နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
– လွန်ခဲ့သည် ၂ နှစ် အိုဘားမား မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့စဉ်က မြန်မာနိုင်ငံမှ ခေါင်းဆောင်များက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးရန် ကြိုးစားနေသော ကာလဖြစ်၏။ ထိုအချိန်မှာ စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်လာမည်လား ဟူ၍ မျှော်တလင့်လင့်ဖြစ်နေသောအချိန်လည်းဖြစ်သည်။
ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် အရှေ့တောင်အာရှ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲအတွက် အိုဘားမား မြန်မာနိုင်ငံသို့ ပြန်လည် လာရောက်ရန် ပြင်ဆင်နေချိန် တွင်လည်း မြန်မာခေါင်းဆောင်များမှာ ငြိမ်းချမ်းရေး ရရန်အတွက် ကြိုးစားနေဆဲပင်။သို့သော်လည်း တိုင်းပြည်အတွင်း ရာစုနှစ်ဝက်ကြာအောင် ရှိလာခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် မျှော်လင့်ချက်မှာတော့ မှေးမှိန်လျက် ရှိနေ၏။ တိုက်ပွဲငယ်များမှာ ဒေသအသစ်များတွင် ထပ်မံဖြစ်ပွားနေပြီး နိုင်ငံမြောက်ပိုင်းရှိ ဒေသခံပြည်သူ ၁၂၀၀၀၀ ကျော်မှာ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထို့ပြင် ဒုက္ခသည်ရာပေါင်း များစွာမှာလည်း အိမ်နီးချင်းနိုင်ငံ များတွင် ခိုလှုံနေရပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အလွန်အမင်း ကြောက်ရွံ့နေလေ၏။
မြန်မာနိုင်ငံသို့ အိုဘားမား ပထမဆုံး လာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင်တော့ ထူးခြားမှုများ ဖြစ်လာသည်။ ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရမှာ ကမ္ဘာကြီးက အံ့သြသွားရလောက်ပင် နိုင်ငံအားဖွင့်ပေးခဲ့ပြီး ဒီမိုကရေစီသို့ ပြောင်းလဲမည်ဆိုသည့် ၎င်းတို့၏ ကတိက၀တ်ကို ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြသည်။ အနောက်နိုင်ငံများက ထိုဆောင်ရွက်ချက်များကို သြဘာပေးခဲ့ကြပြီး စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖြေလျော့ပေး ခဲ့ကြလေသည်။
“၂၀၁၂ ခုနှစ်က ကျွန်တော်တို့ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်မှုတွေ အားလုံး ပျောက်ဆုံးသွားပြီး၊ အချည်းအနှီးဖြစ်ခဲ့ရပါတယ်” ဟု ဧရာဝတီဂျာနယ်ကို တည်ထောင်ခဲ့သူ နှင့် အယ်ဒီတာချူပ်ဖြစ်သူ ကိုအောင်ဇော်က ပြောကြားခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုအကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးပိုင်းတွင် ဆန္ဒနည်းပါသည်ဟု သူကဆိုသည်။
“သူတို့ကို အနောက်နိုင်ငံတွေက ဖိအားတွေနဲ့ ပိတ်ဆို့မှုတွေလျော့ချပေးလိုက်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာကို သူတို့ရလိုက်တယ်။ သူတို့လုပ်လိုက်တာ လုံလောက်သွားပြီလို့ သူတို့ ထင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ရန်သူဟောင်းများကို ပညာပြနိုင်ခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။ အထူးသဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အာဏာ သိပ်မရှိသည့် လွှတ်တော်အမတ်နေရာ ယူနိုင်ရန် ဗိုလ်ချုပ်ကြီးများက ခွင့်ပြုခဲ့သည်။ သို့သော်လည်း စစ်အာဏာရှင်ခေတ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သူမ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော စာပိုဒ်တစ်ခု ပါနေသည့်အတွက်ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အဟန့်အထားဖြစ်နေလေ၏။
