.မေ ၁၉၊ ၂၀၁၄
.ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
အမည်ရင်း ဦးကြင်ဖြစ်သည်။ မန္တလေးမြို့ ကုန်းရိုးရပ်တွင် နေထိုင်ခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် ပုဂံမြို့ဝန် ဦးပေတလူ၏ မြေးတော်စပ်သည်။ မိဘများမှာ မြတ်ဆုရလင်္ကာကျမ်းပြု ဂန္တ၀င်စာဆို ကျော်ဟာဂျီမှန်နှင့် ဒေါ်ဆင့်တို့ဖြစ်သည်။ ဖခင်ဟာဂျီမှန်သည် စစ်ကိုင်းမင်း လက်ထက် အင်းဝမြို့တွင် ဖွားမြင် သူဖြစ်သည်။ ဟာဂျီမှန်သည် မြန်မာ၊ အူရဒူ၊ အရဗီ၊ ဖာရစီ ဘာသာရပ်တို့ဩ နှံ့စပ်သည်။ လေးနက်သော သဘောတရား များကို မြန်မာကဗျာဖြင့် ဖြန့်ချိခဲ့သည့် ဂန္တ၀င်စာဆိုကြီးဖြစ်သည်။
ဘမျိုးဘိုးတူ ဆိုသကဲ့သို့ အမူကြင်သည် ကစ်စွာစွလ် အံဗျေယာ နဗီ ၁၂၄၀၀၀ ကျော်တို့၏၀တ္ထုအမည်ဖြင့် မဟာဝင်ကောက်နုတ်ချက် ကျမ်းကို ပြုစုခဲ့သည်။ တမန်တော်မြတ် နူရီတော်အကြောင်းမှ တမန်တော် နူဟိုသခင်အထိ ဖြစ်စဉ်တော်များကို ဖော်ပြထားသည်။ ရစူလွလ်လာ ကိုယ်တော်မြတ်၏ နူရီတော် အကြောင်းနှင့် အေဇာဇေလ်၏ ကစ်စွာ၊ အာဒမ် ပိုင်ဂံဗရ်၏ကစ်စွာ၊ ရှစ်သ်ပိုင်ဂံဗရ်၏ကစ်စွာ၊ အစ်ဒရစဩပိုင် ဂံဗရ်အကြောင်း နူဟွန်ပိုင်ဂံဗရ် အကြောင်းဟူ၍ ကစ်စွာငါးခုကို မူရင်း အူရဒူ ဘာသာမှ တစ်ဆင့်ပြန်ဆိုပြုစုထားခြင်းဖြစ်သည်။
ဝတ္ထုတစ်နေရာ၌ ကူကဗ်ဖွ တောင်စဉ်ခုနစ်ထပ်အကြောင်းကို တင်ပြရာတွင် –
“တောင်စဉ်ခုနစ်ထပ်၏ ကြီးကျယ်ထူးဆန်း၊ မခန်းအံ့ဖွယ်၊ အသွယ်သွယ် အကြောင်းများကို ကွဲပြားခြားနားစွာ သိကြစေရန်၊ မိုဟမမဒ် သခင် ဘကြီးတော် အမြီရ်ဟမမဇဟ် သခင့်ရာဇ၀င် ၀တ္ထုတော်နှစ်တွဲကို မန္တလေးမြို့ ၈၃ လမ်း၊ တိုက်တန်းရပ်၊ တိုက်နံပါတ် ၄၀ နေစာအုပ်သည် မောင်ကာစင် ထံဩ ၀ယ်ယူ ကြည့်ရှုကြပါ”
ဟု ၎င်းမွှန်းထားသည်။
အမြီရ်ဟမ္မ်ဇာဟ် ရာဇ၀င်ဝတ္ထုတော်ကို ၁၉၀၂ ခုနှစ် မတိုင်မီက ရေးသားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆရာကြင်၏ ဘာသာပြန်ဝတ္ထုသည် အမြီရ်ဟမ်မဇာဟ် ၀တ္ထုတော်ကြီး ထွက်ပေါ်ပြီးမှ ထုတ်ဝေသော ၀တ္ထု ဖြစ်သည်ဟု သိနိုင်ပါသည်။ ကျမ်းပြုသူ အမူကြင်ကိုယ်တိုင်ကလည်း မိမိဝတ္ထုကို ၁၂၆၅ ခု နတ်တော်လတွင် ပုံနှိပ်ထုတ်ဝေသည်။ ၀ယ်ယူ အားပေးကြသူများသဖြင့် ဒုတိယအကြိမ်အဖြစ် ၁၂၇၀ ပြည့်နှစ် တပေါင်းလတွင် ထပ်မံပုံနှိပ် ကြောင်း-
“မြန်မာသက္ကရာဇ် ၁၂၆၅ ခု၊ နတ်တော်လအတွင်း၊ ဟာဂျီ မှန်၏သား မောင်ကြင်က၊ ဤကစ်စွာစုကို မြန်မာလို ထုတ်နုတ်ပြန်ဆို ရေးသားစီစဉ် သည့်အတိုင်း စက်တင်ပုံနှိပ် ရောင်းချရာ ၁၂၇၀ ပြည့်နှစ်အတွင်းတွင် ရိုက်နှိပ်ထားရှိသမျှ စာအုပ် အရေအတွက်များစွာ ကုန်ရောင်းချရသဖြင့် နောက်ထပ် မှာထားသူ မိတ်အများတို့ ကောင်းမွန်ရှင်းလင်းစွာ ၀ယ်ယူကြည့်ရှုကြရန် နီယပ်ဆွာလေဟာ စေတနာကောင်းရှေ့ထား၍ အထက်မှားယွင်းသော စာနေ စာသားတို့ကို ဆိုင်းတန်းမောင်လှတင် ကိုယ်တိုင်ကိုယ်ကြပ် တည်းဖြတ် သုတ်သင်စေပြီးလျှင် ၁၂၇၀ ပြည့် တပေါင်းလအတွင်းတွင် စက်တင်ပုံနှိပ်အောင်မြင် ပြီးစီးပါကြောင်း”
ဟု ဖော်ပြထားသည်။ ကိုလိုနီခေတ်ဦးပိုင်း ဘာသာပြန် လက်ရာအဖြစ် မှတ်တမ်းပြုနိုင်ပါသည်။ မူရင်းအကြောင်းအရာက ပြည်သူတို့အထူး နှစ်လိုသော၊ လိုအပ်သော အကြောင်းအရာဖြစ်သဖြင့်-
ခလီဖွာဘဒရွတ်ဒင် ဦးမြစ်က ၁၂၉၃ခု (၁၉၃၁)တွင် လည်းကောင်း၊ ဆရာဦးထွန်းကြွယ်က အစ္စလာမ်ပေါင်းချုပ်ကျမ်း အမည်ဖြင့် ၁၉၄၀ ပြည့် နှစ်တွင် လည်းကောင်း၊ မောင်မောင်ခင်(မန်း)က မဟာဝင်ကျမ်းအမည်ဖြင့် ၁၉၉၀ခုနှစ်တွင် လည်းကောင်း ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ထပ်မံဖန်တီး ရေးသား တင်ပြကြသည်ကို တွေ့ရသည်။ အောင်မြင်ကြပါသည်။
အမူကြင်သည် မိမိ၏ ၀တ္ထုတွင် “အာယတ်တော် နှင့် သိရသည်”၊ “တဖွစေရ် အလိုကား”၊ “ရေ၀ါယပ် ပြုသည်”၊ “ရေ၀ါယပ် ရှိသည်မှာ”၊ “အိုလ်မာ တို့အဆိုမှာ”၊ “ဟဒစ်ဆ်တော် တွင် ဟောတော်မူ၍” စသည့် စကားများဖြင့် ကုရ်အာန်ဟဒီးဆ် ဖေကာဟူသည့် ခိုင်မာသည့် အထောက်အထားများဖြင့်သာ ရေးသည်။ မိမိစိတ်ကူးဖြင့် ချဲ့ချဲ့ထွင်ထွင် ရေးသားခြင်းမပြုကြောင်း သိရှိစေသည်။
