အောက်တိုဘာ ၁၉ ၊ ၂၀၁၅
M-Media
မင်းစော ရေးသည်။
၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပရန် ရက်ပိုင်းမျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ မွတ်ဆလင် လူနည်းစုတွေရဲ့ စိုးရိမ်သောကကလည်း တရိပ်ရိပ် တိုးလာတာကို သတိထားမိပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို အကြောင်းခံပြီး ဖြစ်လာနိုင်ချေရှိတဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ထားပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက စစ်အာဏာရှင် စနစ်ကနေ စစ်တပ်စောင့်ကြပ် ကွပ်ကဲမှုရှိတဲ့ အာဏာရှင် တပိုင်းစနစ် (praetorian hybrid regime) ဆီကို ဦးတည်နေတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက အမြင်သာဆုံး အထောက်အထားပါ။ ဒီစနစ်ကိုလေ့လာကြည့်ရင် စစ်တပ်က နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်နေစရာ မလိုတော့ဘဲ နိုင်ငံရေးခွင်ရဲ့ အပြင်ဘက်ကနေ အနီးကပ်စောင့်ကြပ်ကွပ်ကဲနေပြီး သူတို့ အကျိုးစီးပွားထိပါးလာမယ့် အခြေအနေမျိုးမှသာ အခြေခံဥပဒေနဲ့အညီ တရားဝင်ရရှိထားတဲ့ အခွင့်အရေးကိုအသုံးချပြီး နိုင်ငံတော်အာဏာကို ပြန်လည်ထိန်းချုပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အနေအထားက နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ကင်းလွှတ်ပြီး သီးခြားအချုပ်အခြာအာဏာ ရှိနေတာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး ဖြစ်လာသမျှသော အစိုးရတိုင်းသည် စစ်တပ်ထက် အဆင့်နိမ့်သော အနေအထားတွင်သာ ရှိနေမှာဖြစ်တယ်။ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုအတိုင်းအတာ(legitimacy) ကိုကြည့်လျှင် စစ်အာဏာရှင် စနစ်တွင် အလွန်နည်းပါးသော်လည်း၊ ဒီလို praetorian hybrid regime တွင်မူ သိသာထင်ရှားစွာ ပိုမိုရရှိတာ တွေ့ရပါတယ်။ အရေးအကြီးဆုံးအချက်က ဒီစနစ်ဟာ ယခင်အာဏာရှင်ဟောင်းများရဲ့ အသက်၊အိုးအိမ်နဲ့ အကျိုးစီးပွားများကိုလည်း ကောင်းစွာ ကာကွယ် ထားနိုင်တဲ့အပြင် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်စေရန် စနစ်တကျစီမံထားတဲ့ နိုင်ငံရေးစနစ်ကြီးလည်း ဖြစ်တယ်။
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးတာဟာ ဒီစနစ်ရဲ့ အဓိကကျတဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ် ပါတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲညှစ်၊ မဲဝယ်၊ ပေါင်းရိုက်၊ ချောင်းရိုက်၊ နှစ်ပေါက် တစ်ပေါက်ရိုက်၊ အတုလုပ်ပြီး ရိုက်၊ အကြပ်ကိုင်ခြိမ်းခြောက် စတဲ့နည်းလုံးပေါင်းစုံ သုံးပြီး မဲရဖို့ကြိုးစားကြမှာ ဖြစ်ပေမယ့်၊ ရှုံးမှာကြောက်လို့ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်တာမျိုးက ဖြစ်နိုင်ချေ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ရွေးကောက်ပွဲတွေ ကျင်းပခြင်းကိုက သူတို့ရပ်တည်နေမှု အတွက် တရားမျှတကြောင်း၊ သင့်မြတ်လျော်ကန်မှုရှိကြောင်း ဖေါ်ပြခြင်းတစ်မျိုးပါ။ တနည်းအားဖြင့် သူတို့ပြောနေတဲ့ ဒီမိုကရေစီစနစ်မှာ အဓိကပြစရာဆိုလို့ ရွေးကောက်ပွဲပဲ ရှိပါတယ်။
အထက်ပါအချက်တွေကနေ ကျနော်ကောက်ချက် ဆွဲတာက မြန်မာအစိုးရဟာ ၂၀၁၅ရွေးကောက်ပွဲကိုတော့ မဖြစ်မနေကျင်းပပါလိမ့်မယ်။ USDP နဲ့ အစိတ်သားပေါင်းရင် အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက်ရတဲ့အထိ ရအောင်၊ တနည်းပြောရရင် USDP က အနည်းဆုံး ၂၆% ရတဲ့ အထိရအောင်တော့ တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံသုံးပြီး ညစ်ပတ်ပါမယ်။ အဲဒါတောင်မှ မအောင်မြင်ခဲ့ရင်လည်း NLD ကို အစိုးရဖွဲ့ခွင့် ပေးနိုင်ပါ သေးတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သွားခြင်းဟာ စစ်တပ် မျှော်လင့်မထားတဲ့ အဖြေ (သို့မဟုတ်) စစ်တပ်ရဲ့ တည်ရှိနေမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်အဖြစ် ကျနော် မယူဆတဲ့အတွက် NLD နိုင်ရင်လည်း အစိုးရ ဖွဲ့စည်းခွင့်ကို စစ်တပ်က ခွင့်ပြုနိုင်သေးတယ်လို့ ကျနော်ယူဆတယ်။ ဒီလိုခွင့်ပြုခြင်းဖြင့် စစ်တပ်ရဲ့ ဂုဏ်သိက္ခာလည်း မြှင့်တက်သွားနိုင်ပါတယ်။ ၁၉၉၀ တုန်းက စစ်ခေါင်းဆောင်တွေရဲ့ အနေအထားနဲ့ ခုလက်ရှိအနေအထားက အများကြီး ကွာခြားသွားပြီဖြစ်လို့ အဲဒီတုန်းကလို အာဏာပြန်သိမ်းစရာ အကြောင်း ပြချက်လည်း မရှိတော့ပါဘူး။ အမှန်တကယ်က ဘယ်အစိုးရ တက်လာလာ အဓိကကျတဲ့ အာဏာက စစ်တပ်လက်ဝယ် ရှိနေဆဲမို့ပါ။ ဒါဆို ဘာစိုးရိမ်စရာ ရှိလို့လဲလို့ မေးစရာပေါ်လာပြန်ရော။
ရွေးကောက်ပွဲနိုင်တာနဲ့ တပြိုင်နက်တည်း အနိုင်ရပါတီက အစိုးရ တန်းဖွဲ့စည်းခွင့်ရမှာ မဟုတ်ပါဘူး။ ဥပဒေအရ ရက်ပေါင်း(၉၀)လောက် ထိတော့ ဦးသိန်းစိန်အစိုးရကပဲ caretaker government အဖြစ် ဆက်ရှိနေ ပါဦးမယ်။ ဒီအတောအတွင်းမှာ state institutions တွေ အားနည်းနေနိုင်ပါတယ်။ ဒါကြောင့်မို့ ပြဿနာတစ်ခုခု ပေါ်လာရင် တုန့်ပြန်ရတာ ခက်ပါလိမ့်မယ်။ ဒီထက်ပို စဉ်းစားသင့်တဲ့အချက်က ရှုံးသွားတဲ့အစိုးရက အစိုးရသစ် အတွက် ပြဿနာတွေ လက်ဆောင် ပေးသွားနိုင်ပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက လက်ရှိအချိန်မှာ လိုအပ်နေသေးကြောင်း ပြဖို့အတွက် အစိုးရသစ်ကို ပညာပေးနိုင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ဖြစ်နိုင်ချေ အရှိဆုံးက အသင့်ဖြစ်နေတဲ့ အားကောင်းမောင်းသန် မဘသ အဖွဲ့ကြီးနဲ့ အချက်ပြရင် ဒေါသထွက် တတ်တဲ့ လူအုပ်ကြီးကို အသုံးချမှာပါ။ အလွယ်ကူဆုံး သားကောင်ကတော့ ဘယ်တော့မှ မရိုးနိုင်သေးတဲ့ ‘ကုလား’ပါပဲ။ ဒီနေရာမှာ လိုအပ်လာရင် ကမ္ဘာပေါ်မှာ မရှိတော့တဲ့ RSO တွေ မြန်မာပြည်ထဲ ၀င်လာပြီး ဗုံးခွဲသယောင်ယောင် ဆေးစွဲနေတဲ့ ကုလား တစ်ယောက်ကို ဘုရားနားဗုံးထောင်ခိုင်းခြင်းကဲ့သို့ real terrorist attack တွေ လုပ်လာနိုင်ပါတယ်။ အဲဒါ မှမရသေးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အထူးသဖြင့် တရုတ်နယ်စပ်က ကိုးကန့်လို တပ်ဖွဲ့တွေနဲ့ ချပြပါလိမ့်မယ်။ ဒါက စစ်တပ်နဲ့ အစိုးရပိုင်းကို သုံးသပ်ကြည့်ခြင်းပါ။
မဘသကို သုံးသပ်ကြည့်ရင် မဘသ အဖွဲ့ကြီးရဲ့လှုပ်ရှားမှုတွေက နှစ်ပိုင်းရှိနေတာတွေ့ရပါတယ်။ တစ်ပိုင်းက ရွေးကောက်ပွဲမှာ USDP အနိုင်ရအောင် ကူညီဖို့ဖြစ်ပြီး၊ ကျန်တစ်ပိုင်းက သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဆီ အရောက်လှမ်းဖို့ ဖြစ်တယ်။ အဲဒီရည်မှန်းချက်ကတော့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်လာပြီး အစိုးရပေါ်မှာ သြဇာ လွှမ်းမိုးနိုင်တဲ့ supreme power ရှိတဲ့ ဘုန်းကြီးများပေါ်လာစေဖို့ ဖြစ်တယ်လို့ ခန့်မှန်းမိတယ်။ ဒီရည်မှန်းချက် ပြည့်လာစေဖို့အတွက်လည်း မဘသအဖွဲ့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုလိမ်မာပါးနပ်ပြီး မဟာဗျူဟာ ကျတဲ့ နည်းနာတွေ တဖြေးဖြေး သင်ယူ တတ်မြောက်လာနိုင်တဲ့ပုံ တွေ့ရပါတယ်။ ၀ီရသူ၊ သီတဂူ စတဲ့ ဘုန်းကြီးတွေရဲ့စကားတချို့က ဒီလှုပ်ရှားမှုရဲ့ အချက်ပြမှု(signals)တွေဖြစ်တယ်လို့ သဘောပိုက်မိတယ်။ နောက်ပြီး သူတို့ဆီမှာ ကိုယ်ပိုင် agenda တွေ၊ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ ရှိနေတာတွေ့ရတဲ့အတွက် မဘသအဖွဲ့ကို ပါတီတစ်ခုရဲ့ နောက်မြီးဆွဲ အဖွဲ့အစည်းတစ်ခု အဖြစ် ရှုမြင်သုံးသပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲအပြီးမှာ မဘသအဖွဲ့ ဘာလုပ်မလဲဆိုတာ သီးခြား ဆန်းစစ်ကြည့်ရင် အခုလက်ရှိအချိန်မှာ USDP ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မျက်နှာပြောင် တိုက်ပြီး မဲဆွယ်ပေးခဲ့တဲ့ အတွက် မြောင်းထဲရောက်သွားတဲ့ သူတို့ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ ရွေးကောက်ပွဲ အပြီး အစိုးရသစ် မလာခင် စပ်ကူးမတ်ကူး ကာလမျိုးမှာ ‘ကုလား’တရားခံဆွဲထုတ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ပြနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ အဲလိုသာဖြစ်လာခဲ့ရင် ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ ကိုကို ဒီမိုတို့လည်း ငုပ်လျိုးနေတဲ့မျိုးချစ်စိတ်တွေ အချောင်းလိုက် အချောင်းလိုက် ထကြွလာမှာ မြင်ယောင် မိတယ်။ တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည်ကို ကာကွယ်မည့် ဆရာသမားတွေလည်း နောက်ကျန်နေခဲ့မှာ မဟုတ်ဘူးဆိုတာ ယုံပါတယ်။
အားလုံးပြန်ခြုံငုံ သုံးသပ်ကြည့်ရင်တော့ ရွေးကောက်ပွဲမတိုင်ခင် ကျန်သေးတဲ့ ရက်တွေထက်စာရင် ရွေးကောက်ပွဲ အပြီး လေးလလောက် အတွင်းမှာ ပဋိပက္ခတွေ (post-election conflicts) ဖြစ်လာနိုင်ချေ ပိုများတယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံတကာဖြစ်ရပ်တွေကို ကိုးကားပြီး တခြားရှုထောင့်က ဖြစ်နိုင်ချေတွေကိုပါ အသေးစိတ် ရေးချင်ပေမယ့်လည်း အချိန် အခက်အခဲကြောင့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါတယ်။ ။
Comments