မတ် ၁၆၊ ၂၀၁၆
M-Media
– မွတ်စလင်နိုင်ငံတစ်ခု တည်ထောင်ရာမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေဟာ အဓိက အရေးပါတဲ့ အရာတွေဖြစ်တယ်လို့ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) က ယုံကြည်လက်ခံ ကျင့်သုံးခဲ့တယ်လို့ ခရစ်ယာန်တွေဆီ ပေးပို့ခဲ့တဲ့ တမန်တော်ရဲ့ ပဋိဉာဏ်စာတမ်းတွေကို လေ့လာခဲ့တဲ့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားလိုက်ပါတယ်။
လေ့လာခဲ့သူကတော့ တက္ကဆက်ပြည်နယ် ရိုက်စ်တက္ကသိုလ် (Rice University) ရဲ့ လူမှုသိပ္ပံဌာနက ခရေ့ဂ်ျ ကွန်စီဒိုင်းဖြစ်ပြီး တမန်တော်မုဟမ္မဒ်သခင်ရဲ့ ခရစ်ယာန်တွေဆီပေးပို့တဲ့ ပဋိပဉာဏ်စာတမ်းတွေမှာ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့အတူ နေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖော်ပြထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နောက်ပြီး အဲဒီပဋိဉာဏ်တွေက အချက်အလက်တွေကို အစ္စလာမ်ကမ္ဘာမှာရော၊ အခြား ဘယ်နေရာမှာမဆို မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအကြား ပိုမိုခိုင်မာတဲ့ ဒီမိုကရေစီနည်းကျ မိတ်ဖက်ဆက်ဆံရေးတစ်ခု ဖော်ဆောင်ဖို့အတွက် အသုံးပြုနိုင်တယ်လို့လည်း ကွန်စီဒိုင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒီပဋိဉာဏ်တွေဟာ ငြိမ်းချမ်းစွာနေထိုင်တဲ့ ခရစ်ယာန်လူ့အဖွဲ့အည်းတွေကို မထိခိုက်စေဖို့၊ ကာကွယ်ပေးဖို့အတွက် ရေးသားခဲ့တာဖြစ်ပြီး၊ သူတို့ကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ခရစ်ယာန်တွေအပေါ် မမျှတမှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ လက်ရှိ အစ္စလာမ့်မစ်နိုင်ငံတွေဟာ တမန်တော် မုဟမ္မဒ်ရဲ့ ဒီပဋိဉာဏ်တွေနဲ့ ဘယ်လိုမှ ကိုက်ညီခြင်း မရှိပါဘူး”
သင်တို့ကို ကာကွယ်ပေးမည်
အဲဒီပဋိဉာဏ်စာတမ်းတွေကို သက္ကရာဇ် ၆၂၂ နဲ့ ၆၃၂ ကြားထဲမှာ ရေးသားခဲ့တာဖြစ်ပြီး ကွန်စီဒိုင်းကတော့ တမန်တော်ဟာ သူ့ရဲ့ လူ့အဖွဲ့အစည်းအသစ်ကို အားကောင်းစေဖို့ မဟာမိတ်ဖွဲ့လိုတဲ့ ရည်ရွယ်ချက်၊ ခရစ်ယာန်သာသနာဝင်တွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ရေးသားခဲ့တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။
ကွန်စီဒိုင်းရဲ့ လေ့လာမှုတွေထဲမှာ ဆိုင်းနိုင်းတောင်က ခရစ်ယာန်ဘုန်းကြီးတွေ၊ နဂ်ျရန်ဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ ပါရှားဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ တစ်ကမ္ဘာလုံးက ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ မုဟမ္မဒ်သခင်ရဲ့ ပဋိဉာဏ်စာတမ်းတွေ ပါဝင်ခဲ့ပါတယ်။
“ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော် မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ မုဟမ္မဒ်သခင်က ပြည့်ဝတဲ့ ဘာသာရေးလွပ်လပ်ခွင့် ပေးအပ်ရေးနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း အလေးအနက် ရေးသားဖော်ပြခဲ့ပါတယ်။
“မိမိအား ဂုဏ်ပေးလေးစားသည့် တစ်ချိန်တည်းမှာပဲ မွတ်စလင်များအနေဖြင့် ၎င်းတို့အား မိမိတို့ ကာကွယ်မှုအောက်တွင် ရှိနေသူများအဖြစ် စောင့်ရှောက်ပေးရမည်။ ၎င်းတို့ မည်သည့် သောကမျိုး၊ ဒုက္ခမျိုး ကြုံတွေ့လာရသည်ဖြစ်စေ ၎င်းတို့အား ကူညီရန်၊ စောင့်ရှောက်ရန်မှာ မွတ်စလင်များ၏ တာဝန်ဖြစ်သည်။ ၎င်းတို့မှာ ကျွန်ုပ်၏နိုင်ငံအတွင်း နေထိုင်ကြသူများဖြစ်သောကြောင့် ၎င်းတို့၏ စကားကို နားထောင်ရမည်။ ၎င်းတို့ကို ကူညီရမည်။ ၎င်းတို့အား ပျက်ဆီးစေရန်အတွက် ရည်ရွယ်သော ဆန့်ကျင်မှု၊ သောကရောက်စေမှုနှင့် ဖိနှိပ်မှု စသဖြင့် မည်သည်မဆို ကြုံလာတိုင်း ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့အား ကာကွယ်ပေးရန် အကူအညီပေးရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်”
ကွန်စီဒိုင်းက အခြားသော ပဋိဉာဏ်စာချုပ် ၃ ခုမှာလည်း ဒီလိုသဘောသဘာဝနဲ့ တူညီတဲ့ စာပိုဒ်မျိုးတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
“မွတ်စလင်နိုင်ငံတစ်ခုမှာနေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ဟာ မွေးရာပါအခွင့်အရေးဆိုတာကို တမန်တော် မုဟမ္မဒ်က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ ခရစ်ယာန်တွေကို သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံမှုဟာ နိုင်ငံရေးအရ အကျိုးရှိဖို့ ဒါမှမဟုတ် တစ်ကိုယ်ရေ ဂုဏ်သိက္ခာတက်ဖို့ စတာတွေကြောင့်မဟုတ်ဘဲ ခရစ်ယာန်တွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ယုံကြည်ရာကို လွတ်လပ်စွာ လက်တွေ့လိုက်နာကျင့်သုံးနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်မှုကနေ ပေါ်ထွက်လာတဲ့ရလဒ် ဖြစ်ပါတယ်။ ပါရှန်ခရစ်ယာန်တွေဟာ သူတို့ အစ္စလာမ်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ ဘယ်လို အတင်းအဓမ္မပြုခြင်းမှ မခံခဲ့ရပါဘူး”
ကွန်စီဒိုင်းက ဒါ့အပြင် မွတ်စလင်နိုင်ငံတခုဟာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးကိုလည်း ပေးအပ်ရမယ်လို့ တမန်တော် မုဟမ္မဒ်က ယုံကြည်ခဲ့ပြီး အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ “ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ အောက်ပါအတိုင်း ဖော်ပြထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
“အလ္လာဟ်အရှင်မြတ်ရဲ့ ပဋိဉာဏ်က ကျွန်ုပ်ဟာ ကျွန်ုပ်၏ စွမ်းအား၊ မြင်းများ၊ စစ်သားများ၊ ကျွန်ုပ်၏ခွန်အား၊ ကျွန်ုပ်၏ မွတ်စလက်နောက်လိုက်တွေအားဖြင့် နီးနီး၊ ဝေးဝေး ဘယ်လိုဒေသမျိုးမှာမဆို ရှိနေတဲ့ ခရစ်ယာန်တွေရဲ့ ဒေသ၊ သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေကို ကာကွယ်ပေးရမယ်၊ သူတို့ စီးပွားရေးတွေကို ကာကွယ်ပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုံခြုံမှု၊ သူတို့ရဲ့ ဘုရားကျောင်းတွေ၊ စီးပွားရေးတွေ၊ ၀တ်ပြုရာနေရာတွေ၊ ရဟန်းတွေ သီတင်းသုံးရာနေရာတွေ၊ အထွဋ်အမြတ်ထား ဖူးမျှော်ရတဲ့နေရာတွေနဲ့ သူတို့နဲ့သက်ဆိုင်သမျှအရာအားလုံးရဲ့ လုံခြုံရေးအတွက် ကျွန်ုပ်က အာမခံပါတယ်”
“တမန်တော်မုဟမ္မဒ်ဟာ ခရစ်ယာန်တွေ ဘေးအန္တရာယ်ကျရောက်တာမျိုး၊ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါမှမဟုတ် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ နှောက်ယှက်ခံရတာမျိုး၊ သိမ်းပိုက်ခံရတာမျိုးကို မလိုချင်ပါဘူး။ နိုင်ငံတစ်နိုင်ငံအနေနဲ့ အုပ်စုတစ်ခု၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့ အုပ်စုတွေကို မျက်နှာသာပိုပေးတာဟာ နိုင်ငံသားတွေကို လူမျိုး၊ ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကိုကြည့်ပြီး နှိမ့်ချဆက်ဆံတာမျိုး ဖြစ်ပါတယ်” လို့ ကွန်စီဒိုင်းက ဆိုပါတယ်။
မှေးမှိန်နေသည့် ပဋိဉာဏ်များ
ဘာသာအယူ မတူသူတွေကို ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့၊ ကာကွယ်ပေးဖို့ တမန်တော်မုဟမ္မဒ်သခင်က ကတိပြု၊ အာမခံပေးထားတဲ့ ဒီ ပဋိဉာဏ်စာတမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းက နာမည်မကျော်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှိနေပြီး၊ အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ထွက်မလာတာဟာလည်း ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ ကွန်စီဒိုင်းက ပြောကြားခဲ့ပါတယ်။
“တစ်ချို့နေရာတွေမှာဆိုရင် ဒီစာတမ်းကို ဘာသာပြန်တာမျိုး၊ လူများများသိအောင် ဖြန့်ချီတာမျိုးတွေတောင် မလုပ်ခဲ့ကြပါဘူ။ အီရတ်နဲ့ ဆီးရီးယားလိုနေရာမျိုးတွေမှာ ခရစ်ယာန်တွေဟာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတာကြောင့် ပညာရှင်တွေနဲ့ မွတ်စလင်တွေဟာ ဒါတွေကို ပြန်လည်ဖော်ထုတ်နေကြပါတယ်”
ဒီလို မှေးမှိန်နေတဲ့ ပဋိဉာဏ်စာတမ်းတွေ ပြန်တွေ့လာတာဟာ အစ္စလာမ်သာသနာကို ပြန်လည်ရှင်သန်စေပြီး၊ အစ္စလာမ့်အဆုံးအမတွေရဲ့ အနှစ်သာရတွေကို ပြန်လည် ပေါ်ထွက်လာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ကွန်စီဒိုင်းက မှတ်ချက်ပြုခဲ့ပါတယ်။
နောက်ပြီး ဒီလို တွေ့ရှိချက်တွေဟာ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာ မွတ်စလင်တွေရဲ့ သဘောထားတွေအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိမှာဖြစ်ပြီး၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကိုလည်း တိုက်ဖျက်နိုင်မယ်လို့ သူက မျှော်လင့်နေပါတယ်။
Ref : Futurity.org
(RELIGIOUS FREEDOM WAS KEY TO MUHAMMAD’S ‘MUSLIM NATION’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်
အောင် ဘာသာပြန်ဆိုသည်)
Comments