သြဂုတ် ၁၈ ၊ ၂၀၁၄
M-Media
ဆရာကို အဘဦးရွှေဒင်၊ အမိဒေါ်ဘီဘီတို့မှ ၁၉၀၅ခု၊ စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့၌ တောင်ငူမြို့ တွင် ဖွားမြင်သည်။ ဒေါ်ခင်မကြီးနှင့် အိမ်ထောင်ဖက်ရာ သားသမီး ၃ဦးထွန်းကားသည်။ သားနှစ်ဦးသည် ဦးကိုကိုတင်နှင့် ဦးတင်နွယ်ဖြစ်ပြီး၊ သမီးထွေးမှာ ဒေါ်ခင်မြင့်မြင့်ဖြစ်သည်။
သမီးထွေး ဒေါ်ခင်မြင့်မြင့်နှင့် ခင်ပွန်းသည် ဆရာဦးခင်မောင်မြင့် တို့သည် ရန်ကုန်ဓမ္မဗိမာန်တွင် ဟောပြော ပို့ချသူများဖြစ်သည်။ သာသနာရေး အမျိုးသားရေး ကိစ္စတိုင်းတွင်လည်း ရှေ့တန်းမှ ပါဝင်ကူညီ လျက်ရှိသည်။ ဆရာမ ဒေါ်ခင်မြင့်မြင့်၏ ကလောင်အမည်မှာ မဟူရာမြင့် (ဒဂုန်) ဖြစ်သည်။
ဆရာသည် အစ္စလာမ့်သုတ ဖြန့်ဖြူးရေးအတွက် ၁၉၄၅-ခုနှစ်တွင် အနုမြူစာစောင်ကို ထုတ်ဝေသည်။ ဆရာရရှိထားသော ဆုတော်ကြေးများ စုဆောင်းထားသောငွေများ၊ ချွေးနှဲစာများဖြင့် ရင်းနှီးထုတ်ဝေခြင်း ဖြစ်သည်။
ဆရာသည် အနုမြူစာစောင်ကို ၂၅-ပတ်တိုင်တိုင် ဖြန့်ချိခဲ့ပြီး မိမိစုဆောင်းထားသော ငွေများကုန် သွားသောအခါ စာစောင်ကို ရပ်လိုက်ရသည်။ ထိုစာစောင်တွင် စာရေးဆရာ ဒဂုန်သိန်းသည် အဖွဲ့ဝင်စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။
အနုမြူစာစောင်သည် ဗမာမွတ်စလင်မ်တို့ နိုးကြားရေးကာလ၏ ပြယုဂ်စာစောင် ဖြစ်သည်။ အနုမြူစာစောင်နှင့် ပတ်သက်၍ အနုမြူကို လူကြိုက်အတော်များသည်။ ရေးသားပုံဟန်နှင့် စာမူတိုင်း လိုလို လိုအပ်သောစာပေစစ်မှန်များ ပါဝင်လာ၏။ အစ္စလာမ်ကို ကွင်းကွင်းကွက်ကွက် ထင်မြင်လာပေသည်”
ဟု ဆရာကြီး တင်မောင်ရီ(ကျုံပျော်)က ကျွန်ုပ်တို့၏စာပေခေတ် ဆောင်းပါးတွင် သုံးသပ်ထားပါသည်။
ဆရာသည် ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာအတတ်သင်သိပ္ပံ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင် နေစဉ် ၁၉၅၄-ခု ဧပြီလ ၁၃ ရက်နေ့တွင် အထူး စကောလားရှစ်ရသည်။ အမေရိကန်ဖို့ ဖောင်းဒေးရှင်း ဖဲလိုးရှစ် ဆု ဖြစ်သည်။ အမေရိကန်သို့ ၆-လတာ သွားရောက်ပြီး အင်ဂျင်နီယာသိပ္ပံများ၊ ကျောင်းများ စက်မှုလက်မှု အလုပ်ရုံများ၌ လေ့လာဆည်းပူးသည်။ ယင်းသို့သွားစဉ် ကမ္ဘာ့အနောက်ဘက်မှ စသွားပြီး အရှေ့ဘက်မှ ပြန်လာရာ ဂရင်းနစ် သတ်မှတ်မျဉ်းကို ကျော်ဖြတ်ခဲ့သူ တစ်ဦး ဖြစ်သဖြင့် ရက်အတိုဆုံးဖြင့် ကမ္ဘာကို တစ်ပတ် ပတ်မိသူအဖြစ် မှတ်တမ်း တင်ခြင်းခံရသည်။
ဆရာသည် သိမ်ဖြူတိုက်နယ်၊ ဗမလအဖွဲ့၏ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅-ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဂျီစီဘီ အမ်အေ မြန်မာမွတ်စလင်မ်အဖွဲ့ ချုပ်၏ တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်ခဲ့သည်။ ၁၉၅၄-ခုတွင် အစ္စလာမ် သာသနာရေးအဖွဲ့ Islamic Society ၏ အရံအမှုဆောင်အဖွဲ့ဝင် ဖြစ်သည်။ ဆရာသည် ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်အသင်း၏ နာယကအဖြစ် တင်မြှောက်ခံရပြီးကျောင်းသား များကို အမြဲပံ့ပိုးကူညီပေးသည်။ တက္ကသိုလ် မွတ်စလင်မ်အသင်းထုတ် ခေတ်ကြေးမြင် မဂ္ဂဇင်း၏ ပင်တိုင် ဆောင်းပါးရှင်ဖြစ်သည်။ အမှားနှင့်အမှန် (၁၉၅၂)၊ တမန်တော် မုဟမ္မဒ်သခင်မွေးနေ့ (၁၉၅၄-၅၅)၊ ကုလား လော ဗမာလော (၁၉၅၇-၅၈)၊ ကမ္ဘာ့ယဉ်ကျေးမှုတွင် အစ္စလာမ် ဘာသာ၏ ကျေးဇူးပြုချက်များ (၁၉၅၉-၆၀)၊ ကျွန်ုပ်တို့ဖြစ်အင် (၁၉၆၂-၆၃) စသည် ဆောင်းပါး ခေါင်းစဉ်များသည် တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းများတွင် ရေးခဲ့သော ဆောင်းပါး ခေါင်းစဉ်များဖြစ်သည်။ အသင်းကပြုလုပ်သော ဟောပြောပွဲများတွင်လည်း ခေတ်မီ ဆန်းသစ်သော အတွေးအမြင်များကို မကြာခဏ ဟောပြောပို့ချသည်။ ဓမ္မဗိမာန်တွင်လည်း ဟောကြားခဲ့သည်။
ဆရာသည် အင်္ဂလိပ်စာကောင်းသည်။ ဘာသာပြန် ကျွမ်းသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသော ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ စာအုပ်တွင် ဘာသာပြန်သူအဖြစ် ပါဝင်ရေးသားသည်။
ဆရာသည် စာပေရေးသာခြင်းဖြင့် အစ္စလာမ်အသိအမြင် အတွေးအခေါ်ကို ဖြန့်ဖြူးသကဲ့သို့ နိုင်ငံကျော်တောင်တွင်း ဆရာတော် ရှင်ဥက္ကဋ္ဌ၊ စာရေးဆရာကြီး ရွှေဥဒေါင်း စသည့် ပုဂ္ဂိုလ်ကြီးများနှင့် ဘာသာရေး ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆရာ၏ အစ္စလာမ် သာသနာဘက်မှရပ်တည် ဆွေးနွေးတင်ပြချက်များမှာ အထူးလေးစားဖွယ် ဂုဏ်ယူဖွယ်ဖြစ်သည်ဟု သိရသည်။
ဆရာ၏စာပေလက်ရာ အချို့လေ့လာနိုင်ရန် ဦးစွာအနုမြူ စာစောင်မှ ကဗျာကိုစ၍ ကောက်နုတ် တင်ပြပါသည်။
ကျမ်းထိုထို ကို နွမ်းမငြို ကျင့်သုံးတော့လေး
– မွတ်စလင်မ် အောက်မကျအောင်ပ
ထောက်ဆဘို့ လမ်းထွင်
ပေါက်ကရအရမ်းယှဉ်လျှင်
စန်းမလွင် ဂုဏ်မဲ့။
– အလ္လာဟ် နှင့် ရစူရှင်ကို
မဖူးမြင် မေ့ကြပြန်ခဲ့။
– ကိုယ်ကျင့်ပျက်နည်းမမှန်
ကုရ်အာန်ဖယ်ခဲ့။
– စာအမှန် မဆွယ်တဲ့ပြီဘူ့
တကယ်ကွဲ့ မှားရှာ၊
ကိုယ်ထင်ရာ ကိုယ်မှီးလို့
ဟဒီးဆ်ကြီးပေးခဲ့လေတာ။
– တရားပျက်ခမျာမှာ
အလ္လာဟ်သာဖက်ပါတော့၊
တစ်သက်နှင့် ဤတစ်ကိုယ်
မြဲတွတ်တွတ်ဆို
မလွဲချွတ် ကျမ်းထိုထိုကို
နွမ်းမငြို ကျင့်သုံးတော့လေး။ ။
ဆရာသည် ပညာပြည့်ဝသည်။ အစ္စလာမ်သာသနာဘက်မှ ရပ်တည်ချေပရန် အမြဲအဆင်သင့်ဖြစ် နေ သည်။ ကမ္ဘာနှင့်အ၀ှန်း ကွန်မြူနစ် တို့ တန်ခိုးထွားစဉ်က ကွန်မြူနစ်တို့က ဘာသာရေးသမားများကို စော်ကားသည်။ ရှုတ်ချသည်။ ဖိနှိပ်သည်။ ချုပ်ချယ်သည်။ အန္တရာယ်ပြုသည်။ ကွန်မြူနစ်တို့ မဟုတ်မလျား စွပ်စွဲချက်များကို ကြားရ၊ဖတ်ရသော ဆရာက အမှန်ကို ထင်ရှားအောင် တုန့်ပြန်ဖြေကြားပေးသည်။ ချက်ချလက်ကျ ခိုင်ခိုင်မာမာ ရေးသား ဖြေရှင်းသည်။ အနုမြူ စာစောင်တွင် ကွန်မြူနစ်တို့ စွပ်စွဲချက်ကို အစ္စလာမ်ဘာသာက ဖြေရှင်းခေါင်းစဉ်ဖြင့် စွပ်စွဲချက် ၃-ရပ်ကို ပျက်ပြယ်အောင်ရေးခဲ့သည်။ ဆရာသည် ဇာတိမာန် ထက်သန်သော ပညာရှင်ကြီးဖြစ်သည်။
၁၉၅၁-ခုနှစ်တွင် ဆရာကြီးဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် စာအုပ်ထွက်လာသည်။ သမိုင်း ဘာသာရပ်အတွက် ပြဋ္ဌာန်းသည့် ကျောင်းသုံးစာအုပ်ဖြစ်သည်။ လောကီထုပ္ပတ် လူတို့ဇာတ်၊ အခန်း ၁၀ အစ္စလာမ် ဘာသာကဏ္ဍကို ဆရာက တည်းဖြတ် သုတ်သင်ပေးရသည်။ အစ္စလာမ်ဘာသာ ထွန်းကားပျံ့နှံ့လာပုံ၊ အနုပညာ၊ ဗိသုကာ ပညာတိုးတက်လာပုံ၊ စာပေယဉ်ကျေးမှုများ ထွန်းကားလာပုံတို့ စုံလင်စွာ ပါရှိသည်။ အမည်နာမ အခေါ်အဝေါ် အယူအဆ၊ အစစတွင် စနစ်တကျ ရှိလှသည်။ ကျမ်းပြုသူ ဆရာကြီးဦးစံထွားက အခန်း ၁၀ အဆုံးတွင် –
“အနုမြူအပတ်စဉ် အယ်ဒီတာချုပ် ဦးဘရှီး အောင်ကျော် က သာသနာရေးအစွန်းအငြိ အမှားအယွင်း ကင်းစင်ရလေ အောင်၊ ပြန်လည်သုတ်သင်ပေးသဖြင့်ကျေးဇူးတင်ရှိပါကြောင်း”
ဟု မှတ်တမ်းတင် ဖော်ပြထားသည်။ အစိုးရကျောင်း သုံးစာအုပ်ဖြစ်သဖြင့် ဆရာ့ကျေးဇူးပြုမှုသည် မြန်မာ ကျောင်းသား လူငယ်များ မှန်ကန်သော အသိအမြင်ရရှိရေး၊ ဘာသာအချင်းချင်း အပြန်အလှန် နားလည်လေးစား ချစ်ကြည်ရေးအတွက်များစွာ အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်သည်။
ဆရာ၏ခေတ်အမြင် ခေတ်အတွေး ထင်ဟပ်သည့် ဆောင်းပါးများကို ထုတ်နုတ်တင်ပြပါမည်။ ၁၉၅၂-ခုနှစ် ထုတ်ဝေသည့် ရန်ကုန် တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်း နှစ်လည် မဂ္ဂဇင်းတွင် ဆရာရေးသားသည့် အမှားနှင့်အမှန် ဆောင်းပါးပါရှိသည်။ ဆောင်းပါးတွင် အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်း ပေါ်ပေါက်လာပုံ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ဖြစ်ရန်လိုပုံကို ဦးစွာတင်ပြသည်။ ပြီးမှ သုံးစားခွင့်ပေးသည့် သတ္တ၀ါ၊ တားမြစ်သည့် အသား၊ မစားရသည့် အသေသားတို့ကို ရှင်းပြသည်။ ရုပ်နာမ်နှစ်ပါးလုံး အတွက် ဘေးမဖြစ်စေရန် အစ္စလာမ်က ညွှန်းထားသဖြင့် သဘာဝနှင့်ကိုက်ညီသည်။ မွတ်စလင်မ်များက အစစ်အမှန်တရားဟု လိုက်နာကြခြင်းဖြစ်ကြောင်း တင်ပြသည်။
ထိုမဂ္ဂဇင်းတွင်ပင် အင်္ဂလိပ်စာကဏ္ဍ‘ The Holy Prophet’s Birthday Celebration ဆောင်းပါး ပါရှိသည်။ ရန်ကုန် တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်မွတ်စလင်မ် ကျောင်းသူကျောင်းသားများအား မိန့်ကြားသည့် မိန့်ခွန်းကို တင်ပြခြင်းဖြစ်သည်။ ၁၉၅၂-ခု နိုဝင်ဘာ ၂၈-ရက် သောကြာနေ့တွင် ရန်ကုန်တက္ကသိုလ်ခန်းမ၌ ၁၄၂၄-ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့်အခမ်းအနား၌ ဆရာ မိန့်ကြားသည့် မိန့်ခွန်းကို ပြန်လည် ရေးသားတင်ပြခြင်းဖြစ်သည်။
တမန်တော်နှင့် ပတ်သက်၍၊ ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍၊ အစ္စလာမ်သာသနာနှင့် ပတ်သက်၍ စွပ်စွဲချက်များကို ကမ္ဘာ ကျော်သမိုင်းပညာရှင်ကြီးများ၊ သိပ္ပံပညာရှင်ကြီးများ၊ အတွေးအခေါ် ပညာကျော်များ၏ အဆိုအမိန့်များကို ကိုးကားပြီး ဆရာက ဖြေရှင်းပြထားသည်။ တမန်တော်နှင့်ပတ်သက်၍ Bosworth Smith, Stanleyy Lane -Pole, Thomas Carlyle ဟူသည့် ပုဂ္ဂိုလ်ကျော်တို့၏ အဆိုအမိန့်များကို ကိုးကားပြသည်။
ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍ Rod Well, Major. A.G Leonard, Rev.G. Margoliouth, Deytsch, J.W. H Stobart, Tlrum Rlrao Rao Raopole, B.A, LL.B, S. Colo Sio ဟူသည့်ပုဂ္ဂိုလ်ကျော်များ၏ အဆိုအမိန့်များကို အထောက်အထားပြသည်။
အစ္စလာမ်သာသနာနှင့်ပတ်သက်၍ M’ajor Arthur Glyn Leonard, Bernard Shaw, Sir Radkris Hanan, M.N, Roy, Prof Snouck Hurgonje E.E Ellet, Briffault, Declay O’leary, D.D, Professor WamDey, B.A, Editor, Satupdesh Lahore, Sir P.C Roy, Munshi Prem Chand, M.A, Lawton, Gobineau, Hon’ble Sir Chhotu Wam B.A LL.B, M.L.A, Marmaduke Picktal ဟူသည့် ပုဂ္ဂိုလ်ကျော်များ၏ အဆိုအမိန့်များကို ညွှန်းဆိုသည်။
ဆရာသည် စာဖတ်နာသဖြင့် ကမ္ဘာ့သုတကြွယ်သူဖြစ်သည်။ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ အဆိုအမိန့်များကို ကိုးကား၍ စွဲချက်ကိုခိုင်လုံစွာ ချေဖျက်ထားသည်။ ဆရာ၏ ဆောင်းပါးတိုင်းလိုလိုသည် တရားခွင် လျှောက်လဲချက်များပမာ ချက်ကျလက်ကျရှိသည်။ ခိုင်လုံတိကျသည်။ မွတ်စလင်မ်တို့အတွက် အထူးအားထား ထိုက်သည့် ရှေ့နေ ကောင်းကြီး တစ်ဦးပမာ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်အသင်းမဂ္ဂဇင်း (၁၉၅၅-၅၄)လာ တမန်တော် မိုဟမ္မဒ်သခင်မွေးနေ့ ဆောင်းပါးတွင် အာရဗ်၌ အဘယ်ကြောင့် ကရုဏာတော်ရှင် တမန်တော်သခင်ပွင့် ပေါ်တော်မူရခြင်း အကြောင်းကို –
“အလ္လာဟ်အရှင်မြတ်သည် တမန်တော် မုဟမ္မဒ်သခင်ကို ထိုအချိန်ထိုအခါက အရဗ် လူမျိုးများတွင်ပွင့်တော်မူစေခြင်း မှာ ကမ္ဘာပေါ်တွင် အရဗ်လူမျိုးများ အဆိုးဝါးဆုံး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်၏။ အကယ်၍ တရုပ်လူမျိုးများက ပို၍ဆိုးသွမ်း ညစ်ညမ်းပါမူ ထိုဆိုးသွမ်း ညစ်ညမ်းသော လူမျိုးများတွင်ပင် အလ္လာဟ်အသျှင်မြတ်သည် တမန်တော် မုဟမ္မဒ်သခင်အား ပွင့်တော်မူစေမည်ကာ ယုံမှားသံသယမရှိ သင့်ပြီ”
ဟူ၍ မိမိအမြင် မိမိအဆင်အခြင်ကို ရှင်းလင်း စွာ ဖော်ပြသည်။ ရာဇ၀င်တွင် မကြုံဖူးအောင် မိုက်တွင်းနက်ခဲ့သူများ သူတို့ခေတ်သူတို့အခါက မည်သူကမျှ မပြုပြင် မပြောင်းလဲပေးနိုင်ခဲ့။ တရားစစ်တရားမှန်ကို ဟောပြောဆုံးမ၍ ကိုယ်ကျင့်တရား ပြောင်းလဲပစ်ရန် တမန်တော်ကြီးက ကြိုးပမ်းခဲ့သည်။ အတိဒုက္ခအမျိုးမျိုး ကြုံခဲ့ပြီးမှ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သည်။ ဆောင်းပါးနိဂုံးတွင် –
“တမန်တော်မုဟမ္မဒ် မပွင့်မီက အခြေဆိုးအနေဆိုးဖြစ်နေသော အရဗ်လူမျိုးတို့ကို ငြိမ်းချမ်းရေးရစေသော လမ်းစဉ်ဖြင့် ယခုအခါ ငြိမ်းချမ်းရေး အလိုရှိသော ကမ္ဘာသူကမ္ဘာသားတို့အား ငြိမ်းချမ်းရေးရစေရန် တမန်တော် မုဟမ္မဒ်သခင်၏ အတ္ထုပ္ပတ္တိနှင့် ကိုယ်တော်မြတ်လမ်းစဉ်ကို လူမျိုးမရွေး ဘာသာမရွေး ဤတမန်တော်သခင် မွေးနေ့ကို အကြောင်းပြု၍ လေ့လာမှတ်သား ကျင့်ဆောင်ပြီးလျှင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ပန်းတိုင်သို့အရောက် ချီတက်ကြရန် လေးနက်စွာ မေတ္တာရပ်ခံလိုက်ရပေသတည်း”
ဟု ယခုအချိန်အခါသည် တမန်တော်ကြီး၏လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာခြင်း ပြုမှသာ ကမ္ဘာသူကမ္ဘာသားတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ကျူးထားသည်။
ဆရာသည် တက္ကသိုလ်မွတ်စလင်မ်အသင်း မဂ္ဂဇင်း(၁၉၆၃-၆၄) တွင် “ကျွန်ုပ်တို့ဖြစ်အင် ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသည်။ ထို ဆောင်းပါးတွင် အစ္စလာမ်၏အဓိပ္ပာယ်ကို လူသားဟူသရွေ့ လိုက်နာ ကျင့်သုံးရမည့် ဘာသာ(၀ါ) ကိုယ်ကာယကြံ့ခိုင်ဆောက်တည်ရေး၊ ကျင့်ဝတ်တရား ဆောက်တည်ရေး၊ ၀ိညာဉ်သဘော ဆောက်တည်ရေး ဟူသော လူ့ လောကတွင် ဆောက်တည်ရမည့် အရေးကြီးသုံးရေးကို အစ္စလာမ်ဟု အလ္လာဟ်အရှင် မြတ်က အရဗီဘာသာနှင့် အမည်ပေးထားသည်။ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်အား လုံးဝပုံအပ်ထားသော ဘာသာ သို့မဟုတ် ငြိမ်းချမ်းရေး လိုက်နာသော ဘာသာဖြစ်လေသည်” ဟူ၍ ဖွင့်ရှင်းပြထားသည်။ အသိအမြင်သစ် ကို ရရှိစေနိုင်သည့် ဖွင့်ဆိုချက်ဖြစ်သည်။
ဆက်လက်၍ ကုရ်အာန်ကျမ်းတော်လာ တရားဒေသနာများကို စောင့်ထိန်းပြီး တမန်တော်မြတ်၏ သြ၀ါဒတော်များကို လိုက်နာလျက် ဆင်ခြင်တုံတရားကို အသုံးပြုခဲ့၍သာ ကမ္ဘာတွင် လူချွန်လူမွန်များ ဖြစ်လာ သည်။ ဤသည်ကို သာဓကနှင့်ယှဉ်၍-
“ဤဗျာဒိတ်တော်များနှင့် တမန်တော်မြတ်၏ မိန့်ခွန်း သြ၀ါဒတော်များအရ အရဗ် လူမျိုးများသည် အနိမ့်ဆုံးဘ၀မှ အမြင့်ဆုံးသို့ ရောက်ရှိရန် အားသွန်ခွန်စိုက်ကြိုးစားကာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ သိပ္ပံ၊ တက္ကသိုလ်စသော ကျောင်းမြောက်မြားစွာကို ဖွင့်လှစ်ကာ တရားစီရင်ရေး ပညာ၊ ရာဇ၀င်နှင့် ပေါင်းသင်း ဆက်ဆံရေးပညာ၊ ပထ၀ီပညာ၊ နက္ခတ်တာရာ အတတ်ပညာ၊ သင်္ချာပညာ၊ ဂီတပညာ၊ ဓာတု ဗေဒပညာ၊ ရူပဗေဒပညာ၊ သဘာဝ ရာဇ၀င်နှင့် ဆေးအတတ် ပညာ စသော ပညာရပ်များကို လေ့လာသူက လေ့လာ၊ သင်ကြား သူက သင်ကြား၊ ရှာဖွေ စုဆောင်းသူက စုဆောင်းကြသဖြင့် တစ်နေ့တစ်ခြား တိုးတက်ကာ ကမ္ဘာပေါ်တွင် လူဇော်လူမော်များ ဖြစ်လာကြလေသည်။ ဟာရွန်ရရှစ် ဘုရင် လက်ထက်တော်၌၀ယ် ကျွန်အမျိုးသမီး ပင်လျှင် ဖော်ပြပါပညာရပ်များကို အမျိုးသား ပညာရှိများနှင့် ပြိုင်နိုင်ကြလေသည်”
ဟု အားကျဖွယ် ထုတ်ဖော်သည်။ လူဇော်လူမော်များ ဖြစ်လာနိုင်ပါလျက် ယမန်ခေတ်များနှင့် မယှဉ်နိုင်၊ ယနေ့ခေတ် မတိုးတက်နိုင်သည့် ဘ၀ကို ဆရာကြီးက ဆင်ခြင်သည်။ သုံးသပ်သည်။ အဖြေရှာသည်။ မထောက်မညှာ တင်ပြသည်။ ဆရာက-
“ယခုခေတ် မွတ်စလင်မ်တို့သည် ထိုခေတ် က အလ္လာဟ်၊ ထိုခေတ်က ကုရ်အာန်၊ ထိုခေတ်က ပိုင်ဂံဘရ် နှင့် ထိုခေတ် က ကလီမာများကို ရထားကြသည်မဟုတ်ပါလော။ ဤမည်သော လူမျိုး၏ တိုးတက်မှု ဖြစ်စေသော လက်နက်ကိရိယာများ ရှိနေပါလျက် ထိုခေတ်ထဲသို့ မတိုးတက်ခြင်းကို ယခုခေတ် မွတ်စလင်မ်တိုင်း အသိပင် မဟုတ်ပါလော။ ဤသို့ မတိုးတက်ရခြင်း အကြောင်းရင်းကိုလည်း မွတ်စလင်မ် အနည်းအများဆိုသလို ကမ္ဘာတစ်ဝန်း လုံးတွင် သိပြီးဖြစ်ပါသည်။ မွတ်စလင်မ် အများမှာမူ သိပင်သိလင့်ကစား မရေးဝံ့မပြောဝံ့ မဟောဝံ့သည်မှာ အဘယ်ကြောင့်နည်းဆိုမူ ထိုမွတ်စလင်မ် များသည် မော်လ၀ီ၊ မော်လာနာ၊ မွဖ်သီများကို ဘုန်းကြီး သဖွယ် ကိုးကွယ်နေခြင်းကြောင့်ပေသည်”
ဟု ရဲဝံ့ပြတ်သားစွာ ဖော်ပြသည်။ ဆောင်းပါးနိဂုံးတွင် ခေတ်သစ်တူရကီ နှင့် ပါကစ္စတန်နိုင်ငံများကို သာဓကဆောင်ပြီး မလိုလားအပ်သည့် ၀ါဒ များကို တော်လှန်ရန်လှုံ့ဆော်သည်။ စာရှုသူများ လတ်တလောအရေး အခင်းများကို မျက်ကွယ် မပြုသင့်ကြောင်း အသိရှိရန် –
“ကျွန်ုပ်တို့ ဗမာမွတ်စလင်များသည် ဤတော်လှန်ရေး ခေတ်ကို သတိမမူဘဲ စာအုပ်ဟောင်းကြီး အတိုင်း ခရီးသွားနေ သင့် မနေသင့်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားကြပါရန် အကြောင်းအားလျော်စွာ တင်ပြလိုက်ပါသည်”
ဟု ဆောင်းပါးတွင် ရှင်းလင်းပြတ်သားစွာဖော်ပြသည်။ မှန်သည်ဟုထင်လျှင် ပွင့်ပွင့်လင်းလင်း ပြောတတ်၊ ဟောတတ်၊ ရေးတတ်သည်မှာ ဆရာ၏ ပင်ကိုစရိုက်ဖြစ်သည်။
ဆရာသည် သိပ္ပံပညာရပ်ကို ပို့ချသော သိပ္ပံဆရာတစ်ဦး ဖြစ်သည်။ သဘောတရားရော လက်တွေ့နယ် ပယ်၌ပါ ကျွမ်းသည်။ အစ္စလာမ်နှင့် လောက ဓာတ်ပညာကို မြန်မာမွတ်စလင် ပရိသတ်နှင့် ဦးစွာမိတ်ဆက်ပေး သူတစ်ဦး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မွတ်စလင်မ် အသင်းထုတ် ခေတ်ကြေးမြင်မဂ္ဂဇင်း (၁၉၅၉-၆၀)လာ ကမ္ဘာ့ယဉ်ကျေးမှုတွင် အစ္စလာမ်ဘာသာ၏ ကျေးဇူုးပြုချက်များ ဆောင်းပါးတွင် ဖော်ပြသော အချက်အလက်များ သည် တိကျသည်။ ဂုဏ်ယူဖွယ် အတိသာဖြစ်သည်။
၁၉၆၈-ခု မတ်လထုတ် ဗိုလ်တထောင် သတင်းစာတွင် ဆရာရေးသည့် အနစ်နာခံပွဲတော်ဟူသော ဆောင်းပါး ပါရှိသည်။ ထို့နေ့သည် အီဒွလ်အသ်သွဟာနေ့ ဖြစ်သည်။
ဆရာသည်က ဤအီဒွလ်အသ်သွဟာပွဲတော်သည် အနစ်နာခံ ပွဲတော်ဖြစ်သည်။ တမန်တော်အီဘရာဟင် ပြုလုပ်ခဲ့သော သားစွန့် မယားစွန့် လုပ်ငန်းသာလျှင် ကြီးသောအနစ်နာခံခြင်း ဖြစ်တန်ရာသည်။ သားကောင် သတ်ရခြင်းမှာ ကုရ်အာန် ၂၂း၃၆-၃၇ အရ ဖြစ်သည်ဟု အကိုးအကား ဖော်ပြသည်။
ဤဗျာဒိတ်တော်များအရ လူသားသည် ၎င်းအား မွေးမြူဖန်ဆင်း တော်မူသော အလ္လာဟ်အရှင်မြတ်အား မည်မျှကျိုးနွံ့ ရမည်ကိုလည်းကောင်း၊ တိရစ္ဆာန်သည် လူသားများ၏ အသုံးအဆောင်သာဖြစ်၍ ၎င်းတို့ အမြတ်တနိုး ကိုးကွယ်ရန် မဟုတ်ကြောင်းကိုလည်းကောင်း၊ ထို့အပြင် တိရစ္ဆာန်ကို သတ်၍သေသွားသကဲ့သို့ မိမိအတွင်းတိရစ္ဆာန် များဖြစ်သည့် လောဘ ဒေါသ မောဟတို့ကိုလည်းကောင်း သေအောင်သတ်ရမည် ဟူသည်ကိုလည်းကောင်း၊ လူသည် ယဇ်နတ်ပူဇော်ခြင်း ဆိတ်သုဉ်းသွားပြီ ကိုလည်းကောင်း၊ ဤသားကောင် သတ်ခြင်းမှရရှိသော သင်ခန်းစာ များကို မိမိဘ၀ သက်တမ်းတစ်လျောက်လုံး ကျင့်စဉ်အနေဖြင့် ကျင့်သုံးသွားရန် ဖြစ်သည်ဟု ကုရ်ဘာနီ၏ အဓိပ္ပာယ်နှင့်အနှစ်သာရကို မိမိအမြင် မိမိ အယူအဆဖြင့် တင်ပြခဲ့သည်။
ဆက်လက်၍ ဘာသာပြန်လက်ရာစာအုပ်တစ်အုပ်ကိုလည်း တင်ပြပါမည်။ ဘာသာဓမ္မသာသနာတော် ဖြစ်သော အစ္စလာမ်ဘာသာ စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်သည်-
မောင်လာနာမုဟမ္မဒ်အလီ အဲမ်အေ၊ အယ်လ်၊ အယ်ဘီ၏ အင်္ဂလိပ် ဘာသာဖြင့် ပြုစုစီရင်သော Islam’ the Religion of humanity ကို ပြန်ဆိုခြင်းဖြစ်သည်။
နိဒါန်းတွင် လူမျိုးနှင့် ဘာသာခွဲခြားနားမလည်သဖြင့် အစ္စလာမ် ဘာသာဝင်တို့အား အထင်အမြင်မှား အခေါ်အဝေါ်မှားနေကြသည်။ မြန်မာပြည်သို့ နှစ်ပေါင်း ၁၀၀၀ လောက် စတင် ပြန့်ပွားလာသော်လည်း ဤဘာသာ၏ အခြေခံတရားများကိုပင် မသိနားမလည်ကြသေး။ မြန်မာ ဘာသာရေးကျမ်းများ မရှိ၍ လည်းကောင်း၊ မြန်မာ ဘာသာဖြင့် ဟောကြားခြင်း မရှိ၍ လည်းကောင်း၊ ဘာသာခြားမိတ်ဆွေများအား နားလည်အောင် မပြော ဟောနိုင်ခြင်းကြောင့်လည်းကောင်းဖြစ်သည်။ ဤချွတ်ယွင်းချက်များကို ပြုပြင်ရန် မြန်မာမွတ်စလင်များ၏ တာဝန်ဖြစ်သည်ဟု ဘာသာပြန် ဆိုရခြင်း၏ အကြောင်းခံများကို ဘာသာပြန်သူကရှင်းပြသည်။ ရိုးရှင်းပြေပြစ် လွယ်ကူ၊ ချောမွေ့သော စကား ပြေဖြင့် အောက်ပါခေါင်းစဉ်များအတိုင်း တင်ပြထားသည်။
သဘာဝဓမ္မသည်ကား အစ္စလာမ်တည်း။
– အစ္စလာမ်၏ အဓိပ္ပာယ်
– အစ္စလာမ်ဘာသာ၏ ၀ိသေသသီးခြား ထင်ရှားသော ဂုဏ်အင်္ဂါ
– ရာဇ၀င်သမိုင်း ၀င်ဘာသာ
– အစ္စလာမ်ဘာသာ၏ အခြေခံ တရားများ
– အစ္စလာမ်ဘာသာတွင် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်း
– တစ်ပါးတည်းသော အလ္လာဟ်
– အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်
– တမလွန်ဘ၀၊ တမလွန်ဘ၀သည် ယခုဘ၀၏ အဆက်မျှသာဖြစ်သည်။
– ကောင်းကင်တမန် သက်ဝင်ယုံကြည်ခြင်းနှင့် ဆက်သွယ်ပုံ လုပ်ငန်း ၏ အခြေခံများ
– နမာဇ်ဝတ်ပြုခြင်း
– သီလ ဆောက်တည်ခြင်း (ရိုဇာစောင့်ထိန်းခြင်း)
– ဟဂ်ျပြုခြင်း (မက္ကာမြို့တော်သို့ရ ဖူးမြော်သွားခြင်း)
– ပုထုဇဉ်လူသားအချင်းချင်း အလုပ်အကျွေးပြုခြင်း
– အစၥလာမ္ဘာသာ ကလ်ာဏယု၀
– အမိန့်အာဏာကို ရိုသေလေးစားခြင်း
– ဒါနပြုခြင်း
– အကျင့်စာရိတ္တ ညွှန်ကြားခြင်း၏ အကျယ်အ၀န်း ဟူ၍ ပါရှိသည်။
ဆရာသည် နက်နက်နဲနဲ တွေးသည်။ နှိုက်နှိုက်ချွတ်ချွတ် တွေးသည်။ ဆရာ၏အတွေးများကို လူသာမန်တို့ လိုက်မမီနိုင်။ ထူးခြားသည်မှာ ဆရာ့အတွေးအမြင်များကို စာရှုသူတို့ သိရှိနားလည် လက်ခံနိုင်အောင် ရှင်းလင်းစွာ ရေးပြနိုင်ခြင်းဖြစ်သည်။ သာဓကအဖြစ် အစ္စလာမ်ဓမ္မဗိမာန် ၃၃ နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်လာ ဆရာ့ဆောင်းပါးကို လေ့လာနိုင် ပါသည်။ ဆောင်းပါးခေါင်းစဉ်မှာ အလ္လာဟ်အရှင်မြတ်ရှိခြင်း (၀ါ) သောင် ဟိဒ်သဘောတရားဖြစ်သည်။ ဆရာက မိမိအတွေး အမြင်သစ်များကို သိပ္ပံနည်းကျစွာ ရဲဝံ့စွာတင်ပြထား သည်။ ဆရာသည် ဘာသာရေးလည်း ကျွမ်းသည်။ သိပ္ပံပညာလည်း နှံ့စပ်သည်။ အတွေးလည်း ထက်သည်။ အရေးလည်း သွက်သည်။ ဆောင်းပါးကို ကျမ်းတစ်စောင် တစ်ဖွဲ့ပမာ ခိုင်ခိုင်မာမာ တင်ပြထားသည်။ ဆရာသည် အတွေးအခေါ် ထက်မြက်သဖြင့် ဆွေးနွေးဘက်များကို အမြဲစိန်ခေါ်နိုင်သည့် ပါရမီရှင် ဖြစ်သည်။ ဆရာယုံကြည်စွဲ ကိုင်သော ဆောင်ပုဒ်မှာ “မှန်ကန်ခြင်း အပေါ်တွင် ငါတို့၏ ယုံကြည်မှုနှင့် သစ္စာရှိမှုသည်တုန်လှုပ်မည် မဟုတ်” ဟူသော ဆောင်ပုဒ်ဖြစ်သည်။
ဆရာသည် အစ္စလာမ်ဘာသာ၏ တမန်တော်မုဟမ္မဒ် သခင် ခေါင်းစဉ်ဖြင့်လည်း ရေးသားထုတ်ဝေခဲ့ဖူး ကြောင်း ဗဟိုစာကြည့်တိုက် မှတ်တမ်းအရ သိရသည်။
လေးနက်သည့် အယူအဆသစ် အတွေးအခေါ်သစ်များဖြင့် ကျော်ကြားသော ဆရာသည် အသက်ရှစ်ဆယ်ပြည့် ၁၉၇၉-ခု သြဂုတ်လ ၁ ရက်နေ့ ရမ်ဇာန်လအတွင်း အလ္လာဟ်အရှင့်အမိန့် ခံယူခဲ့သည်။
ငြိမ်းချမ်းရေးဝါဒညီရင်းအစ်ကို ချစ်ကြည်ရေးအစည်းအရုံး ခေါင်းဆောင်ဆရာကြီးသည် မိမိ၏တပည့်များ အား –
“ပစ္စုပ္ပန် သံသရာ၊ ဒွန္နရာ၊ အာခေရတ်၊ နှစ်ရပ်ဘ၀၊ နှစ်ဌာန၌၊ ကောင်းမြတ်ချမ်းသာ၊ မင်္ဂလာ ဘရ်ကတ်နှင့် ပြည့်စုံကြ၍၊ နောင် တမလွန်၊ ဘ၀ပြောင်းရသည့် အခါ ချမ်းသာစွာဖြင့် ဂျန္နသ်သုခဘုံဝင် စံမြန်းနိုင်သည့်ကိုယ် ဖြစ်ရပါလို၏”
ဟူသော ဆုပဏ္ဏာဒိုအာကို ညွှန်းဆိုပြခဲ့သည်။ တပည့်များကလည်း ယနေ့တိုင် မမေ့နိုင်ဘဲ ဆရာကြီးညွှန်းဆိုခဲ့သည့် ဆုဒိုအာကို ကိုယ်တိုင်လည်း လိုက်နာတောင်းဆို၊ အများသူငါအတွက်လည်း ဖြန့်ဝေလျက် ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။ ။
** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။
Comments