ဇွန်လ ၁၈ ရက်၊ ၂၀၁၄
M-Media
ဆရာသည် အဘ ဦးအာမင် (ခေါ်) ဦးအောင်မင်းနှင့် အမိ ဒေါ်သက်ပွင့် တို့မှ ၁၉၁၀ ခုနှစ်တွင် ရွှေတောင်မြို့ ဆယ်နာရီဈေးအနီး၌ ဖွားမြင်သည်။ မွေးချင်း ၄-ဦးအနက် အငယ်ဆုံးသားထွေးဖြစ်သည်။ ခံ့ညားသော ဥပဓိရုပ်ရှိသည်။ သေသပ်စွာ ၀တ်စားဆင်ယင်လေ့ရှိသည်။
ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာ ဆည်းပူးသည်။ ဗိုလ်ချုပ်ကြီးစန်းယုနှင့် ကျောင်းနေဖက်ဖြစ်သည်။ လန်ဒန် မက်ထရစ်အောင်မြင်ခဲ့သည်။ သာသနာ့ပညာကို ဒေယိုဘန်ဒီဆရာကြီး တစ်ဦးထံ တပည့်ခံဆည်းပူးပြီး မိဘများက အိန္ဒိယနိုင်ငံ ဒေယိုဘန် ကျောင်းတော်သို့စေလွှတ်၍ ဆက်လက် ဆည်းပူးစေသည်။
ဆရာသည် စာဖတ်နာသူဖြစ်သဖြင့် ဗဟုသုတ နှံ့စပ်သည်။ ကလောင်သွေးရာတွင် အမည်ရင်း မောင်လာနာ M.A ဂနီဖြင့်သာ အရေးများသည်။ မြန်မာအမည် ဦးတင်မြင့် ဖြစ်သဖြင့် ဇာတိနှင့်တွဲ၍ ရွှေတောင် တင်မြင့်ဟုလည်းကောင်း၊ သရက်သူနှင့် အိမ်ထောင်ကျသဖြင့် သရက် တင်မြင့်ဟုလည်းကောင်း ကလောင်အမည် ကွဲများဖြင့် ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်စာမူများစွာ ရေးသားခဲ့သည်။ အမျိုးသမီးအမည် အပါအ၀င် ကလောင် အမည်များလည်း ရှိသေးသည်ဟုသိရသည်။
စီးပွားရေးလုပ်ငန်းကို ရန်ကုန်မြို့ သင်းကြူကြူ အလှကုန်ကုမ္ပဏီ နှင့် ဆက်သွယ်ဆောင်ရွက်သည်။ ဆရာသည် ပထမဇနီးဖြစ်သူ ကွယ်လွန် ပြီးနောက် သရက်မြို့သူ ဒေါ်မြကြည်နှင့် ၁၉၄၇ ခုနှစ်တွင် အိမ်ထောင်သစ် ထူသည်။ သား ၁ ယောက် သမီး ၁ ယောက် ထွန်းကားသည်။
အင်းစိန်မြို့နယ် အောင်ဆန်း စဥ့်ငူဗလီတွင် ရှေ့ဆောင်ဆရာကြီးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန် ထမ်းဆောင်သည်။ ၁၉၉၈ ခု နိုဝင်ဘာ လ ၂၁ ရက်နေ့ သောကြာနေ့ နံနက် ၉ နာရီတွင် အင်းစိန်မြို့ ပြည်သူ့ ဆေးရုံကြီး၌ အလ္လာဟ်အရှင် အမိန့်တော်ခံယူခဲ့သည်။ ဆရာကို ရွာမဗလီတွင် ၀တ်ပြုဆုတောင်းပြီး ရေဝေးဥယျာဉ် တော် (စီ-၁၅)တွင် မြှုပ်နှံခဲ့သည်။
ဆရာသည် စာပေ၀ါသနာပါသည်။ အဖတ်အရှု အလေ့အလာများ သဖြင့် ခေတ်မီစွာတွေးတတ်သည်၊ ခေတ်မီစွာရေးတတ်သည်။ အပေါင်းအသင်း ဆံ့သည်။ စေတနာထက်သန်သည်၊ ကူညီတတ်သည်။ ဤသည် ကို ကမ္ဘာ့အလင်း စာတည်းအဖွဲ့က-
“ဆရာကြီး ရန်ကုန်မြို့သို့ ခေတ္တခဏ ရောက်လာခိုက်တွင် ကျွန်ုပ်တို့အား ရင်းနှီးခင်မင်စွာ အကြံဥာဏ် ကောင်းများပေးရုံမက အရေးကြီးသော ကိစ္စများတွင် ကိုယ်ထိလက်ရောက် ပါဝင်ဆောင် ရွက်ပေးခဲ့သည်ကို ကမ္ဘာ့အလင်း အမှတ် ၁၄ စာမျက်နှာ ၉၃ နှင့် ၆၅ တွင် ပြန်လည်သုံးသပ် ခြင်းဖြင့် သိရှိနိုင်ပါ သည်။ ၎င်းကဲ့သို့ စေတနာရှင်များ အမြောက်အမြား ပေါ်ပေါက်ပါစေသောဝ်”
ဟူ၍ မှတ်တမ်းပြုခဲ့ပါသည်။
၁၉၅၃ ခု ဒီဇင်ဘာ ၂၃ တွင် အီဂျစ်မြန်မာ ချစ်ကြည်ရေးကိစ္စတွင် ကမ္ဘာ့အလင်းကိုယ်စား တွေ့ဆုံဆွေးနွေးပေးခဲ့သည်ဟု သိရသည်။ မကြာမီ ဆရာ့ကို ကမ္ဘာ့အလင်းမဂ္ဂဇင်း စာတည်းအဖြစ် တာဝန်ပေးအပ်သည်။ ဆရာသည် ဤသို့တာဝန် မယူမီကပင် အစ္စလာမ့် အလင်းရောင် အမည်ဖြင့် ပြုစုထုတ်ဝေ ခဲ့သည်။ ဆရာသည် ဗမာ မွတ်စလင်မ် ကလောင်ရှင် အဖွဲ့ အရံအမှုဆောင်ဖြစ်သည်။ အစ္စလာမ့်အလင်း ပေါ်လာသောအခါ အယ်ဒီတာ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဆရာ ပညာပေး ရေးသားတင်ပြသည့် ဆောင်းပါးများကို အတင်အပြ လွယ်ကူရန်-
၁။ အလ္လာဟ်အရှင်မြတ်
၂။ တမန်တော်မြတ်
၃။ ကုရ်အာန်ကျမ်းမြတ်
၎။ အစ္စလာမ့်ဝိနည်း၊ ဓမ္မသတ်
၅။ ဘာသာရေးအခြေခံ
၆။ နေ့ကြီးရက်ကြီးများ
၇။ ရင်သွေးပျိုးထောင်မှု
၈။ အတ္ထုပ္ပတ္တိ
၉။ နိုင်ငံတကာ အစ္စလာမ်
၁၀။ လူမှုရေး၊ စီးပွားရေး
၁၁။ ဘာသာချင်း ချစ်ကြည်လေးစားမှု
၁၂။ ဟောပြောချက်
၁၃။ ရသဖန်တီးမှု ဟူ၍ ခေါင်းစဉ်ခွဲ ကန့်နိုင်ပါသည်။
ဤတွင် ခေါင်းစဉ်များ၏ သဘာဝကို ရိပ်စားမိရန် အစီအစဉ်အတိုင်း အကျဉ်းမျှ မိတ်ဆက် တင်ပြပါသည်။
၁။ အစိန္တေယျ အရှင်မြတ် ဆောင်းပါးသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကို ဖော်ကျူးသော ဆောင်းပါး ဖြစ်သည်။ ပင်ကိုရေးမဟုတ်၊ ဘာသာပြန် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
