ဆောင်းပါးရှင် – အိုလှိုင် မာန်ဇူး
ဘက်မလိုက်ဂျာနယ် အတွဲ ၁ အမှတ် ၂ မှ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့ အကြားမှာ ကောက်ခံမယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်သလို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်တည်ရေးတို့အပေါ် နားလည်မှုကွဲလွဲစေမယ့် စာရင်းဇယားလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီသန်းခေါင်းစာရင်းကောက်ခံမယ့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေကြတာတွေရှိသလို သန်းခေါင်စာရင်းမေးခွန်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာတွေလည်းရှိပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ခံထားတာ မရှိဘဲ ခန့်မှန်းခြေတွေနဲ့ လည်ပတ်လာခဲ့တာဖြစ်တဲ့အတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မဖြစ်မနေကောက်ခံဖို့ လိုနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။
သမိုင်းတလျှောက်ကစစ်တမ်း
————————–——–
မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကိုပြန်ကြည့်ရင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံခဲ့တာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။ ရှေ့မြန်မာပြည်ရှင့်မင်းတွေ လက်ထက်က အခွန်ကောက်တွေကို ကောက်ခံရရှိနိုင်ဖို့အတွက် တနိုင်တပိုင် စစ်တမ်းတွေကောက်ခံခဲ့ပါတယ်။ ပထမဆုံး ခေတ်သစ် မော်ဒါန် သန်းခေါင်စာရင်းကိုတော့ ၁၈၇၂ ခုနှစ်မှာ ကောက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၈၈၁ ခုနှစ်မှကောက်ခံခဲ့ပါတယ်။ ၁၈၇၂ နဲ့ ၁၈၈၁ ခုနှစ်တွေမှာကောက်ခံခဲ့တဲ့ သန်းခေါင် စာရင်းတွေကိုတော့ ဗြိတိသျှ လက်အောက်ကျရောက်နေခဲ့တဲ့ အောက်မြန်မာပြည်မှာ သာ ကောက်ခံခဲ့တာပါ။ ဗြိတိသျှခေတ်တလျှောက်မှာ ၁၈၉၁ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်တစ်ကြိမ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ခံခဲ့ပါတယ်။ ပြည်လုံးကျွတ်လို့ အမည်ခံထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံတော်ရဲ့ ငါးပုံ လေးပုံ လောက်ကိုဘဲ ကောက်ခံနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဆယ်နှစ်တစ်ကြိမ်ကောက်ခံရမယ့် သန်းခေါင်စာရင်း အတွက် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း နှစ်ကြိမ်သာကောက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွားလာရခက်တဲ့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်တဲ့ အရပ်ဒေသတွေမှာ ကောက်ခံနိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းစာရင်းတွေကိုသာ ပေါင်းထည့်ခဲ့ပါတယ်။ ယခင်ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းတွေက တိကျမှုမရှိတာက တစ်ကြောင်း၊ ကောက်ခံခဲ့တဲ့ နေရာဒေသတွေ မတူညီတာကတစ်ကြောင်း ဖြစ်တဲ့အတွက် ယခုကောက်ခံဖို့ပြင်ဆင်နေတဲ့ သန်းခေါင်စာရင်း လောက်တော့ အားထားရတဲ့ စာရင်းဇယားတွေ မဟုတ်ခဲ့ပါဘူးလို့ မှန်းဆနိုင်ပါတယ်။
