ဧပြီ ၉ ၊ ၂၀၁၅
M-Media
ညီသွေး ရေးသည်။
သို့
မိအေး
ငါလေ နင့်ကိုအရမ်းသနားတယ်။ နင်ဟာ နှစ်ခါနာခဲ့ရသူ ဖြစ်တဲ့အပြင် နင်နာလို့ အော်ရတဲ့အကြောင်းအရင်းကိုလည်း အများစုနားလည်အောင် ရှင်းမပြနိုင်ခဲ့လို့ ပိုတောင် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။ ဒါပေမယ့် မိအေးရယ်၊ နင်ဟာလေ အမှတ်သည်းခြေမရှိ ရာဇဝင်ဘုတ်အုတ်ထဲမှာ အေးဆေးမနေ ဒဏ်ရာတွေ အကင်းသေရုံရှိသေး အပြင်လောကကြီးထဲကို ထွက်လာခဲ့တယ်လေ။ နင်….. နင် အခု အခါခါနာခဲ့ရပြီလေ။ နင်တစ်ခါနာရတဲ့ သတင်းကြားရတိုင်း ငါရင်နာရတယ် မိအေးရယ်။ နင် ၈၈ မှာနာတယ်။ နင်လက်ပံတောင်းမှာ နာတယ်။ နင် လက်ပံတန်းမှာနာတယ်။ နင်လှည်းတန်းမှာ နာတယ်။ နင်တောင်သူလယ်သမား၊ အလုပ်သမား ဆန္ဒထုတ်ဖော်ပွဲမှာနာတယ်။ ငါလေနင့်ကို သနားလည်းသနားတယ်။ အံ့လည်းသြမိတယ်။ နင့်လောက် အမှတ်သည်းခြေ မရှိတဲ့သူဆိုပြီး ဂရုဏဒေါသနှင့် အပြစ်တင်ချင်ပေမယ့်လည်း နင့်ဘဝတစ်ခုလုံးကို အတွင်းသိ အဆင်းသိမို့ အပြစ်မတင်ရက်တော့ပါဘူး။
လူသတ်သမားထက် ပိုကြောက်ဖို့ကောင်းတာက လူသတ်သမားရဲ့ ရှေ့နေတဲ့။ နင့်ဘေးနား အဲ့လိုဝိုင်းဝိုင်းလည်နေတာက အဲဒီလို ရှေ့နေတွေချည်းပဲလေမိအေး။ သတိထားပါ။ ငါစိတ်ပူမိတယ် မိအေး။ခေတ်အဆက်ဆက် အနာခံခဲ့ရတဲ့ နင့်အကြွေးတွေကို ဘယ်သူတွေများ ပြန်ဆပ်မယ်ထင်နေလို့လဲ။ အဲဒီအကြွေးတွေ ကိုယ်စား နင်ပြန်ရတာတွေက နံပါတ်တုတ်တွေ၊ လက်ထိပ်တွေ၊ သံတံခါးကြီး၊ အလုံပိတ်နံရံတွေ ဒါတွေပဲမဟုတ်လား။ ဒါနဲ့များ မိအေးရယ် သားတစ်ကွဲ မယားတစ်ကွဲ အိုးပစ်အိမ်ပစ် သမိုင်းစာမျက်နှာသစ်ကို ဘာလို့များဖွင့်လှစ်နေချင်ရတာလဲ။ ဒီပုံအတိုင်းဆို နင်မျှော်မှန်းနေတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးဆိုတာ “မောင်ရင်ငတေမိုက်ကန်းသည်” ရုပ်ရှင်ကားထဲက အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းပြောသလို ဆယ်နှစ် ဆယ်နှစ်ဆိုပြီး လက်ဆယ်ချောင်း ထောင်ပြရုံတင်မက ခြေဆယ်ချောင်း ထောင်ပြရင်တောင် မသေချာသေးဘူးမိအေး။ ဒီနိုင်ငံတော်ကြီးမှာ သန်မာထွားကြိုင်း အထွက်တိုး သုံးထုတ်ကုန်ဆိုလို့ မတရားမှုပဲရှိတာ သိရဲ့သားနဲ့ ဒီအာဏာရှင် ရေစုန်ခရီးကို ဘာလို့လက်ပစ်ကူး ဆန်တက်ချင်ရတာလဲ မိအေးရယ်။
နောက်ရောက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲနေတဲ့ သံသရာမှာ အမှန်တရားက ဘယ်တုန်းက လူရာဝင်ခဲ့လို့လဲ မိအေး။ ကိုယ့်အတွက်ကို မကြည့်တော့ဘူးလားမိအေး။ ကြွေးတင်နေတာတွေကို ဘာမှမဆပ်ရသေးဘဲနဲ့ ထွက်မသွားနဲ့ဦး၊ မသေနဲ့ဦး၊ နင်တို့ငါတို့မှာ အစိုးရအကြွေးတွေကို ကူးဆပ်ဖို့တင်နေတဲ့အကြွေးတွေက နောက်သံသရာပါသွားရင် ဝဋ်ခံနေရပါဦးမယ်။ ဆုပ်လည်းစူး၊ စားလည်းရှုး ဘဝမို့ ဇွတ်မှိတ်ပြီး နင်တိုးနေမှန်းသိပါတယ် မိအေးရယ်။ နင့်ဘဝမှာဘယ်တော့များမှ ငြိမ်းချမ်းရေးရပါ့မလဲလို့ ငါတွေးပူမိတယ်။ ဘာသာအယူအဆတွေ၊ အတွေးအခေါ် အကျင့်သီလတွေ၊ အသားအရောင် နေရပ်ဌာနတွေ ဘယ်လိုကွဲပြားနေပါစေ။ လူဆိုတဲ့ သွေးနွေး သတ္တဝါကို အပေါ်ယံလွှာပြီး အသက်ဓာတ်ရဲ့အရေးပါတဲ့ သွေးစက်တွေကို ဖောက်ကြည့်လိုက်ရင် အားလုံးဟာ အနီရောင်ပါ။တစ်ဖက်ကို ပစ်လိုက်တဲ့ ကျည်ဆံကလည်း နီရဲတဲ့သွေးစက်တွေထွက်သလို တစ်ဖက်ကပြန်လာတဲ့ကျည်ဆံကလည်း ဒီနီနီရဲရဲသွေးစက်တွေပဲ ထွက်စေတာပါ။ ဒီလောက် ဆွေးမြေ့ကြေကွဲဖွယ်ရာ အရောင်တွေ တူညီကြပါလျက် ငြိမ်းချမ်းရေးရနံ့ဟာ အခုချိန်ထိ မွှေးမပြန့်နိုင်သေးတာ ဘာကြောင့်လဲ မိအေး။ ရှင်းရှင်းလေးပဲမိအေး။ ငြိမ်းချမ်းရေးကို ဒီလောက်ကြိုးရှုပ်စေတာ မငြိမ်ချမ်းချင်သေးတဲ့ အုပ်စုကြီးတစ်စု ရှိနေတယ်ဆိုတာ သေချာနေသေးလို့ပေါ့။
ကျောင်းတစ်ကျောင်း ဖြစ်တည်ဖို့ (၁၀) နှစ်လောက်ကြာနိုင်ပေမယ့် ကျောင်းတစ်ကျောင်း ပျက်စီးသွားဖို့ (၁၀) မိနစ်လောက်ပဲ ကြာစေနိုင်တဲ့ လက်နက်ကြီးကျည်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာ နင်သိပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနောက်မှာ မငြိမ်းချမ်းသေးတဲ့ ဘဝတွေ အတုံးအရုန်းလဲပြိုကြနေတာ မရေတွက်နိုင်လောက်အောင် များနေခဲ့ရပြီ။ ပြောမယ့်သာပြောရတာပါ။ နင်တို့ငါတို့မှာ ထူးပြီးပျက်စရာဘဝမှ မရှိတော့တာ။ ပျက်ပြီးသား သုညဘဝတွေက ဘာများထပ်ဆုံးရှုံးသွားမှာ ကြောက်နေရမှာလဲလေ။
နင့်ကိုငါအံ့သြရတဲ့အဖြစ်အပျက်လေးတစ်ခုပြောပြရအုံးမယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးတစ်ကောင်ကို တစ်နေ့သောအခါမှာ ကြိုးမဖြေ၊ အစာမကျွေးပဲမေ့ပြီး အပြင်ကိုသွားမိသတဲ့။ မလာမလာအချိန်တွေကြာလာတော့ သူ့ခွေးဟာဆာလို့အော်၊ ရေငတ်လို့ဟောင်ပေါ့။ အဲဒီမှာအိမ်နီးနားချင်းက သက်ဆိုင်ရာကို ဖုန်းနဲ့လှမ်းတိုင်သတဲ့။ ဆိုင်ရာကချက်ချင်းလာ၊ ခွေးကိုကြိုးဖြေ၊ အစာကျွေးပြီး ပိုင်ရှင်ကိုရှာ၍ ချက်ချင်းအရေးယူသတဲ့။ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ဒဏ်ငွေတပ်သတဲ့။ သူမွေးထားတဲ့ခွေးတောင် သူတာဝန်မကျေရင် ဒဏ်ဆောင်ရသတဲ့ မိအေး။ ဒီအဖြစ်အပျက်ကိုကြားပြီး ဒီနိုင်ငံမှာဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ နင်သိပါတယ်။ ဒီခွေးတစ်ကောင်အတွက် အများကြီးရေးကြီးခွင်ကျယ် လုပ်ရတယ်ဆိုပြီး နင် မဲ့ကောင်းမဲ့မယ် မိအေး။ ငါတော့ကြေကွဲရတယ်။ အဲဒီခွေးတစ်ကောင်လောက်တောင် ငါတို့နင်တို့ လူရာသွင်းမခံရတာ နင်အသိဆုံးပဲမိအေး။ သူတို့ဆီမှာ အသက်မပြည့်သေးဘဲ အရက်ခိုးဝယ်သောက်တဲ့ သမ္မတသမီးလည်း အရေးယူခံရ၊ ကားမိုင်နှုန်းပိုမောင်းမိတဲ့ ဝန်ကြီးလည်း ဒဏ်ငွေရိုက်ခံရသတဲ့။ လုပ်ခနည်းလို့ ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတွေ၊ လယ်ယာမြေအသိမ်းခံရလို့ သပိတ်တိုက်ပွဲဝင်နေတဲ့ တောင်သူတွေအဖို့တော့ သူတို့ဘဝနဲ့ယှဉ်ရင် ဒါတွေကိုပုံပြင်လို့ ထင်ချင်ထင်နေမှာပေါ့။
ငါတို့ဆီက မျက်နှာကြီးရာ ဟင်းဖတ်ပါပုံတွေကလည်း နည်းနည်းကြမ်းတယ် မိအေး။ ရှမ်းပြည်မှာ ရန်ကုန်မြို့ထက် (၃၅) ဆကျယ်တဲ့ မြေယာတွေကို အဓမ္မသိမ်းယူတဲ့အမှုမှာ တကယ့်ခေါင်းသူကြီးတွေချည်း ပါနေတာ။ ပြည်ထောင်စုဝန်ကြီး၊ ခရိုနီကုမ္ပဏီ၊ နိုင်ငံရေးပါတီကြီးတစ်ခုနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ လက်တွဲညီညီ ဝိုင်းပြီးဆွမ်းကြီးလောင်းကြတာ သူများနိုင်ငံ ကလာ အထုပ်ဖြေပြမှပဲ ငါတို့ပြည်သူကသိခွင့်ရတာ။ ထပ်ပြီးတော့ မတော်မတည့် လစာတိုးမှုကြီးကိုကြည့်ဦး၊ အောက်ခြေဝန်ထမ်း လစာတိုးတာက အစွန်းအတွက်၊ အာဏာမြင့်ဆုံး ရာထူအကြီးဆုံး ပုဂ္ဂိုလ်တွေ လစာတိုးတာက နှစ်ဆ၊ ပိရမစ်ကို ပြောင်းပြန်ဆောက်နေ သလို၊ အဲဒီလို အီကို နော်မီ အစွမ်းအစအပြည့်နဲ့ စီမံချက်တွေ ချမှတ်နိုင်တာ တော်တော်အကြံဥာဏ် ကြီးလို့ပေါ့ မိအေးရယ်။ နင်တို့ငါတို့ပန်းတိုင်ရှာနေချိန် သူတို့ကပန်းတိုင်ကို နှစ်ခါလောက်ဝင်ပြီး နောက်တစ်ခါ ထပ်ဝင်ဖို့တောင်ကြိုးစားနေပြိ မိအေး။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်။ ငါတို့နင်တို့ဘဝတွေ ဘယ်တော့များမှ အမွန်ရပ်မလဲ မသိဘူး။
အခုနင်လဲပဲ နာမည်နောက်မှာ အမြီးရှည်တွေ အတပ်ခံဂုဏ်ပြုခံနေရပြီလေ။ ကျောက်ခတ်မှာ လူစင်စစ်က မျောက်ဖြစ် ခံလိုက်ရတဲ့သူတွေလို နင်တို့အတပ်ခံထားရတဲ့ တံဆိပ်တွေက အကြမ်းဖက်သမား သွေးထိုးလှုံ့ဆော်သူတွေ၊ ကွန်မြူနစ်တွေ၊ ဆူပူရမ်းကားသူတွေတဲ့။ နင်တို့ဘွဲ့ထူးဂုဏ်ထူးတွေကလည်း အများသားနော်။ လူဆိုတာမွေးရာပါနိုင်ငံရေးသမား၊ မွေးရာပါ အဆိုပါရမီရှင်၊ မွေးရာပါသူတော်စင် စသဖြင့်အများကြီးရှိကြပါတယ်။ နင်တို့ငါတို့ကတော့ မွေးကတည်းက ဆေးရုံစရိတ်တွေ၊ သားဖွားစရိတ်တွေ ဘယ်လောက်တောင် ငါတို့ဘဝကို ရိုက်ခတ်ခံရသလဲ။ ဒီလိုနဲ့ ငါတို့အားလုံးဟာ မွေးရာပါ နိုင်ငံရေး သားကောင်တွေ ဖြစ်လာခဲ့ရတယ်လေ။ ပါးရည်နပ်ရည် မရှိရင် ဆေးရုံတံခါးစောင့်လည်းကြောက်ရ၊ ရပ်ကွက်ရုံးစာရေးကိုလည်းကြောက်ရ၊ ငါတို့နိုင်ငံမှာ စပယ်ယာကအစ ဝန်ကြီးအဆုံး အားလုံးဟာ နေရာကလေးရလာတာနဲ့ လူပါးဝပညာကို မသင်ပေးရဘဲ တစ်ဖက် ကမ်းခတ် တတ်မြောက်လာကြတာဆိုတော့ နင်တို့လူပါးဝခံရတဲ့အခါ ထူးပြီးဆန်းမနေပါနဲ့တော့ဟာ။ ရပ်ကွက်ရုံးမှာ၊ ဆေးရုံမှာ၊ ရဲစခန်းမှာ၊ တရားရုံးမှာ ဘယ်ဌာနဆိုင်ရာမှာပဲဖြစ်ဖြစ် လူပါးဝမခံရတဲ့ နေရာရှိလားမိအေး။
အရင်းက ခုတ်လှဲခံလိုက်ရတဲ့ သစ်ပင်ကတောင် တစ်နေ့ ရွက်နုလေးတွေ ဝေလာနိုင်စရာရှိပေမယ့် ငါတို့နင်တို့ အနာဂတ်ဟာ အမြစ်ပါတူးခံထားရလို့ မျှော်လင့်ချက် ရွက်နုတွေ ပြန်ဝေလာနိုင်မယ့် တစ်နေ့ဆိုတာ ပြန်ရောက်လာနိုင်ပါ့မလား မိအေး။ ဒါတောင်အခုချိန်ထိ ငါတို့အားလုံး နွားကွဲတုန်း၊ ညီအစ်ကိုမသိတသိလုပ်ကောင်းနေတုန်း၊ ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ ထင်းစည်းဘဝအရောက်မခံကြသေးဘဲ ထင်းချောင်းဘဝမှာ ပျော်နေကြတုန်းပဲ။ ဒါပေမယ့် နင်ယုံကြည်လိုက်စမ်းပါ မိအေးရယ်။
လောကကြီးထဲမှာ မဟုတ်မဟတ်တွေ၊ လုပ်ဇာတ်တွေ၊ မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ လုပ်ချင်သလိုလုပ်ပြီး အနိုင်နဲ့ပိုင်းထွက်ခွာသွားလို့ ဘယ်တော့မှမရဘူးဆိုတာကိုပေါ့။ မမြင်ရတဲ့ လောကပါလတရားဆိုတာ မတရားမှုအားလုံး လှပတဲ့ အနားလေးတွေသတ်ပေးတဲ့ တရားသူကြီးတစ်ဦးပဲ မိအေး။ မိတ်ဆွေများနှင့်ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်တဲ့။ ဖိနှိပ်ခံရလေ ရန်သူများလေ နင်တို့ကို ပြည်သူချစ်လေ၊ မိတ်ဆွေစစ်တွေများလာလေပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမရှိသလို အမြဲ အရှုံးကြီးပဲဆိုတာလည်း မရှိပါဘူး။ လောကမှာ Real Madrid (ရီးရယ်မတ်ဒရစ်) တောင်ရှုံးသေးတာပဲ ငါတို့နင်တို့ အားလုံးညီရင် ဘာစီလိုနာဖြစ်ရမှာပေါ့။
နင်ရဲ့ထာဝရ
ပူဖော်လောင်ဖက်
ညီသွေး
Comments