မေ ၈၊ ၂၀၁၆
– ဗြိတိသျှခေတ်အဆောက်အအုံများ၊ ဆယ်စုနှစ်ချီသက်တမ်းရင့် အိမ်ဆိုင်များ၊ ဘာသာရေးဆိုင်ရာ သမိုင်းဝင်နေရာများရှိနေသော ရန်ကုန်မြို့အနှံ့ သွားလာကြည့်လိုက်လျှင် ကြီးမြတ်သောအတိတ်ကာလအား တစ်စွန်းတစ်စ တွေ့မြင်ကြရပေမည်။ ရန်ကုန်မြို့သည် တစ်ချိန်က ကမ္ဘာ့ကုန်သွယ်အား အကောင်းဆုံးဆိပ်ကမ်းမြို့များအနက် အပါအ၀င် ဖြစ်သည်နှင့်အညီ အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်လက်ရာအဆောက်အဦး အများအပြားဆုံးဟု ဆိုနိုင်ပေသည်။
တရှိန်ထိုးတိုးတက်ဖွံ့ဖြိုးမှုများအလယ် ရာပေါင်းများစွာသောအဆောက်အဦတို့ ပျက်စီးကုန်ပြီး ထပ်မံဖျက်ဆီးခံရဦးမည့် အခြေအနေတွင် ရှိနေပါသည်။ ၂၀၁၂ ခုနှစ်က အမေရိကန် စာနယ်ဇင်းသမားနှင့် ဓာတ်ပုံဆရာ Phil Heijmans သည် တည်ရှိနေဆဲထိုအရာများကို စာရင်းပြုမှတ်တမ်းတင်ရန် ခရီးနှင်ခဲ့သည်။ ထိုအလုပ်မှာ လွယ်ကူလှသည်မဟုတ်။ မြောက်များစွာသော စိတ်ဝင်စားဖွယ်နေရာတို့မှာ အခြေအနေယိုယွင်းနေကြသည်၊ လူအများနှင့်ထိတွေ့စေနိုင်သည့် အနေအထားတွင် ရှိမနေကြတော့။
ထွက်ရှိလာတော့မည့် သူ၏ဓာတ်ပုံစာအုပ် Relics of Rangoon (ရန်ကုန်၏အမွေအနှစ်များ) သည် စိတ်ကိုထိခတ်စေနိုင်သော အဆောက်အဦး ၂၀၀ ကျော်အား အနုစိပ်လေ့လာထားချက်တစ်ရပ်ဖြစ်သည်။ ၎င်းသည် ဓာတ်ပုံများ၊ အသံဖိုင်နှင့် စာသားများဖြင့် ကျောင်းသားများ၏ သွေးစွန်းတော်လှန်ရေးမှသည် ဖုံးကွယ်ခံရသည့် ဗုဒ္ဓအမွေအနှစ်များအထိ ခြုံလွှမ်းခင်းကျင်း ပြသလျက်ရှိသည်။ ထိုမှတ်တမ်းတင်ထုတ်ဖော်ချက်များအနက်မှ ရတနာ ၁၀ ပါးကို တစေ့တစောင့် လေ့လာကြည့်ရှုပြီးနောက် သမိုင်းထဲ လမ်းလျှောက်ကြည့်ကြပါစို့။
၁။ ဗိုလ်တစ်ထောင်ဘုရား
သက်တမ်းမှာ နှစ်ပေါင်း ၂၅၀၀ ခန့်ရှိပြီး ရွှေတိဂုံဘုရားနှင့် တစ်ချိန်တည်းနီးပါး တည်ထားခဲ့သည့် ဗိုလ်တစ်ထောင်ဘုရားသည် ရန်ကုန်မြို့၏ အထင်ရှားဆုံးနှင့် တန်ဖိုးထားရမည့်အမွေအနှစ်များ၌ ပါဝင်သည်။
အစဉ်အလာဆိုစကားအရ ၎င်းတည်ရှိနေသောနေရာသည် ရန်ကုန်မြစ်ဘေးရှိတောင်ကုန်းတစ်ခု ဖြစ်ခဲ့သည်။ အိန္ဒိယမှ ဗုဒ္ဓမွေတော်ဓာတ်တော်များကို လက်ခံပင့်ဆောင်လာရန် ဘုရင့်စစ်ဗိုလ် တစ်ထောင်ကို ဂုဏ်ဆောင်စောင့်ရှောက်သယ်ယူသူများအဖြစ် ဆင့်ခေါ်ခံရသည်။ ဗုဒ္ဓဘာသာဝင်ဘုရင်ဖြစ်သူ သီဟဒီပက ဗုဒ္ဓဆံတော်တစ်မျှင်အပါအ၀င် ခန္ဓာမွေတော်နှစ်မျိုးကို သူ၏နန်းရင်းဝန်အား ပေးအပ်ခဲ့သည်။ သီလဖြူစင်၍ ကောင်းသတင်းနှင့်ကျော်စောသော ထိုနန်းရင်းဝန်က ထင်ရှားသောဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် တိုင်ပင်ရာ ယခုဗိုလ်တစ်ထောင်တောင်ကုန်း၌ ဋ္ဌာပနာထားပြီး စေတီတည်ထားရန် အကြံပေးလေသည်။