ရှေးက ဘုရားအများဝါဒမှ တဖြည်းဖြည်း တန်ခိုးအကြီးဆုံး တစ်ပါးသို့သာ ယုံကြည်လာသည်။ ထာဝရ ဘုရားရှင်နှင့် ပတ်သက်၍ပြောဆိုဆွေးနွေး လာသည်။ ကမ္ဘာ့အတွေးအခေါ် ပညာရှင်များက အယူအဆ အမျိုးမျိုး ဖော်ထုတ်လာကြသည်။ ရှုပ်ထွေးပြီး ဝေခွဲမရ ဖြစ်ကြသည်။ တမန်တော်မြတ် ပွင့်ပေါ်လာသောအခါ အစိန္တေယျ ထာဝရအရှင်နှင့် ပတ်သက်၍ ပြတ်သားစွာ ဟောပြောတင်ပြသည်။ ကုရ်အာန် ကျမ်းတော်မြတ်တွင်-
“အို-တမန်တော် ပြောပါလေလော့၊ အလ္လာဟ်အရှင်မြတ်သည် တောင်းတရမ္မက်အပေါင်းမှ ကင်းစင် တော်မူသော အရှင်ဖြစ်သည်။ ထိုအရှင် မြတ်သည် မည်သူ့ကိုမျှ မမွေးဖွားချေ။ မည်သူကမျှလည်း မွေးဖွားသော အရှင်မဟုတ်ချေ။ ၎င်းအပြင် အရှင်မြတ်နှင့် တုနှိုင်းရန် မည်သည့်အရာမျှ မရှိချေ”ဟူ၍ မုက္ခပါဌ်တော်အတိုင်း ထုတ်ဖော်ခဲ့သည်။ ကမ္ဘာ့ပါရဂူများ ရှုပ်ထွေး နေသောပြဿနာကို သာမန်လူများပင် ရှင်းလင်းလွယ်ကူစွာ နားလည် နိုင်ရန် ဟောပြောချက်ဖြစ်သည်။ အစိန္တေယျ (မကြံစည်အပ်သော)ဂုဏ်ကို ကမ္ဘာ့စာပေ အကိုးအကားများစွာ ကိုးကားပြီး ကုရ်အာန် အာယတ်တော်ဖြင့် ဖော်ပြလိုက်သည်မှာ ပေါ်လွင်ပါသည်၊ ထင်ရှားပါသည်၊ ချောပြေပါသည်။
၂။ တမန်တော်မြတ်နှင့်ပတ်သက်၍ အံ့ဖွယ်မော့အ်ဂျေဇာ(၁၉) မေတ္တေယျ ကိုယ်တော်(၅၁)နှင့် ကြီးမားလှသော မေတ္တာရှင်(၅၉) ဆောင်းပါးများ ရေးသားခဲ့ပါသည်။
အံ့ဖွယ် မော့အ်ဂျေဇာကို ဟစ်ဂျရီ ၁၄၀၀ ပြည့်အထိမ်းအမှတ် အထူးထုတ် အစ္စလာမ့်အလင်း အမှတ် ၁၉ တွင် တင်ပြသည်။
တမန်တော်မြတ်သည် လမင်းကို နှစ်ခြမ်းကွဲစေသော မော့အ်ဂျေဇာ တန်ခိုးပြာဋိဟာကို ပြသခဲ့သည်။ ပြာဋိဟာကိုမြင်တွေ့ပြီး အစ္စလာမ့် အေးရိပ် ဆာယာကို ခိုလှုံလာသူ ဘုရင် ဘုဂ်ျရာဇာ၏ အကြောင်း ဆရာက တင်ပြသည်။ ဘုရင်က ထီးနန်းစွန့်ပြီး အိန္ဒိယပြည် ဂူဂျရတ်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ယုံကြည်ချက်အတွက် စွန့်လွှတ်ပုံများ၊ ပညာကျော်များ ဆက်လက်သုတေသနပြု ဖော်ထုတ်နေကြပုံများ ပါဝင်သည်။
အလားတူ အံ့သြဖွယ်ဖြစ်ရပ်တစ်ခုသည် ၁၉၂၇ ခု ဖေဖော်ဝါရီ ၈ ရက် ညဦးတွင် ဖြစ်ပေါ်သည်။ ကိုယ်တော်၏ နာမတော် နူရီရောင်ခြည် ကောင်းကင်မှာ ပေါ်တော်မူသည်ကို အိန္ဒိယရှိ ဟိန္ဒူမွတ်စလင်မ် အမြောက် အမြား ကိုယ်တိုင်မြင်တွေ့ကြသည်။ ဟိုင်ဒရဘတ် ဂျဘာလ်ပူရ်မြို့ (အစ္စလာမ် ဘာသာဝင် မဟုတ်သူ) အရေးပိုင် မင်း၏ ကိုယ်တွေ့ထောက်ခံစာဖြင့် ဖြစ်ရပ်ကို ခိုင်လုံစေသည်။
စာရေးသူက ယုံကြည်စွာ အဆင့်ဆင့် ဖြန့်ဖြူးရန် တိုက်တွန်းထားသည်။ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင် ကို ကြည်ညိုသဒ္ဒါ ပွားလိုစိတ် ပိုမို ထက်သန်စေပါသည်။
မေတ္တေယျကိုယ်တော်(၅၁)ဆောင်းပါးတွင် တမန်တော်မြတ်သခင်၏ မေတ္တာတော်ကို ဖော်ကျူးသည်။ တမန်တော်သခင်က အစိန္တေယျ အရှင်ကိုသာ ကိုးကွယ်ဆည်းကပ်ကြရန် ဟောကြားသည်။ ထိုအခါ ကိုယ်တော်ကို ခြိမ်းခြောက်သည်၊ ချော့မြှောက်သည်၊ အနှောင့်အယှက် အမျိုးမျိုး ပေးကြသည်။ နောက်ပါတို့ကို လူ့သမိုင်းတွင် မကြုံဘူးသော နှိပ်စက်ခြင်း မျိုးဖြင့် ရက်စက်စွာ နှိပ်စက်သည်။ လူထုနှင့်အဆက်ဖြတ်ပြီး အငတ်ထားကြသည်။ ကိုယ်တော်သခင်၏ခြေစုံမှ သွေးစိမ်းရှင်ရှင် ထွက်ကျစေသည်၊ ရှုတ်ချ၊ လှောင်ပြောင် ဆဲရေးကြသည်။ ရန်ပြုသူတို့အား တောင်နှစ်လုံးဖြင့် ညှပ်သတ်ရန် သို့မဟုတ် ဆန္ဒတော်ကို ထုတ်ဖော်ရန် ကောင်းကင်တမန် တော်က သခင့်၏ ဆန္ဒတောင်းခံသည်။ ကိုယ်တော်က ရန်သူတို့အား မေတ္တာထားသည်၊ ဒုက္ခပေးသော လူမိုက် သူမိုက်တို့မှပင် အီမာန်ရှင် ပေါ်ထွန်းလာရေး မက်ထားသည်။
အရိ = ရန်သူကို မေတ္တေယျ = မေတ္တာထားသူ ဖြစ်သဖြင့် ကျမ်းတော်မြတ် ကုရ်အာန်တွင် ရဟ်မသုလ်အာ လမီန် ခပ်သိမ်းသော လောကဓာတ် အပေါင်းတို့အတွက် မေတ္တာတော်ရှင်ဟု ထောပနာပြုထား သည်။ တမန်တော်သည် အရိမေတ္တေယျ ကိုယ်တော်ဖြစ်သည်။
ဆရာက တမန်တော်မြတ်ကြီး၏ နာမတော်ကို မြန်မာတို့ နားယဉ် နေပြီဖြစ်သော ပါဠိဝေါဟာရ အရိမေတ္တေယျဖြင့် ၀ိသေသပြုလိုက်သည်မှာ တာသွားလှပါသည်။
