ဇွန်လ ၂၆ ရက်၊ ၂၀၁၄
M-Media
ဦးဘသောင်းကို ၁၉၀၆ ခု၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သာယာ ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့၌မွေးဖွား ခဲ့သည်။ အဖသည် ကန်ထရိုက်တာ နှင့် ဆန်စက်ပိုင်ရှင် ဦးအီဗရာဟင်ဖြစ်၍ အမိမှာ ဒေါ်ခင်ဖြစ်သည်။ ရန်ကုန် မြို့၊ ကြည့်မြင်တိုင် အက်စ်၊ ပီ၊ ဂျီ (S.P.G) ကျောင်းနှင့် သာယာဝတီမြို့ ၀ိုင်၊ အမ်၊ ဘီ၊ အေ (Y.M.B.A) ကျောင်းတွင် အလယ်တန်း ပညာကို သင်ကြားခဲ့သည်။ အထက်တန်း ပညာကို ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ဆည်းပူးခဲ့ပြီး ယင်းကျောင်းမှ တန်းမြင့်ကျောင်းထွက်စာမေးပွဲကို သင်္ချာနှင့်သိပ္ပံဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ သည်။
ရန်ကုန်တက္ကသိုလ် ယူနီဗာစတီကောလိပ်သို့ တက်ရောက်ခဲ့သည်။ ဥပစာတန်းတွင် ရူပဗေဒဘာသာရပ်၌ အမှတ်အများဆုံး ရရှိခဲ့သဖြင့် ဆုချီးမြှင့်ခြင်းခံရသည်။ ၁၉၂၈ ခုနှစ်တွင် သိပ္ပံဘွဲ့ရရှိခဲ့သည်။
ရန်ကုန်မြို့ရှိ ဟိုက်ကုတ် (High Court) တရားလွှတ်တော်တွင် ၁၉၂၈ခုနှစ်၌ အင်္ဂလိပ်-မြန်မာ စာတော်ပြန်အဖြစ စတင်အမှုထမ်းခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက် သင်ယူခဲ့ပြီး ၁၉၃၂-ခုနှစ်တွင် ဥပဒေဘွဲ့ကိုရရှိခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် တောင်တန်း ဒေသ စုံစမ်းရေးကော်မတီ၌ အင်္ဂလိပ်-မြန်မာ စာတော်ပြန်အဖြစ် အမှုထမ်းခဲ့သည်။ စုံစမ်းရေးကော်မတီတွင် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့၍ ကော်မတီ သဘာပတိ၏ အမှုထမ်းကောင်း လက်မှတ် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်မှစ၍ တိုင်းပြည်ပြု လွှတ်တော်ရုံး လက်ထောက် ဥပဒေ အရာရှိ၏ သုတေသနလက်ထောက်၊ တိုင်းပြည်ပြု လွှတ်တောရုံး ၀န်ထောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
လွှတ်တော်နှစ်ရပ်ဖွဲ့စည်းသည့် ၁၉၅၁-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်၌ လက်ထောက် အတွင်းဝန် ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်းကို ခံခဲ့ရသည်။ တစ်ဖန် ၁၉၅၄-ခုနှစ်တွင် ဒုတိယအတွင်း ၀န်ရာထူးကိုတိုးမြှင့်ခြင်း ခံရသည်။ ၁၉၅၅-ခုနှစ်တွင် လူမျိုးစုလွှတ်တော်ကို ဒုတိယအတွင်းဝန်အဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ချက်ကိုစလိုဗက်ကီးယား သမ္မတနိုင်ငံနှင့် ရိုမေးနီးယား သမ္မတနိုင်ငံများသို့ မြန်မာနိုင်ငံ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ သွားရောက် ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်မှ သီရိပျံချီဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် လူမျိုးစု လွှတ်တော်အတွင်း ၀န်အဖြစ် အငြိမ်းစားယူခဲ့သည်။
ဟိုက်ကုတ်တရားလွှတ်တော်၌ အမှုထမ်းခဲ့စဉ် ဟိုက်ကုတ် ၀န်ထမ်းများအသင်း၏ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ မင်္ဂလာတောင်ညွန့် ဒေသစိတ် ကြံ့ခိုင်ရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မင်္ဂလာ တောင်ညွန့်ဒေသစိတ် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း ရပ်ကွက် တာဝန်များကို ထမ်းရွက်ခဲ့သည်။
အစ္စလာမ်သာသနာရေး အဖွဲ့အစည်းများတွင်လည်း ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အစ္စလာမ်ဘာသာ သင်ခန်းစာ အစီအစဉ် ရေးဆွဲရေး နှင့် အကြံဥာဏ်ပေးရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ် အစိုးရက ၁၉၅၃ခု ဧပြီ ၉ရက် ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေးသည်။ တာဝန်ပေးချက်ရ အစ္စလာမ်ဘာသာ သင်ခန်းစာ အစီအစဉ်ကို ပထမဆင့်မှ န၀မဆင့်အထိကို ကော်မတီ နှင့် ညှိနှိုင်းရေးဆွဲပြီး ၁၉၅၄ ခု ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေ ညာသည်။
အစ္စလာမ် သာသနာရေးအဖွဲ့ (Islamic society) တွင် ဒု-ဥက္ကဋ္ဌ၊ ကုရ်အာန်ဘာသာပြန် အဖွဲ့တွင် အဖွဲ့ဝင်၊ မွတ်စလင် ဗဟိုရန်ပုံငွေအဖွဲ့၏ အဖွဲ့ဝင်၊ တစ်ခြမ်းပဲ့ဗလီနာယက၊ ဇီးနသ် အစ္စလာမ် ယောက်ျားလေးများ ဂေဟာနှင့် ပညာသင်ကြားရေး အသင်း၏အဖွဲ့ဝင်၊ လူငယ်များ ဂေဟာ အုပ်ချုပ်ရေးအဖွဲ့တွင် ဇီးနသ်အစ္စလာမ် ယောက်ျားလေးဂေဟာ၏ ကိုယ်စားလှယ်၊ တက္ကသိုလ်မွတ်စလင် ကျောင်းသူ ကျောင်းသားများအသင်း ဥက္ကဋ္ဌ၊ အစိုးရ သာသနာထောက်ပံ့ကြေး လက်ခံသုံးစွဲရေး ကော်မတီ၏အဖွဲ့ဝင် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ် ဒု-ဥက္ကဋ္ဌ အစရှိသည့် သာသနာရေးအဖွဲ့အစည်းများတွင်လည်း ပါဝင်ခဲ့သည်။
တဖန် တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် ကျောင်းသူ ကျောင်းသားများအသင်း၊ စတော့ကိတ် ပညာ့ရိပ်သာ ကျောင်းသူကျောင်းသားများ အသင်းအစရှိသော အသင်းအဖွဲ့များက ကျင်းပပြုလုပ်သော ဟောပြောပွဲများတွင် ဟောကြားခဲ့သည်။ စကားရည်လုပွဲများတွင် အကဲဖြတ် လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဥာဏ်ကြီးရှင် ဖြေဆိုပွဲများတွင် မေးခွန်းများကို ပြန်လည်ဖြေကြား ခဲ့သည်။
အစ္စလာမ်သာသနာ့ အဖွဲ့အစည်းများက ဦးစီးကျင်းပသော တမန်တော်မွေးနေ့ဟောပြောပွဲများတွင်လည်း ဟောပြောခဲ့သည်။ ထို့အပြင် ရေဒီယိုမှတစ်ဆင့် တမန်တော်မွေးနေ့ အကြောင်းကို ဟောကြား ထုတ်လွှင့်ခဲ့သည်။ အစ္စလာမ် ဓမ္မဗိမာန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဟောပြောပွဲများ၊ သင်တန်းများတွင် အစ္စလာမ် သာသနာ အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။
ဤတွင် ရန်ကုန်မြို့ ၁၄၂၅ ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့အသံမှ ဆရာကြီး ဟောပြောထုတ်လွှင့်ခဲ့သည့် တစ်မူထူးခြားသည့် ဟောပြောချက်ကို လေ့လာ တင်ပြပါသည်။ ဆရာကြီးသည် သိပ္ပံပညာရှင်ပီပီ “တမန်တော် ပွင့်လာတဲ့အတွက် ကမ္ဘာလောကမှာ ဘယ်ပုံဘယ် နည်း ဖွံ့ဖြိုးစေခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ” ဟု စကားခံကာ လောကဓာတ်ပညာ တိုးတက်လာပုံကို ရှင်းပြသည်။ ရှေးအခါက ဗီဇလှုံ့ဆော်မှုအလိုက် ပိုမိုကျင့်သုံးပြီး ဥာဏ်ကို သုံး ပြန်လျှင်လည်း အတုံးလိုက် အတစ်လိုက် သုံးကြသည်။ လက်တွေ့တွင် အထမမြောက်၊ အကြောက်ကြီး ကြောက်ကြပြီး မဟားတရား အယူအဆ လက်ခံခဲ့ကြ သည်။ နောက်ပိုင်းတွင် အရဗ်တို့က အညွန့်တုံး Geomatry ငရုတ်ကျည်ပွေ့ကို အတက်ပေါက်စေခဲ့သည်။ ဤသို့ စွမ်းနိုင်သည်မှာ ဂါထာကောင်း ရှိ၍ ဖြစ်သည်။ ဂါထာကောင်းများမှာ ကုရ်အာန်ထဲမှ ဂါထာများဖြစ်သည်ဟု ကုရ်အာန် အာယတ်များကို ညွှန်းဆိုပြသည်မှာ-
၁။ ကောင်းကင်ရှိသမျှ၊ မြေတွင်းမြေပေါ်၌ ရှိသမျှတို့သည် အသင်တို့ (လူသား)အဖို့ အသုံးတ၀င် အထောက်အပံ့ဖြစ်ရန် အလ္လာဟ် အရှင်မြတ်က ပေးထားသော ပစ္စည်းစုဖြစ်သည် (၄၅း ၁၃)။
၂။ အလ္လာအရှင်မြတ်သည် ညနှင့်နေ့၊ နေနှင့် လတို့ကို အသင်တို့ (လူသား)အဖို့ အသုံး ပြုရန်နှင့် နက္ခတ်တာရာများကိုလည်း အသင်တို့အဖို့ အထောက်အပံ့ ဖြစ်စေရန် မိန့်ထားခြင်း ဖြစ်သည်။ (၁၆း၁၂)
၃။ အလ္လာအရှင်မြတ်သည် သင်တို့၏ အကျိုးငှာ သမုဒ္ဒရာပင်လယ်ကို သင်္ဘောများ အသွားအလာ အကူးအသန်းအတွက် သတ်မှတ်ထား၏။ သို့ပါ၍ အလ္လာအရှင်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကို သိရှိကြကုန်။ ဟူ၍ ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တမန်တော် မုဟမ္မဒ်သခင်က ဟောတော်မူသဖြင့် အရဗ်လူမျိုးတို့ တရားဦးနာကြရကာ အစွမ်းထက်ခဲ့ခြင်း ဖြစ်သည်ဟုရှင်းပြသည်။
နိဂုံးတွင် –
“တမန်တော်ရဲ့တရားကို ရယူပြီးတဲ့နောက် အရဗ် တစ်မျိုးသားလုံးဟာ လူတစ်ယောက်ထဲလို ညီညွတ်ပြီး နိုင်ငံတိုးချဲ့ချင်တဲ့ စိတ်များ ပေါ်ပေါက်လာတယ်။ ခပ်ရိုင်းရိုင်းနေတဲ့ လူမျိုးဟာ အနှစ် ၂၀ အတွင်းမှာ ပါရှားဘုရင်များ၊ ရောမဘုရင်များ အုပ်စိုးခဲ့တဲ့ နိုင်ငံတွေကို လက်နက်နိုင်ငံ ပြုလုပ်နိုင်စွမ်းပြီး ရောမခေါမနဲ့ အဲလီဇင်ဒရီယားမှာ ထွန်းကားပြီးနောက် အညွန့်တုံးသွားတဲ့ Geometry ပညာကို အတိုင်းအတာ သင်္ချာသစ်အဖြစ် ဖန်တီးပြီး မြေမျက်နှာပြင်နှင့် အထက်နက္ခတ် တာရာတို့ကိုပါ တိုင်းထွာခဲ့တယ်။ နက္ခတ်တာရာပညာကို နိုင်နင်းပြီး ပင်လယ်ကိုဖြတ်၊ ကုန်းပျောက် ကမ်းပျောက် ရွက်တိုက်နိုင်တော့ ခေါမ တိုင်းပြည်မှာ တစ်ခါတုန်းက အရိုအသေခံနေ တဲ့ နက္ခတ်တွေဟာ လူရဲ့ အစေအပါး အထောက်အပံ့ဘ၀သို့ ယာယီရွေ့သွားရတယ်။ တစ်ခါတုန်းက သဘာဝရဲ့ အောက် ကျွန်သားပေါက်ဘ၀မှာ နစ်မွန်းနေတဲ့ လူသားများဟာ တမန်တော်ရဲ့ လက်ထက်ကျမှ သခင်ဘ၀ကို မြှင့်တင်ခြင်းခံရတယ်။ သည်လို မွတ်စလင်မ်များ က သူတို့ရဲ့ ရာဇ၀င်အစမှာ သဘာဝကို ရဲရဲကြီး ရင်ဆိုင်ပြီး ပညာဗဟုသုတရှာဖွေလိုက်စားတဲ့ လမ်းစဉ်ချလိုက်တော့ အနောက်နိုင်ငံသားများက မွတ်စလင်မ်များနှင့် ကုန်ရောင်း ကုန်ဝယ် ဘာသာရေးစင်တို့မှာတွေ့ဆုံကြပြီးနည်းနာကို ယူလိုက်လို့ ဒီကနေ့ အနောက်နိုင်ငံဟာ ဒီအခြေအနေကိုရောက် ရှိတယ်ဆိုတာ အထူးပြောစရာမလိုပါ။ ဒါကြောင့်မို့ ကျွန်တော် ထပ်လောင်းပြီး အစီရင်ချံခင်တာက လောကဓာတ်ပညာအစစ်ရဲ့ အခြေခံဖြစ်တဲ့ လက်တွေ့စမ်းခြင်း၊ သေချာစေ့ငှ မှတ်သားစူးစမ်း ခြင်းနှင့် အကျိုးအကြောင်းဝေဖန်ပြီး နောက်ဆုံးမှာ သဘောတရားဖမ်းခြင်းဆိုတဲ့ နည်းနာဥပဒေသဟာ မွတ်စလင်မ် အရဗ် လူမျိုးများ ဒီကနေ့ လောကဓာတ်ပညာဟာ ဒီလောက် ထွန်းကားနေတယ်ဆိုတာနှင့်ပဲ နိဂုံးချုပ်လိုက်ပါတယ်” ဟု လက်တွေ့သမိုင်းဖြစ်ရပ်နှင့်ယှဉ်၍ တမန်တော်မြတ်သခင်၏ လမ်းစဉ်က လောကဓာတ်ပညာကို ရှင်သန်စေသည်။ ဖွံ့ဖြိုး စေသည်၊ လောကဓာတ် ပညာစွမ်းကြောင့် ထူးထူးကဲကဲ ပြောင်းလဲတိုးတက်လာသည်ဟု ဖော်ကျူး ဟောကြားခြင်း ဖြစ်သည်။ ရှုထောင့်သစ်မှ တင်ပြခြင်းဖြစ်သည်။ ဆရာကြီးသည် ခြေခြေမြစ်မြစ် လေ့လာထားသည်။ ထို့ကြောင့်ပင် အစ္စလာမ် လောကဓာတ် ပညာစာအုပ်ကို ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
ဆရာကြီးသည် သိပ္ပံဘာသာရပ်တွင် ထူးချွန်သူပီပီ အစ္စလာမ် က သိပ္ပံပညာဖြင့် ကမ္ဘာအား မည်ကဲ့သို့ အကျိုးပြုပုံကို ပိုသိထားသည်။ ဆရာကြီးအား ဟောပြောပွဲ ဖိတ်ကြားလျှင် အစ္စလာမ်နှင့် လောကဓာတ်ပညာ ခေါင်းစဉ်ကိုသာ ပေးလေ့ရှိသည်။ တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားများအား အဆိုပါခေါင်းစဉ်ကို ဟောကြားသကဲ့သို့ ကောင်စီ ဌာနချုပ်မှ ကျင်းပသော(အန်ဆွာရီသင်တန်း) ဗဟုသုတပေး ရက်သတ္တပတ် သင်တန်းများတွင်လည်း အဆိုပါခေါင်းစဉ်ကိုပင်ပို့ချသည်။ နာကြား ရသူအပေါင်း၏ တိုက်တွန်းတောင်းဆိုမှုအရ အစ္စလာမ်နှင့် လောကဓာတ် ပညာသည် စာအုပ်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ဆရာကြီးက မိမိ၏ရည်ရွယ်ချက်ကို အချီးနိဒါန်းတွင်-
“ကမ္ဘာ့ရာဇ၀င်သမိုင်းဖြစ်သော လူတို့၏ဖြစ်အင်ကို တင်ပြ ရာ၌ စိတ်နေစိတ်ထား မသန့်မှုတို့ကြောင့် ခေတ်ပညာနှင့် စပ်လျဉ်းသည့်ကဏ္ဍ၌ အနောက်နိုင်ငံ ရာဇ၀င်ဆရာတို့သည် မိမိတို့ စိုးမိုး၍ ဆရာလုပ်ရသည့်အခိုက် အခွင့်ကောင်းယူ၍ အမှန်တရားကို ထိမ်ဝှက်ကာ အလှူရှင်လက်သစ်က မဏ္ဍပ်တိုင်တက်ကြသည့်နှယ် မိမိတို့အတွက် အကျိုးပြုခဲ့သည့် ပုဂ္ဂိုလ်တစ်စုအား မထောက်မထား၊ အားမနာ၊ ရာဇ၀င် တစပြင်သို့ ပို့လိုက်သည်ကို ထင်ရှားပေါ်လွင်ရန်နှင့် ထိုသို့ မညှာမတာ အကျင့်ခံရသည့် ရှေးမွတ်စလင်တို့က ကမ္ဘာ့လူသားများအား မည်သို့အကျိုးပြုခဲ့ပုံကို ဖော်ထုတ်ရန် ရည်ရွယ်၍ ဤစာအုပ်ငယ်ကို ရေးသားရခြင်းဖြစ်သည်”ဟု တင်ပြထားသည်။
ဆရာကြီးသည် လောကဓာတ်ပညာနှင့်စပ်လျဉ်း၍ (က) ယဉ်ကျေးမှု မရသေးမီ လောကဓာတ်ပညာ အရိပ်အငွေ့ပေါ်လာသည့်အခါထိ တစ်ပိုင်း နှင့် (ခ) လောကဓာတ်ပညာ၏ စတင်အညွန့်လူလာရာမှ ယနေ့လက်ရှိ အချိန်အထိ အပိုင်းတစ်ပိုင်းဟူ၍(၂)ပိုင်း ပိုင်းခြားသုံးသပ်တင်ပြသည်။
လောကဓာတ်အားလုံးလူသားတို့၏ သြဇာခံများ ဖြစ်ကြောင်း ကုရ်အာန်ကျမ်းလာ မုက္ခပါဋ္ဌ် (၄၅၊ ၁၃၊ ၁၆၊ ၁၂ နှင့် ၂း ၁၆၄)တို့ကို ကိုးကားဖော်ပြသည်။ လောကဓာတ်ပညာနှင့် ပတ်သက်၍ -“ပညာရှိတို့၏ပြောဟော ချက်များကို နားထောင်၍ လောကဓာတ် ပညာသင်ခန်းစာများကို စိတ်နှလုံးတွင် ထည့်သွင်းခြင်းသည် ဘာဝနာ စီးဖြန်းခြင်းထက် ကောင်း၏။ ကျွန်တစ်ရာကို သူကောင်းပြု လွတ်လပ်ရေးပေးသည် ထက်လည်းမြတ်၏”
“လောကဓာတ်ပညာ၌ ထင်ပေါ်ကျော်ကြားခြင်းသည် ဂုဏ်အရှိဆုံးဖြစ်၏”ဟု အစရှိသော တမန်တော်မြတ်ကြီး၏ သြ၀ါဒတော်များကိုလည်း ညွှန်းဆိုထားပါသည်။
အစ္စလာမ်ဘာသာကို လိုက်နာကျင့်သုံးရန်အတွက် အခြေခံဖြစ်သော နည်းမှာ –
(၁) တရိကတ် – ဆောင်ရွက်ခြင်းဖြင့် လက်တွေ့စမ်းသပ်ခြင်း
(၂) ဟကိကတ် – ကြည့်ရှုစူးစမ်းလေ့လာခြင်း
(၃) မာအရေဖတ် – အကြောင်းနှင့်အကျိုးကို ဆင်ခြင် ဝေဖန်ခြင်းဖြစ်သည်။ ဤနည်းမှာ လောကဓာတ်ပညာ ဆန်လှသည်။ ဤနည်းကို အခြေပြု၍သာ ယနေ့ထွန်းကားနေသော လောကဓာတ်ပညာစစ်စစ် ပေါ်ပေါက်ရခြင်း၏မူလဖြစ်သည်။ ခေတ်လောကဓာတ်ပညာ စစ်စစ် ပေါ်ပေါက်ရခြင်း၏ မူလဘူတမှာ အမှန်စင်စစ် အစ္စလာမ်၏ နည်းသာလျှင် ဖြစ်သည်မှာ ထင်ရှားပေသည်ဟု သဘောတရားနှင့် လက်တွေ့ပေါင်းစပ်ဖော်ထုတ်ပြ ထားသည်။
ပြီးမှ ပညာရပ်အလိုက် ထူးချွန်သူများနှင့် စွယ်စုံပညာရှင်များကို သင်္ချာပညာကျော် ကဗျာဆရာကြီး စွယ်စုံက၀ိ အူမရ်ကိုင်ယမ် မှ မျက်ကြော Ratina ကို ရှာဖွေဖော်ထုတ်သူ ဟဆန်အဘူ ဟေသာအထိ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ၅၄-ဦး၏ ထူးချွန်အောင်မြင်မှုကို ပုဂ္ဂိုလ်အလိုက် ဖော်ကျူးထားသည်ကို တွေ့ရသည်။
လောကဓာတ်ပညာကို ဆုံးရှုံးရခြင်း၊ ပြန်လည်ထွန်းကားမှုအတွက် ဆောင်ရွက်ရန် ခဲယဉ်းနေခြင်းတို့မှာ “အေလင်ဟူသော ဝေါဟာရနှင့် အေလင်ကို ပိုင်ဆိုင်သည်ဟု အယူရှိသော အာလင် အိုလမာဟူသော ဝေါဟာရတို့၏ အဓိပ္ပါယ် သက်ရောက်မှု ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်သည် ဟူသောဖော်ပြချက်မှာ ယေဘူယျ အားဖြင့် လက်ခံရမည်သာဖြစ်၏” ဟူ၍ ရေးသား ဖော်ပြချက်သည် ဆရာကြီး၏ သဘောထားအချုပ်ဟု မှတ်ယူ နိုင်ပါသည်။
ထို့ကြောင့်ပင် ကျမ်းနိဂုံးတွင် ယနေ့မှစ၍ ဘာသာရေးတွင် လည်းကောင်း၊ လောကီရေးတွင်လည်းကောင်း ကျွန်ုပ်တို့ မွတ်စလင်များသည် လောကဓာတ် ပညာဆန်ဆန် သုတေသီများ ဖြစ်နိုင်ပါစေ။ ဤသုတေသီ ဖြစ်ရေးတွင် အိုလမာဆိုသူတို့လည်း ပါဝင်ကူညီနိုင်ကြပါစေ။ လောကဓာတ် ပညာ သုတေသီများ ဖြစ်ခြင်း အားဖြင့် ရှေးမွတ်စလင် ကြီးတို့၏ မွန်မြတ်လှသော အစဉ်အလာ စံချိန်ကြီးကို မှီကြ၍ ကမ္ဘာကို အကျိုးကျေးဇူးပြုသော မွတ်စလင် လောကဓာတ် ဆရာကြီးများ ပညာရှိကြီးများပေါ်ပေါက်လာ ပါစေသတည်းဟု စေတနာဆန္ဒပြုခဲ့ခြင်းဖြစ်ပါသည်။
လူသားတို့အား သဘာဝ၏အစေခံဘ၀မှ သဘာဝ၏အရှင်သခင် အဖြစ်သို့ အစ္စလာမ်က မြှင့်တင်ပေးမှုကို ဆရာကြီးကခိုင်မာစွာ ဖော်ကျူးနိုင်ခဲ့သည်ဟု ဆိုရပါမည်။
ဆရာကြီးပြုစုခဲ့သော ထာဝရအရှင် အလဒာဟ်ရှိကြောင်းကို သဘာဝ သိပ္ပံရှုထောင့်မှဖော်ပြချက် ဆောင်းပါးတွင် အချက် ၇-ချက်ဖြင့် သာဓကပြထားသည်။ သိပ္ပံပညာရှင်ကြီး A.Cressy Morrison ၏ Man does not Stand Alone မှ ကောက်နုတ်ချက်ဖြစ်သည်။ ဆရာကြီးသည် သိပ္ပံနည်းကျကျ သုတေသနပြုမှုကို အလေးထားသည့် ပညာရှင်ကြီးဖြစ်သည်။ အဆိုပါဆောင်းပါးကို ဓမ္မဗိမာန် ၃၃ နှစ်ပြည့် အထူးထုတ်(၁၉၉၆)တွင် ဖော်ပြပါရှိသည်။
ဆရာကြီး၏ လက်ရာများကို အထောက်အထားပြု၍ ဆရာကြီးသည် အစ္စလာမ်ဘာသာအတွက် သက်သေကောင်းကြီးတစ်ဦးဟု ကောက်ချက်ချနိုင်ပါသည်။
ဆရာကြီးသည် ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အသက် (၈၁)နှစ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ခံယူသွားလေသည်။
မှတ်ချက်- ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Comments