ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
M-Media
ကြည်စင်ခ ရေးသည်။
ကျွန်မဘဝတွင် ပတ်ဝန်းကျင်ဒေသအရရော မိရိုးဖလာ ယဉ်ကျေးမှုအရပါ ယောင်္ကျားများသည် မိန်းမများ ထက်မြတ်သည်၊ သာသည်ဟု အမြဲကြားခဲ့ရဘူးပါသည်။ ငယ်စဉ်ကလေးဘဝကပင် အငယ်ဆုံးမောင်လေးအား ခြေထောက်ဖြင့်တို့၍ စကားမပြောရပါ။ ကျော်ခွသွားမိလျှင် အမြဲဆူခံထိပါသည်။ သူ့ဘောင်းဘီ၊ အကျီင်္ကစ၍ ကျော်ခွ၍မရပါ။ ဒီလိုနှင့်ပင် ကျွန်မ၏ဘဝတွင် ယောင်္ကျားများက မိန်းမများထက် ပို၍သာနေသည်ဟု အလိုလိုထင်မြင်ယူဆနေခဲ့သည်။
ဗုဒ္ဓဘာသာတွင် အမျိုးသားများသာ ဘုရားဖြစ်ခွင့် ရှိခြင်းကလည်း ထိုအယူအဆကိုပို၍ ခိုင်မာစေခဲ့သည်။ စိတ်ဓာတ်ခွန်အား၊ လူခွန်အားအရရော ယောင်္ကျားများသည် မိန်းမများထက်သာလွန်ကြသည်။ ထိုထဲတွင် အနစ်နာခံမှုများ များစွာပါဝင်လေသည်။ မိသားစုတစ်ခုတွင်လည်း အိမ်ထောင်ဦးစီး အဖေများကိုသာ တစ်မိသားစုလုံးက ရိုသေလေးစား ဂရုပြုနေထိုင်ခဲ့ကြပေသည်။
ကျွန်မနှင့်နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအားလုံးက ထိုအယူအဆကို ကျေနပ်စွာပင် လက်ခံခဲ့ပေသည်။ သို့သော်လည်း ကျွန်မ ညီမဝမ်းကွဲလေး အိမ်ထောင်ကျသောအခါ ထိုအယူအဆကို သွေဖီချင်လာသည်။ ယောင်္ကျားများကို မလေးစားချင်တော့ပေ။ ညီမ၏ အမျိုးသားမှာ မရခင်က လိမ်မ္မာရေးခြားရှိသော လူငယ်လေး တစ်ဦးဖြစ်ခဲ့ဖူးသည်။ သို့သော် ညီမ၏ညံ့ဖျင်းမှုကြောင့်သော် လည်းကောင်း၊ ကံတရားကြောင့်သော်လည်းကောင်း ထိုလူငယ်လေးသည် အိမ်ထောင်ကျပြီးသော အခါမှစ၍ အရက်သောက်တတ်လာသည်။ ထိုမှစ၍ ကြက်တိုက်၊ ဖဲရိုက် နောက်ဆုံးမိန်းမနှင့် ရန်ဖြစ်လျှင်ပင် လက်ပါတတ်လာသည်။ မိန်းမမှာ သူကယောင်္ကျားပဲ မူးတုန်းလုပ်တာ ဟူသောသဘောဖြင့် အမြဲငြိမ်ခဲနေခဲ့သည်။ ထိုစဉ်က ဝင်ပြောချင်သော်လည်း အမေကသူများ အိမ်ထောင်ရေးဟူ၍ တားမြစ်ထား၍သာ မပြောဖြစ်ခဲ့ပေ။
သူငယ်ချင်း အိမ်ထောင်ကျသော်လည်း သူ့အမျိုးသားကဝင်ငွေတော့ရှာပေးပါသည်။ သို့သော် ကလေးကိစ္စနှင့် ပတ်သက်လာလျှင် သူနှင့်လားလားမှမဆိုင်သလိုနေသည်။ ယခုခေတ်နှင့် ယခင်ခေတ် ကွာသလားတော့ မတွေးတတ်တော့ပြီ။ ထိုအခြေမျိုးကိုတွေ့မြင်ခဲ့ရသော ကျွန်မသည် ယောင်္ကျားဆိုသည်များကို အထင်မကြီးချင်တော့ချေ။ လေးစားချင်စိတ်လည်းကုန်ခန်းနေလေသည်။
ကျွန်မ၏ ထိုဖြစ်နေသော စိတ်ဓာတ်အင်အားပို၍ ခိုင်မာအောင်ကူညီပေးသည့် အထောက်အပံ့ကရှိနေလေသည်။ လိုင်းကားများတိုး၍စီးရသော ယနေ့ခေတ်တွင် ထိုအနစ်နာခံသော အမျိုးသားများကို မတွေ့သလောက်ရှားပါးရခြင်းဖြစ်သည်။ မိန်းကလေးများနှင့် အပြိုင်နေရာလုရမှာကိုပင် မရှက်တတ်ကြသော ယောင်္ကျားများကို နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။
ဒီနေ့အလုပ်သွားရင်း လိုင်းကားပေါ်တွင် ကြုံခဲ့ရသော အဖြစ်အပျက်အား ကျွန်မ၏စိတ်အစဉ်တွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရမည် မဟုတ်တော့ပါ။ ထုံးစံအတိုင်းလိုင်းကားကကြပ်ပါ၏။ လူများကလည်း စပါယ်ယာ တိုးခိုင်းတိုင်း တိုးရပါသည်။ ယောင်္ကျား၊ မိန်းမအားလုံး တန်းတူပင် တိုးကြပါသည်။ ထိုထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးပါလာသည်ကို သတိထားမိပါသည်။ ကိုယ်ကလဲ မတ်တပ်မို့မကူညီအားပါ။ သူ့ကြည့်ရတာတော်တော်လေး နွမ်းနေပါတယ်။ ထိုင်ခုံများတွင်လည်း မည်သူကမျှထမပေးကြချေ။ ကားကကြပ်သည်ကိုး။ ကားကမြို့ထဲ ဆူးလေမှတ်တိုင်ရောက်တော့ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးကရှေ့ကထိုင်ခုံမှ လူကဆင်းဖို့ဟန်ပြင်နေပါသည်။ ကျွန်မလည်းကြည့်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဝမ်းသာသွားသည်။ သူနေရာရတော့မည်။ သို့သော်မှတ်တိုင်ရောက်၍ ထိုင်ခုံမှလူကထပြီးမမျှော်လင့်သော အဖြစ်အပျက်တစ်ခုကဖြစ်၍လာသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဘေးတွင် ကျန်ရှိနေသာ လူလတ်ပိုင်း အမျိုးသားသည် ထိုနေရာကိုလျင်မြန်စွာ ဖျက်ကနဲဝင်ထိုင်လိုက်လေသည်။ ကိုယ်ဝန်သည် သည် အံ့သြတကြီးကြည့်နေလေသည်။ သူမတင်မက ထိုအနီးနားတွင်ရှိသော ခရီးသည်အားလုံးကလည်း ထိုလူအားကြည့်နေကြလေသည်။ ထိုသူသည် မျက်နှာပြောင်စွာပင် ဆက်လက်၍ ပေကပ်ထိုင်နေလေသည်။ လိုင်းကားကလည်း မိမိလိုရာကို ဆက်လက်၍ထွက်ခွာလေသည်။ ကျွန်မကမော်တင်ရောက်၍ ဆင်းခဲ့လေသည်။
အမျိုးသမီးများ ကိုယ်ဝန်သည်အမျိုးသမီးကိုပင်နေရာ လုစီးခဲ့သော ထိုအမျိုးသားအား မည်ကဲ့သို့သောစိတ်ဖြင့် လေးစား၍ရပါအံ့နည်း။
Comments