၃။ ကုရ်အာန်ကျမ်းမြတ်ကဏ္ဍ နှင့် ပတ်သက်၍ ကုရ်အာန်ကျမ်းမြတ် ၏ အဖွင့်ဘာသာပြန်များကို တင်ပြသည်။ ၁၉၇၂-ခု အစ္စလာမ့်အလင်း စာစောင် အမှတ် ၁ မှ စတင် တင်ပြခြင်းဖြစ်သည်။ ကုရ်အာန် ၄၉း၁-၁၈ စူရာဟူဂျရတ် အတွင်းဆောင်များကဏ္ဍ အဖွင့်ကို အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူအပ်သော မွတ်စလင် ညီညွတ်ရေး လမ်းစဉ် ခေါင်းစဉ်ဖြင့် ဖွင့်ဆိုရှင်းပြသည်။ မူရင်းကို မဟာပညာကျော် အလ္လာမဟ် ရှဘီးရ် အဟ်မဒ် အွတ်စမာနီ သခင်ကြီးက ပြုစုခဲ့သည်။ အစ္စလာမ့်အလင်း အမှတ် ၁ တွင် အာယတ်တော် ၁ မှ ၁၀ အထိ အဖွင့်ပါဝင်ပြီး၊ အမှတ် ၂ တွင် ၁၁ မှ ၁၈ အထိအဖွင့် ပါဝင်သည်။ ဟူဂျရတ် အခန်းများ၊ အဆောင်များဟူသည် တမန်တော်မြတ်၏ ကြင်ရာတော်များ နေထိုင်ကြသော အဆောင်များကို ဆိုလိုသည်။
အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်မှု၊ ကွဲပြားမှု အများစုသည် မမှန်သတင်းများမှ စတင်ဖြစ်ပေါ်လာသည်။ အာယတ်တော်တွင် ထိုအမှုများ၏ အခြေခံ ဇစ်မြစ်ကို ဖော်ပြတားမြစ်ထားသည်။ မည်သည့် သတင်းစကားကိုမျှ မစူးစမ်း မဆင်ခြင်ဘဲ လက်မခံရ၊ သတင်းမှားကို ယုံကြည်မိ၍ တိုက်ခိုက် ကြရသည်။ ကြေကွဲကြရသည်။ ၀မ်းနည်းကြရသည်။ အစ္စလာမ့် စုစည်းမှုကြီး ပြိုကွဲရသည်။
အကြောင်းအားလျော်စွာ မမျှော်လင့်ဘဲအုပ်စု ၂ စု အချင်းချင်း တိုက်ကြခိုက်ကြသော် ကျန်မွတ်စလင်မ် များသည် ညီနောင်များ ဖြစ်ကြသော ထိုအုပ်စု ၂ စု စပ်ကြား ပြေရာပြေကြောင်း အစွမ်းကုန် ကြိုးစားကြရမည်။ ဤသို့ ကြိုးစားပါလျက် မအောင်မြင်သော် ကျူးကျော်စော်ကား ခံရသူ အုပ်စုဘက်မှ ရပ်တည်ရမည်။ ပြေငြိမ်းရန် ကမ်းလှမ်းလာခဲ့သော် ဘက်မလိုက်ရ၊ တရားမျှတစွာ ပြန်လည် စေ့စပ်ပေးရမည်။ ဤကား မွတ်စလင်မ် အချင်းချင်း ရန်မီးငြိမ်းသည့် နည်းဖြစ်သည်။
များသောအားဖြင့် သဘောကွဲလွဲမှုဖြစ်သည့်အခါ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ အထင်အမြင် သေးကာ ပြောင်လေ့ လှောင်လေ့ရှိသည်။ သရော်လေ့ရှိသည်။ ငြူစူစောင်းပြောင်းလေ့ရှိသည်။ မဖွယ်မရာအမည်များ ဖြင့် ခေါ်လေ့ရှိသည်။ မိမိအပြစ် မိမိမမြင်။ ခြောက်ပစ်ကင်းဟု ထင်တတ်ကြသည်။ သူတစ်ပါးအား ကဲ့ရဲ့ပြစ်တင်နေ သူသည်သာ အမှန်ကဲ့ရဲ့ ပြစ်တင်ဖွယ်ဖြစ်သည်။ အရှင်မြတ်ထံတော်၍ ကဲ့ရဲ့ပြစ်တင်သူထက် ကဲ့ရဲ့ ပြစ်တင်ခြင်း ခံရသူက ပို၍ကောင်းနေတတ်သည်။ ကဲ့ရဲ့ ပြစ်တင်သူသာလျှင် အရှက်တကွဲ အကျိုးနည်းဖြစ်ပေမည်။
လူ့သဘာဝအရ သဘောထားကွဲလျှင် တစ်ယောက်နှင့် တစ်ယောက် အကောင်းမမြင်တော့ အရှင်မြတ်က မကောင်းမထင်ကြနှင့်။ သူတစ်ပါးအတွင်းရေး မရှာဖွေကြနှင့်။ နောက်ကွယ်ရာတွင် အတင်းမဆိုကြနှင့်။ သို့ဆိုလျှင် ကြုံတွေ့ နေရသော ကွဲလွဲမှု၊ မလိုမုန်းတီးမှု၊ ရန်ငြိုးထားမှု၊ ဆန့်ကျင်ခိုက်ရန် ဖြစ်ပွားမှုများ ပပျောက်သွားနိုင်သည် ဟု မိန့်ကြားထားသည်။
ညီနောင်တစ်ဦး၏ အကြောင်းကို နောက်ကွယ်တွင် အတွင်းဆိုခြင်းသည် သေနေသော မိမိညီနောင်၏ အသေသားကို ၀ါးမြိုစားခြင်းပင် ဖြစ်သည်ဟု အာယတ်တော်က ဆိုထားသည်။
မိမိကိုယ်ကို အထင်မကြီးရ။ သူတစ်ပါးကို အထင်မသေးရ၊ အားလုံးသည် တစ်မိတည်း တစ်ဘတည်းမှ ဆင်းသက်လာသော ညီအစ်ကို မောင်နှမများသာ ဖြစ်သည်။ စစ်မှန်သော ဂုဏ်ရည်မှာ အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ တမန်တော်မြတ်အား လည်းကောင်း ယုံကြည်ကြသည်။ ယုံကြည်ချက်အပေါ် အသက်ထက်ဆုံး ရပ်တည်နေကြသည်။ အရှင်နှင့် အရှင့်တမန်တော်အတွက် အသက်အိုးအိမ်စည်းစိမ် စွန့်လွှတ်ရန် အမြဲအဆင့်သင့် ရှိနေကြရမည့် ဂုဏ်ရည်ပင်ဖြစ်သည်ဟု ဖွင့်ဆိုရှင်းပြထားသည်။
ဆရာသည် လက်တွေ့ကျသည့် ခေတ်နှင့် ဆီလျော်သည့် အာယတ်တော်များကို ရွေးချယ်တတ်သည်။ လက်ခံလိုက်နာဖွယ် ရှင်းပြတတ်သည်။
၎။ အစ္စလာမ့် ၀ိနည်းနှင့် ပတ်သက်၍ ဖေကဟ်ဓမ္မောပဒေသ(၆၂)နှင့် ဖေကဟ်ဓမ္မောပဒေသ(၆၃)ဆောင်းပါးများ ရေးသားခဲ့သည်။ ဖေကဟ် အဆုံးအဖြတ်များကို ဓမ္မောပဒေသဟု မြန်မာမှု ပြုထားခြင်း ဖြစ်သည်။
ဖေကဟ်ဓမ္မောပဒေသ(၆၂)တွင် ယုံကြည်ချက်မှစ၍ နိဒါန်းချီသည်။ မွတ်စလင်မ်တစ်ဦးတွင် အီမာန်သည် အဓိကဖြစ်သည်။ ထို့နောက် ခ၀ပ်မှုသည် အရေးကြီးသည်။ ခ၀ပ်မှုတွင် (တွဟရတ်)သန့်ရှင်းခြင်းက အရေးပါသည်။ သန့်ရှင်းဖို့ရန် ရေကိုသုံးရသည်။ သန့်သောရေ၊ မသန့်သောရေ၊ သုံးပိုင်သောရေ၊ မသုံးပိုင်သောရေဟူ၍ တရားတော် တွင် အသေးစိတ် သတ်မှတ်ထားသည်ဟု ဆရာက ဖွင့်ဆိုရှင်းပြထားသည်။