စာရင်းဇယားရှိဖို့ လိုအပ်ချက်
————————–——–
လက်ရှိမြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့ အချိန်တိုအတွင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်စေဖို့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ငွေကြေးတွေနဲ့တစ်မျိုး၊ နည်းပညာတွေနဲ့ တဖုံ ဝိုင်းဝန်းကူညီပေးနေပါပြီ။ ပြည်လုံးကျွတ် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လူတိုင်း ဆေးကုသမှုခံယူနိုင်ရေး၊ ကလေးသူငယ်တိုင်းပညာသင်နိုင်ရေး တွေအပြင် စိုက်ပျိုးမြေတိုးချဲ့ရေး၊ လမ်းပန်း ဆက်သွယ်ရေးတိုးချဲ့နိုင်ရေး၊ ကြေနန်းဆက်သွယ်ရေး အဆင့်မြင့်မားရေး၊ ဘဏ်စနစ်ထွန်းကားရေးနဲ့ စီးပွားရေး လုပ်ငန်းငယ်များ အောင်မြင် ထွန်းပေါက်ရေး အစရှိတဲ့ ပြည်လုံးကျွတ် တိုးတက်စေရေးတွေ အတွက် ဒေါ်လာသန်း ပေါင်းများစွာ မြန်မာပြည်ထဲကို စီးဝင်လာနေတဲ့ သတင်းကောင်းတွေလည်း အဆက်မပျက် ကြားသိနေရပါတယ်။ ဥပမာအားဖြင့်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ပြည်လုံးကျွတ် လျှပ်စစ်မီးရရှိရေးနဲ့ လူတိုင်းဆေးကုသ ခွင့်ရှိနိုင်ရေးအတွက် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ကူညီမယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ လျှပ်စစ်စွမ်းအင်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း ဒေါ်လာ သန်း ၆၀ ချေးငွေအဖြစ် ကူညီပေးဖို့ စီမံထားပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး အတွက် ဒေါ်လာ သန်း ၃၁.၅၊ ဘဏ္ဍာရေးစနစ် ခေတ်မှီဖို့အတွက် ဒေါ်လာ သန်း ၃၀၊ ပညာတော်သင်နဲ့ ဆင်းရဲ့တဲ့ကလေးတွေကို ပညာရေးအထောက်ကူပြုဖို့ အတွက် ဒေါ်လာသန်း ၆၀ လည်း ထောက်ပံ့ကူညီပေးဖို့ အရန်သင့်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ် ကမ်းလှမ်းထားတဲ့ စီမံကိန်းတွေလည်း များစွာရှိပါသေးတယ်။
တိုင်းတပါးက ကူညီတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေကနေ ထုတ်ယူ သုံးစွဲမယ့် ငွေကြေးတွေ ကလည်း နှစ်စဉ် ဒေါ်လာသန်း ပေါင်း များစွာရှိမှာပါ။ အရင်ကလို နိုင်ငံတော် ဘဏ္ဍာငွေတွေကို စစ်တပ် အတွက် အများစုသုံးစွဲမှာ မဟုတ်ဘဲ ပြည်သူ့တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲကြမှာဖြစ်လို့ ဘယ်စီမံကိန်းအတွက် ငွေကြေးဘယ်လောက်သုံးစွဲမလဲ။ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်လိုစီမံကိန်းတွေချမှတ်မလဲ။ ဘယ်အစု ဘယ်အဖွဲ့တွေက ကိုင်တွယ်လုပ်ဆောင်မလဲ ဆိုတာတွေကိုပါ စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်လာပါတယ်။ ဒီလို စီမံကိန်းတွေချမှတ်ရာမှာ ဘယ်အရပ်ဘယ်ဒေသမှာ လူဦးရေဘယ်လောက်ရှိသလဲ၊ လူဦးရေပျံ့နှံမှု၊ သိပ်သည်းမှု ဘယ်လိုရှိသလဲ ဆိုတာတွေ သိဖို့လိုပါတယ်။ ဘယ်အရပ်ဒေ သက လူတွေက ပိုပြီးလိုအပ်သလဲ ဆိုတာလည်း သိဖို့လိုတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ရာအတွက်လည်း လိုအပ်ချက်တွေကိုသိရှိဖို့လိုသလို၊ လိုအပ်လို့ သုံးစွဲရခြင်းဖြစ်တယ်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ပြသဖို့လည်း အရေးကြီးပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီ ဖြစ်တဲ့အလျှောက် ဒီစီမံကိန်းတွေကို အကောင်အထည်ဖေါ်ရာမှာ လူထု ကိုယ်စားလှယ်တွေကတဆင့် လူထုပါဝင်ပတ်သက်မှုရှိဖို့လို အပ်ပါတယ်။ သို့မှသာ ဒီစီမံကိန်းတွေဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်စေမှာဖြစ်တယ်။ လူထုကိုယ်စားလှယ်တွေ ရွေးချယ်ရေးကိစ္စက လူဦးရေ အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ လူမျိုးစုတွေကိုကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေအတွက် လူမျိုးစုသတ်မှတ်မှုနဲ့ လူမျိုးစုဝင် ဦးရေကိုလည်း သိဖို့လိုပါတယ်။ ဒါကြောင့် အားလုံးဟာ စပ်ဆက်မှုရှိနေတဲ့အတွက် သန်းခေါင်စာရင်းကလည်း မဖြစ်မနေကောက်ခံဖို့ အရေးကြီးပါတယ်။
လူမျိုးစု အရှုပ်အထွေး
————————-
သန်းခေါင်စာရင်းကောက်ခံဖို့ အရေးတကြီးလိုအပ်နေပြီဆိုပေမယ့် မလိုလာအပ်တဲ့ ပဋိပက္ခတွေကိုပါ သန်းခေါင်စာရင်းရဲ့ ရလဒ်နဲ့ အတူ ပူးတွဲရောက်ရှိလာမှာကိုတော့ စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းမြောက်စွာ မှီတင်းနေထိုင် တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူမျိုးစုတွေကို အသိအမှတ်ပြုပုံ၊ ခွဲခြား သတ်မှတ်ပုံတွေကလည်း ရှုပ်ထွေးလှပါတယ်။ လက်ရှိ သန်းခေါင်စာရင်းဟာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသန်းခေါင်စာရင်းမှာ တိုင်းရင်းသား မဟုတ်သူတွေရဲ့ စာရင်းလည်းပါမှာဖြစ်သလို သန်းခေါင် စာရင်း ကောက်ခံပြီးရင်လည်း လူမျိုးစုတွေကို အတိုးအလျော့ ပြန်လည်ပြင်ဆင်မယ်လို့ ဦးခင်ရီ အကြိမ်ကြိမ်ပြောဆိုခဲ့တာ တွေလည်းရှိပါတယ်။
လူဦးရေ နဲ့ မြို့နယ် အပေါ်အခြေခံပြီး ပြည်သူလွတ်တော် ကိုယ်စားလှယ်တွေ ခန့်အပ်တာဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် အတွက်တော့ သိပ်ပြီး အငြင်းပွားနိုင်ဖွယ်ရာမရှိပါဘူး။ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၃၀ ဦးကိုသာ ပြည်သူတွေက တိုက်ရိုက်မဲ ပေးရွေးချယ်ရမှာဖြစ်တဲ့အတွက် လူဦးရေ အနည်းအများအပေါ် အခြေခံပြီး မဲဆန္ဒနယ်မြေ သတ်မှတ်မှုတွေပြင်ဆင်ဖို့ အထောက် အကူပြုပါလိမ့်မယ်။