စေတီတော်မှာ နှစ်ပေါင်းရာချီ ဘေးကင်းနေရာမှ ၁၉၄၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဗြိတိသျှတော်ဝင်လေတပ်မတော်သည် ရန်ကုန်ဆိပ်ကမ်းတို့ကို ဗုံးကြဲသည်၌ လုံးဝပျက်စီးသွားခဲ့ရသည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးရသည့်နေ့မှာပင် စေတီတော်ကို ပြန်လည်မွမ်းမံတည်ဆောက်သည်။ ဓာတ်တော်မွေတော်များကို ပေ ၂၀ ပတ်လည်ကြုတ်ထဲထည့်၍ လိုဏ်ခေါင်းတူးကာ ခြေရာလက်ရာမပျက် မြှုပ်နှံဋ္ဌာပနာသည်။ စေတီသစ်အား မူလပုံဟန်ဖြင့်ပင် ပြန်လည်တည်ဆောက်ရွှေချခဲ့သည်။ ဥာဏ်တော်အမြင့် ၄၀.၁၃ မီတာ၊ အောက်ခြေအ၀န်း ၂၉ မီတာနှင့် အနက် ၂၉ မီတာရှိသည်။
ဗိုလ်တစ်ထောင်ဘုရား၏ အတိတ်ဖြစ်စဉ်ထူးနှင့်တစ်ကွ အတွင်းပိုင်းလျှောက်လမ်းများတွင် ဖန်တီးထားသည့် အနုသုခုမလက်ရာမှာ ရင်သပ်ရှုမောဖွယ်ရာပင်။ ဗုဒ္ဓ၏ဓာတ်တော်မွေတော်များကိုလည်း အများကြည့်ရှုဖူးမျှော်နိုင်ရန် ပုံပါအတိုင်း မှန်ဘောင်သွင်းစင်တော်ဖြင့် ခင်းကျင်းပြသထားပါသည်။
၂။ အောင်ရွှေဘုံသာ ဓမ္မဗိမာန် ကျောင်းတိုက်
အမှတ် ၄၊ အကွက် ၅၊ ပြည်လမ်၊ မရမ်းကုန်းမြို့နယ်၊ ကိုးမိုင် ရှမ်းကျောင်းစာကြည့်တိုက်ဝင်ပေါက်ဝတွင် တည်ရှိသည့် အောင်ရွှေဘုံသာ ဓမ္မဗိမာန် ကျောင်းတိုက်အား ယနေ့ခေတ်လက်ရာများထက် မနိမ့်ကျသော အိမ်ရာတည်ဆောက်မှုဖြင့် တွေ့နိုင်ပေမည်။ ၎င်း၏နောက်ဖက်နံဘေးတွင် ခန်းမဆောင်အသစ်တစ်ခုကိုလည်း ဆောက်လုပ်ထား၏။ ၁၉၀၈ ခုနှစ်က စံချိန်မှီ ဗိသုကာပုံစံအား လှပခမ်းနားစွာ ပုံပါအတိုင်း တွေ့ကြရမည်ဖြစ်သည်။
ဝိပဿနာအဆောင်ဟောင်းဖြစ်သော ယင်းအဆောက်အဦးကို ၁၉၈၈ ခုနှစ်၊ မေလ ၂၅ ရက်တွင် တစ်ကြိမ်၊ ရန်ကုန်မြို့ သမိုင်းဝင်အမွေအနှစ်သတ်မှတ်မှုများ မပြုလုပ်မှီတစ်နှစ်အလျင် ၁၉၉၅ ခုနှစ်တွင် တစ်ကြိမ် မွမ်းမံခဲ့သည်။ အဆောက်အဦအတွင်းပိုင်းကို ခေတ်မီစာကြည့်တိုက်အဖြစ် အကြီးစား ပြုပြင်မွမ်းမံလိုက်သော်လည်း၊ ရာသီဥတုဒဏ်ကြောင့် အနည်းငယ်ယိုယွင်းနေသည့် အပြင်ပိုင်းကိုယ်ထည်ကိုမူ နဂိုလက်ရာမပျက် ထိန်းသိမ်းထားရှိသည်။