၅။ ဘာသာရေးအခြေခံအကြောင်းကို ၁၉၅၉ ခု မတ်လ အမှတ် ၅ မှ ၁၉၆၀ ပြည့်နှစ် အမှတ် ၆၀ အထိ ဘာသာရေးအခြေပြ ခေါင်းစဉ်များ ဖြင့် တင်ပြသည်။ အစ္စလာမ်ဘာလဲ(၇၇)ဟူသော ဘာသာပြန်ဆောင်းပါး လည်း ပါဝင်သည်။
အစ္စလာမ်ဘာလဲ(၇၇)ဆောင်းပါးတွင် အစ္စလာမ်သာသနာ၏ သဘာဝကို ပေါ်လွင်အောင် တင်ပြသည်။ အစ္စလာမ်သည် ငြိမ်းချမ်းရေး ဘာသာဖြစ်သည်။ ငြိမ်းချမ်းရေးဘ၀ တည်မြဲရန်ဆုံးမသည်။ မကောင်း ဆိုးယုတ် မှန်သမျှကို ပိတ်ပင်သည်။ တမန်တော် မုဟမ္မဒ်သခင်သည် ပွင့်လေသမျှ တမန်တော်တို့၏အချုပ် ဖြစ်တော်မူသည်။ ကုရ်အာန်သည် ကောင်းကင်ကျ ကျမ်းများ စုပေါင်းရာဖြစ်သည်။ အစ္စလာမ်တွင် ယုံကြည်ချက် ၇ ရပ်ရှိသည်။ မဏ္ဍိုင် ၅ ခုကို လိုက်နာကျင့်သုံးသည်။ အစ္စလာမ်က အမျိုးသမီးတို့ အဆင့်အတန်းမြှင့်ပေးသည်။ ပညာသင်ယူရန် လူတိုင်း၏ တာဝန်ဖြစ်သည်။ လှူဒါန်းပေးကမ်းရသည်၊ ဥပုသ်သီလ ဆောက်တည်ရသည်။ တမန်တော်မြတ်က ကဏ္ဍစုံအတွက် အဖိုးတန်သြ၀ါဒများ ထားခဲ့ သည်။ ကမ္ဘာညီနောင် စိတ်ဓာတ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးပြုသည်။ မွတ်စလင်မ်တို့သည် အမွန်ရည်ဆုံး အွမ္မသ်သားဖြစ်သည်။ သက်ရှိစဉ် တမလွန်အရေး ပြင်ဆင်လုပ်ဆောင်ထားကြရန် အသိပေးတင်ပြသည်။ ဤဆောင်းပါးတွင် အချက်အလက်များစွာကို အချိန်တိုအတွင်း လွယ်ကူစွာ သိနိုင်သဖြင့် အကျိုးထူးလှပါသည်။
ဘာသာရေးအခြေပြ(၅၅-၈၆)တွင် ခေါင်းစဉ်အတိုင်း အစ္စလာမ် ဟူသောအဓိပ္ပာယ်မှစ၍ ဖွင့်ဆိုသည်။ ကနဦးလူသားသည် မွတ်စလင်မ် ဖြစ်သည်၊ အလ္လာ့ဟ်သာသနာသည် တစ်ခုတည်းသာဖြစ်သည်၊ ပြီးပြည့်စုံသည့် သာသနာဖြစ်သည်။ သဘောထားကြီးသည်၊ ယထာဘူတကျသည်၊ အရှင်မြတ် စောင့်ထိန်းထားတော်မူသည့် သာသနာတော်ဖြစ်သည်ဟု တင်ပြသည်။
ဆရာက အစ္စလာမ် ဘာလဲဟူသည်မှစပြီး အခန်းဆက်ရေးသည်။ ကောင်းမှုကုသိုလ်၊ သန့်ရှင်းစင်ကြယ်မှု၊ အစ္စလာမ့် မဏ္ဍိုင်ကြီးများ၊ စွလာသ် ၀တ်ပြုမှု၊ တမလွန်ဘ၀ကို ယုံကြည်မှု စသည့် အစ္စလာမ်ဘာသာ အခြေခံ သဘောတရားများကို တင်ပြသည်။ ခိုင်မြဲသောယုံကြည်မှု တိုးတက်လာပြီး ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးလာ စေနိုင်မည့် တင်ပြချက်များဖြစ်သည်။
၆။ နေ့ကြီးရက်ကြီးများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အီးဒ်(၃၁)၊ အီးဒ်ပျော်ရွှင်ခြင်း အထိမ်းအမှတ်နေ့(၅၃)၊ အီဒွလ်အသွဟာ(၅၅)ဟူသည့်ဆောင်းပါးများဖြင့် တင်ပြထားသည်။
ကျွန်ုပ်တို့ အီးဒ်(၃၁)ဆောင်းပါးတွင် အစ္စလာမ်တရားတော် ပညတ်ချက်တိုင်းသည် အလ္လာဟ်၏ ဆန္ဒတော် သို့ ခြွင်းချက်မရှိ လုံးဝပုံအပ်ရန် သင်တန်းပေးခြင်း ဖြစ်သည်ဟု အစပျိုးသည်။ အီးဒ်ဝေါဟာရအဓိပ္ပာယ် မှာ ပျော်ရွှင်ခြင်းဖြစ်သည်။ စုပေါင်းဝတ်ပြုရာဌာန အီဒ်ဂါသို့သွားပြီး အရှင့်အား ကျေးဇူးတင်စွာ ၀တ်ပြုကြရသည်။
အီးဒ်နေ့အတွက်ပေးရသော ဖိသ်ရာကြေးသည် ဆင်းရဲသားများအတွက် အထူးထောက်ပံ့ကြေးဖြစ်သည်။ ဗြဟမစိုရ်တရား လက်တွေ့ ကျင့်သုံးခြင်းဖြစ်သည်။ ၀တ်ပြုအပြီး အချင်းချင်းမေတ္တာပို့ကြ၊ မေတ္တာ ခံယူကြသည်။ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေကြသည်။ အီးဒ်နေ့တွင် ဘုရားလွတ်တရားလွတ် ပျော်ရွှင်ခြင်းမဟုတ်။ မွတ်စလင်မ်အဖြစ် ပျော်ရွှင်မှုဖြစ်သည်၊ မွတ်စလင့်မ်ယဉ်ကျေးမှုဖြစ်သည်ဟု ဖော်ပြသည်။ မှတ်သားခံယူကျင့်သုံး ရမည့် နည်းမှန်လမ်းမှန် အသိတရားများ ဖြန့်ဝေခြင်း ဖြစ်သည်။
၇။ ရင်သွေးပျိုးထောင်မှုနှင့် ပတ်သက်၍ ကလေးတို့အစ္စလာမ်ဘာသာ ဆောင်းပါး(၃၄)တွင် တင်ပြထားသည်။ မူရင်းသည် အိန္ဒိယနိုင်ငံ နယူး ဒေလီ ဂျာမေအာမိလဒီယာထုတ် ပြဋ္ဌာန်းစာအုပ်ဖြစ်သည်။ ကလေးတို့ အကျိုးဖြစ်ထွန်း စေရန် ဘာသာပြန်တင်ပြ ဝေဖန်မှုခံယူခြင်းဟု နိဒါန်းပြုထားသည်။
စာကိုယ်တွင် အလ္လာဟ်အရှင်မြတ်၊ အာဒမ်နဗီသခင်၊ အစ်ဗလိစ် ရှိုင်တာန်၊ ပထမဆုံးသော ဂိုနာဒုစရိုက်၊ ဒီးန်သာသနာတော် စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဖော်ပြသည်။ ကလေးဘ၀ကတည်းက သိသင့် သိထိုက်သည့် အခြေခံတရားများ ပါရှိသဖြင့် အကျိုးများလှပါသည်။
၈။ အတ္ထုပ္ပတ္တိ ကဏ္ဍနှင့်ပတ်သက်၍ ဗမာမွတ်စလင်မ်တို့၏ လက်ရုံးကြီး (၄၀)၊ ဂေါင်စွလ်အစွမ်သခင်ကြီး၏ သြ၀ါဒ(၆၂)၊ ဓမ္မရှစ်ပါး မြတ်ဆရာ(၅၀)၊ ဆောင်းပါးများပါဝင်သည်။ ဗမာမွတ်စလင်မ်တို့၏ လက်ရုံးကြီး ဆောင်းပါးသည် စာရေးဆရာကြီး ဒဂုန်သိန်း အလ္လာဟ်အရှင့် အမိန့်တော်ခံယူရသဖြင့် နှမြောတသ ဖော်ကျူးခြင်းဖြစ်သည်။
ဂေါင်စွလ်အအ်ဇွမ်သခင်ကြီး၏ သြ၀ါဒအချို့(၆၂) ဆောင်းပါး တွင် သူတော်စင်အပေါင်းတို့၏ ရှေ့ဆောင်လမ်းပြ သခင်ကြီးက သြ၀ါဒ ပေးခဲ့သည့် ရှိုက်ခ် အတွင်းလမ်းပြရှေ့ဆောင်၏ အင်္ဂါရပ်ငါးရပ်ကို ဖော်ပြ သည်။ သခင်ကြီး၏ညွှန်းဆိုချက်နှင့် မပြည့်စုံပါက ဒပ်ဂ်ျဂျာလ် မိစ္စာ ကောင်အဖြစ် မောင်းနှင်ထုတ်သင့်ကြောင်း တင်ပြထားသည်။ သိရှိမှတ်သား လေးစားနာယူအပ်သော သြ၀ါဒများဖြစ်ပါသည်။
ဓမ္မတရား မြတ်ရှစ်ပါး(၅၀)တွင် ဟာသင်အာဇွင် သူတော်စင်၏ ဓမ္မရှစ်ပါးကို တင်ပြထားပါသည်။ ရှရီအတ် တရားလမ်းပေါက် မြောက်ခဲ့ပြီး မအ်ရေဖတ်စခန်းသို့ရောက်ရှိသော သူတော်စင်ကြီးနှင့် ဆရာ သခင်ဖြစ်သူ တို့ မေးဖြေဟန်တင်ပြသည်။ သူတော်စင်မှာ ဟာသင်မ် အာဇွင်ဖြစ်ပြီး ဆရာတော်မှာ ရှကီလ်ဗလ်ခီ သခင်ဖြစ်သည်။ ဆရာ့ထံ ၃၃ နှစ်တိုင် ကျိုးနွံစွာတပည့်ခံ ဆည်းပူးလေ့ကျက်ပြီး ခံယူရရှိသော ဓမ္မတရား မြတ်ရှစ်ပါးကို ရှင်းပြသည်။
(၁) လောကီအာရုံ ချစ်ခင်နှစ်သက် သာယာမှုများထက် သံသရာ ပါမည့် သုစရိုက်တရား မြတ်နိုးမှု
(၂) ဆန္ဒကိုချုပ်ထိန်းပြီး စိတ်ရိုင်းကိုပယ်ကာ ကုသလကမ္မ နှင့် သီလဆောက်တည်မှု
(၃) လောကီဥစ္စာ စည်းစိမ်ရတနာ စုဆောင်းရသမျှ လှူဒါန်းစွန့်ကြဲပြီး အရှင့်ထံမှ နိစ္စထာဝရ ဥစ္စာပစ္စည်းစုဆောင်းမှု
(၄) ဓနဂုဏ်၊ ဆွေဂုဏ်၊ မျိုးဂုဏ်ထက် အကုသိုလ်ကြဉ်ရှောင်သော ဂုဏ်ကို တန်ဖိုးထားမှု
(၅) မနာလို ၀န်တိုစိတ်ပယ်ပြီး အချင်းချင်းမေတ္တာထား၍ ချစ်စိတ်ပွားမှု
(၆) လူအချင်းချင်း နိုင့်ထက်စီးနင်းမှုမပြုဘဲ အရှင်မြတ်၏ရန်သူ ဖြစ်သည့် ရှိုင်တာန်မိစ္ဆာကိုသာ အောင်နိုင်မှု
(၇) စားနပ်ရိက္ခာကို အရှင်ကသာ ဖြည့်စွမ်းပေးနိုင်သည်ဟု ယုံပုံပြီး ပညတ်တော်များ တစ်သဝေမတိမ်း လိုက်နာမှု
(၈) မှီခိုအားထားရာအစစ်သည် အလ္လာဟ်သာဖြစ်သည်။ အရှင့်ထံမှ ကောင်းကျိုးမင်္ဂလာ သက်ရောက်ပါက ပြည့်စုံ ကုံလုံသည်ဟု ခံယူမှုဟူသည် တရားရှစ်ပါးဖြစ်သည်ဟု တပည့်ကရှင်းပြသည်။ ဆရာသခင်က ကောင်းကင်ကျ ကျမ်းများဖြစ်သည့် တောင်ရတ်၊ အင်ဂျီလ်၊ ဇဗူရ်နှင့် ကုရ်အာန်ဟူသည့် ကျမ်း ၄ ကျမ်းစလုံးမှ ညွှန်ကြားသည့် တရားလေးပါးလုံး ပါဝင်သဖြင့် ကျမ်းလေးကျမ်းလုံး လိုက်နာရာ ရောက်သည်ဟု ချီးမွမ်းထောပနာ ပြုကြောင်း ဖော်ပြထားသည်။
၉။ နိုင်ငံတကာအစ္စလာမ်ကဏ္ဍတွင် ရုရှားပြည်မှာ ကိုးကွယ်ရာ ဘာသာ(၃၂)၊ ဂျာမဏီပြည်တွင် အစ္စလာမ် ရောင်ခြည်(၇၀)၊ တရုတ်ပြည်ရှိ မွတ်စလင်မ်(၄၈)၊ နေသွေးနီ တူရကီ ပြဇာတ်(၈၉၊ ၉၁)၊ ဒို့တရားသူကြီး (၆၁) ဟူသည့် ဆောင်းပါးများ ပါဝင်သည်။
တရုတ်ပြည်ရှိ မွတ်စလင်မ်များ ဆောင်းပါးသည် ၁၉၅၄ ခု စက်တင်ဘာလထုတ် မွတ်စလင်မ်ဒိုင်ဂျက်မှ ပြန်ဆိုသည့်ဆောင်းပါးဖြစ်သည်။ မွတ်စလင်မ်တို့သည် တိဘက်၊ မွန်ဂိုလီးယား၊ စင်ကီယန်နှင့် အနီးပတ်ဝန်းကျင် ဒေသတို့တွင် မြောက်မြားစွာစုရုံးနေထိုင်လျက်ရှိကြသည်။ ထိုစဉ်က စုစုပေါင်း ၄၇ သန်း ၁ သိန်းရှိသည်။ ပါကစ္စတန်နှင့် အင်ဒိုနီးရှား၏နောက်တွင် တတိယအများဆုံးဖြစ်သည်။ သက်ဆိုင်ရာအစိုးရက လျစ်လျူရှုခြင်းငှာ မဖြစ်နိုင်တော့ဟု သုံးသပ်တင်ပြထားသည်။
ဒို့တရားသူကြီး(၆၁)ဆောင်းပါးတွင် ကော်တိုဘာမှ တရားစီရင် ရေးအကြောင်း တင်ပြခြင်းဖြစ်သည်။ ဥပဒေအထက် မည်သူမျှမရှိစေရ ဟူသောအယူအဆကို ဖော်ကျူးထားသည်။ ဘုရင့်နန်းတော်နှင့် တရားရုံးတော်ကို ဇာတ်နောက်ခံပြုပြီး တရားရေးတွင် မင်းကလည်း တရားဥပဒေ လိုက်နာသည်၊ တရားသူကြီးကလည်း ဥပဒေနှင့်အညီ စီရင်သည်။ မင်းနှင့် ဆင်းရဲသားကို ခွဲခြားမှုမရှိ၊ မည်သူ့မျက်နှာကိုမျှ မထောက်ဘဲစီရင်သဖြင့် ပရိသတ်က ဒို့တရား သူကြီးဟု တစ်ခဲနက်ပဲ့တင်ထပ်မျှ ကြွေးကြော်ပုံကို ဖော်ပြသည်။ ကော်တိုဘာမှ မွတ်စလင်မ် ဥပဒေသဘာဝ ပေါ်လွင် သည်။
၁၀။ လူမှုရေး စီးပွားရေးကဏ္ဍတွင် အစ္စလာမ် တရားတော်နှင့် တရားမျှတမှု(၆) ဘ၀သစ် ဖန်တီးရေး (၅၀) ဘ၀သစ်ဖန်တီးရေး(၅၁)၊ မာနစိတ်(၅၂) ဆောင်းပါးများပါဝင်သည်။
ဘ၀သစ်ဖန်တီးရေး(၅၀)တွင် ဆရာ၏ခေတ်အမြင်ကို တွေ့ရသည်။ လူတိုင်းအလုပ်လုပ်ရန် အရေးကြီး သည်။ နိုင်ငံ၏စီးပွားရေး ခိုင်မာတောင့်တင်းရန် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သစ်ထွက်သည်၊ သုံးထပ်သား ထုတ်လုပ်လျှင် ကြီးပွားနိုင်သည်။ အိမ်တွင်းလက်မှုလုပ်ငန်း က စတင်ထုတ်လုပ်နိုင်သည်။ အစိုးရက စက်မှုလက်မှု လုပ်ငန်းကို အားပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။
ဘ၀သစ်ဖန်တီးရေး(၅၁)တွင် ချမ်းသာကြီးပွားရေးအတွက် လမ်းညွှန်တင်ပြထားသည်။ ကြီးပွားလိုလျှင် ရေသာခို၍မရ၊ လုံ့လစိုက်ထုတ်ရသည်။ တကယ်တမ်းကြိုးပမ်းမှ တိုးတက်ကြီးပွားမည်။ လစ်ပတန် လက်ဖက်ခြောက် လုပ်ငန်းရှင် ဆာသောမတ်လစ်ပတန်သည် ငယ်စဉ်က နပ်မှန်အောင် မစားရသူဖြစ်သည်။ နောင်သော် ဆာဘွဲ့ခံ လစ်ပတန် ဖြစ်လာသည်မှာ မဆုတ်မနစ် ကြိုးစားမှုကြောင့် ဖြစ်သည်။
ကြီးပွားလိုသူမှန်သမျှ ကိုယ်ကျင့်တရား စောင့်ထိန်းရမည်၊ သူတစ်ပါးကိုမှီခိုသည့် နွယ်ပင်ကဲ့သို့မကျင့်ဘဲ ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဟု လက်တွေ့ လုပ်ကိုင်နိုင်ရန် လုပ်ငန်းအချို့ ဖော်ပြသည်။
ရေမွှေးလုပ်နည်းသည် လုပ်ငန်းငယ်သော်လည်း ကျယ်ပြန့်အောင် လုပ်နိုင်သည်။ ပုလင်း၊ တံဆိပ်၊ ဘူးခွံမှအစ ခေတ်မီအောင် ဆောင်ရွက်နိုင်သည်။ ပျို့သက်လှယ်ရေမွှေး၊ မောင်မယ်တို့ လက်စွဲရေမွှေး ပြုလုပ်နည်း များ ဖော်ပြထားသည်။ ကြီးပွား တိုးတက်စေနည်းများကို လက်တွေ့ကျကျ ဖော်ပြခြင်းဖြစ်သည်။
၁၁။ ဘာသာအချင်းချင်း ချစ်ကြည်လေးစားမှု ကဏ္ဍတွင် အစ္စလာမ် ဘာသာကို သူတို့မြင်ပုံ(၄)၊ သင်တို့အဖို့ မှီခို အားထားရာ ဘာသာသာသနာ (၁၅)၊ ကမ္ဘာ့အလင်းနှင့် ဦးပဇဉ်းဆောင်းပါးတို့ ပါဝင်သည်။
အစ္စလာမ် ဘာသာကို သူတို့မြင်ပုံ(၄)ဆောင်းပါးတွင် ဒေလီ မြို့တော် တက္ကသိုလ် သက္ကဋနှင့် ဟင်ဒီဘာသာ အကြီးအကဲ ပဏ္ဍိတ်ကြီး မဟာမဟော ပါဒယာ ဒေါက်တာ လက်ချမီဒါရ် M.A, PhD က ၁၉၄၇ စက်တင်ဘာ ၃ ရက်တွင်ကျင်းပသော အစည်းအဝေး၌ “အစ္စလာမ်ဘာသာ ၏ မဟာကျေးဇူးတော် အပေါင်း နှင့် မွတ်စလင်မ် ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့် အယူမှန် တွေ့ရှိသိမြင်လာကြောင်း” ပရော်ဖက်ဆာ စအီးဒ်နှင့် ဆွေးနွေးပုံ၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟမိန့်ကြားပုံကို တင်ပြထားသည်။
တစ်ဆက်တည်းမှာပင် ဆရာက မိမိဘာသာကို မိမိတို့ လေးစား ကိုင်းရှိုင်းရန် နှိုးဆော်တင်ပြထားသည်။
သင်တို့အဖို့ မှီခိုအားထားရာ ဘာသာသာသနာ (၁၅)တွင် ကမ္ဘာပေါ်၌ ပွင့်လေသမျှသော ဘုရားတရား လမ်းသို့ ပို့ဆောင်သည့် ပုဂ္ဂိုလ် ထူးပုဂ္ဂိုလ်မြတ်များကို အစ္စလာမ် ဘာသာက အသိအမှတ်ပြုသည်ဟု ဖော်ပြသည်။ လောကတွင် အမြင်ကျဉ်းသူများကြောင့် မုန်းတီးမှုများပေါ်ရသည်။ ဘာသာတရားကို အယုံအကြည်မဲ့သူများ ရှိလာသည်။ ဘာသာပေါင်းစုံ ညီညွတ်ရေးကို အစ္စလာမ်က လမ်းခင်းပေးသည်။ အစ္စလာမ် ဘာသာသည် ဝေနေယျ တို့ မှီခိုအားထားရာဖြစ်သည်။
အိန္ဒိယပြည် ဂုရုနာနတ်သခင်ကြီးက ရှေးဟောင်း ကျမ်းရင်းများကို ကိုးကား၍ ထာဝရရှင်ကို ထောက်ခံထားသည်။ အလ္လာဟ်အရှင်မြတ်၊ ရစူလ်ကိုယ်တော်မြတ်၊ ကုရ်အာန် ကျမ်းတော်မြတ် ဟူသော သရဏဂုံ သုံးပါးကိုသာ ဆည်းကပ်ရန် တိုက်တွန်းသည်။ အစ္စလာမ်သည် မျက်မှောက်ဘ၀ နှင့် တမလွန်ဘ၀အတွက် ငြိမ်းချမ်းသာယာမှုကို ဖန်တီးပေးသည်။ ဥာဏ်ဖြင့်ယှဉ်ပြီး လိုက်နာကျင့်သုံးကြရန် တိုက်တွန်းထားသည်။
၁၂။ ဟောပြောချက်ကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်တွင် ဟောပြောချက် Peace role of Islam (၆၁)နှင့် မြို့တော်ခန်းမ ဟောကြားချက်(၉၅)တို့ ပါဝင်သည်။
ဆရာသည် ရန်ကုန်တက္ကသိုလ်တွင် ကမ္ဘာ့ငြိမ်းချမ်း သာယာရေးနှင့် အစ္စလာမ့်လမ်းစဉ် Peace role of Islam ခေါင်းစဉ်ဖြင့် ဟောကြားသည်။
ယခုခေတ်သည် မည်သူ့ကို အားကိုးပြီး မည်သည့်အရာများ လုပ်ဆောင်ရမည်ဆိုသည် မသိသည့်ခေတ်ဆိုး ကြီးဖြစ်သည်။ အလားတူပင် ယခင် ၅ ရာစုကြားမှာလည်း ကမ္ဘာကြီးတွင် အ၀ိဇ္ဇာအမှောင်အတိ လွှမ်းခဲ့သည်။ တမန်တော် သခင်ပွင့်တော်မူပြီး သဘာဝကျသော တရားဓမ္မကို ပြသခဲ့သည်။ ကမ္ဘာသားများသည် တစ်မိတည်း တစ်ဖတည်းမှ ပေါက်ဖွားသည်။ သူတစ်ဦးတွင် ဒုက္ခတွေ့လျှင် ကိုယ်တိုင်ခံစားရသကဲ့သို့ သဘောထားရမည်။ ပါရှားစာဆို ရှိုက်စအ်ဒီကလည်း ဤသဘောရည်ကာ ကဗျာစပ်ခဲ့သည်။ လိုက်နာကျင့်သုံးလျှင် ကမ္ဘာကြီး စစ်မက်မရှိ ငြိမ်းချမ်း သာယာလာမည်။ လူတန်းစား ခွဲခြားခြင်းသည် မငြိမ်မသက်ရသည့် အကြောင်းရင်းဖြစ်သည်။ အစ္စလာမ်က လူလူချင်းအဆင့်မခွဲ၊ အစ္စလာမ့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ နိုင်ငံကြီးများမှ လူ့အခွင့်အရေး ကွာခြားမှုကို အမေရိကန်မှ လတ်တလောဖြစ်ရပ်နှင့် နှိုင်းယှဉ်တင်ပြထားသည်။
မြို့တော်ခန်းမ ဟောကြားချက် (၉၅)တွင် ကမ္ဘာ့အလင်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဟောကြား သည့် နိုင်ငံတော် ဘာသာကိစ္စ မိန့်ခွန်းကို ဖော်ပြခြင်း ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေ နေ့ နံနက် ၉ နာရီတွင် ဟောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ အခြေခံထားသဖြင့် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်ခဲ့သည်။ ပြည်ထောင်စုသားများက ဒီမိုကရေစီကို မြတ်နိုးသည်။ သက်ဦး ဆံပိုင်စနစ်ကို ရွံမုန်းခဲ့ကြသည်။ နိုင်ငံတော် ဘာသာ ကိစ္စကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ယိမ်းယိုင်ညှိုးမှိန်သွားနိုင်ကြောင်း အထောက် အထား ခိုင်ခိုင်မာမာ အာဝဇ္ဇာန်းရွှင်ရွှင်ဖြင့် ဟောကြားမှုပေါ်လွင်သည်။
၁၃။ ရသဖန်တီးမှုကဏ္ဍတွင် ရုပ်ပုံတော်စာပန်းချီ (၆)၊ အို-ဟူစိန်(၅၆)၊ အို- မြေခရွက်ဝါရယ်(၇၆)တို့ ပါဝင်သည်။
ရစူလ် ကိုယ်တော်မြတ်၏ ရုပ်ပုံတော် စာပန်းချီကို ၁၉၇၃ ခု နိုဝင်ဘာလထုတ် အစ္စလာမ့်အလင်း အမှတ်စဉ် (၆)တွင် တင်ပြသည်။
အစဩလာမ်က ရုပ်တုဆင်းတု ပြုလုပ်ခြင်းကို ခွင့်မပြုသဖြင့် မဟာ တမန်တော်မြတ်ကြီးပုံတော်ကို ထုတ်လုပ်ခွင့်မရ၊ မြတ်နိုးသူများ ကြည်ညို သဒ္ဓါပွားစိမ့်သောငှာ သရုပ်ဖော် တင်ပြခြင်း ဖြစ်သည်။ ခိုင်လုံသော ကျမ်း တော်ကြီးများမှ ကိုယ်တော်မြတ် ပုံပန်းသွင်ပြင် ရုပ်ဆင်းအင်္ဂါ မဟာ ပုရိသ လက္ခဏာတော်များကို မြင်ယောင် ကြားယောင်လာအောင် စာပန်းချီ ခြယ်ခြင်းဖြစ်သည်။
သာဝကကြီး အဗူဗက္ကရ်၏ အရဗီလင်္ကာကို
“လပြည့်ဝန်းကြီး ထွန်းပေါ်ကာ၊
အမှောင်ခွင်း၍ အလင်းဆောင်လာ၊
နဗီမြတ်မွတ်တဖွာ ရွှေမျက်နှာတော်မှာ၊
ပမာထိုသို့သာ”ဟု မြန်မာမှုပြုဖော်ပြထားသည်။ နိဂုံးတွင်
“ဗလဂလ်အုလာ ဗေကမားလေဟီ” အစချီသော မေတ္တာပို့ ဖာရစီကဗျာဖြင့် နိဂုံးပြုထားသည်။ ခံ့ညားလှပသော လက်ရာမြောက် ပန်းချီကားချပ်ကြီး တစ်ချပ် ရေးခြယ်ခဲ့ခြင်းဟု ဆိုနိုင်သည်။
အို-ဟူစိန်သည် တမန်တော်မြတ်၏ မြေးတော်ချစ် အေမာမ်သခင် ဘွဲ့ရ ဟူစိန်သခင်အကြောင်း ရသ စာတမ်းငယ်ဖြစ်သည်။
ကရ်ဘလာရင်ပြင်တွင် ယဇီးဒ်၏ ဘက်တော်သားများကြောင့် ရှဟီးဒ်ဖြစ်သွားရသော အေမာမ်သခင်နှင့် အပေါင်းပါတို့ဖြစ်အင်ကို ရသ မြောက်အောင် ဖွဲ့နွဲ့တင်ပြသည်။ အလ္လာ့ဟ်လမ်းတွင် အသတ်ခံရသဖြင့် သေသည် မမည်။ သခင့်လမ်းစဉ် ရှင်သန်လျက်ရှိသည်။ သခင်သည် စည်းစိမ်ဥစ္စာ ရာထူး ဌာနန္တရကို မမက်၊ ဒုက္ခအသွယ် သွယ်ကို ရင်ဆိုင်၊ အမှားရှေ့မှောက် ဒူးမထောက်၊ ကြံ့ခိုင်သောဇွဲသတ္တိဖြင့် ယောက်ျားပီသစွာ ခုခံတော်လှန်ခဲ့သည်။ သခင့်သာဓကသည် ကမ္ဘာတည်သရွေ့ တည်နေမည်၊ သခင့် စံနမူနာသည် ထာဝရ ရှင်သန်နေမည်ဟု ရေးဖွဲ့ထား သည်။
ကြည်ညို လေးစားသူ အပေါင်းကို အမှားရှေ့မှောက် ဒူးမထောက်ဘဲ အမှန်တရားကို အသက်နှင့်လဲ၍ စောင့်ရှောက်ရန် ခိုင်မြဲသည့်သန္နိဋ္ဌာန်ကို ချကြပါစို့ဟု နှိုးဆော်ထားသည်။ စာဖတ်ပရိသတ် ခံစားနှစ်သက်စေနိုင်သည့် ရသဖန်တီးမှုဖြစ်သည်။
အို-မြေခရွက်ဝါရယ်သည် သဘာ၀၀န်းကျင်မှ ရွက်ကြွေကို အကြောင်းပြုပြီး ခံစားမှုကို အားပြုရေးဖွဲ့ ထားသည်။
ပထမတွင် မိဘအသိုင်းအ၀ိုင်းကြောင့် ရွက်ဝါတွေကြွေကျ မြေခသည်ကို သတိမမူမိခဲ့၊ ထို့နောက် ချစ်ရေယဉ်ကြော မျောပါနေမိခြင်း ကြောင့်လည်း သတိမမူမိခဲ့။