အမျိုးသားလွတ်တော်မှာတော့ ပြည်နယ်နဲ့တိုင်း တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်ဖို့ လမ်းကြောင်း ဖွင့်ထားပေးပါတယ်။ လက်ရှိ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အခြေခံထားတဲ့ အပြင် ပြည်နယ်တိုင်းမှာ လူမျိုးစု တစ်စု မကရှိတယ်လို့ အကြမ်းဖျင်း နားလည်လို့ရပါတယ်။ လူမျိုးတစ်မျိုးတည်း ရှိတယ်ဆိုတဲ့ မွန် လူမျိုးတွေနေထိုင်ရာ မွန်ပြည်နယ်မှာ တောင်မှ ဗမာလူမျိုးနဲ့ ကရင် လူမျိုးမြောက်များစွာ နေထိုင်ကြပါတယ်။ ချင်းပြည်နယ်မှာဆိုရင်တော့ ချင်းလူမျိုးပေါင်း ၅၃ မျိုးရှိတယ်လို့ သက်မှတ်ထားပါတယ်။ အမျိုးသားလွတ်တော်ဟာ လူမျိုးစုတွေကို အခြေခံတဲ့ လူမျိုးစုလွတ်တော် မဟုတ်ပေမယ့် လူမျိုးစုအရေး ရှေ့တန်းတင်တဲ့ မြန်မာနိုင်ငံရေးမှာ ကိုယ်စားလှယ်တွေရဲ့ လူမျိုးဟာလည်း အရေးပါလှပါတယ်။ တိုင်း ၇ ခု က ကိုယ်စားလှယ် အများစုဟာ ဗမာ လူမျိုးတွေဖြစ်နိုင်ချေပိုများပေမယ့် လူမျိုးစုကွဲပေါင်း မြောက်များစွာနေထိုင်တဲ့ ပြည်နယ်တွေမှာတော့ အမျိုးသား လွှတ်တော် ရွေးချယ်ရာမှာ အဝေ မတည့်တာ ဖြစ်နိုင်ပါတယ်။ ပြည်နယ်တစ်ခု အတွက် ရပိုင်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာကို လူမျိုးစုပေါင်းများစွာက အပြိုင်အဆိုင် ဝိုင်းလုကြတဲ့ပြဿနာမျိုး မကြုံတွေ့ရအောင်နဲ့ ဟိုလူမျိုးကို ကိုယ်စားမပြုဘူး…ဒီလူမျိုးကို ကိုယ်စားမပြုဘူးဆိုတဲ့ အမြင်တွေကို ကျော်လွားဖို့အတွက် လူမျိုးစုတွေဖောင်းပွနေတာ တစ်စုတစ်စည်းတည်း ရပ်တည်ကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။ တစ်ဖက်မှာတော့ လူမျိုးစုရဲ့ လူဦးရေးများတယ်ဆိုရင်တော့ အမျိုးသားလွတ်တော်မှာ ကိုယ်စားလှယ်တောင်းရာမှာ တပန်းသာတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လူဦးရေကြီးထွားဖို့အရေး စည်းရုံးလှုံ့ဆော်နေကြတာတွေလည်းရှိပါတယ်။
လူဦးရေဆိုင်ရာ လူမျိုးစုအရှုပ်အထွေးကတော့ တိုင်းဒေသကြီး လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရွေးရာမှာ ပိုမိုမြင်သာပါတယ်။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ဒေသတစ်ခုမှာ စုဝေးနေထိုင်တဲ့ လူမျိုးစုဦးရေဟာ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ အနည်းဆုံး (၀.၁) ရာခိုင်နှုန်းရှိတယ်ဆိုရင် ၎င်းတို့နေထိုင်ရာ အရပ်က သက်ဆိုင်ရာ လူမျိုးစုကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ရပိုင်ခွင့်ရှိပါတယ်။ လူမျိုးစု သေးသေးလေးတွေအဖြစ် ကွဲပြားနေကြလို့ လူဦးရေ နည်းပါးတဲ့ လူမျိုးစုငယ်တွေကတော့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ တချိန်တည်းမှာလည်း သုတေသနပြုပြီး သတ်မှတ်ထားတာ မဟုတ်ဘဲ အာဏာရှင်တွေ သတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါတဲ့ လူမျိုးတွေကလည်း ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းခေါင်းစာရင်းမှာ ထွက်ရှိလာမယ့် လူမျိုးစု လူဦးရေတွေအပေါ်အခြေခံပြီး နိုင်ငံရေး အရှုပ်အထွေးတွေဖြစ်လာနိုင်ဖွယ်ရာရှိပါတယ်။
