ဇူလိုင် ၅၊ ၂၀၁၅
M-Media
– အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NSA မှာ ဘရာဇီးလ်သမ္မတ ဒီလ်မာ ရူးဆက်ဖ်၊ ၎င်း၏ ထိပ်တန်း နိုင်ငံရေး တာဝန်ရှိသူများ၊ ဘဏ္ဍာရေးတာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်ခဲ့သည်ဟု ၀ီကီလိခ်က ထပ်မံဖော်ထုတ်လိုက်သည်။
ယမန်နေ့က ဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး NSA က စောင့်ကြည့်ထောက်လှမ်းခဲ့သည့် ဘရာဇီးလ်အစိုးရ တာဝန်ရှိသူ ၂၉ ဦးတို့၏ ဖုန်းနံပါတ်များကိုလည်း ဖော်ပြခဲ့သည်။
“ဒီထုတ်ပြန်မှုက သမ္မတ ဒီလ်မာ ရူးဆက်ဖ်တစ်ဦးတည်းသာ ပစ်မှတ်ထားခြင်း ခံရတာမဟုတ်ဘဲ၊ သူ့ရဲ့ လက်ထောက်၊ အတွင်းရေးမှူး၊ သူ့ရဲ့ အရာရှိချုပ်၊ သမ္မတနန်းတော် ရုံးခန်းနဲ့ သူ့ရဲ့ သမ္မတလေယာဉ်က ဖုန်းကိုတောင်မှ ပစ်မှတ်ထားခံရတယ်ဆိုတဲ့ သဘောပါပဲ။ သူ့ရဲ့ တရားဝင်ခရီးသွားမှုတွေမှာတောင်မှ သမ္မတရူးဆက်ဖ်ဟာ ကြားဖြတ်ထောက်လှမ်းမှုကနေ မလွတ်ခဲ့ပါဘူး” ဟု ၀ီကီလိခ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဘရာဇီးလ်အစိုးရ တာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုကို အမေရိကန်က ကြားဖြတ်နားထောင်ခြင်းမှာ ၂၀၁၁ ခုနှစ် သို့မဟုတ် ထိုထက်စောသည့်အချိန်ကပင် စတင်ခဲ့သည်ဟု ၀ီကီလိခ်အချက်အလက်များကို ပထမဆုံးဖော်ပြသော The Intercept ၀ဘ်ဆိုက်က ဆိုသည်။
ဝီကီလိခ်ကမူ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီးအဖြစ် ဆောင်ရွက်နေသည့် လူးဝစ်ဇ် အလ်ဘာတို ဖီဂူရီဒို မိုချာဒို၏ ဆဲလ်ဖုန်းကို ပစ်မှတ်ထားကာ ကြာဖြတ်နားထောင်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားသူကြီးချုပ်၏ ဖုန်းကိုလည်း အမေရိကန်က
ကြားဖြတ် နားထောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုကဲ့သို့ ဖော်ထုတ်မှုများမှာ ဘရာဇီးလ်တွင် စီးပွားရေးယုံကြည်မှုအား ထိခိုက်စေနိုင်မည်ဟု ၀ိကီလိခ်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဘရာဇီးလ်သမ္မတအား အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုမှာ ၂၀၁၃ ခုနှစ်က ပထမဆုံး ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။ ထိုသတင်းထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတရူးဆက်ဖ်မှာ ၀ါရှင်တန်သို့ လာရောက်ရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားအား အရှက်ရစေခဲ့သည်။
သို့သော်လည်း ၀ီကီလိခ်က ယခုထုတ်ဖော်မှု မပြုလုပ်မီ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သမ္မတ ရူးဆက်ဖ်က အမေရိကန်သို့ လာရောက်ခဲ့ပြီး အမေရိကန်အနေဖြင့် မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များအပေါ် လျှို့ဝှက်ထောက်လှမ်းမှု ထပ်မံလုပ်ဆောင်ခြင်းမရှိသည်မှာ သေချာလားဟု မေးမြန်းရာ ၎င်းက “အချို့အရာတွေက ပြောင်းလဲသွားပါပြီ။ သမ္မတအိုဘားမားကို ကျွန်မ ယုံပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref: Aljazeera
Comments