ငြိမ်းချမ်းအေး
၁၁၊ စက်တင်ဘာ၊ ၂၀၁၃
Artificial Sweeteners တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်။ ဖျက်အားမြင့် ဓါတုလက်နက်တွေ အီရတ်မှာ ရှိတယ်။ လင်ခဏ ခဏ ယူတတ်တဲ့ ရုပ်ရှင်မင်းသမီးချောက အချစ် အတွက် လက်ထပ်တယ်။
ဒါတွေဟာ စာနယ်ဇင်း မီဒီယာ တွေမှာ တွေ့ရတတ်တဲ့ သတင်းခေါင်းကြီးတွေပါ။
Die Hard 4 (၂၀၀၇) ဇာတ်ကား အဖွင့်မှာပါတဲ့ IT Geek လက်မမျိုးဆက် ခေတ်လူငယ် ကောင်လေး နဲ့ မျိုးဆက်ဟောင်း ရဲအရာရှိ ဂျွန်မက္ကလိန်း တို့ရဲ့ စကားပြောခန်းက စိတ်ဝင်းစားဖို့ ကောင်းတယ်။
အိုင်တီပညာရှင် Hacker ကောင်လေးကို စစ်ဆေးမေးမြန်းဖို့ ဝါရှန်တန် ကို ခေါ်လာတဲ့ လမ်း ကားပေါ်မှာ ပထမ ရဲအိုကြီးက CCR ရဲ့ Classic Rock သီချင်းတွေ လွှင့်နေတဲ့ ရေဒီယိုလိုင်းကို ဖမ်း နားထောင်နေတယ်။
ကောင်လေးက “အိုတိုင်း၊ ဟောင်းတိုင်း ဂန္တဝင်မြောက်တယ်လို့ မဆိုနိုင်ဘူး” လို့ ဆိုလိုက်တယ်။ ရဲအိုကြီးက ပြန် အငြင်းမပွားဘဲနဲ့ ခဏနေတော့ သတင်းလိုင်း ကို ပြောင်းလိုက်တယ်။ အဲဒီအခါမှာလည်း ကောင်လေးက သိပ်ကျေနပ်ပုံ မရဘူး။
ဒါနဲ့ ရဲအိုကြီးက “ဘာလဲ… မင်းက သတင်းတွေ နဲ့လည်း ပြဿနာ ရှိတာပဲလား (သတင်းတွေကိုလည်း မကြိုက်ပြန်ဘူးလား)” လို့ မေးတယ်။
ကောင်လေးက ပြန်ဖြေတယ်။
“ဟုတ်ပါ့ ဗျာ။ ကျနော့် မှာ သတင်းတွေနဲ့ ပတ်သက်လို့ သိပ်ကို ကြီးမားတဲ့ ဘုရားစူး (သောက်) ပြဿနာ တွေ ရှိတာပေါ့..” လို့ ပြန်ဖြေရင်း နေ့စဉ်၊ နေ့တိုင်း ကြားနေရ၊ မြင်နေရသမျှတွေဟာ မီဒီယာ အုပ်စု ကြီးတွေရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ် ကြိုးကိုင် ပြုပြင်ထားတဲ့၊ သူတို့ မြင်စေချင်၊ ကြားစေချင်၊ ပုံဖော်ချင်တဲ့ မျက်နှာစာ အပိုင်းတွေသာ ဖြစ်ကြောင်း၊ လူတွေကို အကြောက်တရား နဲ့ အသက်ရှင် နေထိုင်စေဖို့ အမြဲ ကြိုးစားလေ့ ရှိကြောင်းတွေ ဆက်ပြောတယ်။
ကောင်လေး ပြောသွားတဲ့ သဘောဟာ အရင်းရှင် ကမ္ဘာ မီဒီယာ ရဲ့ သရုပ် အမှန်ပဲဖြစ်တယ်။ အဓိက ကမ္ဘာ့ မီဒီယာ အားလုံးရဲ့ ယေဘုယျ သဘောလည်း ဖြစ်တယ်။ အာဏာရှင် စနစ်မှာ သတင်းဟာ အင်္ဂါစုံ မွေးဖွားတဲ့ အဆင့်ကို မရောက်ဘူး။ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာကျ အများအားဖြင့် ပုံဖျက် မွေးဖွားခြင်းခံရတယ်။
ဒီလိုနဲ့ သတင်းတွေဟာ လူတွေကို ယောဂ သင်တန်းတွေ သွားစေတယ်။ “စိတ်ဖိစီးမှု” ဆိုတဲ့ စကားလုံး က လူတွေကို ထပ်ဆင့် စိတ်ဖိစီးစေတယ်။ အစား အစာတွေကို ရှောင်စေတယ်။ လက်ဖက်ရည်လေး၊ ကော်ဖီလေး တခွက် သောက်ဖို့ကို ကြောင့်ကြစေတယ်။ ဘာကို ယုံရမှန်း မသိဖြစ်စေတယ်။ အကြောက်တရား နဲ့ နေထိုင်စေတယ်။
“War On Terrorism” ဆိုတာ မှန်ပါ့လား၊ ဟုတ်ပါ့လား၊ လိုပါ့လား တွေ ဖြစ်ကုန်စေတယ်။ လူတချို့ကို အစွဲနဲ့ ကြိုတင်ကောက်ချက်တွေ ဖြစ်စေတယ်။ အပေါ်ယံ လူပုံပန်း သဏ္ဌာန် ကို ကြည့်ပြီး အကျင့်၊ စာရိတ္တ ကို မှန်းဆ ကောက်ချက်စွဲမှုတွေ ဖြစ်စေတယ်။
ဒီလိုနဲ့ “War On War-Mongers” “စစ်ကိုဖန်တီးလိုသူတွေကို ဆန့်ကျင်ဖို့၊ တိုက်ခိုက်ဖို့၊ အပြစ်တင်ဖို့” လူအများ မေ့ကုန်ကြတယ်။ စစ်ကြောင့် ကျိကျိတက် ချမ်းသာ အကျိုးစီးပွားရနေသူတွေ ရဲ့ သတင်းတွေ မှိန်ကုန်တယ်။ ဘဏ္ဍာရေး နဲ့ ငွေကြေး အုပ်စုကြီးတွေ က လူတွေရဲ့ ဦးရေခွံတွေ ခွာနေတာ၊ ပါးပါးလှီးနေတာဟာ နောက်တန်းရောက်ကုန်တယ်။ စီးပွားရေးအုပ်စုကြီးတွေ ကမ္ဘာ အနှံ့ အလုပ်သမားတွေရဲ့ ဘဝကို ချနင်းရင်း ချမ်းသာ သထက် ချမ်းသာ၊ ကြီးထွားသထက် ကြီးထွားလာနေမှုတွေဟာ ခပ်ပါးပါးပဲ မြင်ရတယ်။ လမ်းပေါ်ကလူတွေ အကြောင်း၊ အဖေ ခေါ်စရာမရှိတဲ့ ကလေးတွေ အကြောင်း၊ ငွေကြေးအတွက် သွေးသားကို အရောင်းအဝယ် ပြုနေရသူတွေ အကြောင်းဟာ ထောင့်တနေရာမှာ ရောက်သွားတယ်။
နည်းပညာ မျိုးဆက် Touch Screen တွေပေါ် လက်ကလေးတွေ ကစားတတ်တဲ့ မျိုးဆက်သစ်က ဒီအနေအထား ကို လက်မခံဘူး။ ဒီလိုနဲ့ မီဒီယာ အုပ်စုကြီးတွေရဲ့ အာဘော်တွေနဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင် Blog တွေ ပေါ်လာတယ်။ Social Media တွေပေါ်ကနေ သတင်း နဲ့ အမြင်၊ အာဘော်တွေကို ဖြန့်တယ်။ ခေတ်သစ် ကွန်ပျူတာ အိုင်တီ Web နည်းပညာမှာ Wiki ဆိုတဲ့ စကား၊ သဘော နဲ့ နည်းပညာ ပေါ်လာတယ်။ Wiki technology ရဲ့ အဓိက အနှစ် သဘောက လူထုကို ပေးတဲ့ သတင်း အချက်အလက် Media ဟာ တလမ်းသွား မဟုတ်ဘဲ လူတိုင်းရဲ့ အမြင်၊ သဘော ဝင်ရောက်ဆွေးနွေး ဖလှယ် ရေးသား လို့ရခြင်း ဖြစ်တယ်။