ဘာသာရေးတင်းမာမှု
————————-
သန်းခေါင်းစာရင်း ရလဒ်အပေါ်အခြေခံပြီး ဖြစ်ပေါ်နိုင်တဲ့ အကြီးမားဆုံးတင်းမာမှုကတော့ ဘာသာရေးဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းခြေ အရ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ၈၉%၊ အစ္စလာမ်ဘာသာဝင် ၄% နဲ့ ခရစ်ယာန် ဘာသာဝင် ၄% စီရှိတယ်လို့ အမှန်လို့ယူဆလို့ မရတဲ့ စာရင်းများကို အားထားဖေါ်ပြကြပါတယ်။ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတွေနဲ့ နယ်စပ်ဒေသ တစ်လျောက်က ခရစ်ယာန် ဘာသာဝင်တွေကိုပါ ပေါင်းထည့်လိုက်ရင် အစ္စလာမ် ဘာသာဝင်နဲ့ ခရစ်ယာန် ဘာသာဝင် ၁၀% ခန့်စီရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ ယခု သန်းခေါင်စာရင်း ဟာ တိကျမှန်ကန်မှုများမှာဖြစ်တဲ့ အတွက် အစ္စလာမ်ဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် ဦးရေဟာ ယခင်တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် များနေပါလိမ့်မယ်။ ဒီတော့ ဒီဘာသာဝင်တွေရဲ့ လူဦးရေတိုးနှုန်း မြင့်မားတယ်လို့ လွဲမှားစွာ ကောက်ချက်ချမိကြပါလိမ့်မယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ဦးရေတွေ လျော့ကျလာနေပြီဆိုတဲ့ စွပ်စွဲပြောဆိုနေတာကို ထောက်ပံ့ပေးသလိုဖြစ်သွားပါမယ်။ ယခင်က စာရင်းမှားနေတာကို သတိမူကြမှာ မဟုတ်ဘဲ ၄% နှုန်းကနေ ၁၀% ပတ်ဝန်းကျင်ခန့် တိုးလာပါလားလို့ ထင်ကြရင်ဖြင့် ဘာသာရေး ကိုအခြေခံတဲ့ တင်းမာမူတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။
၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ အနှစ် ၃၀ ကျော် လှစ်ဟာနေတဲ့ လူဦးရေ စာရင်းဇယားတွေကို ဖွင့်ဟပေးမှာကတော့ သေချာပါတယ်။ အရေးကြီးတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကလည်း ငွေရေးကြေးရေး အရရော၊ နည်းပညာအရပါ ဝိုင်းပြီးကူညီကြတယ်။ အသင်းအဖွဲ့တွေကလည်း ပညာပေးတွေလုပ်ကြ၊ စည်းရုံးမှုတွေလုပ်ကြနဲ့။ အစိုးရကလည်း အပွင့်လင်းဆုံးဖြစ်ရမယ်၊ အမှန်ကန်ဆုံးဖြစ်ရမယ်၊ လူတွေရဲ့ဆန္ဒ အရဖြစ်ရမယ်၊ နောက်ပိုင်းပြင်စရာရှိရင်ပြင်ပေးပါ့မယ်နဲ့ ခိုင်ခိုင်မာမာ ကြွေးကျော်နေတာတွေလည်း အားရစရာဘဲ။ ဒါပေမယ့်နောက်ပိုင်းမှာ ပြင်စရာရှိတာပြင်မှာက တစ်ကဏ္ဍ၊ အမှားမှား အယွင်းယွင်းတွေနဲ့တလွဲတချော်တွေဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲ အရှုပ်အထွေးတွေနဲ့ မကြုံတွေ့ရအောင် လောလောဆယ် ပြင်ဆင်ဖို့ တိုက်တွန်းနေတာတွေ၊ တောင်းဆိုနေတာတွေ၊ ဝေဖန်နေတာတွေကို လစ်လျူရှု့နေ တာကတော့ စဉ်းစားစရာပါပဲ။
Comments