အမူကြင်၏လက်ရာတွင်- ကွဒ်ဒရပ်တော်၊ မိုရှာဟေဒါပြု၊ တစဗျီ ပြု၊ တွဝဖ်လှည့်၊ စိဂျဒါပြု၊ အေဗာဒတ်ပြု၊ ဒွန္နယာ၊ လောင်ကလာမ်၊ အာယတ်တော်၊ တဖွစေရ်၊ ဗဟစ်ရှ်၊ မိုနာဂျတ်၊ အေလင်မ်၊ ဗကာ၊ ဗန္နာကျေတတ်ဘ်၊ ကယမ်ပြု၊ ရကူပြု၊ ကအေဒါ၊ အဒဘ်များ၊ ကစ်စွာပြု၊ ဂိုနာဂါရ်၊ ဗရကတ်ရှိ၊ ဗဟစ်ရှ်၊ အိုလမာ၊ စွရ်မာ၊ စလာမ်၊ အမလ်နာမာ၊ ယောင်မလ်မြိဇဘ်၊ အာခေရ် ဇမာနာ၊ တောင်ဘာကဗူလ်စသည့် အရဗီ ဝေါဟာရများကို ဖောဖောသီသီ သုံးသည်။ မက်မက်မောမောသုံးသည်။
အပြစ်ဂွန္နာ၊ ဆုတောင်းမေတ္တာဒိုအာ၊ စွဗရ်သည်းခံတရား၊ နဲအမတ် စည်းစိမ်၊ ကျေးဇူးတော်တင်ခြင်း ရှီကွရ်ပိုင်ဒါဖန်ဆင်း၊ ဘီလူးသဘက် ဒေယောင်၊ နတ်သမီးဟု ဆိုအပ်သော ပရီ၊ ဒိုဇခ်မီးငရဲ၊ ချီးမြှင့်ထောမနာ တစမျိယာ၊ တဂျံလီယပ်ပူပြင်းသည့် ရောင်ခြည်တော်၊ ကိုရအံကျမ်းတော်၊ ကိုယ်စားလှယ်ခလီဖွာ၊ ယာရဗ်မွေးမြူ ဖန်ဆင်းတော်မူသောအရှင်၊ မရ်တဗာ ကြီးမြတ်ခြင်း၊ ဟိုရ်နတ်သမီး၊ အစွာဒုတ်၊ ၀ိဥာဉ်ရူဟ်စသည့် စကားသုံးများ လည်းပါရှိပါသည်။ မြန်မာစာပေ ဖွံ့ဖြိုးဝေဆာလာအောင် ထည့်ဝင်မှုများဟု ယူနိုင်ပါသည်။
ရစူလွလ်လာ၊ အာဒမ်ပိုင်ဂံဗရ်၊ ရှစ်သ်ပိုင်ဂံဗရ်၊ အစ်ဒရစဩပိုင်ဂံဗရ်၊ နူဟွန်ပိုင်ဂံဗရ်၊ အစ်ဟတ်နဗျီ၊ အစ္စမာအေလ်နဗျီ စသည်ဖြင့် ရစူ၊ နဗျီ၊ ပိုင်ဂံဗရ် ဟု မူရင်းအတိုင်း တစိုက်မတ်မတ် သုံးခြင်းမှာ ထူးခြားပါသည်။ နှောင်းသူတို့က တမန်တော်ဟု အစဉ်တစိုက် ဖော်ပြသည့် ဝေါဟာရ ဖြစ်ပါ သည်။
အာဒမ်၊ အစ်ဗလစ်၊ ချစ်သား၊ အဗ်ဒွလာ၊ နာမရွတ်၊ သူတော်ကောင်းအပေါင်းတို့ စသည့် အာလပနပုဒ်များကား ကျမ်းပြု၏ မြန်မာမှုအလေ့အလာ ကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။
ဖွရစ်ရှ်တာများ အရှင်မြတ်အား ခဏမလပ် အေဘာဒတ်နှင့် မိုးကောင်းကင်မှ ခ၀ပ်နေကြောင်းကို ဖော်ကျူးပြီး
