သြဂုတ် ၃၁ ၊ ၂၀၁၄
M-Media
-ဆောင်းပါးရှင်- ညီသွေး
လွှတ်တော်ကြီး အနီး
ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
လေးပါးစုံညီတွန်းလျှင် ရွေ့နိုင်ပါ၏။
လူဆိုတဲ့သတ္တ၀ါက ယဉ်ကျေးမှုစင်တာကြီးတွေ၊ အသိပညာမျိုးစုံ စည်ပင်စေတဲ့ တက္ကသိုလ်ကြီးတွေ တည်ထောင်နိုင်ခဲ့တယ်။ လူဆိုတဲ့သတ္တ၀ါက ကျမ်းစာတွေ တရားဓမ္မတွေ ပြုစုပြဋ္ဌာန်းနိုင်ခဲ့တယ်။ အဲ့ဒီလူစုကပဲ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ထုတ်ပြန်လို့ ကျေးပိုင်ကျွန်ပိုင်စနစ်တွေ ရိုက်ချိုးနိုင်ခဲ့တယ်။ အဲ့ဒီလိုလူ့လောကကြီးက အမြဲ သတိရတမ်းတပြီး အမြဲကျေးဇူးတင်ထိုက်တဲ့ လူတွေ ရှိခဲ့သလို လူတစ်စု တစ်ဖွဲ့ကောင်းစားဖို့အတွက် တစ်တိုင်းပြည်လုံး ချောက်ထဲ တွန်းပို့ခဲ့တဲ့လူတွေ၊ ကိုယ့်လူမျိုး အသာစံရဖို့ဆိုပြီး အခြား အသွင်မတူ မျိုးကွဲ လူနည်းစုတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ်တဲ့လူတွေ၊ လက်ဗလာ ခြေဗလာ ပြန်သွားရမယ် ဆိုတာ သိသိကြီးနဲ့ ဘယ်လိုစောဒကမှ တတ်နိုင်စွမ်းမရှိတဲ့ ခရီးတစ်ခုကို တစ်ကိုယ်တည်း ထွက်ခွာသွားရမယ်ဆိုတာ ကျိန်းသေနေတဲ့ကြားထဲက တစ်အုပ်စုပေါ် တစ်အုပ်စု တစ်နိုင်ငံပေါ် တစ်နိုင်ငံ ကျူးကျော်ရန်စ အနိုင်ကျင့် သိမ်းပိုက်ချင်နေတဲ့ လူ့ဗာလတွေလည်း ရှိနေပါသေးတယ်။
ကမ္ဘာ့မြေပုံပေါ်မှာ အေးချမ်းတဲ့ နေရာဒေသ သာယာချမ်းမြေ့မှုရှိတဲ့ အရပ်ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ။ နိုင်ငံတိုင်းမှာ ပြည်တွင်းစစ် (သို့) သူပုန်ထမှုဆိုတာရှိတယ်။ မငြိမ်းမချမ်း ဆန္ဒပြမှုတွေရှိတယ်။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေရှိတယ်။ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုး အချမ်းသာဆုံးတိုင်းပြည် သံယံဇာတကြွယ်ဝပေါများဆုံးတိုင်းပြည်၊ အငြိမ်းချမ်းဆုံးဘာသာတရား၊ အဆုံးအမနဲ့အညီ နေထိုင်ခဲ့ကြတဲ့ တိုင်းပြည်၊ လောကွတ်ပြုရာ ဗြဟ္မစိုရ် တရား များစွာပေါကြွယ်ဝတဲ့လူမျိုးတွေ ရှိခဲ့တဲ့ ဒီတိုင်းဒီဋ္ဌာနီမှာတောင် လူတစ်စုရဲ့ ခလောက်ဆန် မွှေနှောက်မှုကြောင့် ဘယ်လောက်တောင် ဆင်းရဲနိမ့်ကျ ချွတ်ခြုံကြခဲ့ရသလဲ။ နေ့စဉ်ရက်ဆက် လူထု ဆန္ဒပြထုတ်ဖော်ပွဲတွေ၊ ဒီအကြောင်းတရားတွေ ကြားထဲက သားသေလင်ပျောက် ဒုက္ခရောက်ခဲ့ရတဲ့ မိသားစုတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအတွင်းက တဖြေးဖြေးတိုးလာတဲ့ လူဦးရေတွေ၊ အကျဉ်းစခန်း၊ စစ်ကြောရေးစခန်းတွေထဲမှာ စတေးခံလိုက်ရတဲ့ နိုင်ငံသားတွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ မြေစာပင်တွေ၊ အပြစ်မဲ့တွေ။
ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် လူတစ်စု၊ ဒီလူတစ်စုရဲ့ အင်အားက အလွန်ကြီးပါသည်။ မီဒီယာတွေကိုပိုင်သည် အသံလွှင့်ဌာနတွေကို ပိုင်သည်။ ဘဏ်အကြီးကြီးတွေကို ပိုင်သည်။ အကျဉ်းထောင်တွေကို ပိုင်သည်။ တရားရုံးတွေ တရားသူကြီးတွေကို ပိုင်သည်။ ပဋိပက္ခတွေကို ပိုင်သည်။ သာသနာပိုင်တွေ တောင်ပိုင်သည်။ အကြမ်းဖက်သမားတွေကို ပိုင်သည်။ အများညီညီ မညီညီ ဤကို ကျွဲဟု လုပ်နိုင်သည်။ အမြဲတမ်း ‘ငါးပျံ’အလှည့်ချည်းပဲ လုပ်နိုင်သည်။ ပလိုင်းပေါက်နှင့်လည်း ဖားကောက်နိုင်သည်။ ရေဗူးပေါက်နေလည်း ရေပါအောင် လုပ်နိုင်သည်။ အလွန်ကြီးမား မြန်ဆန်လွန်းတဲ့အရှိန်နဲ့ သွားနေတာဆိုတော့ သူတို့ကို ဘယ်သူမှ ရပ်တန့်အောင် ကြိုးစားနိုင်မှာ မဟုတ်တဲ့အပြင် သူတို့ကိုယ်တိုင်လည်း ပြန်ပြီးရပ်တန့်အောင် လုပ်နိုင်တော့မှာ မဟုတ်တော့။ အလွန်မြန်တဲ့ယာဉ်ကို ရုတ်တရက် ရပ်တန့်အောင် လုပ်မည်ဆိုလျှင် ကြောင့်ကျတော့ကြမည်မဟုတ်။
ဤကဲ့သို့သော အစိုးရ၀န်ကြီးဋ္ဌာနများသည် မြန်မာနိုင်ငံ၌ အကယ်စင်စစ်တည်ရှိခဲ့ပါသည်။ ‘ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သည့်ကိစ္စရပ်များကို ဋ္ဌာနပေါင်း ၃၉-ခုရှိသည့်အနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလွဲ၍ ကျန်ဝန်ကြီးဋ္ဌာန ၃၈-ခုမှ ချိုးဖောက်ထားပါသည်။’တဲ့ ‘ဗဟိုအဖွဲ့အစည်းဌာနများ၏ ဥပဒေ၊ နည်းဥပဒေ ဘဏ္ဍာရေးစည်းမျဉ်း၊ ၀န်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းနဲ့မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များက ၂-နှစ်အတွင်း အကြိမ် ၅၀၀-ကျော်တဲ့’ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အဆိုတင်သွင်းချက်မှတဆင့် ပြည်သူတွေ သိခွင့်ရတာပါ။ ‘မခင်ပုံနှင့်လောက်’ကွက်တိဆိုသလို ဒီလိုအစိုးရဌာနမျိုးတွေ ပိုင်ဆိုင်ထားတဲ့ တစ်နည်းအားဖြင့် မြွေပွေးတွေ ခါးပိုက်ပိုက်ထားတဲ့ တိုင်းပြည်မျိုးမှ မဆင်းရဲရင် ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မဆင်းရဲတော့ဘူး။ အဲ့ဒီလိုတိုင်းပြည်မှာမှ လူလာဖြစ်ရ၊ စာနယ်ဇင်းသမားလာဖြစ်ရ၊ နိုင်ငံရေးသမား လာဖြစ်ရတာကတော့ ဓါးသွားပေါ်က ပျားရည်စက်ကို လျက်ရသလို၊ ကောင်းအောင် ကြိုးတန်းပေါ် လျှောက်ပြနေရတဲ့ ဆက်ကပ်သမားလို အမြဲ သတိနဲ့ အသိ အကြီးကြီး ထားနေရမှာပါ။
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။
အမှန်တရားဘက်တော်သားတွေကို ဒီလိုအစိုးရမျိုးက ဘယ်တော့မှ မျက်နှာသာ မပေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ မျက်နှာစာမှာတော့ အမြဲ ဂုဏ်သိက္ခာမြင့်မားနေမှာပါ။ အဓိက ကတော့ အမှန်တရားကို ချစ်မြတ်နိုးဖို့ပါပဲ။ အမှန်တရားဆိုတာ သဲပွင့်လေးပဲ ဖြစ်နေပါစေ။ ကမ္ဘာမြေကြီးနဲ့ ပါဝင် ပေါင်းစပ်နိုင်လိုက်ရင် ဘယ်လောက် အင်အားကြီးသွားမယ်။ အမှန်တရားဟာ ရေတစ်စက်ပဲဖြစ်နေပါစေ။ သမုဒ္ဒရာကြီးနဲ့ ပတ်သက်နိုင်လိုက်ရင် ဘယ်လောက်ကျယ်ပြန့်နက်ရှိုင်းသွားမလဲ။ အဲ့ဒီ အမှန်တရားကို ပြည်သူတွေ သိအောင်လုပ်ပြနိုင်ဖို့က စတုတ္ထမဏ္ဍိုင်ရဲ့ အဓိကတာဝန်ပါပဲ။ ထောင် ၁၀-နှစ်ဆိုတာ ဆူးတစ်ကြိုးတစ်ထပ်လား၊ ပုဒ်မ ၁၈ ဆိုတာ မုန်တိုင်းတစ်ခုလား။ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုနေသူ အားလုံးအတွက်တော့ ရှေ့ဆက်ရမယ့်လမ်းမှာ ဒါတွေဟာ ကြိုတင်ရောက်နှင့်နေမယ့် ဧည့်ကြိုတွေအဖြစ်သာ သတ်မှတ်ထားလိုက်ပါ။
အမှန်တရားဆိုတာ
မာတိကာ အသစ်မှာ
စာမျက်နှာတစ် ဖြစ်ခွင့်မရလည်း
တောအုပ်ထဲ အရိပ်နင်းခံတဲ့ သစ်ပင်လို
အရပ်ထက် မြင့်မှာပဲ။
တိုင်းသူပြည်သားအားလုံးရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လို့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တဲ့ လေးပါးစုံညီ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်နိုင်တာ ဘာကြောင့်လဲဆိုတာ အရင် အဖြေရှာသင့်ပါတယ်။ ဥပမာအားဖြင့် လက်ရှိမြန်မာအစိုးရရဲ့ အဓိကခေါင်းဆောင်ပိုင်းနေရာတွေကို တာဝန်ခွဲဝေချထားပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အသွင်ကူးပြောင်းရေးကို ဦးဆောင်လမ်းပြ မြေပုံရေးဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေထံ အရင်သွားရောက်ပြီး အကြံဥာဏ်ကောင်းများ၊ လမ်းညွှန်မှုကောင်းများ တောင်းခံသင့်ပါတယ်။ ဖာရိုဘုရင် (ဒုတိယမြောက် ရမ်မဆီ)ထံ တမန်တော်ဂျိုးဇက်က ဒီလို တောင်းဆိုခဲ့ပါတယ်။
‘ငါ့လူတွေကို ပေးသွားခွင့်ပြုပါတော့’တဲ့ ထိုပုဂ္ဂိုလ်ကြီးများ အနေကလည်း ဒီတိုင်းပြည်ကြီးကို ပေးကောင်းဖို့ သင့်တဲ့အချိန် ရောက်နေပြီဆိုတာ သိနေမှာပါ။ အမမေစု အနေနဲ့ အရိုးရှင်းဆုံး နှလုံးသား သန့်သန့်နဲ့ လိမ်မာသိမ်မွေ့စွာ ကြိုးစား ချဉ်းကပ်သွားမယ်ဆိုလျှင် ဒီတွေ့ဆုံဆွေးနွေးမှုများ အထမြောက်ပြီး ပြည်ထောင်စုကြီးရဲ့ သမိုင်းဝင်နေ့ရက်များ ဖြစ်လာမှာပါ။ ထိုပုဂ္ဂိုလ်ကြီးများလည်း တစ်တိုင်းပြည်လုံးရဲ့ မေတ္တာကိုပြန်ရ၊ နောက်ဆုံး သံသရာ ခရီးမှာ လည်း ဖြောင့်တန်းချောမွေ့ငြိမ်းချမ်း၊ ပြည်ထောင်စုအကြီး အပေါ် ပေးဆပ်ဖို့ တင်ကျန်နေတဲ့ အကြွေးများလည်း ကြေအေး၊ ဘယ်လောက်တောင် ချမ်းမြေ့သာယာမယ့် အနာဂတ် လမ်းပါလဲ။ အားလုံးဝိုင်းစဉ်းစားသင့်ပါတယ်။ PR တို့ ပြည်ထောင်စု လွှတ်တော်တို့၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတို့ဆိုတာ ထိုပုဂ္ဂိုလ်ကြီးများရဲ့ ပင်လယ်မှ ရေမြှုပ် အဆင့်သာရှိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးများရဲ့လက်နဲ့ ရေးခဲ့တာတွေဟာ ဒီပုဂ္ဂိုလ်ကြီးများရဲ့ correction pen နဲ့ပဲ ပြန်ဖျက်မှ အဆင်ပြေနိုင်မှာပါ။
ဘာကြောင့် ဒီတွေ့ဆုံဆွေးနွေးမှုတွေ အရင်လုပ်သင့်သလဲဆိုတာ အောက်ပါ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကိုကြည့်ပြီး သဘောပေါက်နိုင်ပါတယ်။ ဒီအခင်းအကျင်းတွေကတော့ အများမညီပေမယ့် ဤက ကျွဲဖြစ်သွားတဲ့ လွှတ်တော်ထဲက PR က သက်သေပဲ မတော်မတရား နိုင်ငံအနှံ့ မြေယာသိမ်းမှုတွေက သက်သေပဲ။ ဆန္ဒပြ ထုတ်ဖော်တောင်းဆိုမှုတွေကို အကြမ်းဖက်နှိမ်နင်းနေတာက သက်သေပဲ။ တစ်သက်လုံး အစိုးရလာတဲ့ သမ္မတဆိုတဲ့သူထံ လွှတ်တော် နာယကကြီးက စာပို့တော့မှ အစိုးရက ၀င်ရောက်စွက်ဖက်လို့ မရဘူးလို့ အကြောင်းပြန်လိုက်တာက သက်သေပဲ။ ထောင်ဒဏ်အမိန့်ချပြီးမှ ဒီအမိန့်တွေဟာ တပ်ကလာတာပါလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ တရားသူကြီးရဲ့ နှုတ်ထွက်စကားက သက်သေပါပဲ။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။ တပ်အသုံးပြုရန် လိုအပ်၍ ပြန်လည် စွန့်လွှတ်ခြင်း မပြုဘူးဆိုတဲ့ သိမ်းဆည်းခံ လယ်ယာမြေဧက ၃၅၁၀၃၃.၇၃၈ ဧက က သက်သေပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ရက်အတွင်းမှာတောင် တိုက်ပွဲတွေ ပြန်ဖြစ်နေတာက သက်သေပဲ။
ပြည်သူလူထုဆိုတာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုတာတို့၊ ပြည်နယ်ဝန်ကြီးချုပ် မည်သူဆိုတာတို့ကို မှတ်တမ်းတင်တာ မဟုတ်ဘူး။ သူတို့ရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို မျှဝေခံစား၊ ကူညီ ရင်ဆိုင်ဖြေရှင်းပေးတဲ့သူတွေကိုသာ နှလုံးသားက မှတ်တမ်းတင်တတ်ကြတဲ့အမျိုးပါ။ အဲ့ဒီပြည်သူဆိုတာ သူတို့ရဲ့ ဘ၀တွေကို ပန်းပွင့်တွေလို ဝေဆာစည်ပင်လာအောင် ဥယျာဉ်မှူးကောင်းတစ်ယောက်လို ယုယ၊ သူတို့လျှောက်လှမ်းမယ့် လမ်းခရီးမှာ တံတား တစ်စင်းလို ကျောခင်းပေးနိုင်မည့် သူဖြစ်မှသာ ခေါင်းဆောင်ကောင်းဘွဲ့ဆိုတာကို ဖဲကြိုးဖြတ်၊ ကဗ္ဗည်းတင်ပေးဆပ်မှာပါ။
ကဗျာဆရာကြီး အော်ဒင်က ‘ကဗျာဆိုတာ မမေ့နိုင်တဲ့ စကားစု’တဲ့။ ဒီလိုသာဆိုလျှင် ရာဇ၀င်သက္ကရာဇ်ပြန်လှည့်ရစ်ကြည့်ပါက မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ နေ့ရက်တွေဟာ ပြည်သူလူထုရဲ့ ကဗျာဆန်သော နေ့ရက်တွေလို့ ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။ ၈၈ အရေးအခင်း နေ့ရက်များ၊ လက်ပံတောင်အရေးအခင်း နေ့ရက်များ၊ သမဂ္ဂဖြိုနေ့ရက်များ၊ ရွှေဝါရောင် သံဃာအရေးအခင်း နေ့ရက်များ၊ ရခိုင်ပဋိပက္ခနေ့ရက်များ စသည် စသည် ကဗျာဝါကျရှည်ကြီးဖြစ်သွားမယ့် နေ့ရက်များကို ရင်ဝယ်ပိုက်ခဲ့ရတာ ဒီပြည်သူတွေပါပဲ။ အဓိက သက်ဆိုင်သူကြီးများထံ ဒီပြည်သူတွေရဲ့ကိုယ်စား ဒီလို တောင်းဆိုပေးလိုက်ချင်ပါတယ်။
‘ဒီပြည်သူတွေကို လွတ်မြောက်ခွင့် ပေးလိုက်ပါတော့။’
‘သွေးရောင်လွှမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံး လွန်မြောက်ပါစေတော့။’
လွှတ်တော်ကြီး အနီး
ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
လေးပါးစုံညီ တွန်းလျှင် ရွေ့နိုင်ပါ၏။
ညီသွေး
Comments