ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
M-Media
– ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီနှစ်များ အတွင်း နိုင်ငံရှိ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုများ ရှိခဲ့လေသည်။ ဘာသာရေး လွတ်လပ်ခွင့်ကလည်း နိုင်ငံ တစ်ဝှမ်း ကြီးကြီးမားမားပင် ကန့်သန့်ချုပ်ချယ်မှုများ ရှိနေသည်။
ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် မွတ်စလင် လူနည်းစုများအား ဖိနှိပ်ချုပ်ချယ်ခြင်းကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံခြားရေးရာပေါ်လစီ များက အလွန်အမင်း စိတ်ဝင်စားမှု ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် နယ်စပ် တစ်လျှောက် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင်များမှာလည်း စိန်ခေါ်မှုများ၊ ကန့်သတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
“ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ကတော့ ချင်းပြည်နယ်မှာ ဘာမှ တိုးတက်မှုမရှိပါဘူး။ စစ်အာဏာရှင် စနစ်အတွင်းက လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးခဲ့သလိုပဲ အခုလည်း ဆက်လက် ဖျက်ဆီးနေတုန်းပါပဲ” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌ ပူဇိုးရမ်က ဆိုသည်။
နာရီစင် ထိပ်ပိုင်းနှင့် တောင်ကုန်း တောင်တန်းများပေါ်တွင် ကျွန်းသစ် သို့မဟုတ် စတီးများဖြင့် တည်ထားသော လက်ဝါး ကပ်တိုင်များ၊ ပြည်နယ် တစ်ဝှမ်းရှိ ၂၀၀၀ နီးပါးသော ခရစ်ယာန် ဘုရားကျောင်းတော်များက ခရစ်ယာန် သာသနာမှာ ဒေသ အတွင်း အဓိက အယူဝါဒဖြစ်သည်ကို ခွဲခြားသိမြင်နိုင်လေသည်။ ထိုဒေသရှိ ခရစ်ယာန်များကတော့ အစိုးရ၏ အမိန့်ဖြင့် မြင့်မြတ်ရာ အမှတ်သညာများကို ဖြိုချဖျက်ဆီးခြင်းက ၎င်းတို့၏ လူ့အဖွဲ့အစည်းကို တိုက်ရိုက် တိုက်ခိုက်သည်ဟု ယူဆနေကြသည်။
ရာစုနှစ် တစ်ဝက်နီးပါး အုပ်စိုးခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ အဆုံးသတ်သွားသည့် စစ်အာဏာရှင် စနစ်အတွင်း သာသနာရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် လက်ဝါးကပ်တိုင်ကြီးများ ဖျက်ဆီးခဲ့သည့် အဖြစ်အပျက် ၁၃ ခုကို ချင်းလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားသည်။ အာဏာရှင်စနစ် အဆုံးသတ်ပြီးချိန်မှစ၍ ယခုလက်ရှိ အမည်ခံဒီမိုကရေစီအုပ်ချုပ်မှုအတွင်း အနည်းဆုံး လက်ဝါးကပ်တိုင်ကြီး ၄ ခု ဖျက်ဆီးခံခဲ့ရသည်။
“အရင်အာဏာရှင်က ခရစ်ယာန် သာသနာကို ဖိနှိပ်ချုပ်ချယ်ပါတယ်။ အထွတ်အမြတ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို စစ်တပ်က ဖြိုတယ်။ အစိုးရအသစ်ကလည်း ဒီလိုမျိုးပဲဆက်လုပ်ပြီ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်ဖို့ကိုလည်း ခွင့်မပြုပါဘူး” ဟု ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သူ ဒေါ်ဇာတလဲမ်း က ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ် တရားဝင် အဆုံးသတ်ပြီး မကြာခင် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျင်ဒွဲမြို့နှင့် ကန်ပက်လက်မြို့များတွင် လက်ဝါးကပ်တိုင် ၂ ခု မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဟားခါးနှင့် ဖလမ်းမြို့ရှိ ဌာနေခရစ်ယာန်များမှာ လက်ဝါးကပ် တိုင်များ၏နေရာတွင် စေတီပုထိုးများဖြင့် အစားထိုးရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ ထိုမျှမက တီးတိန်မြို့ရှိ လက်ဝါးကပ်တိုင် တစ်ခုကိုလည်း လမ်းဖောက်ရန် မလွတ်၍ ဖယ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ရွာသားများအား ပြောဆိုသည့်အတွက်ကြောင့် ဖယ်ပေးခဲ့ရသည်။
“ဘာသာရေးဆိုင်ရာ အမှတ်သညာတွေကို ဒီဒေသကလူတွေက ဆောက်လုပ်ရပါလိမ်မယ့်။ သူတို့ကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အလွဲသုံးစား မလုပ်သင့်ပါဘူး” ဟု ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဖြစ်သူ ဗုဒ္ဓဘာသာဝင် ဆရာမြက ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဌာ၏ မှတ်တမ်းများ အရ ချင်းပြည်နယ်တွင် ဗုဒ္ဓရုပ်ရှင်တော်မြတ်နှင့် စေတီပုထိုးပေါင်း ၁၀၈ ခုရှိပြီး ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၉၅၈ ခုရှိသည်ဟု သိရသည်။ ပြည်နယ်အတွင်း ခရစ်ယာန်အများစုရှိမှု၏ ရှင်းလင်းသော ပြယုဂ်ပင်ဖြစ်၏။
တီးတိန်မြို့နယ်ရှိ Assemblies of God ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော် သန်း က လက်ဝါးကပ်တိုင်များကို ဖျက်ဆီးခြင်းမှာ ၂၀၁၁ ခုနှစ်မှစ၍ လျော့ကျခဲ့ပြီး အချို့လက်ဝါးကပ်တိုင်များကို ယခုအချိန်တွင် ပြန်လည်တည်ထားနေသည်ဟု ဆိုသည်။ တီးတိန်မြို့နယ် ကနေဒီတောင်တန်းရှိ ကျွန်းဖြင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်မှာ ၁၉၈၅ ခုနှစ်တွင် ဖြိုချဖျက်ဆီးခြင်း ခံရပြီး ထိုလက်ဝါးကပ်တိုင်အား အစားထိုးရန် ထပ်မံတည်ထားသော စတီးလက်ဝါးကပ်တိုင်ကြီးကိုလည်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ဖြိုချဖျက်ဆီး ခံခဲ့ရပြန်သည်။
ချင်းပြည်နယ်ကိုယ်စားပြု ပါလီမန်အမတ်ဖြစ်သူ ပူဇိုးဇမ်က စစ်တပ်နှင့် ဒေသတွင်းအာဏာပိုင်များက လက်ဝါးကပ်တိုင်များ အစားထိုးတည်ထားမှုကို ပိတ်ပင်သော်လည်း အစိုးရခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုလက်ဝါးကပ် တိုင်များကို ပြန်လည်တည်ထားရန်မှာ မိမိတို့၏ ယုံကြည်ချက်နှင့် တာဝန်ဝတ္တရားဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ပြန်လည်တည်ထားဖို့လိုနေတဲ့ လက်ဝါးကပ်တိုင်ကြီး ၁၃ ခု ရှိပါတယ်။ ကျွန်တော်တို့မြေမှာ ပဝေသဏီတည်းကရှိနေတဲ့ ဒီလက်ဝါးကပ်တိုင်တွေကို ပြည်လည်တည်ထားတာပါ။ ဒါ့ကြောင့် ဒါတွေ ပြန်လည်တည်ထားဖို့အတွက် ခွင့်ပြုချက်တောင်းဖို့လိုတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
လက်ဝါးကပ်တိုင်များ ဖျက်ဆီးခံရခြင်းများမှာ ချင်းခရစ်ယာန်များ ခံစားနေရသည့် တစ်ခုတည်းသော ပြဿနာမဟုတ်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ ဆလိုင်းလင်းက နယ်စပ်မှ တိုင်းရင်းသားဒေသများတွင် ရှိသည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှာ ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲရန် စီစဉ်ထားသည့်နေရာများဟု ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်း၏ လက်ရှိ နှစ် ၃၀ စီမံကိန်းအောက်တွင် တည်ဆောက်ထားသော နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ နိုင်ငံ တစ်ဝှမ်းတွင် ၂၉ ကျောင်းရှိပြီး ထိုအထဲမှ သုံးပုံတစ်ပုံမှာ ချင်းပြည်နယ်တွင် ရှိနေသည်။
“နှစ် ၃၀ ဆိုတာ မျိုးဆက်တစ်ခုပါ။ ဒီစီမံကိန်းက ကျွန်တော်တို့ကို ပစ်မှတ်ထားတာပါ။ အစိုးရရဲ့ ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေနဲ့ စိတ်ဓာတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ဖို့ပါပဲ” ဟု ဆလိုင်းလင်းက ထပ်လောင်းပြောကြားခဲ့သည်။
အချို့ကတော့ ခွဲခြားဆက်ဆံမှုမှာ နည်းလမ်းနှစ်မျိုးဖြင့် သွားနေသည်ဟု ဆိုကြသည်။ ချင်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များမှာ တရားဝင် ခွဲခြားဆက်ဆံခြင်း မခံရသော်လည်း ဗုဒ္ဓဘာသာဝင် ဆရာတစ်ဦဖြစ်သူ ဆရာမြက ၎င်းတို့မှာလည်း သွယ်ဝိုက်သောနည်းဖြင့် ခွဲခြား ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့သည်။
“ခရစ်ယာန်တွေက လူငယ် အစည်းအဝေးတွေ ဒါမှမဟုတ် ဖိုရမ်တွေပြုလုပ်တဲ့ အခါမှာ ဆုတောင်းမှုနဲ့ ဖွင့်ကြ၊ ပိတ်ကြပါတယ်။ အဲဒါက ခရစ်ယာန် မဟုတ်တဲ့သူတွေကို သက်တောင့်သက်သာ မဖြစ်စေပါဘူး” ဟု ၎င်းက ဆိုသည်။
ထိုဇာတ်လမ်းများက မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပဋိ့ပက္ခများ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။
ref:washingtonpost
ဘာသာပြန်သူ- လေးမောင် (M-Media)
Comments