မတ် ၂ ၊ ၂၀၁၆
M-Media
အေးထွန်း ရှာဖွေတင်ဆက်သည်။
အရည်မော်လီကျူးတွေဟာ အချင်းချင်း တစ်ခုနဲ့ တစ်ခု ဆွဲကပ်ကြပါတယ်။
ဒါကြောင့် အရည်တစ်ခုဖြစ်တဲ့ ရေမော်လီကျူးတွေဟာလဲ တစ်ခုနဲ့တစ်ခု ဆွဲကပ် (Cohesion) ကြပါတယ်။
အလည် မှာရှိတဲ့ ရေမော်လီကျူးတွေဟာ အဖက်ဖက်က အားဟန်ချက်ညီညီ ဆွဲနေတာကို ခံရတဲ့ အတွက် မည်သည့် လားရာ (Direction) ကိုမှ မကပ်သွားပဲ တည်ငြိမ်နေပါတယ်။
ဒါပေမဲ့ အပေါ်ဆုံး မျက်နှာပြင်က ရေမော်လီကျူးတွေအနေနဲ့ကတော့ သူတို့ရဲ့ အပေါ်ဘက်မှာ သူတို့ကို ဆွဲငင်မဲ့ရေမော်လီကျူးတွေ မရှိပါဘူး၊
အောက်ဘက်က ရေမော်လီကျူးတွေကသာ သူတို့ကို ဆွဲငင်ပါတယ်။ ဆိုတော့ သူတို့ဟာ အောက်ဘက် ရေမော်လီကျူးတွေဆီသို့ ပိုမိုနီးကပ်လာပါတယ်။
ဒီလို နီးကပ်သွားတဲ့အတွက် ရေမျက်နှာပြင်ဟာ ကျုံ့သွားပြီး တင်းမာခိုင်ခန့်မူ ရှိသွားပါတယ်။
ဒါကို ရေရဲ့ မျက်နှာပြင် ဆွဲတင်းအား (Surface Tension) လို့ ခေါ်ပါတယ်။
ဒီလို ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် တစ်ချို့သော ရေထက် ပိုမိုသိပ်သည်းတဲ့ အရာဝတ္ထုတွေ ၊ သက်ရှိတွေဟာ ရေပေါ်မှာ မနစ်မြုပ်ပဲ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။
မတူညီသော အရည်တွေမှာ မတူညီသော မျက်နှာပြင်ဆွဲတင်းအား တန်ဖိုးတွေရှိပါတယ်။
ဥပမာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ဆပ်ပြာရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။ ဒီလိုပါပဲ ပြဒါးရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။
ဒါဆို တကယ်လို့များ မျက်နှာပြင် ဆွဲတင်းအားမတူညီသော အရည် ၂ခု ရောလိုက်ရင် ဘာများဖြစ်မလဲ၊
ဒီလိုဆိုရင် ဆွဲတင်းအားမြင့်တဲ့ နေရာက အရည်တွေဟာ ဆွဲတင်းအားနည်းရာ အရည်နဲ့ ဝေးရာကို ပြေးသွားပါတယ်။ ဒါကို Marangoni Effect လို့ ခေါ်ပါတယ်။
ဒီဖြစ်စဉ်ကို လေ့လာဆည်းပူး ဖြန့်ဝေခဲ့သူ အီတလီ ရူပဗေဒပညာရှင် Carlo Marangoni ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည်ပါ။
အခု ကျွန်တော်တို့ Rove Beetle (Stenus bipunctatus) ပိုးကောင်လေးတွေရဲ့ ရန်ရှောင်နည်းကို ကြည့်ရအောင်ပါ။
ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် Rove Beetle ပိုးကောင်တွေဟာ ရေပေါ်လမ်းလျှောက်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် သူတို့ဟာ ရေပေါ်မှာ တစ်စက္ကန့်ကို ၂-၃ စင်တီမီတာ နှုန်းလေးနဲ့ ဖြေးဖြေးလေး လမ်းလျှောက် တာပါ။
ဒါပေမဲ့ တကယ်လို့ သူတို့ဟာ ရန်သူရဲ့ အန္တရာယ် တစ်စုံတစ်ရာကို သင်္ကာမကင်းဖြစ် သတိထားမိလိုက်တာနဲ့ တစ်ပြိုက်နက် သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ထုတ်လိုက်ပါတယ် ။
ဒီ Stenusin ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာ ကျရောက်ရာနေရာက ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကို လျှော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။
ဆိုတော့ ဒီပိုးကောင်တွေရဲ့ စအိုရှိရာ ခန္ဓာကိုယ်နောက်ဘက်က ရေဟာ မျက်နှာပြင်ဆွဲတင်းအား နည်းသွားပါပြီ၊ ခန္ဓာကိုယ်အရှေ့ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကတော့ နဂိုအတိုင်း အားကောင်းဆဲပါ။
ဒီအခါမှာ မျက်နှာပြင်တင်းအား မတူညီသော အရည် ၂ခု ရောနေတဲ့ အခြေအနေဖြစ်သွားပြီ ဖြစ်တဲ့အတွက် Marangoni Effect ဟာ ဖြစ်တည်လာပါပြီ ။
( Insect edited by Wikipedians ,Produced by Pedia Press GmbH, Boppstrasse 64 , Mainz, Germany , Pg . 19)
မျက်နှာပြင်တင်းအားများတဲ့ ရေတွေဟာ ပိုးကောင်ရဲ့ ခန္ဓာကိုယ်နောက်ဘက်က မျက်နှာပြင်တင်းအားနည်းတဲ့ ရေတွေထံမှ အဝေးကို ထွက်ပြေးကုန်ပါတယ်။ ထွက်ပြေးတဲ့ ရေနဲ့အတူ ပိုးကောင်လဲ ပါလာတာပေါ့။
ဒီအမြန်နှုန်းဟာ တစ်စက္ကန့်ကို ၄၅-၇၀ စင်တီမီတာကြားရှိပါတယ်။ ပိုးကောင်အနေနဲ့ နဂိုရှိရာနေရာကနေ မြန်ဆန်တဲ့နှုန်းနဲ့ ထွက်ပြေးနိုင်ပြီပေါ့ ။
ခန္ဓာကိုယ်အလျှား ၅မီလီမီတာတောင်မရှိတဲ့ Rove Beetle တွေအတွက် အလွန်ကို မြန်ဆန်တဲ့ ထွက်ပြေး နှုန်းဖြစ်ပါတယ်။ အရွယ်အစားအရ နှိုင်းယှဉ်ပြောရမယ် ဆိုရင် လူတစ်ယောက်ဟာ တစ်နာရီကို ၃၇၃-၅၅၉ မိုင်ကြား ပြေးသွားနိုင်တဲ့ ပုံစံပါ။
(Extraordinary Animals: An Encyclopedia of Curious and Unusual Animals By Ross Piper ၊ Pg , 138)
ဒီပိုးကောင်တွေဟာ Surface Tension ကို နားလည်နိုင်ပါသလား ???
ဒီပိုးကောင်တွေဟာ Marangoni Effect ကို နားလည်နိုင်ပါသလား။ ???
အန္တရာယ်ကြုံတွေ့စဉ်မှာ Marangoni Effect ဖြစ်တည်ပြီး အလျှင်အမြန်ထွက်ပြေးနိုင်စေရင် ခန္ဓာကိုယ် အနောက်ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအား (Surface Tension) ကို လျှော့ချပစ်ဖို့ သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ပစ်ရမယ်လို့ သူတို့ဘယ်လိုသိနေပါသလဲ ။ ??? ဒါဟာ အန္ဓရာယ် ကြုံမှ ဘာလုပ်ရမလဲ စဉ်းစားရင်း သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။
Stenusin ဓာတုဗေဒပစ္စည်းဟာ ရေမျက်နှာပြင် ဆွဲတင်းအားကို လျှော့ချပစ်နိုင်တယ် လို့ကော သူတို့ ကြိုတင်သိနိုင်ပါသလား။ ???
———————-
**M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။
Comments