၎င်းကျောင်းဝင်းကို ၁၈၄၁ ခုနှစ်က ရန်ကုန်သို့ ပထမဆုံးအခြေချလာရောက်သည့် ရှမ်းလူမျိုးတို့မှ တည်ဆောက်ခဲ့ပြီး ထိုနေရာ၌ လူ့အဖွဲ့အစည်းရပ်ဝန်းတစ်ခုအား တည်ထောင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဘုန်းတော်ကြီးကျောင်းကို ဂျပန်စစ်သားများက ထမင်းစားဆောင်နှင့် အိမ်ရာအဖြစ် အသုံးပြုခဲ့ကြသည်။ ကျောင်းဝင်းထဲရှိ အဆောက်အဦအချို့မှာ မဟာမိတ်တပ်များ၏ဗုံးကြဲချိန်တွင် ပျက်စီးသွားခဲ့ရသည်။ မူရင်းမြေပုံတွင် ကျောင်းဝင်းသည် ၉.၀၈ ဧကအထိ ကျယ်ဝန်းကြီးမားစွာ ရှိသည်။
၃။ သက်ကြီးရွယ်အိုများဂေဟာ
၁၉ ရာစုနှောင်းပိုင်း မြန်မာနိုင်ငံတစ်ဝှန်း ကက်သလစ်သာသနာပြုလုပ်ငန်းများ ပြန့်ပွားလာခြင်းနှင့်အတူ ပြင်သစ်နွယ်ဖွား ဂိုဏ်းအုပ် Bishop Paul Bigandet ဦးဆောင်သည့် လူ့အစုအဝေးသည် ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများအတွက် စာနာထောက်ထားမှုလုပ်ငန်းများ လုပ်ဆောင်နိုင်အောင် ကြိုးစားခဲ့ကြသည်။ သူ၏နောက်လိုက် ဆရာများဖြစ်သူ Gertrude di Oliveiro and Helen Carr တို့ကလည်း ခိုကိုးရာမဲ့သက်ကြီးများကို ကူညီရေး၌ နစ်မြှုပ်လုံးပန်းရာမှ အိမ်ငယ်လေးတစ်လုံး ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် နှစ်များစွာကြာသည်အထိ ဂေဟာအဖြစ် မဖွင့်လှစ်နိုင်သေး။
Bigandet ၏နေရာဆက်ခံသူ ဂိုဏ်းအုပ် Alexandre Cardot သည် ယင်းအစီအစဉ်ကျယ်ပြန့်စေလိုသဖြင့် ပြင်သစ်ခရီးစဉ်၌ Little Sisters of the Poor အဖွဲ့အစည်းထံ အကူအညီတောင်းခံခဲ့သည်။ ၎င်းသည် ပြင်သစ်ပြည်၊ ရိုမန်ကက်သလစ်အမျိုးသမီးများအတွက် ၁၈၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ သူတို့သည် ထိုအမြင်အား လက်ခံခဲ့ပြီး ၁၈၉၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် မြန်မာပြည်သို့ ရောက်ရှိကာ သက်ကြီးရွယ်အိုများဂေဟာ ဖြစ်မြောက်ရေးကို စတင်ခဲ့ကြသည်။
ခိုလှုံမှီတင်းသူ ပိုမိုရောက်ရှိ၍ လိုအပ်ချက် အဆမတန်ကြီးမားလာခြင်းကြောင့် ယင်းအိမ်ငယ်လေးကို ရောင်းချခဲ့ရသည်။ ၁၉၀၁ ခုနှစ်တွင် အလှူရှင်များအကူအညီဖြင့် လက်ရှိတည်နေရာမြေကို ၀ယ်ယူခဲ့ကြသည်။ လက်ရှိမြင်ရသော အဆောက်အဦနှင့် အနေအထားသို့ရောက်အောင် ၁၉၂၃ ခုနှစ်အထိ အဆင့်ဆင့် ပျိုးထောင်တည်ဆောက်ခဲ့ရ၏။ ၁၉၆၆ ခုနှစ်တွင် ဂေဟာကို စစ္စတာများက လက်ပြောင်းတာဝန်ယူလိုက်ကြပြီး ယနေ့တိုင် ကြီးကြပ်ဆောင်ရွက်လျက်ရှိပေသည်။
၎င်းသက်ကြီးများဂေဟာအဆောက်အဦသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးနှင့် ခဲတစ်ပစ်စာ အကွာအဝေးရှိ အမှတ် ၅၃၉၊ သိမ်ဖြူလမ်းပေါ်၌ တည်ရှိပြီး ကိုယ်ပိုင်ဆေးပေးခန်းငယ်၊ အမျိုးသားအမျိုးသမီး သီးခြားအိပ်ဆောင်များ၊ စားသောက်ဆောင်များ၊ ကျယ်ဝန်းသည့်လသာဆောင်များ၊ ကိုယ်ပိုင်ဘုရားရှိခိုးကျောင်းခန်းတစ်ခု ရှိပါသည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလစာရင်းအရ နိုင်ငံအနှံ့ရှိ ဘာသာတရားအသီးသီးမှ လာရောက်ခိုလှုံသူများ ၁၃၀ ဦးရှိပြီး ၀န်ဆောင်ပေးနေသော စစ္စတာ ၂၂ ဦး ရှိသည်။
၎။ ကွမ်ရင်စီး တရုတ်ဗုဒ္ဓဘာသာသာသနာ့ရိပ်သာ
အရှေ့အာရှသားတို့၏ ကရုဏာရှင် ကွမ်ရင်မယ်တော်အား အမှူးထားတည်ဆောက်ထားသည့် ဤတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းဝင်းမှာ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းနံဘေး မြေကွက်ကျယ်ကြီးပေါ်တွင် တည်ရှိသည်။ စာသင်ဆောင်များ၊ ဘုရားခန်းများ တန်းစီညီညာစွာ တည်ဆောက်ထားပြီး ကျောင်းဝင်းဗဟိုတွင် ကျယ်ဝန်းလှသော ပင်မခန်းမဆောင်အား ကျောက်တုံးများဖြင့် ဖန်တီးထားသည်မှာ ရန်ကုန်ရှိ အခြားဘုရားကျောင်းနှင့်မတူ တမူထူးခြားလှ၏။
၎င်းတစ်ထပ်ဆောင် အဆောက်အဦ၏ မြင့်မားသော သစ်သားမျက်နှာကျက်ကို ပန်းပွင့်ခက်နွယ်ပုံစံအမျိုးမျိုးဖြင့် ခြယ်သမှုများ၊ ထပ်ဆင့်ခေါင်မိုးလက်ရာများ၊ အရှေ့ဖက်တွင် တရုတ်ရိုးရာဆင်ဝင်ကြီးတစ်ခုကို တွေ့ကြရမည်ဖြစ်သည်။
ကိုရင်ငယ်များအတွက် ကျောင်းအဖြစ်ဖွင့်လှစ်ပေးထားသည့် ယင်းဘုရားကျောင်းတခွင်လုံးမှာ စာသင်ခန်းများဖြင့် ပြည့်နှက်နေပြီး တရုတ်ရိုးရာ ရှားပါး လက်ရေးပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ အချို့မှာ ယနေ့ခေတ်တွင် အသုံးမပြုကြတော့။ အဆောက်အဦရှေ့ပိုင်းတစ်နေရာ စကြံ င်္န်လမ်းအတွင်းမျက်နှာပြင်၌ ချင်မင်းဆက်ခေတ် စာဆိုကျော် Zhu Daoze ရေးသားခဲ့သော ဗုဒ္ဓကဗျာတစ်ပုဒ်ကိုလည်း လက်ရေးပန်းချီအသွင်ဖြင့် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ လိပ်စာမှာ အမှတ် ၅၈၊ အာဇာနည်လမ်း၊ ဗဟန်းမြို့နယ် ဖြစ်သည်။
၅။ အင်းစိန်ဦးစီးဋ္ဌာနရုံး
အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းပေါ်ရှိ အင်းစိန်မြို့နယ်ခရိုင်ဦးစီးဋ္ဌာနရုံးသည် နှစ်ထပ်တိုက်အဆောက်အဦဖြစ်ပြီး အခန်းငယ်ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ယနေ့အခါ တရားရုံးငယ်များမှသည် အဖွဲ့အစည်းဋ္ဌာနချုပ်များအထိ အစိုးရ၏ ပြည်ထဲရေးကိစ္စအသီးအသီးအတွက် အသုံးချလျက်ရှိသည်။
စုပေါင်းရုံးဝင်း ဟုလည်း လူသိများသည့် ယင်းအဆောက်အဦ၌ ခမ်းနားသော ဖွဲ့စည်းမှုတို့ကို တွေ့နိုင်၏။ အသုံးပြုထားသော အုတ်ကြွပ်များ/ကျောက်ပြားများပေါ်တွင် (နောင်သော် Basel Mission ဖြစ်လာသည့်) Commonwealth Trust Ltd ၏ ၁၈၆၅ ခုနှစ်ထုတ်ကုန်ဟူ၍ ရေးထိုးထားသည်။
၆။ ကာလာရာမ ဘုရားကျောင်း
ရန်ကင်းမြို့နယ်၊ ဓမ္မာရုံလမ်း၊ အမှတ် ၆၆ တွင် တည်ရှိသော ကာလာရာမ(ဝေဒကျမ်းလာ မရဏအရှင်) ဟိန္ဒူဘုရားကျောင်းဝင်းသည် အလျား ၆၇.၁ မီတာ၊ အနံ ၃၃.၅၃ မီတာ ကျယ်ဝန်းပြီး၊ ရန်ကုန်မြို့ရှိ တောင်ပိုင်းအိန္ဒိယသားတို့၏ အကြီးဆုံးဘုရားကျောင်းများအနက် အပါအ၀င်ဖြစ်သည်။
ဘုရားကျောင်း၏အဓိကရ အလှူဒကာမှာ M. Venkataswami Naicker ဖြစ်ပြီး ၁၉၀၄ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကုန်ကျစားရိတ်မှာ ထိုခေတ်ကာလငွေ တစ်သိန်းကျပ်ခန့်ဖြစ်သည်ဟု ဘုရားကျောင်းဂေါပကအဖွဲ့ဝင် ဦးအောင်ဝင်းက ဆိုသည်။
ဇီးကွက်ဘုရားဟုလည်း ခေါ်လေ့ရှိကြသော ကာလာရာမဘုရားကျောင်းအား ၁၉၂၁၊ ၁၉၅၇၊ ၁၉၆၄ ခုနှစ်များတွင် ပြန်လည်မွမ်းမံခဲ့ရပြီး၊ အကြီးစားပြင်ဆင်မှုကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ရာ ကျပ်ငွေသန်းပေါင်း ၄၀၀ ခန့် ကုန်ကျခဲ့သည်။ ဘုရားကျောင်း၏ မျက်နှာစာနှင့် အတွင်းပိုင်း တည်ဆောက်ဆင်ယင်ချက်များ၌ ဟိန္ဒူတို့၏ ဓလေ့ သုခုမလက်ရာများဖြင့် အနုစိပ်ခြယ်မှုန်းထားသည်ကို တွေ့မြင်ကြရပေမည်။
၇။ မစီးဒီးခန်း စွန္နီဂျာမေ့ဗလီ
မစီးဒီးခန်း ဂျာမေ့ဗလီ (အမှတ် ၃၅၆၊ ကျိုက္ကဆံလမ်းမ)သည် တာမွေမြို့နယ်အတွင်း ထူးခြားထင်ရှားစွာ တည်ရှိနေသည့် အဆောက်အဦများအနက် အပါအ၀င်ဖြစ်သည်။ ၎င်းကို မီနာရာ(၀တ်ပြုဖိတ်ခေါ်ရေးမျှော်စင်)ပေါင်း ၂၀ ကျော်အား ၀တ်ကျောင်းခေါင်မိုးသွပ်ပြားမှ ဖောက်ထွက်လာသည့်ဟန်ဖြင့် ပုံဖော်ထားသည်။ မျက်နှာစာမှာမူ ပျံကျဆိုင်ခန်းတို့ဖြင့် ဖုံးကွယ်လျက်ရှိသည်။
ဗလီရှေ့ဆောင်(အိမာမ်) ဦးအောင်စိုး၏အဆိုအရ အဆောက်အဦးကို ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ပြီး ၇ နှစ်မျှ အချိန်ယူခဲ့ရသည်။ အိန္ဒိယမှ ပြောင်းရွှေ့လာသူ ထင်ရှားသော လုပ်ငန်းရှင် မစီးဒီးခန်းပီး မှ ကမကထပြု တည်ဆောက်ထား၍ သူ့အမည်ကို အစွဲပြုခေါ်ဆိုထားခြင်းဖြစ်သည်။
