သြဂုတ် ၂၄ ၊ ၂၀၁၄
M-Media
.လေးမောင် ဘာသာပြန်ဆိုသည်။
– အစ္စရေးက ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုကို ရပ်တန့်ရန် ပြီးခဲ့သည့် လအတွင်း ဘန်ကီမွန်က တိုက်တွန်းခဲ့သော်လည်း ၎င်း၏ တိုက်တွန်းမှုကို အစ္စရေးက မကြားချင်ယောင် ဆောင်နေသည်။ “ရူးသွပ်မှုများ ရပ်တန့်ပါ” ဟု ဘန်က တိုက်တွန်းပြန်သည်။ အစ္စရေးကမူ သန်းဝေလျက်ပင် ရှိနေ၏။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် အပစ်ရပ်ရေးအတွက် လေချိုသွေးထားသည့် ကြေညာချက်ထုတ်မှသာ အစ္စရေးက လက်ခံလေသည်။
ထိုကြေညာချက်မှာ ပါလက်စတိုင်းများနှင့် အာရပ်များ၏ တောင်းဆိုမှုအနည်းငယ်ကို ရှားရှားပါးပါး လက်ခံခဲ့သည့် ကြေညာချက်ဖြစ်သည်။ သို့သော်လည်း အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုကမူ ထိုကြေညာချက်မှာ ဟားမက်စ်တို့ကို အသာပေးထားသည်ဟုဆိုကာ ဆန့်ကျင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကို တိုက်တွန်းခဲ့၏။ ထိုကြေညာချက်တွင် အစ္စရေး၊ ဟားမက်စ် မည်သူ့ကိုမှ အမည်တပ်၍ ဖော်ပြမထားသော်လည်း မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဟု ဘန်ကီမွန်ကိုပင် နေတန်ယာဟုက လက်ချာပေးသည်။
ု
ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကမူ ဘန်အား ထိုကဲ့သို့ တောင်းဆိုမှုများမလုပ်ခဲ့။ သို့သော်လည်း ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသည့် ပညာရှင်များ၊ အန်ဂျီအိုအဖွဲ့များက ဘန်ကီမွန်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပိုခဲ့သည်။ ဥပဒေနှင့် တရားမျှတမှုဘက်မှ မရပ်တည်လျှင် ရာထူးမှ နှုတ်ထွက်ပါဟု ထိုစာ၌ ပြတ်ပြတ်သားသားပင် ရေးထားထားလေသည်။
အစ္စရေးအား အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်သူအဖြစ် ဘန်ကီမွန်က အမည်တပ် မဖော်ပြခဲ့သော ကြေညာချက်များကို ထိုအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားပြီး “ကျူးကျော်သိမ်းပိုက်သူ” နှင့် “ကျူးကျော်သိမ်းပိုက်ခံရသူ” တို့ကို ကုလ၏ ကြေညာချက်များတွင် ခွဲခွဲခြားခြား ဖော်မပြဟုလည်း ၎င်းတို့က ဆိုသည်။
ုယခင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ပေခြင်းခံထားရသည့် ဘန်ကီမွန်မှာ အများပြည်သူရှေ့မှောက်တွင် အမျိုးမျိုးသရုပ်ဆောင်ခဲ့သည်။ “တိုက်ခိုက်မှုများ ရပ်တန့်ပါ။ ရပ်တန့်ကြပါ” “ဒီလို ရူးနှမ်းမှုမျိုးကို ရပ်တန့်ပစ်ပါမယ်” စသဖြင့် တောင်းဆိုကာ ဒေါသကြီးသော သံတမန်တစ်ဦးအဖြစ် တစ်ဖုံ၊ အမေရိကန် အစိုးရ၏ ဦးဆောင်မှုကို လိုက်ရသော လက်တွေ့ကြသည့် နိုင်ငံရေးသမား အဖြစ်တစ်မျိုး၊ ကုလသမဂ္ဂအား ဦးဆောင်နေသည့် လုပ်ပိုင်ခွင့်မရှိသော အတွင်းရေးမှူးအဖြစ်တစ်ခါ ပုံစံအမျိုးအမျိုး ဖြစ်လေ၏။
ကုလအတွင်းရေးမှူးဟောင်းများကဲ့သို့ပင် ၎င်းမှာလည်း ကုလသမဂ္ဂကြီး တစ်ညီတစ်ညွတ်တည်းဖြစ်မှသာ စွမ်းအားရှိလေသည်။ ၀မ်းနည်းစရာကောင်းသည်က ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များအတွက် မရှိမဖြစ်အဖွဲ့ဖြစ်သည်ဟု သက်သေပြခဲ့သည့် ကုလမှာ ပါလက်စတိုင်းကိစ္စနှင့် ပတ်သက်လာလျှင် အသုံးမကျတော့။
အစ္စရေး၏ ဗိုလ်ကျမှုအတွက် တုံ့ပြန်သော ကုလ၏ သံတမန်ရေးရာ စကားရပ်များတွင် “တိုက်တွန်းပါသည်” ဆိုခြင်းက “မိမိတို့မကြိုက် သို့သော် နည်းနည်းမျှပင် အရေးမယူ” ဟု ဆိုလိုသည်။ “ကန့်ကွက်လိုက်သည်” ဟူသောစကားလုံးက “မိမိတို့ လက်မခံ သို့သော် သင်တို့ကြိုက်သလို့ လွတ်လွတ်လပ်လပ် လုပ်နိုင်သည်” ဟု အဓိပ္ပါယ်ရလေ၏။ “ရှုတ်ချလိုက်သည်” ဆိုသည့် စကားလုံးကမူ “မိမိတို့အနေဖြင့် အလွန် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ၀င်မပါ” ဟူ၍ပင်။ “အပစ်ရပ်ပါ” ဟူသည့် စကားကတော့ “အသင်တို့ မရပ်ပါက မိမိတို့က သတိပေးမည်။ အခြားသူများက မိမိတို့အား သတိပေးပါက နောက်တစ်ကြိမ် ပြန်လာမည်” ဟူ၍ပင် ဖြစ်ပေသည်။
ပါလက်စတိုင်းအတွက် အရာမရောက်
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပါလက်စတိုင်း ပိုင်နက်၌ အစ္စရေး၏ တိုက်ခိုက်မှုများ၊ တရားမ၀င်အိမ်ရာဆောက်လုပ်မှု၊ ပါလက်စတိုင်း များကို မောင်းထုတ်မှု၊ ပါလက်စတိုင်း ပိုင်နက်အား သိမ်းပိုက်မှုတို့နှင့်ပတ်သက်၍ ကုလသမဂ္ဂက ရာနှင့်ချီသော ဆုံးဖြတ်ချက်များထုတ်ပြန်ခဲ့ကာ အစ္စရေး၏ လုပ်ရပ်များအား ပြစ်တင်ခဲ့သည်။ ကန့်ကွက်ခဲ့သည်။ ထိုကဲ့သို့ မလုပ်ရန် တိုက်တွန်းခဲ့သည်။ အကြံပေးခဲ့သည်။ ရှုတ်ချခဲ့သည်။ သိုသော်လည်း ထိုဆုံးဖြတ်ချက်အားလုံးက အစ္စရေးက လစ်လျူရှုခဲ့လေသည်။
ပါလက်စတိုင်းအား အစ္စရေး၏ ဗိုလ်ကျမှုအတွက် တုံ့ပြန်သော ကုလ၏ သံတမန်ရေးရာ စကားရပ်များတွင် “တိုက်တွန်းပါသည်” ဆိုခြင်းက “မိမိတို့မကြိုက် သို့သော် နည်းနည်းမျှပင် အရေးမယူ” ဟု ဆိုလိုသည်။ “ကန့်ကွက်လိုက်သည်” ဟူသောစကားလုံးက “မိမိတို့ လက်မခံ သို့သော် သင်တို့ကြိုက်သလို့ လွတ်လွတ်လပ်လပ် လုပ်နိုင်သည်” ဟု အဓိပ္ပါယ်ရလေ၏။ “ရှုတ်ချလိုက်သည်” ဆိုသည့် စကားလုံးကမူ “မိမိတို့အနေဖြင့် အလွန်စိတ်မကောင်းဖြစ်မိသည်။ သို့သော် ၀င်မပါ” ဟူ၍ပင်။ “အပစ်ရပ်ပါ” ဟူသည့် စကားကတော့ “အသင်တို့ မရပ်ပါက မိမိတို့က သတိပေးမည်။ အခြားသူများက မိမိတို့အား သတိပေးပါက နောက်တစ်ကြိမ် ပြန်လာမည်” ဟူ၍ပင် ဖြစ်ပေသည်။
ဝမ်းနည်းစရာကောင်းသည်က ကုလလုံခြုံရေးကောင်စီမှ နောက်ဆုံးထုတ်ပြန်သော ကြေညာချက်တွင်ပင် မည်သည့် ဝေဖန်ပိုင်းခြားမှုမျိုးမှ မပါခဲ့။ “ဂါဇာနှင့် ဆက်စပ်နေသည့် ပြဿနာတွင် အရပ်သားများ အသက်ဆုံးရှုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ များပြားလာခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ယိုယွင်းလာမှုနှင့် စပ်လျဉ်း၍ မိမိတို့ လုံခြုံရေးကောင်စီမှ အလွန်အမင်း စိုးရိမ်မိပါသည်” ဟူ၍သာ ဖော်ပြခဲ့လေသည်။
၂၀၁၂ ခုနှစ်က ကုလတွင် အဖွဲ့ဝင်မဟုတ်သော စောင့်ကြည့်လေ့လာသူအဖြစ် သတ်မှတ်ခံခဲ့ရသည့် ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးမှ ကျူးကျော်သိမ်းပိုက်နေခြင်းကိုပင် မရပ်တန့်နိုင်ခဲ့သည့် ကုလ၏ ယခုဆုံးဖြတ်ချက်ကလည်း လက်တွေ့တွင် ထိထိရောက်ရောက် ဖြစ်မလာခဲ့။
သံတမန်ရေးဘောလုံးကွင်းဖြစ်နေသော ပါလက်စတိုင်း
အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး၊ မွေးရပ်မြေအား သိမ်းပိုက်ခြင်းခံထားရသူ ပါလက်စတိုင်းတို့၏ ဒုက္ခသုက္ခနှင့် စပ်လျဉ်း၍ စာရွက်ပေါ်တွင် ပြုလုပ်ခဲ့သည့် ကုလ၏ ဆောင်ရွက်ချက်များကဲ့သို့ အခြားကိစ္စရပ်များတွင် လုပ်ဆောင်ခဲ့ခြင်းမရှိ။ သို့သော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ ကာလတစ်လျှောက် ထိုဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက် ရာပေါင်းများစွာမှာ ကောင်အထည်ပေါ်မလာခဲ့။ ပိုဆိုးသည်က ဂရုပင် မစိုက်ခဲ့ကြချေ။
ကုလ၏ နိုင်ငံရေးစွမ်းအားများ နွံနစ်ခဲ့ရခြင်းမှာလည်း ပါလက်စတိုင်းကိစ္စထက် အခြားဘယ်ကိစ္စတွင်မှမရှိ။ ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် ကုလ၏ အရာမရောက်မှုမှာ စစ်အေးခေတ်ပြိုင်ဘက်နိုင်ငံများကြောင့်လည်း ပါဝင်သည်။ ဒါကပင် ၁၉၄၇ ခုနှစ်မှ ၁၉၉၀ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် ၆၉၀ ၏ ထက်ဝက်ကျော်မှာ မည်သည့်အတွက်ကြောင့် ဖြစ်မလာခဲ့သည်ဆိုသည့် အဖြေပင် ဖြစ်လေသည်။
ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက သိမ်းပိုက်မှုအား ရပ်တန့်ရေး ကုလ၏ ကြားဝင်ဆောင်ရွက်မှုကို ပျက်ပြယ်စေရန်အတွက် အမေရိကန်က ဦးဆောင်ကာ ပြုလုပ်နေသည်။ အစ္စရေး၏ ပေါ်လစီများကို ဝေဖန်ထားသည့် ကုလ၏ ဆုံးဖြတ်ချက် ၄၀ ကျော်ကို အမေရိကန် တစ်ဦးတည်းက ဗီတိုသုံး၍ ပယ်ချခဲ့သည်။ ထိုဆုံးဖြတ်ချက်များတွင် အမေရိကန်၏ မဟာမိတ်များကိုယ်တိုင် တင်သွင်းခဲ့သော ဆုံးဖြတ်ချက်များလည်း ပါဝင်၏။
ထိုနှောက်ယှက်မှုများက သိမ်းပိုက်မှု အဆုံးသတ်ရေးနှင့် ပြဿနာဖြေရှင်းရေးတို့တွင် ကုလမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည် ဆိုသော မျှော်လင့်ချက်များကို လျော့ပါးစေပြီး ပျောက်ပျက် သွားနိုင်လေသည်။ ၀မ်းနည်းဖွယ်ကောင်းသည်က နောက်ဆုံးတွင် ရလဒ်မှာ မည်သည့် အဖွဲ့အတွက်မှ အကျိုးမရှိစေဘဲ၊ ဒေသအတွင်း တည်ငြိမ်ရေးကိုလည်း ကူညီနိုင်မည် မဟုတ်ချေ။
ဘော့စနီးယား၊ ကိုဆိုဗို၊ ဆိုမာလီယာ၊ ကူဝိတ်၊ အီရတ်၊ အာဖဂန်၊ ဆီးရီးယား-လက်ဘနွန် ယခုနောက်ဆုံး တောင်ဆူဒန်တို့အပါအ၀င် စစ်အေးခေတ်အလွန် ပြဿနာ အများစုအား ကုလမှ တိုက်ရိုက်ပါဝင် ဖြေရှင်းမှုများမှာ ထင်သာမြင်သာရှိခဲ့သည်။ သို့သော် အရှည်ကြာဆုံး ပြဿနာဖြစ်သည့် ပါလက်စတိုင်း ကိစ္စမှာ ထိုအထဲတွင် မပါဝင်ခဲ့။
ထိုနည်းတူစွာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံရေးဆိုင်ရာ ကြားဝင်ရေးအတွက် ကုလ၏ မေတ္တာရပ်ခံမှုများ၊ တောင်းဆိုမှုများအားလုံးမှာ မသိကျိုးနွံ ပြုခံခဲ့ရသည်။ ကုလမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသော ကိစ္စမှာ ၁၉၉၇ ခုနှစ်တွင် အစ္စရေးက မတရားသိမ်းယူထားသည့် ပါလက်စတိုင်းပိုင် ဟီဘရွန်ဒေသသို့ ကုလမှ လက်နက်မဲ့ စစ်ဆေးရေးအရာရှိ အနည်းငယ်ကို စေလွှတ်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ဖြစ်ပွားနေသော ဥပဒေချိုးဖောက်များအတွက် လူသိရှင်ကြား ပြောဆိုရန် ၎င်းတို့တွင် အခွင့်အာဏာမရှိခဲ့။
ဝါရှင်တန်က ကြားဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြယ်ပြီးနောက် ကုလအား နိုင်ငံရေးဆိုင်ရာ အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် ခွင့်ပြုခဲ့သည်။ အီးယူ၊ ရုရှားတို့နှင့်အတူ အမေရိကန်ပြုသမျှ နုရသည့် အဆင့်သာဖြစ်၏။
ရှက်စရာကောင်းသည်
ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အရာအားလုံးကို အစ္စရေးက ချိုးဖောက်ခဲ့၏။ ထိုဆုံးဖြတ်ချက်များတွင် ဂျေရုစလင် အပါအ၀င် ၁၉၆၇ ခုနှစ်မှစတင်က ကျူးကျော်သိမ်းပိုက်ထားသည့် အာရပ်နှင့် ပါလက်စတိုင်းတို့၏ နည်မြေတည်ဆောက်ပုံများ၊ ပထ၀ီ အနေအထားများနှင့် အမှတ်သညာများကို ပြောင်းပစ်ရန် အစ္စရေးတို့၏ လုပ်ဆောင်ချက်များကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားသည့် ၁၉၈၀ တွင် ထုတ်ပြန်သော ဆုံးဖြတ်ချက်အမှတ် ၄၆၅ လည်း ပါဝင်လေသည်။
၁၉၆၇ ခုမှစ၍ အာရပ်တို့၏ နယ်မြေများအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုများကို ရပ်တန့်ရန် လိုအပ်သည်ဟု ထပ်မံဖော်ပြထားသော ဆုံးဖြတ်ချက်အမှတ် ၄၇၆ မှာလည်း ပယ်ချခြင်း ခံခဲ့ရလေသည်။ အမေရိကန်နှင့် အစ္စရေးတို့ လက်ခံသည့် တစ်ခုတည်းသော ကုလ၏ ဆုံးဖြတ်ချက်မှာ ၁၉၆၇ ခုနှစ်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် အမှတ် ၂၄၂ ဖြစ်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်မှာ အခြေခံ သံတမန်ရေး ဖြစ်စဉ်ဖြစ်၏။ ထိုဆုံးဖြတ်ချက်တွင် “အင်အားသုံး၍ ပိုက်နက်များအား သိမ်းပိုက်မှုကို လက်မခံနိုင်ပါ” ဟု ဖော်ပြထားသော်လည်း အစ္စရေးကမူ ထိုဆုံးဖြတ်ချက်ကို စနစ်တကျချိုးဖောက်ကာ ပါလက်စတိုင်း ပိုက်နက်အတွင်း တရားမ၀င်အိမ်ရာများကို ဆက်လက် ဆောက်လုပ်နေခဲ့လေသည်။
အစ္စရေးက အမြတ်ထွက်နေပြီး ပါလက်စတိုင်းက ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည့် ထိုကိစ္စတွင် နိုင်ငံတကာအသိုင်းအ၀ိုင်း ဆိုသည်က “နိုင်ငံတကာနှင့် ဆိုင်သော” သို့မဟုတ် “လူ့အသိုင်းအ၀ိုင်း” ကဲ့သို့သော ပြုမူဆောင်ရွက်ခြင်းမျိုး မရှိခဲ့။ ပို၍ ဆိုးဝါးသည်က အနောက်နိုင်ငံများကို ရည်ညွှန်းသည့် “နိုင်ငံတကာအသိုင်းအ၀ိုင်း” အတွက် ဆောင်ရွက်ကြသူများကသာ ပါလက်စတိုင်းတွင် ကုလ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုကို နှောက်ယှက်ကြသူများ ဖြစ်ခဲ့လေ၏။
ထိုအခြေအနေမှာပင် ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဌာန်းခဲ့သည့် ဆုံးဖြတ်ချက် ၁၉၄ ကို အစ္စရေးက လက်ခံခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလ၏ ဆုံးဖြတ်ချက်များကို လေးစားရမည်ဆိုသည့် ကတိက၀တ်ကြောင့်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်တွင်ပါဝင်သည့် ပါလက်စတိုင်းဒုက္ခသည်များအား အိမ်ပြန်ပို့ရေးကို အကောင်အထည်ဖော်ခဲ့လေသည်။ သို့သော်လည်း တစ်သန်းကျော်သော ထိုဒုက္ခသည်များက ဂါဇာကမ်းမြှောင်ဒေသ အစ္စရေး၏ ပိတ်ဆို့မှုအောက်တွင် ဒုက္ခများ ဆက်လက်ခံစားနေရစဲပင် ဖြစ်လေသည်။
မကြာသေးခင်က ဂါဇာဒေသအပေါ် အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုပြဿနာအတွက် လုံခြုံရေးကောင်စီက တုံ့ပြန်မှုများ လုပ်ခဲ့၏။ သို့သော် မိတ်ဖက်များကြား ဖြန်ဖြေသကဲ့သို့သာဖြစ်ပြီး ပါလက်စတိုင်းဒုက္ခသည်များ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခများကို ခါးခါးသီးသီး ခံစားနေရသည်ဆိုသည့်အချက်ကို ထည့်သွင်းမစဉ်းစားခဲ့ပေ။
ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ကမူ ပါလက်စတိုင်း-အစ္စရေး ပြဿနာအား ဖြေရှင်းရန်နှင့် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေသည့် ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေးက သိမ်းပိုက်မှုကို အဆုံးသတ်ရန် မစွမ်းဆောင်နိုင်မှုက ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အဖွဲ့ကြီး၏ ဘက်မလိုက်ရေး မူဝါဒနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာမည်ဟု သတိပေးခဲ့လေသည်။
ထိုထက်ပိုအရေးကြီးသည်က ပါလက်စတိုင်းဒေသ မတည်ငြိမ်ခြင်း၊ အစ္စရေးတို့၏ အနိုင်ကျင့်မှုများကို ပါလက်စတိုင်း ပြည်သူများ ခါးစည်းခံနေရခြင်းပင် ဖြစ်ပေတော့သည်။
အလ်ဂျဇီးယားသတင်းဌာနမှာ ဆောင်းပါးရှင် Marwan Bishara ၏ On the UN and war in Gaza ခေါင်းစဉ်ဖြင့် ဆောင်းပါးကို လေးမောင် ဆီလျော်အောင် မြန်မာမှုပြုပါသည်။
Comments