“ယခုဆိုခဲ့သော ဖွရစ်ရှ်တာများအား စာနာအကြောင်း၊ စဉ်းစားကောင်းလှ၊ ဦးခါင်းမကြွ၊ တသမလပ်၊ အေဘာဒတ် နှင့်၊ မပြတ်နေရန်၊ ထိုက်တန်ချေ၏။ သို့ဖြစ်ပါ၍ သူတော် ကောင်းအပေါင်းတို့၊ တစ်ဦးတစ်ဦး၊ တိုက်တွန်းနှိုးဆော်ပြီးလျှင်၊ မကောင်းဟာဖြတ်၊ ကောင်းရာကပ်ဖို့၊ တရားပညတ်၊ ထင်လျား လပ်သော၊ ငါးရပ်နမာဇ်၊ မပျက်ဖတ်ခြင်း၊ တစ်နှစ်တစ်ခါ၊ မြတ်ရိုဇာကို၊ ကောင်းစွာတစ်လ၊ စောင့်ထိန်းကြခြင်း၊ စရိတ်စက၊ ဓနကြေးငွေ၊ ကုန်နိုင်ပေက၊ မသွေမကွက်၊ တစ်သက်တစ်ခါ၊ ပြုစရာဟဂ်ျ၊ မြို့မြတ်မကာ၊ ကအဗာတော်သို့ သွားခြင်း၊ ကြေးငွေသွယ်သွယ်၊ ပြည်ကြွယ်သည့်ခါ၊ မြတ်ရှရာနှင့်၊ ညီစွာမလွဲ၊ ဆင်းရဲပင်ပန်း၊ နွမ်းနယ် ဒုက္ခ၊ မရှိသူတို့အား၊ ဇကတ် ခိုင်ရတ်ပြုခြင်း၊ ညဥ့်နေ့မခြား၊ အားလပ်သမျှအချိန်တွင်၊ ဇကျေရ်ပြုခြင်း၊ တစဗျီပြုခြင်းများနှင့် အနည်းငယ်မျှ၊ အေဘာ ဒတ်ဟူ၍၊ ထင်မှတ်ပြီးသော်၊ ဖွရစ်ရှ်တာများကို အားကျလျက် အမလ် အေဗာဒတ်ပြုကြမှသာ၊ အင်စံလူဖြစ် ကျိုး နပ်ချေမည်။ သတိတရား မယွင်းမှားဘဲ၊ ရှေ့ထားဝီရိ လုံ့လဖိလျက်၊ တည့်တည့်မတ်မတ်၊ အေဘာဒတ်တွင်၊ သက်ဝင်ကိုးစား၊ ကြိုးစားကြိုးကုတ်၊ အားထုတ် စေရန်၊ ရည်သန်စိတ်ထားနှင့် သတိပေးစကား ရေးသားဖော်ပြလိုက်ပါသည်။ (၁၈)”
ဟု ဆိုထားသည်။
ကဗျာဆန်သော ကာရန်ဖောက်စကားပြေဖြစ်၍ ရွတ်ရလွယ်သည်။ နာရ ချိုမြိန်ပါသည်။ မှတ်ရလွယ်သည်။ ကျမ်းပြုသူ၏ ဖခင်ကြီး ဂန္တ၀င် စာဆို၏ ကဗျာများကို အမှတ်ရစေသည်။
ကျမ်းပြုအမူကြင်၏ လက်ရာများတွင် ဂန်ဂျွလ်အာရတ်ရှ် ဒိုအာလည်း ပါဝင်ကြောင်း၊
“ကျွန်ုပ်တို့၊ အရင်ထုတ်နုတ်ပုံရိုက်ထားသော ဂန်ဂျွလ် အာရရှ်ဒိုအာဘုတ်အုပ်”
ဟု ဤကျမ်းတွင် ဖော်ပြချက်အရ သိရပါသည်။
အမူကြင်သည် မိမိနည်း မိမိဟန်ဖြင့် ကိုလိုနီခေတ်ဦး ဘာသာပြန် ကဏ္ဍကိုကြွယ်ဝစေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments