ဇန်နဝါရီ ၅ ၊ ၂၀၁၅
M-Media
ဘာသာပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကလေးငယ်များနှင့် သူဆင်းရဲတို့အား ပစ်မှတ်ထားနေသည့် ခန္ဓာအစိပ်အပိုင်းကုန်သွယ်မှုမှာ ဆက်လက်ဖြစ်ပွားနေသည်။
Tebaria ၏ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်သားများအဆိုအရ ယမန်နှစ်က ကလေးငယ် ၁၅ ယောက်မှာ ကိုယ်အင်္ဂါ ကုန်ကူးသူများ၏ ပြန်ပေးဆွဲသတ်ဖြတ်ခြင်းကိုခံရသည်။
ခြောက်နှစ်သား ဟာရွန် ရရှီးဒ်သည် ပြန်ပေးဆွဲခံရပြီး ငါးရက်အကြာတွင် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ မြောက်ဖက် Sirajganj အနီးရှိ မြေပျော့များ အတွင်း အစဖျောက်ထားပြီး ကျောက်ကပ် ထုတ်ယူထားသော သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူသည် ဘင်္ဂလားဒေ့ရှ်မှ ကိုယ်အင်္ဂါကုန်သွယ်ရေး မှောင်ခိုဈေးကွက်၏ သားကောင် ဖြစ်သွားခြင်းတည်း။
Tebaria ဒေသရှိရွာငယ်မှ ဟာရွန်သည် ဧပြီလ ၂၂ ရက်တွင် ပျောက်ဆုံးသွားခဲ့ရာ ဖခင်ဖြစ်သူ အဗ်ဒုလ် ဟန်နန် သည် အလွန်အမင်းပူပင်ကာ အာဏာပိုင်များကို ဆက်သွယ်ခဲ့သည်။
ဖမ်းဆီးထားသည့် သံသယရှိသူတစ်ဦးက ရဲဌာနသို့ ပြောကြားသည်။ ဒါကာမှရောက်လာပြီး တံတားတစ်ခုအောက်၌ စောင့်ဆိုင်းနေသူ လူသုံးဦးထံ ဆောင်ယူမသွားမီ ဟာရွန်သည် မေ့ဆေးပေးခံရသည်။ ထိုနေရာမှာပင် ခွဲစိပ်ခဲ့ကြောင်း တရားခံမှဆိုသည်ဟု ဒေသခံ မီဒီယာသတင်းများအရ သိရ၏။
“ငါးရက်ကြာပြီးနောက် သူ့ရုပ်အလောင်းကို တခြားရွာတစ်ရွာအနီးမှာ ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခေါ်ယူအသိပေးပါတယ်။ ကျွန်တော် သူ့ကို သွားသယ်တဲ့အခါ သူ့နောက်ကျောကို ဓားနဲ့ခွဲထားတာ တွေ့ခဲ့ရတယ်” ဟု အဗ်ဒုလ်ဟန်နန်မှ ပြန်လည်ပြောပြသည်။
ဈာပနအခမ်းအနားတွင် ဟာရွန်၏ သုံးနှစ်သားအရွယ်က ၀၀ကစ်ကစ် ချစ်ဖွယ်မျက်နှာပေး ဓာတ်ပုံလေးကို ပိုစတာလေးတစ်ခုအနေနှင့် ကိုင်ဆောင်ထားသော ဟန်နန်မှ ငိုကြွေးပြောဆိုခဲ့သည်။
“ပျော်ရွှင်နေတဲ့ ကလေးငယ်ပုံကို ကျွန်တော် မြင်ယောင်အောင်းမေ့နေမိတယ်။ ကျွန်တော့် နှလုံးသား မျက်ရည်ချောင်းစီးနေပါပြီ။ ကျွန်တော် ဘာမှ မပြောတတ်တော့ဘူးဗျာ။ ကျွန်တော့်နှလုံးသားကို မြင်အောင်ကြည့်နိုင်ရင် ခင်ဗျားတို့ နားလည်သွားမှာပါ။ သူတို့ (လူယုတ်မာ)တွေက ကျွန်တော့် မိသားစုနဲ့ ပျော်ရွှင်သာယာမှုကို ဖျက်ဆီးပစ်လိုက်တယ်”။
ဘင်္ဂလားဒေ့ရှ်အစွန်အဖျားမှ တီဘာရီယာ Tebaria ရွာသားတို့မှာ ဆင်းရဲတွင်းနက်သည့်အပြင် ဒေသတွင်း ခိုးဆိုးလုယက်ခြင်း ကိုလည်း ကြောက်ရွံ့နေရသည်။ ဒေသခံအာဏာပိုင်များ၏ အဂတိလိုက်စားမှုနှင့် ထိထိရောက်ရောက် မဆောင်ရွက်နိုင်မှုများက ဥပဒေစိုးမိုးခြင်းကင်းမဲ့စေသည်ဟု အချို့က ဖော်ပြကြသည်။ ဟာရွန်ကဲ့သို့ ဒေသခံကလေးငယ် ၁၅ ဦးလည်း ယမန်နှစ်က အသတ်ဖြတ်ခံရပြီး ဒါကာရဲဋ္ဌာနမှလည်း ယင်းအရေးအပေါ် မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။
“ဒါဟာ သိပ်အန္တရာယ်များတဲ့အခြေအနေ ရောက်နေပါတယ်။ ဒီရာဇ၀တ်သားတွေ အရေးယူခံရမယ်လို့လည်း ယုံကြည်စိတ်ချစရာ ကျွန်တော်တို့မှာ မရှိပါဘူး။ ပြန်ပေးသမားတွေကို ဘာမှ လုပ်နိုင်ကြမှာ မဟုတ်ဘူးဗျာ” ဟု ဒေသတွင်းလူ့အဖွဲ့အစည်း စောင့်ကြည့်ရေး ပရိုဂရမ်အဖွဲ့ဝင် Kulshed Alom က ဆိုသည်။
ဒေသခံ အမျိုးသားသုံးဦးကို ပြန်ပေးမှုဖြင့် ဖမ်းဆီးထားသော်လည်း ဒါကာ အသိုင်းအ၀ိုင်းထံမှ မည်သည့်သတင်းမျှ ထွက်ရှိမလာသေး။ ရှေ့နေငှားရန်နှင့် အလုပ်ချိန် ဖျက်ရန် မတတ်စွမ်းနိုင်ကြလေရာ ရာဇ၀တ်မှုရုံးတင်ရေး ရှေ့မဆက်နိုင်သဖြင့် မိမိ၏သားကိုသတ်ဖြတ်သူများသည် တရားရင်ဆိုင်မှုမှကင်းလွတ်ဖွယ်ရှိနေကြောင်း Hannan က ပြောပြပါသည်။
“ကျွန်တော့်ရင်သွေးကိုသတ်သွား သူတွေ ကြိုးပေးကွပ်မျက်ခံရသင့်တယ်။ ကျွန်တော့်မိသားစုရဲ့အခြေအနေအတိုင်း အခြားမိဘတွေ မှာဖြစ်တာမျိုး ကျွန်တော် မမြင်လိုဘူး။ ဒီလိုဇာတ်လမ်းမျိုး အပြန်တလဲလဲ မဖြစ်သင့်တော့ဘူးလေ”။
ဘင်္ဂလားဒေ့ရှ်၏ တရားစီရင်ရေး၌ တစ်ဖက်စောင်းနင်းဖြစ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့မှာ သမရိုးကျဖြစ်နေသည်သာမက လွတ်လပ်သည့် တရားစီရင်မှုလည်း မရှိကြောင်း နော်ဝေသုတေသနအဖွဲ့ U4 Anti-Corruption Resource Centre ၏ အဆိုအရ သိရသည်။ ထိုအချက်များက လူ့ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုဈေးကွက်ကို ပို၍ ကြီးထွားလာစေသည်ဟု ဘင်္ဂလားဒေ့ရှ်ကျောမွဲ လူတန်းစားများ အပေါ်ရှိသည့် ကုန်သွယ်ရေး ပစ္စည်းများနှင့် တလွဲအသုံးချမှုများကို ၁၂ နှစ်ထိ သုတေသနပြုလုပ်ခဲ့သူ မီရှီဂန်တက္ကသိုလ်မှ မနုဿဗေဒပါမောက္ခ Monir Moniruzzaman မှ ဆိုသည်။
ပြန်ပေးဆွဲကာ အင်္ဂါအစိပ်အပိုင်း ခိုးယူခံရသူများ၏ တစ်ဖက်တွင်တော့ မိမိ၏အသည်းနှင့် ကျောက်ကပ်များ (ခန္ဓာအစိပ် အပိုင်းများ)ကို ဒေသခံပွဲစားများမှ တဆင့် ထုတ်ရောင်းသူအချို့လည်း ရှိကြသည်။ ယင်းပွဲစားများက ခွဲစိပ်ထုတ်ယူသည့် ပြည်တွင်း အုပ်စုများနှင့် ၀ယ်ယူလိုသူများကို ဆက်သွယ်ပေးသည်။ ဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းနှင့်ပေါင်းစည်းနေသော အနိဌာရုံက ကျောမွဲ လူတန်းစားတို့အား ငွေထုပ် မက်လုံးပေးကာ ပွဲစားများ၏သွေးဆောင်မြူဆွယ်ခြင်းကို ဖြစ်စေတော့သည်။
“တကယ်လို့ အစိုးရဖက်က အစစ်အမှန် အလေးထားဆောင်ရွက်မယ်ဆိုရင် တစ်စုံတစ်ရာသော အရေးယူမှုကို ကျွန်တော်တို့ တွေ့ ရမှာပါ။ ဒါပေမယ့် ဘာမှ မမြင်ရသေးပါဘူး။ ဥပဒေက အကျိုးသက်ရောက်မှု ရှိမနေဘူး။ ရာဇ၀တ်သားတွေကို တရားစီရင်ရေးမှာလည်း တမင် အားနည်းအောင် လုပ်ထားတယ်လို့ ကြားနေရတယ်” ဟု Moniruzzaman က ဆိုသည်။
၂၀၁၁ ခုနှစ် သြဂုတ်လတွင် အိန္ဒိယနယ်စပ်အနီး Joypurhat ခရိုင်တွင် အခြေစိုက်သော လူကုန်ကူးဂိုဏ်းအကြောင်း ထွက်ပေါ်လာ ခဲ့သည်။ ရဲများက ဒေသခံပွဲစားတို့ကို ဖမ်းဆီးပြီး ဒါကာ အခြေစိုက်အုပ်စုများအား ဆက်၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။
သတင်းထုတ်ပြန်ချက်များ အရ အနီးတစ်ဝိုက်ရွာများရှိ လူပေါင်း ၅၀ ကျော်မှာ မိမိတို့၏ ကျောက်ကပ်များကိုလည်းကောင်း၊ အသည်းအစိပ်အပိုင်းများကို လည်းကောင်း ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ထိုတရားမ၀င် ကုန်သွယ်ရေးကိုဖြေရှင်းသည့် အခါ ပွဲစားများသာ ဖမ်းဆီးခံရသည်။ အတည်ပြုမွမ်းမံ ဥပဒေများနှင့် ရဲအမှုများမှာ ရွှေ့ဆိုင်းခံရသည်။ ၁၉၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ခန္ဓာအစိပ်အပိုင်းများ ရွှေ့ပြောင်းအစားထိုးခြင်း အက်ဥပဒေ၌ ဥပဒေ ချိုးဖောက်သူကို ထောင်ဒဏ် သုံးနှစ်မှ ၇ နှစ်အထိအပြင် ဒဏ်ငွေ သုံးသိန်း(ဒေါ်လာ ၃၈၅၀) ပေးဆောင်ခြင်း ပြစ်ဒဏ်ပေးရမည်ဟု ပါရှိ၏။
“ဘင်္ဂလားဒေ့ရှ်က ဒီပွဲစားတွေနဲ့ အိန္ဒိယက သူတို့ရဲ့ ကွန်ရက်လက်တံတွေကို ဖော်ထုတ်ရေးမှာ ရဲတပ်ဖွဲ့အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပွဲစားတွေကို ပြစ်ဒဏ်နှစ်မစေ့ခင် ပြန်လွှတ်လိုက်ကြတယ်၊ သူတို့ဒေသကို ပြန်ရောက်လာကြပြီး ခါတိုင်းလိုပဲ ခန္ဓာအစိပ်အပိုင်းရောင်းချမှု ပြန်လုပ်နေကြတယ်လေ။ သူတို့အဖို့ ဘာမှမထူးခြားဘူးဆိုတော့ ရဲ သို့မဟုတ် အာဏာပိုင်တွေကို သူတို့ ငွေပေးထားတဲ့ ပုံရှိကြောင်း ဒီအချက်က ညွှန်ပြနေတယ်။ ဒါကြောင့် သူတို့ဟာ သူတို့အလုပ်ကို ဆက်လုပ်လို့ရနေတာပေါ့” ဟု Moniruzzaman မှ ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်ရဲများက ခြစားမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ကုန်သွယ်မှုအရှုပ်အထွေးများအပေါ် မည်သည့်တုန့်ပြန်ချက်မျှ မပေးခဲ့ပါ။
မည်သည့်နေရာတွင် အာဏာ တည်နေသည်ကို ရွာသားများ သိထားပုံရလေသည်။
“ရဲတွေသာ အရေးယူမယ်ဆိုရင် လူတွေက ကိုယ်အင်္ဂါတွေ ဘယ်လိုလုပ် ဆက်ရောင်းနေဦးမှာလဲ” ဟု ရဲစစ်ဆေးမှု၌ ရောင်းချသူအဖြစ် အမည်ပေါက်သူ ဗာရွန်ဒီရွာခံ Selina Akthar မှ မေးခွန်းထုတ်လိုက်သည်။ သူမသည် မိမိ၏ ကျောက်ကပ်တစ်ဖက်ကို ၂၀၁၁ ခုနှစ်၌ ယောက္ခထီးနှင့်အတူ ရောင်းချခဲ့၏။
“ပွဲစားတွေက ရဲတွေကို ငွေပေးပါတယ်။ ဒါကြောင့် ဘာအမှုမှ တက်မလာခဲ့ပါဘူး။ (အမည်ခံ) အလှူရှင်တွေ ပြန်သွားတဲ့အခါ ပွဲစားတွေရဲ့အိမ်ကိုသွားပြီး ငွေသွားယူတဲ့ ထုံးစံကို ရဲတွေ သိပြီးဖြစ်ပါတယ်” ဟု သူမက ပြောပြသည်။
မိမိတို့၏ခန္ဓာ အစိပ်အပိုင်း ရောင်းချသူများကို ကြည့်လျှင် စီးပွားရေးဒုက္ခ ရင်ဆိုင်နေရသူများဖြစ်ကြောင်း တွေ့ရသည်။ လွယ်လင့်တကူ ငွေရနိုင်သည့် အကြောင်းများကို ကြားသိပြီးနောက် အချို့သည် ပွဲစားများထံ ချဉ်းကပ်ကြသည်။ ပွဲစားများ ပစ်မှတ်ထားကြသည့် အခြားသူများမှာ ကြွေးနစ်နေသူများ ဖြစ်ကြသည်။ ရေရှည်ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အလျဉ်းမရှိပါပဲ ခွဲစိပ်မှုကို ခံယူ/ပြုလုပ်လေ့ရှိကြကုန်၏။
“ကျွန်တော့်ရဲ့ကျောက်ကပ်ကို ထုတ်ယူမယ်လို့ ကျွန်တော် ထင်ထားသော်လည်း သူတို့လိုချင်တာက အသည်းရဲ့အစိပ်အပိုင်းလို့ ဆိုခဲ့ကြတယ်။ အသည်းအကြောင်း ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကျန်းမာရေး နဂိုအနေအထားပြန်ရောက်ဖို့ သုံးနှစ်လောက် အချိန်ယူရမယ်လို့ ပြောပြပါတယ်။ ခုဆိုရင် ကျွန်တော့် ကိုယ်ခန္ဓာ မပေါ့ပါးတော့ဘူး၊ အသက်ရှူရ ခက်ခဲပြီး အချိန်ကြာကြာ လမ်းမလျှောက်နိုင်တော့ဘူး” ဟူ၍ ၂၀၀၉ ခုနှစ်က ခွဲစိပ်ခြင်းခံယူခဲ့သူ Bamongram ရွာမှ လယ်သမား Mehdi Hassan က ဆိုသည်။
တဖန် မိမိကျောက်ကပ်ကို ရောင်းချပြီးနောက် ဒါကာဆေးရုံတွင် ၂ ပတ်ကြာနေခဲ့သော Varondy ရွာသား Mohamad Akhtar Alom ကလည်း သူ့ဖြစ်စဉ်ကို ဤသို့ပြောပြသည်။
“လန်ချားဆွဲတဲ့အလုပ် သွားလုပ်မယ်လို့ မိသားစုကို ပြောထားခဲ့တာပါ။ ငွေကြေးကို ကတိအတိုင်း မဟုတ်ဘဲ ထက်ဝက်သာရပြီး ဘတ်စ်ကားနဲ့ အိမ်ပြန်ပို့ ခံရတယ်။ ကျွန်တော် ငိုနေရပြီး ကယ်ကူရာမဲ့ဖြစ်သွားတယ်။ ကျွန်တော် အပြင်းအထန် ဖျားနာတော့တာပါပဲ။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိခဲ့ရဘူး(ဗဟုသုတ မရှိခဲ့ဘူး)။ ၅ ကီလိုအလေးချိန်ကိုပင်လျှင် မသယ်နိုင်သလို လမ်းမြန်မြန်လျှောက်လို့လည်း မရခဲ့ပါဘူး။ ကျွန်တော့် ကိုယ်တစ်ခြမ်းလုံး နာကျင်ပြီး အမြင်အာရုံေ၀၀ါးနေခဲ့ပါတယ်”။
ကတိပြုချက်ထက် ပိုမို နည်းပါးသည့်ငွေသာရရှိကြောင်း၊ ဆုံးရှုံးနစ်နာမှုပြန်လည် ရယူရန်လည်း မည်သည့် နည်းလမ်းမျှ မရှိကြောင်း အင်္ဂါအစိပ်အပိုင်း ရောင်းချသူတို့က ဆိုလျက်ရှိသည်။ ရာဇ၀တ်မှု မကင်းသည့် လုပ်ဆောင်ချက်အတွက် မည်သည့်ဥပဒေ အကာအကွယ်မှ မရှိပါလေ။
လူ့ခန္ဓာအစားထိုးကုသမှုနှင့် ဆင်းရဲချမ်းသာ မညီမျှမှုက ယင်းသို့သော အရောင်းအ၀ယ် ၀န်းကျင်အား ထွက်ပေါ်စေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ၏ လူသားဆိုင်ရာဆေးဝါးပစ္စည်း ထုတ်ကုန်များ အထူးအတိုင်ပင်ခံ အရာရှိဖြစ်သူ Dr. Luc Noel က ဆိုသည်။
“လူ့ခန္ဓာကိုယ်ပေါ်အမြတ်ထုတ်မှုက အဆင်းရဲဆုံး လူထုအလွှာတွေမှာ ထင်ထင်ရှားရှား တွေ့ရတယ်။ အချို့အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှု မှာ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ မမျှတမှုတွေနဲ့အတူ ဒီကိစ္စက ကမ္ဘာ့အဆင့်ထိ ရိုက်ခတ်မှုရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို Joypurhat လူကုန်ကူးဂိုဏ်း ကွင်းဆက်ကို ဖော်ထုတ်နိုင်လင့် ကစား ဒေသခံများက အိန္ဒိယ၌ ခွဲစိပ်မှုစီစဉ်ပေးနေသော အုပ်စုတို့နှင့်အတူ ချိတ်ဆက်ကာ ခန္ဓာအစိပ်အပိုင်းများကို ရောင်းချနေဆဲပင်။
အိန္ဒိယနိုင်ငံ စည်းမျဉ်း လိုအပ်ချက်နှင့် ကိုက်ညီစေရေးအတွက် ရောင်းသူနှင့် လက်ခံသူအကြား သားချင်းတော်စပ် ဆက်နွယ်မှုအား ပြသနိုင်ဖို့ နိုင်ငံသားကဒ် အတု၊ နိုင်ငံကူးလက်မှတ်နှင့် ဥပဒေကြောင်းဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများကို စီစဉ်ပေးကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ အတွင်း မိမိ၏ကျောက်ကပ်အားရောင်းချခဲ့သော (ပုဂ္ဂလလုံခြုံရေးအရ)အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
“လက်ခံသူဟာ ကျွန်တော့်ညီအစ်ကိုဖြစ်တယ်လို့ ပြောဆိုနိုင်အောင် ကာလကတ္တားကို ခွဲစိပ်မှုအတွက် မသွားခင် သူတို့က ဘင်္ဂလားဒေ့ရှ်မှာ တရားဝင်အထောက်အထားတွေ ဖန်တီးကြတယ်”။
Durgapur ရွာသူ Razia Begum ကမူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်း သူမ၏ အသည်း အစိပ်အပိုင်းရောင်းချပြီးသည့်နောက် စိတ်ကျေနပ်မှုရှိပုံ ရ၏။ ပွဲစားများထံမှ ကတိအတိုင်း ငွေအပြည့်အ၀ရရှိခဲ့ကြောင်း သူမကပြောသည်။
“ပွဲစားတွေက ကျွန်မရဲ့နိုင်ငံကူးလက်မှတ်ကို စီစဉ်ပေးပြီး ဒေလီကို ခေါ်သွားတယ်။ ကျွန်မကို လိုလေသေးမရှိ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြပါတယ်”။
သူမ လက်ခံရရှိသော ဒေါ်လာငါးထောင်မှာ အကြွေးများ အကျေဆပ်ရန်၊ သာမန် ရွှံ့အုတ်အိမ် တစ်ဆောင်ဆောက်လုပ်ရန်၊ သူမ၏ ၁၅ နှစ်အရွယ် သမီးအတွက် သားမက်ကို ငွေတင်တောင်းရန် ဖူလုံလောက်ငသွားသည်ဟု ပြုံးလျက်ဆိုပါသည်။
ပွဲစားတို့၏ ရှေ့ဆက်နေသောခြေလှမ်းအား တားဆီးကာကွယ်နိုင်ရန် အစိုးရအရေးယူမှုများကို ရှင်းလင်းပေးပါမည့် မေတ္တာရပ်ခံချက် တစ်ခုအပေါ် ကျန်းမာရေးဝန်ကြီးဌာန အရာရှိများမှ တုန့်ပြန်အဖြေပေးခြင်း မရှိခဲ့ချေ။
ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် တရားမ၀င်ရာဇ၀တ်မှုများ မထိန်းနိုင်ခြင်းတို့ကြောင်း ခန္ဓာအစိပ်အပိုင်း ရောင်းသူဝယ်သူနှစ်ဖက်စလုံးက အလွဲသုံးစားမှု၏ သားကောင်များ ဖြစ်နေကြသည်။ အစားထိုး လဲလှယ်ခြင်းစားရိတ်မှာ ကျောက်ကပ်တစ်လုံး အတွက် ဒေါ်လာ တစ်သောင်းလေးထောင်၊ အသည်းတစ်ခု အတွက် ဒေါ်လာ လေးသောင်း ကုန်ကျနိုင်သည်ဟု Moniruzzaman မှဆိုသည်။
“အစားထိုးလဲလှယ်မှုဆိုတဲ့ အခွင့်ထူးခံစားရသော်လည်း လက်ခံရယူသူ အတော်များများဟာ ခွဲစိပ်ပြီးစ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ရရှိဖို့ အခက်အခဲကြီးစွာကြုံရတယ်။ ဒါပေမယ့် ဒါဟာ အစားထိုး လဲလှယ်သူများလေ အကျိုးခံစားရမှု များပြားလေ ဆိုတဲ့ စီးပွားရေးရုပ်လုံးတစ်ခုပါပဲ။ ဒါ့အပြင် တစ်သျှူးနဲ့ သွေးအုပ်စုတွေ အံဝင်ခွင်ကျ မကိုက်ညီတာမျိုးလည်း မကြာခဏတွေ့ရပါတယ်”။
ရောင်းသူဝယ်သူများအတွက် အန္တရာယ် ရှိကြသည့်တိုင် အင်္ဂါအစိပ်အပိုင်းများ ရောင်းလိုသူနှင့် လက်ခံသူတို့ကို တွန်းအားပေးနေမှုများ ပြတ်လပ်မည့်ဟန် မရှိသေး။
“Joypurhat ဒေသ ကွက်ကွက်လေးတစ်ခုတည်းက ဖော်ထုတ်ခံ အုပ်စုတွေအကြောင်းသာ ကျွန်တော်တို့ပြောဆိုနေကြတာပါ။ တကယ်တမ်းမှာတော့ ဘင်္ဂလားဒေ့ရှ် အနှံ့ သူဆင်းရဲတွေဟာ သူတို့အင်္ဂါအစိပ်အပိုင်းတွေကို ရောင်းချဖို့ ဒါကာဖက်လာရောက်နေကြတာ တအုံတကျင်းပါပဲ။ ခန္ဓာရောင်းချခြင်း အပေါ် ကျွန်တော် သုတေသနပြုတဲ့ ၁၂ နှစ်အတွင်း ပိုမိုကျယ်ပြန့်လာတာတွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ်တစ်ဝှမ်း ပွဲစားတွေရဲ့ကွန်ရက်က တော်တော် လက်တံရှည်ကြတယ်။ ဒါကို တစ်နည်းနည်းနဲ့ ဖြိုခွင်းဖို့ သို့မဟုတ် ယှဉ်ပြိုင်အနိုင်ယူဖို့ အာဏာပိုင်တို့ရဲ့အရေးယူဆောင်ရွက်မှု မရှိဘူးဖြစ်နေတယ်”။
Tebaria နယ်က Abdul Hannan နဲ့ ဇနီးဖြစ်သူ Hafiza တို့မှာ ကြေကွဲပူဆွေးလျက်၊ သူတို့၏လက်ကျန် သမီးငယ်လေးကိုလည်း မျက်စေ့အောက်မှ အပျောက်မခံနိုင်အောင် ထိတ်လန့်စိုးရွံ့နေပါတော့သည်။
“ကျွန်တော်ကိုယ်တိုင် သမီးကို ကျောင်းအရောက်ပို့ပါတယ်။ ဒါပေမယ့် သူမကို ထားရစ်ခဲ့ပြီးရင် မသက်မသာခံစားနေရပါတယ်” ဟု အဗ်ဒူက ဆိုပါသည်။
xxxxxxxxxxxxxxxxxxxxxx
Ref : Nigel O’Connor’s “Bangladesh Organ Trafficking” , America – Aljazeera
ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
Comments