၁၉၃၀ ခုနှစ်ငလျင်ကြောင့် မီနာရာတစ်ခု ပျက်စီးသွားခဲ့ပြန်လည်အစားထိုးတည်ဆောက်ထားသည်။ ဆယ်နှစ်ခန့်အကြာ နောက်ထပ်ငလျင်ဒဏ်ကြောင့် ခေါင်မိုးနှင့်အတူ ရှေ့မျက်နှာစာမှ အလှဆင်ကျောက်တိုင်အချို့ ပျက်စီးရပြန်သဖြင့် ထိုစဉ်ကပင် ပြန်လည်လဲလှယ်တည်ဆောက်ခဲ့ရသည်။ မူလဒီဇိုင်းလက်ရာများနှင့် အတွင်းပိုင်းမှန်ပြူတင်းများမှာ အိန္ဒိယမှ တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး ယခုတိုင် နဂိုအတိုင်း ခြေရာလက်ရာမပျက် ကျန်ရှိနေသေး၏။
လွန်ခဲ့သည့်နှစ် ၅၀ ၀န်းကျင်၌ ၎င်းဗလီမှ အစ္စလာမ့်အခြေခံပညာရေးကျောင်းတစ်ကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောင်းသား ၃၀၀ ခန့်အား ပထမတန်းမှ ပဉ္စမတန်းအထိ သင်ရိုးများကို သင်ကြားပို့ချလျက်ရှိသည်။
၈။ ကျိုက္ကဆံအားကစားကွင်း
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က တည်ထောင်သည်။ ကိုလိုနီခေတ် ၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြင်းစီးကလပ်အသင်းအဖြစ် ပြုလုပ်ခဲ့ပြီး နောင်သောအခါ ကျိုက္ကဆံအားကစားကွင်းအဖြစ် ပြောင်းလဲလိုက်ရာမှ ထင်ရှားလာသည်။
နှစ်ဆောင်ပြိုင်ပွဲကြည့်စင်ကြီးမှာ ပွဲကြည့်ပရိသတ် ရာပေါင်းများစွာ ၀င်ဆန့်သည်အထိ ကြီးမားသည်။ ပွဲကြည့်စင်အောက် အတွင်းပိုင်းတွင် ကျယ်ဝန်းသည့်ခန်းမကြီးရှိသလို အခန်းငယ်နှင့် လက်မှတ်ရောင်းဋ္ဌာန အများအပြားကို တည်ဆောက်ထား၏။
တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်း၏ စဦးသမိုင်းကို လူသိနည်းလွန်းလှသည်။ အထက်တန်းလွှာများအတွက် မြင်းပြိုင်ကွင်း ဆိုသည်ထက် ပို၍ မသိရှိခဲ့ကြ။ ယင်းမြေနေရာများကို ၁၉၅၀ နှစ်များအတွင်း ရန်ကုန်မြင်းစီးကလပ်အသင်းထံမှ သိမ်းယူခဲ့သည်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ရေးပြအခမ်းအနားနှင့် အမျိုးသားအားလပ်ရပ်များဆိုင်ရာ အခမ်းအနားများအတွက် အသုံးပြုခဲ့သည်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကျိုက္ကဆံကွင်းရှိဖြစ်ရပ်က အကျော်ကြားဆုံးဖြစ်ခဲ့၏။ ကျောင်းသားများ ဦးဆောင်သော လူအင်အား ငါးသောင်းဝန်းကျင်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ ရုပ်အလောင်းကို ဂါရ၀ပြုကြိုဆိုရန်အတွက် ထိုနေရာ၌ စုရုံးခဲ့ကြသည်။
ထိုစဉ်က အာဏာရှင် ဦးနေ၀င်းသည် ဦးသန့်၏ နိုင်ငံတကာငြိမ်းချမ်းရေးအကျိုးဆောင်မှုကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး၊ နိုင်ငံတော်ဈာပနအဖြစ် စီစဉ်ပေးရန်လည်း လက်မခံခဲ့ပေ။ UNDP မှ ဦးသန့်၏ရုပ်အလောင်းကို လေဆိပ်မှ အားကစားကွင်းသို့ နောက်ဖွင့်ထရပ်ကားငယ်လေးဖြင့် သယ်ယူရန် စီစဉ်ရသည်။ ကျောင်းသားများက ယင်းဈားပနာအခမ်းအနားတွင် ပါဝင်လိုသော်လည်း အစိုးရက တားဆီးငြင်းဆိုခဲ့သည်။
ကျောင်းသားနှင့် သံဃာတို့သည် မထင်မရှားမြှုပ်နှံခံရတော့မည့်ရုပ်အလောင်းကို ကြားဖြတ်ယူကာ အားကစားကွင်းသို့ သယ်ဆောင်ချီတက်ခြင်း မပြုတော့ဘဲ ထရပ်ကားထိပ်ပေါ် ပန်းများဆင်ယင်လျက် ယူဆောင်လာပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ထားရှိလိုက်ကြသည်။ ၆ ရက်လွန်မြောက်သော် တက္ကသိုလ်ကျောင်းဝင်းအား စစ်သားထောင်ပေါင်းများစွာတို့က ၀င်ရောက်စီးနင်း၍ ရုပ်အလောင်းကို ပြန်ယူခဲ့ကြသည်။ ၎င်းနောက် ကျောင်းသား တစ်ဒါဇင်ကျော် သတ်ဖြတ်ခံရသည်။
၎င်းမတိုင်မီ ဂုဏ်ထူးဆောင် ရန်ကုန်မြင်းစီးကလပ်နှင့် မြင်းဇောင်းများကို မြန်မာ-တရုတ်ကပြား ကုန်သည်ကြီး Lim Chin Tsong က သူကွယ်လွန်ချိန် ၁၉၂၃ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။ ထိုကလပ်အား ပထမဆုံးတည်ဆောက်ခဲ့သည်မှာ ၁၈၈၇ ခုနှစ်က ဖြစ်၏။
ယခုသော် အဆောက်အဦ၏အခြေအနေမှာ အလွန်ယိုင်နဲ့နေပြီး ပြိုလဲလုမတတ် ဖြစ်နေသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၈၉ မျိုးသော ထိန်းသိမ်းကာကွယ်ရမည့် သမိုင်းဝင်အမွေအနှစ်များစာရင်းထဲ ကျိုက္ကဆံအားကစားကွင်းကို ထည့်သွင်းမထားသည်ကို တွေ့ရသည်။ ထိုအဆောက်အဦကိုဖျက်၍ ခေတ်မီလူနေအိမ်ရာများ ဆောက်လုပ်မည်ဟုလည်း သတင်းစကားများက ဆိုနေပါသည်။
၉။ ကျွန်းတော ဘုန်းတော်ကြီးကျောင်း သိမ်တော်
ကြည့်မြင်တိုင်မြို့နယ်၊ ကျွန်းတောလမ်းနှင့် ဗားကရာလမ်းထောင့်တွင်တည်ရှိသည်။ ကျွန်းတောကျောင်းတိုက်မှာ တောင်ကုန်းငယ်တစ်ခု၏ ထိပ်ဖျားပေါ် တည်ဆောက်ထားပြီး အတော်အတန် ကျယ်ဝန်းသည်။
ခရစ်သက္ကရာဇ် ၁၈၉၀ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သိမ်ကျောင်းဆောင်မှာ ၁၈ မီတာ မြင့်ပြီး ၁၈ မီတာ ရှည်လျားသည်။
ပြည်တွင်းဗိသုကာရှင်များ၏ စိတ်ကူးစိတ်သန်းကောင်းလှသော အဆောက်အဦ အတွင်းအပြင်လက်ရာများမှာ ဆွဲဆောင်မှုရှိလှပေသည်။ ကွန်ကရစ်အဆောက်အဦဖြစ်သော်လည်း အုတ်နီခဲမှသည် သစ်သားများအထိ ပစ္စည်းအမျိုးမျိုးသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် တန်ဆာဆင်ယင်ထားပါသည်။ ၁၉၈၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင်တစ်ကြိမ် ပြန်လည်မွမ်းမံခဲ့သည်။
၁၀။ စာပေဗိမာန်
