6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၈၊ ၂၀၁၅
M-Media

– အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အဲဒီအဖွဲ့ကို တိုက်ခိုက်မယ်လို့ ဆိုထားတဲ့ နိုင်ငံတွေက လက်နက်တွေ သွယ်ဝိုက်ထောက်ပံ့ပေးခြင်းအားဖြင့် ကူညီနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က အင်္ဂါနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Taking Stock: The arming of Islamic State ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ ဒီလို ဖော်ပြလိုက်တာဖြစ်ပြီး ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်ကလည်း ဒီအကြမ်းဖက်အဖွဲ့ကို လက်နက်တွေ တစ်ပုံတစ်ပင် ရရှိစေခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

IS အဖွဲ့ဟာ သူတို့ရဲ့ လက်နက်ခဲယမ်းတွေကို အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကို ၀င်စီးရာကနေ ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ၊ အီရတ်စစ်တပ်ရဲ့ အညံ့ခံမှုနဲ့ တရားမ၀င်ကုန်သွယ်မှုတွေကနေ တစ်ဆင့်လည်း သူတို့ဟာ လက်နက်တွေ ရရှိခဲ့ပြီး သူတို့အတွက် လက်နက်ခဲယမ်းဟာ ဖူဖူလုံလုံ ဖြစ်ခဲ့ပါတယ်။

အစီရင်ခံစာမှာတော့ ၂၀၁၄ ခုနှစ်မှာ အီရတ်ရဲ့ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့ကို IS က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကနေ အမေရိကန်က ထုတ်လုပ်တဲ့လက်နက်တွေ စစ်ဘက်ဆိုင်ရာယာဉ်တွေ အပါအ၀င် နိုင်ငံတကာထုတ် လက်နက်တွေကို IS က အုံနဲ့ကျင်းနဲ့ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြမ်းဖက်အဖွဲ့ကတော့ သူတို့ လုယက်ရရှိထားတဲ့ အဲဒီလက်နက်တွေကို ကိုင်ပြီး စစ်ရေးပြတာကို ဆိုရှယ်မီဒီယာတွေမှာတောင်မှ လွှင့်တင်လိုက်ပါသေးတယ်။

“အီရတ်ကို ဆယ်စုနှစ်များစွာ လက်နက်တွေ အဆီးအတားမရှိ စီးဝင်ခဲ့တာဟာ IS အဖွဲ့က အဲဒီဒေသတွေကို ထိန်းချုပ်နိုင်တဲ့အခါ သဘောပါလာခဲ့ပြီး သူတို့တွေဟာ အရုပ်ဆိုင်ထဲက ကလေးတွေလို မြူးထူးကြပါတော့တယ်။ ယူကေအပါအ၀င် အခြားနိုင်ငံတွေက အမှုမှတ်အမှတ်မဲ့ တင်ပို့ပေးလိုက်တဲ့ လက်နက်တွေက IS လက်ထဲမှာ အဆုံးသတ်သွားတယ်ဆိုတဲ့ အချက်အလက်ဟာ လက်ရှိ လက်နက်ရောင်းဝယ်မှု သဘောတူညီချက်တွေကို ရပ်တန့်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်သင့်ပါတယ်” လို့ ယူကေ Amnesty အဖွဲ့ရဲ့ လက်နက်အစီအစဉ်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ အိုလီဗာ စပရာဂူးက ဆိုပါတယ်။

“အန္တရာယ်တွေကို ပိုပြီး ဂရုတစ်စိုက် တွက်ဆသင့်တယ်။ ပြီးတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးလောင်ရာ လေပင့်ပေးမယ့် လက်နက်ရောင်းချမှုတွေကို တားဆီးဖို့ မဆောင်ရွက်ခင် အဆိုးဆုံးအခြေအနေကြီးကို ကျွန်တော်တို့ စောင့်မနေသင့်ပါဘူး”

IS ရဲ့ လက်နက်တိုက်ထဲက လက်နက်တွေထဲမှာ လူက အလွယ်ထိန်းချုပ်လို့ရတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် MANPADSတွေ၊ ပဲ့ထိန်း တင့်ဖျက်ဒုံးကျည်တွေ၊ လက်နက်တပ် တိုက်ပွဲဝင်ယာဉ်တွေ၊ ရုရှားနဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာလာရှင်ကော့ဗ် ရိုင်ဖယ်မျိုးစုံ၊ အမေရိကန်ထုတ် M16 ရိုင်ဖယ်တွေနဲ့ Bushmaster လက်နက်တွေ ရှိနေပါတယ်။

“IS လို့ခေါ်တဲ့ လက်နက်ကိုင်အုပ်စုဟာ အမျိုးအမျိုးအဖုံဖုံသော လက်နက်တွေကို အသုံးပြုနိုင်နေတာက ပစ်စလတ်ခတ် လက်နက်ရောင်းဝယ်မှုဟာ ဒီလို ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်စေတတ်ပါလားဆိုတဲ့ အကောင်းဆုံးသော ဥပမာ တစ်ရပ်ပါပဲ” လို့ Amnesty International က လက်နက်ထိန်းချုပ်မှု၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသနပညာရှင် ပက်ထရစ် ၀ီလ်ကန်က ဆိုပါတယ်။

“ညံ့ဖျင်းတဲ့စည်းမျဉ်းဥပဒေတွေ၊ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းမှာ အီရတ်နိုင်ငံကို လက်နက်အဆီးအတားမရှိ စီးဆင်းမှုတွေကို စောင့်ကြည့်အကဲဖြတ်မှု လစ်ဟာတာတွေက IS နဲ့ အခြားလက်နက်ကိုင်အုပ်စုတွေ မကြုံစဖူး လက်နက်အင်အားကို ရရှိစေခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်တော့ ယခင်ကအမှားတွေကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နာယူမယ့်ပုံ မပေါ်သေးပါဘူး။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အကြားမှာ အမေရိကန်ဟာ အီရတ်အစိုးရနဲ့ ဒေါ်လာဘီလီယံနဲ့ချီ လက်နက်ရောင်းချမှု စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အီရတ်ကို ပေးပို့ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်ကွန်ဂရက်ဟာ အာဖဂန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေလို နိုင်ငံခြားတိုင်းပြည်တွေက စစ်ပွဲတွေအတွက် ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ပေးဖို့အဆိုကို အတည်ပြုခဲ့ပါတယ်။ အလယ်အလတ်သူပုန်တွေကို လေ့ကျင့်ပေးဖို့ ဒေါ်လာ သန်း ၅၀၀ လောက်ကုန်ကြမယ့် အစီအစဉ်တစ်ခုမှာ လက်တစ်ဆုပ်စာလောက်သာ လူလူသူသူ ဖြစ်လာတာကလွဲလို့ အစီအစဉ် အလုပ်မဖြစ်တဲ့အခါမှာတော့ အိမ်ဖြူတော်ဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။

ဒီထက်ပိုဆိုးတာက အလတ်လတ်သူပုန်တွေဟာ သူတို့ရဲ့လက်နက်တွေကို အလ်-နူဆရာတပ်ဦးလို အဖွဲ့တွေကို လက်လွှဲခဲ့ပြီး ဆီးရီးယားကို ဖြတ်ကျော်သွားခဲ့တဲ့ အခါမှာတော့ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အဲဒီသူပုန်တွေရဲ့ လက်နက်တွေဟာလည်း အကြမ်းဖက်အုပ်စုတွေလက်ထဲကို ရောက်ရှိသွားခဲ့ပြန်ပါတယ်။

“ကျွန်တော်တို့ဟာ အလ်-ကိုင်းဒါးလို အကြမ်းဖက်အဖွဲ့ကို အမှုမဲ့အမှတ်မဲ့ ကူညီနေသလိုများ၊ အားပေးနေသလိုများ ဖြစ်နေမလားဆိုပြီး စောစောပိုင်းကတည်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုက တကယ်ဖြစ်လာတာကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ကွန်နက်တီကတ်ပြည်နယ်က ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သူ ခရစ် မာဖီက ပြောပါတယ်။

အမေရိကန် Amnesty International အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ အသိပညာပေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ဆန်ဂျီးဗ် ဘာရီကလည်း ဒီလိုပဲ ဝေဖန်ခဲ့ပါတယ်။

“IS လက်နက်ကိုင်တပ်ဖွဲ့ကို အားနည်းစေဖို့ ချေမှုန်းပစ်ဖို့ ဒရောသောပါး ဆောင်ရွက်မှုမှာ အိုဘားမားအစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ၀တ္တရားတွေကို နင်းခြေမပစ်ဖို့ လိုပါတယ်” လို့ ဘာရီက ဆိုပြီး ဒီလို မဆင်မခြင် လုပ်ဆောင်မှုဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြီးအကျယ်ကျူးလွန်နေတဲ့ လက်နက်ကိုင်အုပိစုတွေရဲ့လက်ထဲကို လက်နက်တွေပိုပြီး ရောက်သွားစေဖို့ လမ်းဖွင့်ပေးလိုက်တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: RT

Tags:

Leave a Reply