(စကားချပ် – ခေတ်သစ် လူထုအခြေပြု လူထုစာနယ်ဇင်း ရဲ့ အားနည်းချက်တွေ အရင် ဖြစ်ရပ် အခြေပြု မျက်မှောက်ရေးရာ ဆောင်းပါးတချို့မှာ ထည့် ထောက်ပြဖူးပါတယ်။ အဓိက က ကျင့်ဝတ် နဲ့ သတင်း ပညာ အဆင့်အတန်းမမီမှု ဖြစ်တတ်ခြင်းပါ။ ဒါက သီးသန့် ဆွေးနွေးရမယ့် အကြောင်း ကိစ္စ ဖြစ်ပါတယ်။)
ဒီလို နည်းပညာတွေ၊ သဘောတွေနဲ့အတူ ခေတ်လူငယ် မျိုးဆက်သစ်ကို အုပ်စုတစုကနေ လှိမ့်ချင်တိုင်း လှိမ့်လို့ မရဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ မီဒီယာ လုပ်ငန်းကြီးတွေတိုင်းဟာ Web Media မှာ လူထု အသံကဏ္ဍတွေ၊ ဆွေးနွေးပွဲ Forum တွေ ကျယ်ကျယ်ပြန်ထည့်ပေးရရုံသာမက အခြား Media ပုံစံ တွေမှာလည်း ဘက်ပေါင်းစုံ၊ အမြင်ပေါင်းစုံ အတွက် နေရာပိုပေးလာရတယ်။
မျက်မှောက်ခေတ်ကို သတင်းနည်းပညာ ခေတ်လို့ သတ်မှတ်ကြတယ်။ မီဒီယာ ပေါ်မှာတော့ တကယ့် သဘောက အချက်အလက် Data ခေတ်လို့ပဲ ဆိုနိုင်တယ်။ ဒီအချက်အလက် အကြမ်း Raw Data ကို မှန်ကန်တဲ့ သတင်းအချက်အလက် ဖြစ်စေဖို့က နည်းပညာခေတ် ခေတ်လူသား ရဲ့ ကိုယ်ပိုင် တွေးခေါ်၊ မြော်မြင်၊ သုံးသပ်၊ ဆင်ခြင်နိုင်မှု ဖြစ်စဉ် ကိုယ်ပိုင် ဦးနှောက် Process လိုတယ်။ ဒီ ဖြစ်စဉ် Process အဆင့် ပြီးမှသာ မျက်မှောက် ကမ္ဘာ မီဒီယာ ပေါ်က မြင်ရ၊ ကြားရ၊ ဖတ်ရ သမျှဟာ တကယ့် Information သတင်း အမှန် ကို ဖြစ်စေတယ်။
ဒါပေမယ့် ဒီသဘောကို လူအများစု လုပ်လေ့ လုပ်ထ မရှိတော့ ယေဘုယျ သဘော နဲ့ အများစု ကတော့ ပြောင်းလဲမသွားပါ။ မီဒီယာရဲ့ လွှမ်းမိုးနိုင်စွမ်း၊ ပေးတဲ့ အချက်က ကြီးမား သက်ရောက်ဆဲပဲ ဖြစ်တယ်။ မီဒီယာ ကို လူတစုက ချုပ်ကိုင်နေဆဲပါပဲ။ ဒီလိုနဲ့ မီဒီယာ ရဲ့ ပုံဖော်မှုဟာ လူမှုဗေဒ၊ အတွေးအခေါ်၊ သမိုင်း နဲ့ ဖြစ်ရပ်တွေမှာ ကြီးကြီးမားမား သက်ရောက်ခဲ့၊ သက်ရောက်နေဆဲ ဖြစ်တယ်။
ဒါကြောင့် အင်အားကြီး မီဒီယာ (စာနယ်ဇင်း၊ ရုပ်ရှင်၊ စာပေ) ကျေးဇူးနဲ့ အပြစ်မဲ့သူတွေကို သတ်တာချင်း အတူတူ နာဇီတွေရဲ့ အဆိပ်ငွေ့ခန်းတွေဟာ ရုပ်လုံးကြွခဲ့ပြီး ကမ္ဘာ့လူအများ အော့နှလုံးနာစရာဖြစ်ခဲ့ရပေမယ့် ဟီရိုရှီးမား၊ နာဂါစာကီ က အဏုမြူ ငရဲခန်းပုံရိပ်တွေက မှေးမှိန်ခဲ့ရတယ်။ ဒါ့အပြင် “သမိုင်းမှာ ဒီလို မှ မလုပ်ရင် လူတွေ ပိုသေစရာ အကြောင်းရှိတယ်” ဆိုတဲ့ “မရယ်ရတဲ့ ဟာသ မှန်းဆသီအိုရီ” ကြီးဟာ ဘုရားဟော အလား တွင်သွားခဲ့တယ်။ နှစ်ပတ်လည် ရောက်တိုင်းမှာ ခံရတဲ့ နိုင်ငံက “ငါတို့ ဘိုးဘေးမျိုးဆက် သောက်သုံးမကျလို့ ခံရတာ၊ နည်းတောင် နည်းသေးတယ်၊ အမေရိကန်နဲ့တည့်အောင် ပေါင်းမှပေါ့” ဆိုတဲ့ အချိုးမျိုးနဲ့ နှစ်ပတ်လည် အခမ်းအနားတွေ ပြန်လုပ်ရသေးတယ်။ ဒါဟာ အားကောင်းတဲ့ မီဒီယာ ရဲ့ ပုံဖော်မှု အကျိုးတခုပဲ။
အနောက်မီဒီယာတွေဟာ အာရပ်တွေရဲ့ အကြမ်းဖက်မှုတွေ ကို အသားပေး ဖော်ပြတတ်ပေမယ့် အစ္စရေး ရဲ့ လူမျိုးတုံး စာရင်းဝင်တဲ့ ပါလက်စတိုင်းတွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ရက်စက်မှု ကျူးလွန်ပုံတွေကိုကျ အသာ ဆွံ့အ၊ နှားစေးနေတတ်ကြတယ်။ အာရပ် ကမ္ဘာ က အယ်လ်ဂျာဇီးယား နိုင်ငံတကာ မီဒီယာ လုပ်ငန်း ပေါ်လာတယ် ဆိုတာ အဲဒါကို တိုက်ဖျက်ချင်လို့ပဲ။ ပိုက်ဆံလည်း ချမ်းသာတော့ BBC တို့၊ CNN တို့လို အနောက် အင်အားကြီး မီဒီယာတွေက တကယ့် ပရိုတွေကို ငှား အာရပ်ကမ္ဘာရဲ့ အသံကို ဟစ်လိုက်တော့ အချိန်တိုအတွင်း ကမ္ဘာမှာ သြဇာရှိ နေရာရလာခဲ့တယ်။ ပြန်မှိုင်းတိုက်တယ်။ ဝါဒဖြန့်တယ်။
မီဒီယာ ကို မီဒီယာ နဲ့ တိုက် ဆိုတဲ့ ဗိုလ်ကျော်ဆန်း ဟာ အဲဒီ ဖြစ်စဉ်တွေကို ကြည့်ပြီး ခိုးတာပဲ။ မီဒီယာ ရဲ့ အား၊ ပုံဖော်နိုင်မှု၊ လမ်းကြောင်းနိုင်မှုဟာ သိပ်ကြီးကျယ်တယ်။ သိပ်ထိရောက်တယ်။ ဗမာ့နိုင်ငံရေး နဲ့ ဆက်စပ်ဆိုရရင် အခု စစ်အုပ်စုရဲ့ “လွှတ်တော်နိုင်ငံရေး” လမ်းကြောင်း အောင်မြင်သွားခြင်းက သူတို့ မီဒီယာ ကို အုပ်စီးနိုင်ခဲ့လို့ပဲ။ အင်အားကြီး၊ သြဇာရှိတဲ့ မီဒီယာ ကနေ “တတိယအုပ်စု” အမည်ခံ “စစ်အုပ်စုရဲ့ ဒူးမနာသား” တွေက “ချောတိုင်တက်” ဇာတ်လမ်း နေ့စဉ်ရက်ဆက် ခင်းပြခဲ့တာ ဘယ်ခံနိုင်မလဲ။ နောက်ဆုံး ဒီလမ်းပဲ လိုက်ကုန်တော့တာပေါ့။ သေတဲ့လူလည်းသေ၊ တချို့လည်း သေခါနီး နဲ့ ဒီကိစ္စ ထားပါ။ မီဒီယာ အား ကို မြင်သာအောင်သာ ဥပမာ ပေး ထည့်ဆိုတာပါ။ ကမ္ဘာ ကိုပဲ ပြန်သွားပါမယ်။
ဒီသဘောပဲ။ “ဓါတုလက်နက် ရှိတယ်” ဆိုတဲ့ ဝှက်ဖဲ ကို စစ်တိုက်ဖို့ လိုတိုင်း (စစ်တိုက်ချင်တိုင်း) ထုတ်သုံးတတ်တဲ့ အမေရိကန် ရဲ့ ဗီယက်နမ်က ဓါတု နပမ်းမီးဗုံးစစ် ဆယ်စုနှစ် တခုကြာ ဆင်နွှဲမှုဟာ၊ တနည်းအားဖြင့် ရက်စက်မှုဟာ ဟောလီဝုဒ် ရမ်ဘို ရုပ်ရှင်အောင်မြင်မှုကို မကျော်လွှားနိုင်ခဲ့ဘူး။
ဒီလိုနဲ့ အီရန်-အီရတ် စစ်မှာ မိမိ သြဇာ မခံတော့တဲ့ အီရန်ကို မလိုလားတဲ့ အတွက် အီရန်ကို ချေမှုန်းနိုင်ဖို့ အလို့ငှာ အီရတ် ကို ဓာတုလက်နက် စတင် တပ်ဆင်ပေးခဲ့သူ အမေရိကန်ဟာ ဓါတုလက်နက် ပိုင်ဆိုင်မှု အကြောင်းပြချက်နဲ့ပဲ နောက်ဆုံးမှာ အီရတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။
ဒီလိုနဲ့ “ဒါဟာ လွတ်လပ်မှု အတွက်ပါ၊ ရေနံအတွက် မဟုတ်ပါဘူး” ဆိုပြီး မီဒီယာ ရှေ့မှာ ဂုဏ်ယူ၊ ဝံ့ကြွားစွာ နဲ့ ဆိုမှုတွေဟာ ကမ္ဘာ့ လူထု လူပြိန်းများ၊ မကျက်တကျက် လူတန်းစားများ ရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့၊ ဖြစ်နေတယ်။
အာဏာရှင် တိုင်းပြည်တွေ၊ စနစ်တွေ မှာ တူညီတဲ့ ဝိသေသ လက္ခဏာ တခု က လူထု ကို ကြောက်အောင် “ဘုံရန်သူ” တခု ဖန်တီး ခြောက်ပြခြင်း ဖြစ်တယ်။ ဗမာပြည်မှာ ဆိုရင် “ဗကပ” နဲ့ လှည့်ခြောက်တတ်တယ်၊ “ပြည်ပအားကိုး ပုဆိန်ရိုး”၊ “ခေတ်သစ်ကိုလိုနီနယ်ချဲ့လက်သစ်များ” နဲ့ လူထု ကို လှည့် တိုက်တတ်တယ်။
အလားတူပဲ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာလည်း “ဘုံရန်သူ” တခု ဖန်တီး တဲ့ နည်းက ရှိတာပါပဲ။ စစ်အေးခေတ်တုန်းက ကွန်မြူနစ် တစ္ဆေ အိမ်မက်ဆိုးကြီး ကို လူထု ကို အမြဲမပြတ်မက်စေတယ်။ ဒီ “ဘုံရန်သူ” ကို အကာအကွယ်ပြုပြီး အစိုးရ နဲ့ အပေါင်းအပါ ကော်ပိုရေးရှင်းကြီးတွေဟာ မိမိအကျိုးစီးပွား စိတ်ကြိုက်လုပ်နိုင်ခဲ့တယ်။
စစ်အေး ခေတ် အလွန်မှာကျ “ကွန်မြူနစ် တစ္ဆေ” နေရာမှာ “အကြမ်းဖက်မှု တစ္ဆေ” ကို အစားထိုးခဲ့တယ်။ လွှမ်းမိုးနိုင်စွမ်းတဲ့ မီဒီယာ တွေကနေတဆင့် လူထုကို အကြောက်တရားမှာပဲ ဆက်နေစေတယ်။ အကြမ်းဖက်မှု အန္တရာယ် ကို အော်ဟစ်နေသူတွေရဲ့ အကြမ်းဖက်မှု ဖြစ်စဉ်၊ လုပ်ရပ်တွေကျတော့ “War on Terrorism” ခေါင်းစဉ်အောက်မှာ ပျောက်ကုန်တယ်။
အကြမ်းဖက်သမားကို လက်နက်တပ်ပေးခဲ့တာ၊ အကြမ်းဖက်သမားနဲ့ စီးပွားပေါင်းရှာခဲ့တာတွေဟာ သတင်းခေါင်းကြီးတွေရဲ့ ခြောက်လှန့်မှုအောက်မှာ ရောက်သွားတယ်။ မိမိနဲ့ နိုင်ငံရေး လမ်းစဉ် ဝါဒ မတူသူကို တိုက်တုန်းကကျ “လွတ်မြောက်ရေး တိုက်ပွဲဝင် သူရဲကောင်းတွေ” ဖြစ်ခဲ့ပြီး မိမိ နဲ့ ထိပ်တိုက်တွေ့တော့ကျတော့ “အကြမ်းဖက်သမားတွေ” ဖြစ်ကုန်တယ်။ ဗုံးခွဲမှုတခု၊ စစ်ပွဲ တပွဲ ကို မီဒီယာ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုဟာ အခြေအနေ အချိန်အခါ၊ အကျိုးစီးပွား အပေါ်မူတည်ပြီး “တော်လှန်ရေးဖြစ်စဉ်” (သို့မဟုတ်) “အကြမ်းဖက်မှုလုပ်ရပ်” ဆိုပြီး အစွန်းနှစ်ဘက် ကွဲပြားသွားတယ်။ တော်လှန်ရေးသမားခေါ်ခေါ်၊ အကြမ်းသမားပဲ ဆိုဆို အားလုံးဟာ စနစ်ရဲ့သားကောင် ဖန်တီးခံတွေပဲ ဖြစ်ကြောင်း အတွင်းသဘောဟာ မီဒီယာ မှာ ရေးရေးပဲ ပုံပေါ်တယ်။
အခု ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား ပုံရိပ်ကို မီဒီယာ ကျေးဇူးနဲ့ လူအများ အလွယ်သိကြတယ်။ ဗမာပြည်က ခေတ်ပညာတတ်ဆိုသူ ပြုတ်မနူးများ တောင် အကြမ်းဖက်မှု နဲ့ ဘာသာရေးကို တံဆိပ် အတူကပ်ချင်ကြတယ်။ အမှန်တော့ အကြမ်းဖက်မှုဆိုတာ ပုံစံမျိုးစုံမှာရှိတယ်။
နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အစွန်းရောက် မှု အားလုံးရဲ့ အဆုံးသတ်ဟာ အကြမ်းဖက်မှုပဲ။ ဘာသာတခု၊ လူမျိုးတခု၊ ဝါဒ တခု နဲ့ ပုံဖော်လို့ မရ။ နိုင်ငံရေး အရ ဆိုရင်လည်း လက်ဝဲ၊ လက်ယာစွန်းအားလုံးမှာ အကြမ်းဖက်မှု ရှိတယ်။ လူမျိုး ရေး အရဆိုရင်လည်း ကေသုံးလုံး က အကြမ်းဖက်သလို ဘလက်စက်တင်ဘာ ကလည်း အကြမ်းဖက်ခဲ့တာပဲ။ လက်ယာစွန်း ဟစ်တလာ လူသတ်ခဲ့သလို၊ လက်ဝဲစွန်း ပိုပေါ့ လူသတ်ခဲ့တာပဲ။
ဒါပေမယ့် မျက်မှောက်ခေတ် အင်အားကြီး မီဒီယာ အများစုမှာတော့ အုပ်စုအကျိုးစီးပွား အတွက် အကြမ်းဖက်မှု ပုံရိပ်၊ သဘောကို စိတ်ကြိုက် လိုသလို ပုံဖော်တယ်။ ဘာသာတခု ရဲ့ နာမည်ခံ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘာသာရေးနာမည်တပ် အကြမ်းဖက်သမား ခေါင်းစဉ်အောက် ပို့တတ်ပေမယ့် အလိုမရှိတဲ့ အခါမှကျ အပြစ်မဲ့သူတွေကို အုပ်စုလိုက် သတ်တာ အတူတူချင်း ရိုးရိုး ရာဇဝတ်မှု စာရင်းသွင်း မီဒီယာက ပုံဖော်တတ်တယ်။
9/11 အပြီးမှာ ဒီသဘောကို မီဒီယာ မှာ ပိုလို့ ပုံဖော်သွားနိုင်ခဲ့တယ်။
အခုလို 9/11 ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီး ဆယ်စုနှစ် တခု ကျော်လာတဲ့ အချိန်မှာ စေ့စေ့တွေးရင် ရေးရေးပေါ်စေတာက လူတွေရဲ့ ပူဆွေး၊ သောက၊ မျက်ရည် တွေဟာ အရင်းရှင်ကမ္ဘာ ရဲ့ အစိုးရတွေနဲ့ ကော်ပိုရေးရှင်း မီဒီယာကြီးတွေရဲ့ ကြိုးကိုင်၊ ပုံဖျက်မှုကို ခံခဲ့ရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ကမ္ဘာ့ပုလိပ် လုပ် သြဇာညောင်း ခြယ်လှယ်ချင်တဲ့ အရင်းရှင် အစိုးရတွေ နဲ့ အပေါင်းအပါ စစ်ပွဲ နဲ့ လက်နက်တွေ က နေ အကျိုးစီးပွား ဖြစ်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေ၊ ရေနံလုပ်ငန်းကြီးတွေ၊ စီးပွားရေးဘီလူးကြီးတွေ ကောင်းဖို့အတွက်ချည်းဖြစ်ရတယ်။
ဒါတွေကို ပုံဖျက် camouflage အကာအကွယ် ယူထားတာကတော့ အကြမ်းဖက်မှုကာကွယ်ရေး၊ အမျိုးသားရေး၊ မျိုးချစ်စိတ် စတဲ့ လူတွေ အတွက် သည်းခြေကြိုက်စေတဲ့ စကားတွေပဲ ဖြစ်တယ်။ ဒီလိုနဲ့ စစ်ပွဲတွေကို ဖန်တီးသူ၊ စစ်ပွဲတွေကနေ အကျိုးမြတ်ရနေသူတွေရဲ့ ရဲ့ သားသမီးတွေဟာ စစ်မြေပြင်နဲ့ ဝေးရာမှာ နေနိုင်ပေမယ့် လူထုအများစု ရဲ့ သားသမီးတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ အမည်ခံ စစ်မြေပြင်တွေမှာ သေနေရတယ်၊ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ခံစားနေရတယ်၊ စစ်ဒဏ်၊ စစ်အခွန်တော်တွေ ဖိစီးနေရတယ်။
နိဂုံးချုပ်ရရင် 9/11 လို ဖြစ်စဉ်မျိုးဟာ ငွေကြေး၊ အာဏာ ရူး များ နဲ့ ဘာသာရေး အရူးများ ထိပ်တိုက်တွေ့ခြင်းရဲ့ ရလဒ်ဖြစ်ပြီး 9/11 အလွန် (၁၀) စု နှစ်တွေမှာလည်း ဘက်နှစ်ဘက်စလုံး က အဆိုပါ သောက်ရူးများသာ အနိုင်ရလျက်၊ သာမန် ပြည်သူလူထု မှာတော့ စနစ်ရဲ့ သားကောင် မြေစာပင် ဖြစ်ရတဲ့ ဝမ်းနည်းဖွယ် ဖြစ်စဉ် သတင်းဖြစ်တယ်။ ဒီသတင်းမျိုးကို၊ ဒီသဘောကို အခုလို ဒဲ့ မီဒီယာ မှာတော့ တွေ့ရ၊ ဖတ်ရမှာ မဟုတ်ပါ။
ငြိမ်းချမ်းအေး
၁၁၊ စက်တင်ဘာ၊ ၂၀၁၃
မိုးမခ မှ ကူးယူဖော်ပြပါသည်။
http://www.moemaka.blogspot.com/2013/09/nyein-chan-aye-911-thoughts.html
Comments