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမ၊ အမှတ် ၃၆၁ တွင် တည်ရှိနေသော စာပေဗိမာန်အား ထူထည်းခိုင်ခန့်သည် နှစ်ထပ်တိုက်အိမ်အသွင်ဖြင့် ၁၉၀၉ ခုနှစ်က တည်ဆောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်က ရေးဆွဲလိုက်သော “Sorrento Villa Plan” အမည်ဖြင့် စစ်ပြီးခေတ် နိုင်ငံတော်ဖွံ့ဖြိုးရေး ၂ နှစ်တာစီမံကိန်းအား အကောင်အထည်ဖော်ရာဋ္ဌာနအဖြစ် ကျော်ကြားထင်ရှားသည်။
ယင်းနေရာ၌ ထိပ်တန်းအထူးအစည်းအဝေးများ ကျင်းပပြုလုပ်စဉ်အတွင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ထိုအဆောက်အဦ၏ ရှေ့ဝင်ပေါက်ဆင်ဝင်အထက် ခေါင်မိုးပေါ်သို့တက်ကာ ထောင်ချီသောပရိသတ်ရှေ့မှောက်ဝယ် အဆိုပါ ၂ နှစ်စီမံကိန်းကို မိတ်ဆက်တင်ပြခဲ့သည်။ ဦးအောင်ဆန်းသည် ထိုမိန့်ခွန်း၏နောက် တစ်ကြိမ်သာ ထပ်မံမိန့်ခွန်းပြောနိုင်ခဲ့ပြီး နောက်တစ်လအကြာတွင် လုပ်ကြံခံခဲ့ရသည်။
၎င်းနှစ် သြဂုတ်လ ၂၆ ရက်တွင် ၀န်ကြီးချုပ် သခင်နု ဦးဆောင်သော ကြားဖြတ်အစိုးရက ထိုအဆောက်အဦ၌ မြန်မာဘာသာပြန်အသင်း(BTS) ကို တည်ထောင်သည်။ ပြည်တွင်းကျမ်းဂန်စာအုပ်များကို စုဆောင်းသိုမှီးရာ စာကြည့်တိုက်တစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းပြုစုရေးကိုလည်း ထည့်သွင်းခဲ့ပြီး ထိုစီမံကိန်းကို ၁၉၄၈ ခုနှစ်တွင် စတင်ဆောင်ရွက်သည်။ နောက်ဆုံးတွင် မဂ္ဂဇင်းများ၊ ပညာရပ်ဆိုင်ရာကျမ်းများကိုသာ အဓိကတာဝန်ယူထုတ်ဝေလာခဲ့သည်။ ဘာသာပြန်အသင်း၏ ပထမဆုံးဥက္ကဋ္ဌမှာ ၀န်ကြီးချုပ်ဦးနု ဖြစ်သည်။
၁၉၅၅ ခုနှစ်တွင် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၌ BTS ဋ္ဌာနချုပ် လေးထပ်အဆောက်အဦသစ် တည်ဆောက်ပြီးစီးသောအခါ နောက်တစ်နှစ်တွင် အယ်ဒီတာနှင့်စီမံရေးဝန်ထမ်းတို့ကို ထိုနေရာသို့ ပြောင်းရွှေ့စေလိုက်သည်။
၁၉၆၃ ခုနှစ်တွင် BTS သည် သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဋ္ဌာနအောက်သို့ရောက်ရှိသွားပြီး စာပေဗိမာန် ဟု အမည်ပေးခဲ့သည်။ ၎င်း၏ ပုံနှိပ်အဖွဲ့ကိုလည်း စာပေဗိမာန်ပုံနှိပ်တိုက်ဟု ကင်ပွန်းတပ်လိုက်သည်။
ယခုအခါ ယင်းအဆောက်အဦကို ဆက်သွယ်ရေးနှင့်သတင်းနည်းပညာဝန်ကြီးဋ္ဌာနမှ ပိုင်ဆိုင်ထားကာ မြန်မာ့စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး MPT အတွက် အထူးတာဝန်များ ဆောင်ရွက်လျက်ရှိသည်။
(Ref : Yangon Coconuts ၏ Explore 10 of Yangon’s hidden heritage gems with author of new book on colonial buildings ဆောင်းပါးမှ ကောက်နှုတ်၍ မြင့်မိုရ်မောင်မောင်က ဘာသာပြန်ဆိုတင်ဆက်သည်။)
Comments