News @ M-Media

စာသင်ကျောင်းအတွင်း အစ္စလာမ်သာသနာ အကြောင်း ပုံစံ သုံးမျိုးဖြင့် သင်ကြားမှု အစီအစဉ်တစ်ခု ချက်နိုင်ငံတွင်စတင်

ဧပြီ ၂၀၊ ၂၀၁၄
M-Media

– အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကလေးငယ်များ သိရှိနားလည်စေရန် ကျောင်းအတွင်း သင်ကြားမှု အစီအစဉ်တစ်ခုကို ချက်အစိုးရမှ စတင် အကောင်အထည်ဖော် ခဲ့သည်ဟု သိရသည်။
muslim_school
Islam through the eyes of children ဟု အမည်ရသည့် အဆိုပါ သင်ကြားရေး အစီအစဉ်မှာ ငယ်ရွယ်စဉ်အချိန်ကတည်းက လူငယ်များအပေါ် အမြစ်တွယ်နေသည့် အစ္စလာမ်နှင့် ပတ်သက်သော အမြင်အမှားများ၊ အစ္စလာမ်သာသနာအား သေသေချာချာ လေ့လာစမ်းစစ်မှုမရှိဘဲ မလိုမုန်းထား ပြောဆိုခြင်းများကို ဖယ်ရှားရှင်းလင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသင်ကြားရေး အစီအစဉ်အား ချက်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီကာ ပြဌာန်းစာအုပ်များ၊ အစ္စလာမ်ကမ္ဘာမှာ မည်ကဲ့သို့ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် ပုံများ၊ မြေပုံများ၊ စာပေနှင့် သမိုင်းဆိုင်ရာအထောက်အထားများ စုံလင်စွာဖြင့် ဆရာများက သင်ကြားပို့ချမည်ဖြစ်သည်။

ကနဦးသင်ကြားမှုတွင် ပုံစံကို ၃ မျိုး သတ်မှတ်ထားပြီး ပထမပုံစံမှာ အစ္စလာမ့်ယဉ်ကျေးမှု၊ သင်္ကေတ၊ ရှရီအာ၊ အမျိုသမီးများ၏ ၀တ်စားဆင်ယင်မှု စသည်တို့ နောက်တွင်ရှိနေသည့် အနှစ်သာရ အဓိကဆက်သွယ်မှုများနှင့် အစ္စလာမ်ကြောက်ရောဂါအတွက် မေးခွန်းများ စသည်တို့ကို ဆွေးနွေးခြင်းဖြစ်သည်။

ထို့နောက် ဆရာတစ်ဦးစီ ဦးဆောင်သည့် အုပ်စုသုံးစုခွဲကာ ဟိဂျဘ်ဝတ်ဆင်ခြင်း၏ သမိုင်းနှင့် အဓိပ္ပါယ်၊ မွတ်စလင်များနှင့် ပတ်သက်၍ မီဒီယာများက ဖော်ပြချက်နှင့် ချက်နိုင်ငံအတွင်းရှိ အစ္စလာမ် သာသနာ ပုံစံစသည့် အခြားသောကဏ္ဍများအပေါ် နက်နက်နဲနဲ အာရုံစိုက် ဆွေးနွေးသွားမည်ဖြစ်သည်။

ထိုကဲ့သို့ သင်ကြားဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မွတ်စလင်တစ်ယောက်၏ ဘ၀တွင်ရှိသည့် သာမန်နေ့တစ်နေ့နှင့်ပတ်သက်၍ ဗီဒီယိုအတိုတစ်ခုရိုက်ကူးရန် သို့မဟုတ် ဓာတ်ပုံ slide show တစ်ခုပြုလုပ်ရန် ဆရာများက ညွှန်ကြားကာ သင်ကြားမှုကို အဆုံးသတ်မည်ဖြစ်သည်။

ကျောင်းသားများ၏ တောင်းဆိုမှုကြောင့် အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် သင်ကြားမှုများကို ပြုလုပ်ရန် ချက် အစိုးရက ဧပြီလအစောင်းပိုင်းက ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ စတင်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။
west-info

Comments

Leave a Reply