်လာအောင် လှုံ့ဆော်ပေးရပါမယ်။- ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် ဆိုတဲ့ စိတ်ဓါတ်လောက်က အလွန်တရာမှ ညံ့ဖျင်းပြီး ရေသာခိုတဲ့ အတုအယောင် ရည်ရွယ် ချက်မျှသာ ဖြစ်တယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ ဒီနေရာမှာ နည်းနည်း ရှင်းလိုပါတယ်- ရင်ဘောင် တန်းနိုင်အောင် ဆိုကတည်းက သူများနဲ့ တန်းတူဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်မျှသာ ရှိပါတယ်။ တန်းတူ ဖြစ်ဘို့ ကြိုးစားခြင်းဟာ- မိမိထက် တော်ပြီးသား တတ်ပြီးသား သူများအား တုပပြီး အတုခိုးမှု တစ်ခုမျှသာ ဖြစ် နေပါသေးတယ်။ ခေတ်စကားနဲ့ ပြောရရင် အတုယူ အတုခိုးခြင်းဟာ Made in China အဆင့်မျှသာ ဖြစ်ပါ တယ်။ မိမိက နံပါတ်တစ် ဘယ်တော့မှ မဖြစ်ဘဲ- သူများဆီကချည်း ခိုးချနေရတဲ့ ဘ၀ပါ။ ဒါကြောင့် အတုခိုးဘို့ ချည်း သွန်သင်လမ်းပြနေတဲ့ အဆင့် ခေါင်းဆောင်များဟာ အရည်အသွေးကောင်းတဲ့ ခေါင်းဆောင်များ မဟုတ် သေးပါ။
အခြေခံအားဖြင့် တိုးတက်ကောင်းစားစေမယ့် နိုင်ငံတစ်ခုကို ထူထောင်မယ့် ဦးဆောင်များမှာ အခြေခံအား ဖြင့်
(၁) မိမိသည် နိုင်ငံတော်အတွင်း နေထိုင်သည့် လူမျိုးအားလုံးကိုယ်စား လူသား တစ်ဦး ဖြစ်သည်၊
(၂) မိမိသည် မိမိဦးဆောင်နေသည့် နိုင်ငံတော်အား ကမ္ဘာ့ထိပ်သီး ဖြစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားမည်- ဆိုတဲ့ စိတ်ဓါတ် ခံယူ ချက် ခိုင်မာနေဘို့ လိုပါတယ်။
မိမိက ဗုဒ္ဓဘာသာ ဖြစ်လို့ မိမိဦးဆောင်သည့် နိုင်ငံသည် ဗုဒ္ဓဘာသာ လွှမ်းမိုးရမည် ဆိုတဲ့ ခေါင်းဆောင်များက နိုင်ငံတော်ကို ဦးမဆောင်သင့်ပါ။ သာသနာ့ဘောင်ဝင်ပြီး သင်္ကန်းဝတ်- သက်ဆိုင်ရာ တရားကိုကျင့်- တရားပြ ပုဂ္ဂိုလ်မျိုးသာ လုပ်သင့်ပါတယ်။ မိမိက ခရစ်ယာန်ဖြစ်လို့ နိုင်ငံတော်မှာ ခရစ်ယာန်လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ် များလည်း နိုင်ငံခေါင်းဆောင် မလုပ်သင့်ပါ- ခရစ်ယာန် ဓမ္မဆရာ လုပ်ပြီး ဂိုဏ်းချုပ်ဖြစ်ရန်သာ ကြိုးစားသင့်ပါ တယ်။ အလားတူ မိမိက မွတ်စလင် ဖြစ်လို့ နိုင်ငံတော်ကို အစ္စလာမ် သာသနာ လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ လည်း နိုင်ငံတော်ကို အုပ်ချုပ်သူ ခေါင်းဆောင် မလုပ်သင့်ပါ-၊ ဗလီဆရာလုပ်ပြီး အစ္စလာမ်ဘာသာရေးမှာ အကြီးအကဲ ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါတယ်။
လူမျိုးရေး- ဘာသာရေး ရစ်ပတ်ထားသူ တစ်ဦးအနေနဲ့ နိုင်ငံကို ခေါင်းဆောင်လုပ်ခြင်းဟာ – နှီးချောင်း ကောင်းကောင်း တစ်မျှင်ကို စိတ်ဖြှာစေမယ့်- ဓါးကောင်းတစ်လက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါ။
ဝါးမပျောင်း၍—- ကို ဆက်ပါမည်။-
ဌေးလွင်ဦး
(မှတ်ချက် – ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)
Comments