ဆင်ခြင်တုံ တရားကြောင့် သတိမူမိလိုက်သည့်အခါ သစ်ရွက် မည်သည် ပင်စည်တွင်ရှိစဉ် အေးမြသည့် အရိပ်ကိုပေးသည်၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေသည်၊ ပင်စည်ကြီးမှခွဲပြီး ကြွေကျမြေခသည်နှင့် လူနင်းခံရ သည်၊ သဘာဝကို မလွန်ဆန်နိုင်၍ ခံရခြင်းဖြစ်သည်ဟု တွေးသည်။
သစ်ရွက်နှင့်ပမာယှဉ်၍ ကမ္ဘာ့မွတ်စလင်များနှင့် ပတ်သက်၍ ခံစားမိသည်။ ကမ္ဘာ့မွတ်စလင်များသည် အဖွဲ့အစည်းတည်း ဟူသော ပင်မကြီးတွင် ခိုင်မြဲစွာ တွယ်နေစဉ် ဝေနေယျာ အများ၏ ခိုလှုံအားထားရာ ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်း သာယာမှုကို ပေးသည်။ ပင်မမှခွဲသည်နှင့် တစ်ပြိုင်နက် နင်းပြားဘ၀ ရောက်ရသည်။ သဘာဝကို မလွန်ဆန်နိုင်၍ ဖြစ်သည်ဟု ဖြေသာသည်။
ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပင်မမှ ရုန်းထွက်ကာ နင်းပြားဖြစ် ရခြင်းကို စိတ်မည်သို့ဖြေရပါ့ဟု ဆွေးလိုက်သည်။ စာဆို အတွေးအမြင် ခံစားမှုကို အားပြု ရေးဖွဲ့ထားသည်။ ရသဖန်တီးမှုဖြစ်သည်။
ဆရာရေးသားသော ဆောင်းပါး ခေါင်းစဉ်များကို ကြည့်ရုံမျှဖြင့်ပင် ဆရာသည် သာသနာ့ပညာရော ခေတ်ပညာပါ လေ့ကျွမ်းသည်။ ကမ္ဘာ့ ဗဟုသုတ ကြွယ်ဝသည်၊ အရှေ့အနောက် ယဉ်ကျေးမှုများနှင့် ရင်းနှီးသည်၊ ကမ္ဘာ့ အဆင့်မီ ပညာရေးကို လိုလားသည်။ သာသနာရေးကို စိတ်ဝင်စား သကဲ့သို့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး များကို အလေးထားသည်။ အမျိုးသား ကြီးပွားရေးကို လိုလားသည်။ ညီအစ်ကိုတော် ကမ္ဘာ့မွတ်စလင်များကို ကိုယ့်ရင်တတူ စာနာသည်။ ဘာသာအချင်းချင်း နားလည်စေချင်သည်၊ ချစ်ကြည်စေချင်သည်၊ စည်းလုံးစေချင် သည်၊ ငြိမ်းချမ်းစွာ အတူတကွ ဖြစ်ပေါ်တိုးတက်ချင်သည်။ အစ္စလာမ် သာသနာ၏ ခေတ်မီ ဆန်းသစ်သော ပကတိ သဘောကို ပေါ်လွင်စေချင်သည်။ ခက်ခဲနက်နဲသော သဘောတရားများကို ရေလည်အောင် ဖွင့်ဆိုတတ်သည်။ ခံစားနှစ်သက် သာယာအောင် ဖွဲ့ဆိုတတ်သည်။ အစ္စလာမ်အဖြစ် ဂုဏ်ယူတတ်အောင် ခေတ်မီစွာ တင်ပြ တတ်သည်ဟု ဆိုနိုင်ပါသည်။
ဆရာ၏ ကျန်ရစ်သော လုံးချင်းစာမူများကို ဆရာ့အားလေးစား ကြည်ညိုသော တပည့်တပန်း စာပေ ၀ါသနာရှင်များက ထုတ်ဝေရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။
ဆရာသည် ကမ္ဘာ့အလင်း အယ်ဒီတာ ဘ၀က Islam The Religion for Humanity to Understand and Practice သိမှတ်ကျင့်သုံး ဖွယ်ရာ အစ္စလာမ်ဘာသာ စာအုပ်ကို ထုတ်ဝေခဲ့သည်။ နုယဉ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး ကမ္ဘာ့အလင်းအယ်ဒီတာ ရုံးခွဲလိပ်စာဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။ ကျမ်း၏ကျောဖုံးတွင် ဆက်လက်ပြုစုရန် ရည်စူးထားသော စာအုပ်စာရင်း ဖော်ပြထားသည်မှာ-
၁။ The Peace Message of Islam ငြိမ်းချမ်းသာယာ အစ္စလာမ်ဘာသာ
၂။ Islam – A Blessing for Mankind လူသားများအဖို့ ကောင်းချီးမင်္ဂလာ အစ္စလာမ်ဘာသာ
၃။ လူတိုင်းအဖို့ အစ္စလာမ်ဘာသာ အခြေပြ
၎။ Islam – That it means. အစ္စလာမ်ဘာသာ၏ အဓိပ္ပာယ်နှင့် သဘောတရား
၅။ ကလေးများအဖို့ အစ္စလာမ်အယူဝါဒ အခြေပြ
၆။ Islam and Capitalism အစ္စလာမ်နှင့် ဓနရှင်ဝါဒ
၇။ Islamism အစ္စလာမ်ဝါဒ
၈။ အစၥလာမ္ဘာသာ အဘိဓမၼာ
၉။ ကုရ်အာန်ပညာ သင်ခန်းစာ
၁၀။ မေတ္တေယျ ကိုယ်တော် ဟူ၍ဖြစ်သည်။
အများစုသည် ကမ္ဘာ့အလင်းပါ ဆောင်းပါးများတွင် ဆွေးနွေးတင်ပြပြီး အကြောင်းရပ်များဖြစ်သည်။ ဆရာသည် စတင်ရေးကတည်းက အစီအစဉ်တကျ ခြေခြေမြစ်မြစ် ရေးတတ်သဖြင့် လုံးချင်းအဖြစ် ထုတ်ဝေနိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယူဆပါသည်။ တစ်အုပ်ပြီးတစ်အုပ် ထွက်ပေါ်လာ မည်ဆိုပါက များစွာအကျိုးပြုနိုင်ပါသည်။ ဘာသာမတူ အယူခြားသူများကိုပင် သဘောပေါက်အောင် ရေးလေ့ရှိသည်မှာ ဆရာ၏ ထူးခြားမှု ဖြစ်သည်။ ဆရာသည် ဘာသာအချင်းချင်း နားလည်မှုမှ ဘာသာပေါင်းစုံ ချစ်ကြည်မှု၊ ထိုမှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသို့ ဦးတည်ခဲ့သော ခေတ်မီစာရေး ဆရာကြီးဟု ဆိုနိုင်ပါသည်။
ဆရာ့လက်ရာများကား ခေတ်မီဆဲ၊ သစ်လွင်ဆဲ ဖြစ်ပါသည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments