ဧပြီ ၃၀ ၊ ၂၀၁၅
M-Media
.
– မြန်မာနိုင်ငံ၏ မြို့ကြီးဖြစ်သည့် ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် စိုးမင်းလွင်တစ်ယောက် နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ အော်ဒါမှာပေးခြင်း၊ အစားသောက်များချပေခြင်းနှင့် ပန်းကန်ဆေးခြင်းတို့ကို ပြုလုပ်ရသည်။ ညစဉ်ညတိုင်း ၎င်းမှာ သစ်သားစားပွဲပေါ်တွင် တက်အိပ်ရသည်။ အသက် ၁၂ နှစ်အရွယ်သာရှိသေးပြီး တစ်နေ့လျှင် တစ်ထောင်ကျော်သာရသည့် ၎င်းက မိသားစု၏ အဓိက ၀င်ငွေရှာသူ ဖြစ်နေ၏။
.
“ကျွန်တော် အလုပ်မလုပ်တဲ့အခါ တစ်ခါတစ်လေ ကျွန်တော့်မိသားစုက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အဆင်မပြေပါဘူး။ ကျွန်တော့်ပထွေး အလုပ် ရ၊ မရပေါ်မှာ မူတည်ပါတယ်။ သူ့မှာ အလုပ်က ပုံမှန်မရှိပါဘူး” ဟု စိုးမင်းလွင်က ဆိုသည်။
.
လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုသာတင့်က မြန်မာ ရွေ့လျား ပညာရေး ပရောဂျက်မှ ဖွင့်လှစ်သင်ကြားပေးသည့် အတန်းသို့တက်ရောက်ရန် စိုးမင်းလွင်အား တစ်ပတ်လျှင် ၆ နာရီ ခွင့်ပေးသည်။ သို့သော်လည်း စိုးမင်းလွင်ကဲ့သို့ ကလေးများကို အလုပ်ခန့်ရခြင်းက မတရားလုပ်အားဖြစ်သည်ဟုလည်း သူက ပြောသည်။
.
“ဒီကလေးတွေကို ကျွန်တော်တို့ မနှိပ်စက်သလို အတင်းအဓမ္မလည်း အလုပ်ခိုင်းတာ မဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်တို့ခေါ်ထားတယ်။ အလုပ်ပေးတယ်။ ဒါမှ သူတို့ရဲ့ မိသားစုတွေကို သူတို့ ထောက်ပံ့နိုင်မှာပါ။ ဒီမှာဆိုတော့ သူတို့မှာ နေဖို့၊ စားဖို့ နေရာရှိတယ်။ တကယ်လို့ သူတို့ကို ခေါ်မထားရင် ဒီထက်ဆိုးတဲ့နေရာမှာ သူတို့ ဘ၀ဆုံးသွားနိုင်ပါတယ်”
.
ကိုသာတင့်တွင် ၉ နှစ်အရွယ် သားတစ်ဦးရှိပြီး အသက် ၁၂ နှစ်အရွယ်တွင် ၎င်းအားကျောင်းထုတ်ကာ အလုပ်ခိုင်းမလားဟု မေးမြန်းရာတွင်တော့ သူက မခိုင်းဘူးဟုဆိုသည်။
.
“ဒီကလေးတွေက သူတို့ရဲ့မိသားစုမှာ ပိုက်ဆံ လုံလုံလောက်လောက်မရှိတာကြောင့် အလုပ်လုပ်နေရတာပါ” ဟု ၎င်း၏ထံတွင် အလုပ်လုပ်နေသည့် ကလေးငယ် ၅ ဦးကို ရည်ညွှန်း၍ ကိုသာတင့်က ဆိုသည်။
.
“ကျွန်တော့်သားကတော့ (သူတို့ထက်) ပိုကံကောင်းပါတယ်။ ဒါ့ကြောင့် သူက အလုပ်လုပ်ဖို့ မလိုသေးပါဘူး”
.
ကလေးများမှာ မြန်မာ့စီးပွားရေး၏ ဒေါက်တိုင်များဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ အများစုမှာ အိမ်သန့်ရှင်းရေး၊ စက်ရုံများနှင့် ဈေးဆိုင်အကူများအဖြစ် လုပ်နေရသည်။ သို့ရာတွင် နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးအပြီး တံခါးဖွင့်လိုက်သည့်အခါ ကလေးငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာမှ စီစစ်လေ့လာခြင်းမှာ တိုးလာသည်။
.
“ဒီပြဿနာကို အခြေအနေအရတော့ လက်ခံထားရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နိုင်ငံရဲ့ ဘယ်နေရာကိုပဲသွားသွား၊ ကလေးတွေ အလုပ်လုပ်နေတာကို ကျွန်တော်တို့ မြင်ရပါတယ်။ နေရာတိုင်းမှာပါ” ဟု မြန်မာ ရွေ့လျားပညာရေးပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့သည့် တင်အေးဟာဒီက ဆိုသည်။ အဆိုပါ ပရောဂျက်က လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြသည့် ကလေးငယ် ၄၀၀အား ကျောင်းစာမဟုတ်သည့် ပညာရေးကို သင်ကြားပေးနေသည်။
.
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး အဓိကပြောင်းလဲမှုများ လုပ်ဆောင်စဉ်ကတည်းက ကျေးလက်ဒေသများမှ ကလေးငယ်များမှာ မြို့ကြီးများသို့ တိုး၍တိုး၍ ပြောင်းရွှေ့လာကြသည်။
.
“မြို့ကြီးတွေမှာ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်ကြတယ်။ သူတို့က ဈေးပေါပြီး စိတ်ချရတဲ့ လုပ်အားကို လိုအပ်ပါတယ်။ ပြီးတော့ လူတွေကလည်း ၀င်ငွေတွေပိုပိုရလာတယ်။ ဒါ့ကြောင့် ၀န်ဆောင်မှုတွေကိုလည်း ပိုပြီး တောင်းဆိုလာကြပါတယ်။ အဲဒီတောင်းဆိုမှုက လုပ်အားကို ပိုပြီး လိုအပ်စေတာပါပဲ” ဟု တင်အေးက ထပ်လောင်းပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ လက်တလော အချက်အလက်ကို ကောက်ယူရန် ခက်ခဲသည်။ ယူနီဆက်ဖ်၏ ၂၀၀၆ ခုနှစ် လေ့လာမှုမှ ရရှိသည့် နောက်ဆုံးအချက်အလက်အရ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ခဲ့သည့် အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်ကလေး ၃၃ ရာခိုင်နှုန်းနီးပါးမှာ အလုပ်လုပ်နေ ရသည်ကို တွေ့ရှိခဲ့ ရသည်။ ဘေးအန္တရာယ်မျာကို လေ့လာ ဆန်းစစ်သော ယူကေရှိ Maplecroft ကုမ္ပဏီက ကလေးငယ်အလုပ်သမား ပြဿနာတွင် ကမ္ဘာ့အဆိုးအ၀ါးဆုံး နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံအား အဆင့် ၇ ပေးထားသည်။ အိန္ဒိယနှင့် လိုက်ဘေးရီးယားတို့ထက် အနည်းငယ်တော့ သာသည်။
.
နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က လက်ရှိအချိန်တွင် ကိန်းဂဏန်းအချက်အလက်များကို စုဆောင်းနေသည်။ သို့သော်လည်း ကလေးအလုပ်သမားက မြန်မာနိုင်ငံတွင် သာမန်ပုံစံမျိုးဖြစ်နေသည်ဟု ILO ၏ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်သည့် အစီအစဉ်မှ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ ဆဲလင်မ် ဘီနာအစ်စာက ဆိုသည်။
.
“ဥပဒေတွေကို ကျင့်သုံးဖို့နဲ့ အသိပညာပေးဖို့က သိသာတဲ့ပြဿနာတစ်ခု ဖြစ်နေပါတယ်”
.
၁၉၅၁ ခုနှစ်တွင် ထိုစဉ်က ဘားမားဟုခေါ်သည့် မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်အောက် ကလေးများ ဈေးဆိုင်များနှင့် စက်ရုံများတွင် အလုပ်လုပ်ခြင်းကို တားမြစ်သည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေတွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်ကလေးများ တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်လုပ်ခြင်းကိုလည်း တားမြစ်ခဲ့သည်။ ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လက်နက်ကိုပဋိပက္ခများနှင့် အန္တရာယ်ရှိသော အလုပ်များတွင် ကလေးများအား အသုံးပြုခြင်းတို့ အပါအ၀င် ကလေးအလုပ်သမားများအား ခိုင်းစေမှု အဆိုးဝါးဆုံးပုံစံများ ပပျောက်စေရေး တိုက်တွန်းထားသည့် ILO ၏ သဘောတူညီချက် တစ်ခုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တော်က အတည်ပြုခဲ့သည်။
.
မြန်မာ့အလုပ်သမားရေးရာ ၀န်ကြီးဌာန၏ စက်ရုံအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးခြင်းဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဦးဝင်းရှိန်က အစိုးရအနေဖြင့် အကောင်းဆုံးကို ကြိုးစားဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
.
“ကလေးအလုပ်သမားကိစ္စဟာ ပြဿနာကြီးတစ်ခုပါ။ ဒါပေမယ့် ဒါဟာ ဆင်းရဲမွဲနေမှုရဲ့ ရလဒ်ပါပဲ။ တိုင်းပြည်ကဆင်းရဲတယ်။ ဒါ့ကြောင့် ကလေးတွေက သူတို့မိသားစု ၀င်ငွေရဖို့ ကူညီကြရတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် ကျွန်တော်တို့ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ပြီးတော့ ဒါဟာ အချိန်အတော် ကြာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
.
ထို့ပြင် အစိုးရအနေဖြင့် အလုပ်လုပ်ခွင့်ပေးသည့် အနိမ့်ဆုံးအသက်ကို ၁၄ နှစ်အထိ တိုးမြှင့်သတ်မှတ်သွားရန် စဉ်းစားနေပြီး ၎င်း၏ ရုံးကလည်း အသက်အငယ်ဆုံး အလုပ်သမားများအတွက် ပညာသင်ကြားပေးရေး၊ အသက်မွေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရေးတို့အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟုလည်း ဆိုသည်။
.
ကလေးငယ် ၅ ဦးတွင် ၂ ဦးက အာဟာရ ချို့တဲ့မှုဒဏ်ကို ခံစားနေရသည့် မြန်မာနိုင်ငံတွင် ပွဲစားများကလည်း ကလေးအလုပ်သမားအရေးကို မီးထိုးပေးနေသည်။ သူတို့က ကလေးငယ်များကို အလုပ်ရှင်များထံသို့ တန်ဖိုးတစ်ခုဖြင့် ပို့ဆောင်ကြသည်။ ခင်ဌေးက ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် ကလေးအ၀တ်အစားများ ရောင်းသည့် အချိန်ပြည့်အလုပ်အပြင် ကလေးအလုပ်သမားရှာဖွေသည့် ပွဲစားလည်း လုပ်သည်။ ကလေးအလုပ်သမားတစ်ဦး ရှာပေးလျှင် အလုပ်ရှင်များက သူမအား တစ်သောင်းအထိ ပေးကြသည်။
.
“အချို့လူတွေက ကျွန်မဆီလာပြီး သစ်သီးဖျော်ရည်ဆိုင်လို သူတို့ဆိုင်တွေမှာ အလုပ်လုပ်ဖို့ ကလေးတွေကို ရှာခိုင်းကြပါတယ်။ တစ်ချို့တွေကတော့ အိမ်အကူရှာခိုင်းကြတယ်။ အသက် ၁၅ နှစ်လောက် မိန်းကလေးတွေလည်း ကျွန်မဆီလာပြီး အလုပ်ရှာခိုင်းတာမျိုးတွေ ရှိပါတယ်” ဟု ခင်ဌေးက ပြောကြားခဲ့သည်။
.
ခင်ဌေးကတော့ သူမမှာ ဆင်းရဲပြီး အလုပ်လိုနေသည့် ကလေးများကို ကူညီပေးနေသည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။
.
“အဲဒါဟာ ကျွန်မ အနိမ့်ဆုံး လုပ်နိုင်တာပါပဲ”
.
အခြားပွဲစားများကလည်း ဤအလုပ်နှင့်ပင် စီးပွားဖြစ်နေကြသည်။ ၎င်းတို့၏ အလုပ်က ပို၍ လျှို့ဝှက်သည်။
.
နေရာတကာတွင် ပြန့်နှံ့နေသည့် ကလေးအလုပ်သမားကိစ္စက အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှု ဖွင့်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် အမေရိကန် ကုမ္ပဏီများအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
.
အမေရိကန်ကုမ္ပဏီတော်တော်များများက ၎င်းတို့၏ လုပ်ငန်းခွင်များသို့ သွားရောက်ရန် တောင်းဆိုမှု ကို ငြင်းပယ်ကြသည်။ သို့သော်လည်း ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံရှိ ၎င်းတို့ကုမ္ပဏီ၏ မူဝါဒမှာ အသက် ၁၈နှင့်အထက်ကိုသာ အလုပ်ခန့် ထားရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အ၀တ်အစား ဖြန့်ဖြူးရောင်းချသည့် Gap ကုမ္ပဏီကလည်း ကလေးအလုပ်သမား အတွက် လုံးဝသည်းမခံသည့် မူဝါဒကို ချမှတ်ထားသည်ဟု ဆိုသည်။
.
နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Verite မှ ဆောင်ရွက်ထားသည့် စစ်ဆေမှုများအရ Gap ၏ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသည့် စက်ရုံနှစ်ခု၌ ကလေးအလုပ်သမား ရှိသည်ဟူသော အထောက်အထား မတွေ့ရဟုဆိုသည်။ သို့သော်လည်း အချို့သော အလုပ်သမား ဖိုင်များတွင် အသက်အရွယ်ကို ဖော်ပြထားသည့် အထောက်အထား မပါဘဲ၊ ပါရှိသည့် အထောက်အထား အချို့မှာလည်း ပြင်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
.
မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားကို ရှောင်ကျဉ်ရန် အမေရိကန်ရှိ ကုမ္ပဏီများအတွက် ခက်ခဲနိုင်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ စီးပွားရေးနှင့် ကုန်သွယ်မှုရေးရာ တာဝန်ရှိသူ မက်ချက် ရှီရှက်က ဆိုသည်။
.
“သေချာတာက အမေရိကန်ကုမ္ပဏီတွေဟာ နိုင်ငံတကာရဲ့ အကောင်းဆုံးစံနှုန်း ဒါမှမဟုတ် နိုင်ငံအတွင်း ဥပဒေတွေကို တိုက်ရိုက်ချိုးဖောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုန်စည်အသွားအလာ ကွင်းဆက်တွေမှာ ကလေးအလုပ်သမားတွေ ရှိနိုင်မလားဆိုတာကို ဖော်ထုတ်ဖို့ အမေရိကန်ကုမ္ပဏီတွေက လိုအပ်တဲ့ လုံလ၀ီရိယတော့ ထုတ်ရပါမယ်။ အဲဒီလိုကွင်းဆက်တွေက ကုမ္ပဏီတွေမှာ ဒါမျိုးတွေ တွေ့ရတယ်ဆိုတဲ့ ပြဿနာတွေကိုလည်း ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ “ခင်ဗျားတို့ ကလေးအလုပ်သမားကို မစွန့်လွှတ်ဘူးဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့နဲ့ အလုပ်မလုပ်နိုင်ဘူးလို့” ကန်ထရိုက်ခွဲတွေနဲ့ ကုန်ပစ္စည်း ထောက်ပံ့ပေးတဲ့ သူတွေကိုလည်း ကျွန်တော်တို့ ပြောထားရပါတယ်” ဟု ရှီရှက်က ထည့်သွင်းပြောကြားခဲ့သည်။
.
နောက်ထပ်အခက်အခဲတစ်ခုက အလုပ်မှ ထုတ်လိုက်သည့် ကလေးငယ်များမှာ အလွန်ငယ်ရွယ်သည့် အနေအထား ရှိသောကြောင့် ၎င်းတို့အား ဘာလုပ်ပေးရမည်ဆိုသည်ကို အဖြေရှာရန်ဖြစ်သည်ဟု ဘီနာအစ်ဆာက ဆိုသည်။
.
“ဒေသတွင်း ကုမ္ပဏီကတွေက လူငယ်အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တဲ့အခါ ဒီပြဿနာဟာ အခြားနိုင်ငံတွေမှာ လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီကလေးတွေဟာ ငယ်တယ်။ ပြီးတော့ သူတို့ ပထမရှိနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးဆိုးဝါးတဲ့ ကလေးအလုပ်သမား ပုံစံမျိုးကို ရောက်သွားတယ်….. ဒါ့ကြောင့် ကျွန်တော်တို့ ဒါကို ရှောင်ချင်ပါတယ်”
.
ရန်ကုန်၏မြောက်ဘက် ၅၅ မိုင်အဝေးတွင်ရှိသည့် စိုးမင်းလွင်၏ ရွာတွင်တော့ ၎င်း၏လခ တစ်လ ၃ သောင်းခွဲလောက်မှာ အတော်လေးခရီးရောက်သည်။ သူ့မိသားစုက ဆန်ကို အကြွေးဖြင့်ဝယ်သည်။ ဆန်တစ်အိတ်လျှင် ၂ သောင်းခန့် ကုန်ကျပြီး မိခင်၊ ပထွေး၊ ညီငယ် ၂ ယောက်နှင့် အဖွား စုစုပေါင်း ၅ ယောက်အတွက် စားလောက်သည်။
.
“သူတို့ကို အလုပ်မလုပ်စေချင်ပါဘူး။ ကလေးတွေကို မိဘတွေရဲ့အဝေးမှာ မထားသင့်ပါဘူး။ သူတို့ စာရိတ္တ ပျက်ဆီးသွားနိုင်ပါတယ်။ စိုးမင်းလွင်ကို အလုပ်ခိုင်းတာက ကျွန်မတို့မှာ မပြေလည်လို့ပါ” ဟု မိခင်ဖြစ်သူ နော်အဲလ်ရှီးက ဆိုသည်။
.
ထို့ပြင် အသက် ၄ နှစ်အရွယ် သားဖြစ်သူမှာလည်း စိုးမင်းလွင်ကဲ့သို့ ဖြစ်လာမည်ကို သူမက စိုးရိမ်နေလေ၏။
Ref:Aljazeera America
မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments