အောက်တိုဘာ ၃၀၊ ၂၀၁၅
M-Media
– ဟော့ဒေါ့များ၊ ၀က်အူချောင်းများနှင့် ဆားနယ်ထားသော ၀က်သားခြောက်များကဲ့သို့ ပြင်ဆင်ပြုလုပ်ထားသော အစားအသောက်များမှာ လူသားများတွင် အူမကြီးနှင့် သက်ဆိုင်သည့် ကင်ဆာများ ဖြစ်ပွားနိုင်ပြီး နီရဲသော အသားများမှာလည်း ရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်သည်။
WHO ၏ ကင်ဆာဆိုင်ရာ သုတေသနနှင့် ပတ်သက်သော နိုင်ငံတကာ အေဂျင်စီ IARC က တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အနီရောင်ရှိသော အသားများ စားသုံးခြင်းမှာလည်း ပန်ကရိယ ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့နှင့် ဆက်စက်မှုရှိသည်ဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
ထိုကဲသို့ ပြင်ဆင်ထားသော အစားသောက်များကို ဆေးရွက်ကြီးနှင့် ကျောက်ဂွမ်းကဲ့သို့ “လူသားများအတွက် ကင်ဆာဖြစ်စေသော အစားသောက်များ” အဖြစ် IARC က သတ်မှတ်ခဲ့ပြီး ကင်ဆာနှင့် တိုက်ရိုက် ဆက်သွယ်မှုရှိသော အထောက်အထားများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
ထိုအစားသောက် ၅၀ ဂရမ် (၁.၈ အောင်စ) ကို နေ့စဉ် စားသုံးပါက အူမကြီးကင်ဆာ ဖြစ်ပွားနှုန်း ၁၈ ရာခိုင်နှုန်း တိုးလာစေကြောင်း လေ့လာမှုများအရသိရသည်။ ဟော့ဒေါ့တစ်ခုနှင့် ၀က်သားခြောက် ၂ ဖတ်စားခြင်းမှာ ထို ၅၀ ဂရမ်နှင့် ညီမျှသည်။
အမေရိကန်များမှာ ပြင်ဆင်ထားသော ၀က်သားများကို တစ်နေ့လျှင် ပျမ်းမျှ ၂၁.၇ ဂရမ် စားသုံးသည်ဟု ၂၀၁၁ ခုနှစ် အမျိုးသား ကျန်းမာရေးနှင့် အဟာရ စစ်ဆေးမှု လေ့လာချက်အရ သိရသည်။
Ref: Reuters
Comments