ဇန်နဝါရီ ၁၉ ၊ ၂၀၁၄
M-Media
.နှင်းဆီခင် ရေးသည်။
လူ့ပတ်ဝန်းကျင်မှာ ဆက်သွယ်ဖို့အတွက် စကားဆိုတာကို မပြောမဖြစ် ပြောကြရပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို သူများတကာသိအောင်ပြောပြမှ ဖြစ်တာကိုး။ တချို့တွေက စကားပြောကျွမ်းကျင်တယ်၊ စကားပြောကောင်းတယ်လို့ အသိအမှတ်ပြုခံရတယ်။ ဘာကြောင့်များလဲ။ တစ်ဖက်သား စိတ်ချမ်းသာအောင် လိုရင်းကို ထိထိမိမိပြောတတ်သူကြောင့် ပဲပေါ့။ ကိုယ့်စကား နားထောင်မယ့်သူကို ဝေဖန် ထောက်ပြတာမျိုးပဲဖြစ်ဖြစ် မရိုင်းအောင်၊ နားဝင်ခံသာအောင်ပြောနိုင်တဲ့ အရည်အသွေးမျိုးကို စကားပြောကောင်းသူတွေ ပိုင်ဆိုင်လေ့ရှိကြတယ်။ စကားပရိယာယ်လည်း ကြွယ်သလို ဥပမာ ဥပမေယျလေးတွေနဲ့ ရှင်းလင်းပြနိုင်စွမ်းလည်းရှိတယ်။ စကားများခြင်းနဲ့ စကားပြောကောင်းခြင်းတို့ရဲ့ ခြားနားချက်ကို ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတာဖြစ်လို့ အကြောင်းအရာတစ်ခုခုကို ပြောမယ်ကြံရင် လိုရင်းတိုရှင်းပဲပြောတယ်။ ဝေ့ဝိုက်ပြီး စကားကြောရှည်နေရင် နားထောင်ရတဲ့သူ စိတ်မရှည်ဖြစ်တတ်တာကို ကောင်းကောင်းကြီး သဘောပေါက်ထားတယ်။
တချို့ကျပြန်တော့ ရင်ထဲမှာ ဘာမှမထားတတ်ဘူး။ ပြောစရာရှိရင် ဘွင်းဘွင်းပဲ ပြောချလိုက်ရမှ ရင်ထဲပေါ့သွားတယ်လို့ ဆိုတယ်။ မှန်တယ်၊ အဲဒီလို ပွင့်လင်းတဲ့ ဘွင်းဘွင်းသမားတွေအတွက် ရင်ထဲပေါ့သွားပေမယ့် အပြောခံရသူတွေ အတွက်တော့ ပိဿာလေးဘေးပစ်မို့ ရင်ထဲအောင့်သွားမှာတော့အမှန်ပဲ။ ပြီးတော့ အပြောခံရလေခြင်းရယ်လို့ တနုံ့နုံ့ ခံစားသွားရပြီသာမှတ်။ ဒီတော့ အသိဥာဏ်ကြွယ်တဲ့ သူတွေအတွက် စကားပြောတဲ့အခါ ရှေ့နောက်ဆင်ခြင်ပြီး ထိန်းပြောတတ်တာ အကျင့်တစ်ခုလိုပါပဲ။ ကောက်ပင်ရိတ်လှီး အစချီတဲ့စကားကြီးဆယ်မျိုးကို မကျွမ်းမကျင်ဘူးပဲထား ပြောသင့်တဲ့စကားကို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြောဆိုတတ်ဖို့တော့လိုမယ်။ ရင်ထဲကခံစားချက်မှန်သမျှကို စကားလုံးအဖြစ် ဖွင့်မထုတ်ဘဲ ပြောသင့်သမျှသာပြော၊ မျိုချသင့်သလောက်မျိုချနှင့် စကားလှအောင် ပြောတတ်တာကို လူကြီးစကားလို့ သတ်မှတ်မယ်ဆိုရင်ပေါ့။ ဘာစကားလုံးရွေးချယ်မှုမှ မရှိဘဲ ရင်ထဲရှိသမျှ အမှန်အတိုင်း ဖွင့်ပြောပစ်တတ်တာကို ကလေးစကားလို့ပဲဆိုပါရစေ။
ကလေးသဘာဝ လွတ်လွတ်လပ်လပ်ကြီး ဆော့ကစားလို့ နေချင်တယ်။ အချိန်တန်အိပ်မယ်၊ စားမယ် ဘာဆိုဘာမှ အပူအပင်မရှိဘူး။ ဒါပေမယ့် ကျောင်းထားရမယ့်အချိန် ရောက်လာတဲ့အခါ (များသောအားဖြင့် စိတ်မပါကြဘူး) ကျောင်းတက်ကြရသည်ပဲပေါ့။ စိတ်လွတ်ကိုယ်လွတ် မဟုတ်တော့ဘဲ စည်းကမ်းဘောင်တစ်ခုထဲမှာ နေကြရတဲ့အခါ သူတို့လေးတွေရင်ထဲက ခံစားချက်တွေကို အရှိအတိုင်း ထုတ်ဖော်ခွင့်ရမယ်ဆိုရင် …
နိုင်ငံတကာကလေးတွေ တက်ရောက်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းမှာ အတန်းစုံက ကလေးတွေကို ကျောင်းနှင့်ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရေးခွင့်ပေးတဲ့အခါ သိခွင့်ရတဲ့ ကလေးစကားတစ်ချို့ကို ဖော်ပြလိုက်ပါသည်။ သူတို့လက်ရေးလေးတွေနှင့်ရေးပြီး နံရံကသင်ပုန်းပေါ်မှာ ကပ်ထားတာတွေကတော့….
“ကျောင်းဆိုတာဆူညံပြီး ရှုပ်ယှက်ခတ်နေတဲ့နေရာကြီးပဲ၊ နေချင်တိုင်းနေလို့မရ၊ သွားချင်တိုင်းသွားလို့မရဘူး။ တစ်ချိန်လုံးလိုလို တန်းစီပြီးသွားလာနေရတယ်။ ကျောင်းအုပ်ဆရာကြီးပြောတဲ့ စည်းကမ်းတွေ၊ ဆုံးမစကားတွေချည်း မနက်တိုင်းကြားနေရတယ်။ စာကြည့်တိုက်ဆိုလို့သွားပါတယ်။ သားရေဟောင်းအနံ့နဲ့ စာအုပ်တွေချည်းပဲ၊ အဲဒါကျွန်တော်တက်နေရတဲ့ကျောင်းပေါ့။”
နောက်တစ်ယောက်ကတော့……..
“တစ်ချိန်လုံးငြိမ်ငြိမ်လေးနေရတာ ကျွန်တော်စိတ်ညစ်မနေတတ်ဘူး။ ကျွန်တော်လေ စက်ဘီးစီးပြီးသွားနေရတဲ့အခါ လွတ်လပ်လိုက်တာဗျာ။ လေတွေကတိုက်လို့ ပန်းကလေးတွေကို ကြည့်လိုက် ဌက်ကလေးတွေကိုကြည့်လိုက်နဲ့ တအားပျော်ဖို့ကောင်းတာ။ ကျောင်းမှာကျတော့ ထိုင်ဆိုထိုင် ထဆိုထ၊ ကိုယ့်စိတ်နဲ့ကိုယ် ဘာမှလုပ်ခွင့်မရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ပထဝီဝင်ဘာသာရပ်ကို သင်ရရင်ပေါ့။ တောတောင်တွေနဲ့ ကမ္ဘာ့နိုင်ငံအကြောင်းတွေလေ။”
ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကနေရောက်လာတဲ့ ကျောင်းသားတစ်ဦးရဲ့ အဆိုကတော့ “ကျွန်တော့်ဇာတိက တီမောနိုင်ငံပါ။ စစ်ဖြစ်ဖြစ်ချင်းကျွန်တော်တို့မိသားစုက ဒီသြစတေးလျနိုင်ငံကို ပြောင်းလာခဲ့ကြတာပါ။ အစတုန်းကဆို ကျွန်တော်ဒီမှာဘယ်လိုမှ မပျော်ဘူး မနေတတ်ဘူး။ တီမောကိုပဲပြန်ချင်နေတယ်။ ဒါပေမယ့် ဒီမှာနေမှဖြစ်မယ်သားလို့ အမေကပြောတယ်။ ကျွန်တော်ကမေးတယ်။ အမေ … ဒါဆိုရင်ကောင်းပြီ၊ ကျွန်တော်ကျောင်းကို မနက်ဖြန်တက်လို့ရမလား” ဆိုတော့ အမေက – ရတယ်သား၊ အမေလိုက်ပို့ပေးမယ်တဲ့။မိုးလင်းတာနဲ့ အမေက ကျွန်တော့်ပစ္စည်းတွေ အဆင်သင့်စီစဉ်ပေးတယ်။ မနက်စာ စားပြီးပြီးချင်းမှာပဲ ကျောပိုးအိတ်လွယ်ပြီး ကျောင်းကိုသွားရတယ်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကိုခေါ်ပြီး တစ်ကျောင်းလုံးကို လှည့်ပတ်ပတ်တယ်။ ကျွန်တော်တက်ရမယ့်အတန်းမှာ ဆရာကကျွန်တော့ကို အတန်းဖော်တွေအားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံးက ကျွန်တော့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ စစ်ဖြစ်တဲ့နိုင်ငံက လာတာဆိုပြီး ဂရုလည်းစိုက်ကြတယ်။ အခုဆိုရင် ကျွန်တော်ကျောင်းတက်
ရတာပျော်နေပြီ။ သြစတေးလျကိုလည်းချစ်သွားပြီ။”
ကျောင်းသူလေးတစ်ယောက်ရေးထားပုံက – “ကျွန်မက ကျောင်းစာအားလုံး ဝါသနာပါတယ်။ ဂဏန်းသင်္ချာကလွဲလို့ပေါ့။ ဘယ်မကောင်းဆိုးဝါးကများ ဒီဂဏန်းသင်္ချာဆိုတာကြီးကို တီထွင်ထားပါလိမ့်။ ဦးနှောက်ပူအောင်စဉ်းစားရတဲ့ ဒီဘာသာရပ်ကြီးကို ကျွန်မအမုန်းဆုံးပဲ”
အကြားအားရုံချို့တဲ့နေတဲ့ ကျောင်းသားတစ်ယောက်ကရေးထားတယ်။
“ဒီကမ္ဘာကြီးမှာ နားကြားသူတွေရော မကြားနိုင်သူတွေပါ ရှိနေကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော့်နာမည် ရောဘတ်လင်းမ်ပါ။ ကျွန်တော် နားမကြားရသူတစ်ဦး ဖြစ်ပေမယ့် ကြားနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ ကစားလေ့ရှိပါတယ်။ သူတို့ကကျွန်တော့်ကို ခင်ကြတယ်။ ကျွန်တော်ရောပေါ့။ နားကြပ် (နားကြားကိရိယာ) တပ်ထားရတာကို ကျွန်တော်မကြိုက်ဘူး။ နားကြပ်နဲ့ သီချင်းနားထောင်ရတာကိုပဲ ကြိုက်တယ်။ ကျွန်တော်တို့ အတန်းပိုင်ဆရာက သိပ်သဘောကောင်းတယ်။ ကျွန်တော်သဘောကျတယ်။ ဆရာက တစ်ခါတစ်လေမှ ဒေါသတကြီး ဖြစ်တတ်တာပါ။ ကျောင်းဆိုတာ အိမ်နဲ့မတူတဲ့ ပျော်စရာနေရာလေးတစ်ခုပါဗျာ”
နွမ်းပါးလို့ ခက်ခက်ခဲခဲကျောင်းတက်နေရတဲ့ ကျောင်းသားလေး တစ်ယောက်ကတော့
“ကျွန်တော့်ကမ္ဘာမှာ သူငယ်ချင်းတွေရော ရန်သူတွေပါရှိတယ်။ ကျွန်တော် ဆင်းရဲတာကို ချမ်းသာတဲ့ ကျောင်းသားတချို့က နှိမ်တယ်၊ ဝိုင်းစကြတယ်။ ကျွန်တော်လေ သူတို့ကို ပြန်ပြီးနှိမ်လို့ရတဲ့သူ ဖြစ်ချင်လိုက်တာဗျာ။ ဒါမှ သူတို့ဘယ်လိုခံစားရမလဲဆိုတာသိချင်လို့။ ဒါပေမယ့် ကျွန်တော့်ကိုခင်တဲ့ သူငယ်ချင်းတွေကတော့ အားပေးပါတယ်ဗျာ။ သူတို့ကြောင့်ပဲ ကျောင်းပျော်နေရတာပါ”
အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က ရေးထားတယ် “ကျွန်မက လူမှုရေးသိပ္ပံဘာသာကို အရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘာသာရပ်ကိုသင်တဲ့ ဆရာဘရိုင်ယင်က သဘောကောင်းတယ်၊ စိတ်ရှည်တယ်၊ ကျောင်းသားတွေ နားလည်အောင်ရှင်းပြတတ်တယ်။ မျက်နှာကပြုံးပြုံးရွှင်ရွှင်ရှိတော့ အားလုံးက ချစ်ကြတာပေါ့။ ကျန်တဲ့ဘာသာရပ် ဆရာတွေ ဆရာမတွေက အပြစ်ရှာပြီး ကြိမ်းမောင်းနေကြတာပဲ။ သူတို့အားလုံး ဆရာဘရိုယင်လိုဖြစ်ရင်သိပ်ကောင်းမှာပဲနော်။ အခုတော့လေ ဟိုဟာမလုပ်နဲ့။ ဒါလုပ်ပါလားတွေချည်းကြားနေရတယ်။ သူငယ်ချင်းတွေက ပြောတယ် တစ်ကျောင်းလုံးမှာ ဆရာဘရိုင်ယင်တွေချည်းရှိရင် ကျောင်းတက်ရတာ သိပ်ကိုပျော်မှာပဲတဲ့”…..
ကလေးအတွေးနှင့် ကလေးစကားတွေပါပဲ။ စာဖတ်သူရောပြန်တွေးမိမလား မသိဘူး။ ကျောင်းတက်ရခါစ ငယ်ဘဝကိုပေါ့။
နှင်းဆီခင်
Comments