နိုင်ငံ၏ အလုံးစုံသော အာဏာက စစ်တပ်လက်ထဲမှာပင် ရှိနေသည်။ စီပွားရေးကတော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများ သို့မဟုတ် အနားယူသွားသော အရာရှိဟောင်းများနှင့် ၎င်းတို့အား ပံ့ပိုးကူညီနေသည့် ခရိုနီများ၏ ထိန်းချုပ်မှုအောင်တွင် ရှိနေ၏။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ တောင်းလာသည့် တိုင်းရင်းသားလက်နက်ကိုင် စစ်တပ်ငယ်များနှင့် နိုင်ငံရေးအရ ခိုင်မာသော သဘောတူညီချက် ရရှိအောင် အစိုးရက ယခုအချိန်အထိ မစွမ်းဆောင်နိုင်သေး။ ထိုသဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရန်မှာ ၂၀၁၂ ခုနှစ် အိုဘားမားလာရောက်စဉ်က သမ္မဦးသိန်းစိန်ပေးခဲ့သော အဓိက ကတိက၀တ် ၁၁ ချက်မှ တစ်ချက်ဖြစ်ပြီး တိုင်းပြည်အတွင်း အရေးပါသော ကိစ္စရပ်လည်းဖြစ်လေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသား လူနည်းစုများဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များမှာ ကျောက်သံပတ္တမြား၊ ရွှေ၊ သစ်တောနှင့် ဘိန်းစိုက်ခင်းများ ပေါများသည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ထိနေသော မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်တစ်လျှောက် နေရာများကို ကွက်ကြားကွက်ကြား ထိန်းချုပ်ထား၏။
ဦးသိန်းစိန်အစိုးရမှာ ဆယ်စုနှစ်များအတွင်း ရှိခဲ့သည့် အစိုးရများထက် ငြိမ်းချမ်းရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နေသော အစိုးရဖြစ်သည်။ အတိုက်အခံများနှင့် ဆွေးနွေးပွဲများ ထပ်တလဲလဲပြုလုပ်သည်။ ကမ္ဘာ့ အရှည်ကြာဆုံး လက်နက်ကိုင် သူပုန်အဖွဲ့ KNU အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း ဆက်ဆံရေးရုံးများကိုလည်း ဖွင့်လှစ်သည်။ သူပုန်ရုံးခန်းများကို ဖွင့်ခွင့်ပေးကာ အရပ်သားများအား ယခင်နှစ်များထက်ပို၍ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့သည်။
သို့ရာတွင် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်၌ တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မည်သည့်အတိုင်းအတာအထိ ရရှိမည်၊ ပြည်ထောင်စုစစ်တပ် မည်ကဲ့သို့ဖွဲ့စည်းမည်၊ မည်သည့်အချိန်တွင် မည်သည့်အခြေအနေမျိုးဖြင့် တိုင်းရင်းသားလက်နက်ကိုင်များက လက်နက်ချရမည် စသည့်အချက်များနှင့်ပတ်သက်၍ နက်ရှိုင်းသည့် သဘောထားကွဲလွဲမှုကတော့ ရှိနေလေ၏။
တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော တိုင်းရင်းသားပြည်သူများမှာ တိုင်းပြည်အား စွန့်ခွာထွက်ပြေးခဲ့ရပြီး ယနေ့အချိန်အထိ ပြန်မလာနိုင်သေး။ အနည်းဆုံး ၁၄၀၀၀၀ ခန့်မှာ အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲတာတွေ အများကြီးရှိပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ကတော့ ဘာမှ မပြောင်းလဲပါဘူး” ဟု ကချင်လွတ်မြောက်ရေးတပ်မှ ဗိုလ်ချုပ် ဂွမ်မော်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးမှု ရှိနေသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ထိုအချင်းအရာက တစ်ဦးကိုတစ်ဦး ယုံကြည်ရန် ခက်ခဲစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့လေသည်။
စက်တင်ဘာလတွင် ကရင်ပြည်နယ်၌ DKBA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂၀၀၀ မှာ ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဒေသတွင်း အသိပညာပေးရေးအဖွဲ့ Karen Rivers Watch ကဆိုသည်။ ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း တအိုင်းလွတ်မြောက်ရေးတပ်နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားသည်ဟု တက်ကြွလှုပ်ရှားသူများက သတင်းပေးပို့ကြသည်။ ထိုတိုက်ပွဲများတွင် သူပုန် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းတပ်ဖွဲ့များလည်း ပါဝင်လေသည်။
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးတိုင်းရင်းသားပြည်သူ ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Right Watch ကမူ ထိုသို့ ထွက်ပြေးရသူအများစုမှာ နေရပ်သို့ ပြန်မလာနိုင်သေးဘဲ ၎င်းတို့ စွန့်ခွာခဲ့သည့် ရွာများတွင် မြေမြှုပ်မိုင်းများဖြင့် ပြည့်နှက်နေသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အသိပညာပေးရေးအဖွဲ့ Fortify Rights က အစိုးရစစ်တပ်မှာ လူနေအိမ်များအား ဗုံးကြဲမှုများ၊ မီးရှို့မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းပေးပို့ခဲ့သည်။ ထိုမျှမက ဒုက္ခသည်စခန်းများကိုလည်း တိုက်ခိုက်ခဲ့သည်။ လက်နက်မဲ့ ရွာသားများကိုလည်း ပစ်သတ်ခဲ့ပြီး ဥပဒေပ သတ်ဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟူ၏။
တိုက်ခိုက်မှုများ စတင်ခြင်းနှင့် ပတ်သက်၍ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သော်လည်း Fortify Rights မှ ဒါရိုက်တာဖြစ်သူ မက်သယူးစမစ်ကမူ စော်ကားမှုများကို အစိုးရစစ်တပ်ကပင် အမြောက်အများကျူးလွန်သည်ဟု ပြောခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး အတွက် လေချိုသွေးမှုမှာ စစ်ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများ လွတ်မြောက်နေခြင်းနှင့် မလျော်ကန်ဟုလည်း ဝေဖန်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ထိုကိစ္စအတွက် မှတ်ချက်ပေးရန် AP မှ ပေးပို့သော အီမေးလ်ကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့။
ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ၁၇ နှစ်က ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်မှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတရာထူးယူပြီး လအနည်းငယ်အကြာတွင် ပျက်ပြယ်သွားခဲ့၏။ ၂၀၁၂ ခုနှစ် အိုဘားမားလာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင် ထိုဒေသ၌ တိုက်ခိုက်မှုများ အရှိန်မြင့်လာပြီး တရုတ်နယ်စပ် လိုင်ဇာရှိ ကချင်လက်နက်ကိုင်တပ်ဌာနချုပ်အား အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့သည်။
တိုက်ပွဲငယ်များမှာလည်း မကြာခဏ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်လတွင် အစိုးရက ထိန်းချုပ်ထားသည့် ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့ နယ်နမိတ်မှ အနောက်သို့ မိုင် ၂၀ ဆုတ်ခွာပေးရမည်ဟု အစိုးရဘက်က ရာဇသံပေးခဲ့ပြီးနောက် တင်းမှာမှုများက မြင့်တက်လာလေသည်။
Human Rights Watch မှ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီဆန်မှာ အောက်တိုဘာလက ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီး အခြေအနေမှာ စိတ်ပျက်စရာဖြစ်နေသည်ဟု ဆိုလေသည်။
နိုင်ငံတကာအကူအညီများမှာလည်း တစ်ဖြည်းဖြည်း လျော့ပါးလာပြီး နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ ဆိုးရွားသောအခြေအနေကလည်း လွှမ်းမိုးနေသည်။ ရိုဟင်ဂျာ ၁၄၀၀၀၀ ကျော်မှာ စခန်းများအတွင်း နေထိုင်နေရပြီး အပြင်ထွက်၍မရ။ တစ်သိန်း ကျော်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေရသောကြောင့် လှေများဖြင့် အခြားနိုင်ငံများသို့ ထွက်ပြေးနေရသည်။
၎င်းတို့တွင် လက်နက်ကိုင်တပ်နှင့် လက်နက်ရစရာ လမ်းကြောင်းများ မရှိသောကြောင့် ရိုဟင်ဂျာများမှာ အစိုးရအတွက် ခြိမ်းခြောက်မှု မရှိသလောက် ဖြစ်၏။ ထို့ပြင် ၎င်းတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအဖြစ် အစိုးရက တရားဝင်မသတ်မှတ်ထား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာကြသူများအဖြစ်သာ သတ်မှတ်ထားသည်။
ယခုအချိန်တွင်တော့ တိုင်းရင်းသားလက်နက်ကိုင်များက လက်နက်များ တပ်ဆင်နေပြီး မြန်မာစစ်တပ် (အစိုးရစစ်တပ်)မှာလည်း ဆက်လက် တိုက်ခိုက်သွားမည့် ပုံရှိနေကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်စိတ်ချရမှုမှာ သုညသာ ရှိတော့သည်ဟု မက်သီဆန်က ပြောကြားခဲ့လေသည်။
“တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက် ဆန္ဒတွေကို ဆယ်စုနှစ်များစွာ လစ်လျူရှုခဲ့တဲ့ အစိုးရဟာ တဖြည်းဖြည်းနဲ့ (ငြိမ်းချမ်းရေးရဖို့) ပိုပြီး ခက်ခဲလာတော့မယ်ဆိုတာ သိလာနေပါပြီ။ လက်တွေ့အခြေအနေမှာ တင်းမာမှုတွေ အများကြီး ရှိနေပါတယ်”
XXXXXXXXXXXXXXXX
AP သတင်းဌာနတွင် ဖော်ပြခဲ့သည့် “Ethnic Rebel Armies an Unsolved Myanmar Puzzle” ဆောင်းပါးကို လေးမောင် (M-Media) မှာ ဆီလျော်အောင်ပြန်ဆိုသည်။
Comments