စက်တင်ဘာ ၄ ၊ ၂၀၁၆
M-Media
ဆောင်းပါးရှင်-မြင်သစ်
နှစ်ဆယ်ရာစု အစပိုင်းနဲ့ အလယ်ပိုင်းမှာ မွတ်စလင်မ် လူများစုနိုင်ငံတွေမှာ အနောက်တိုင်း သြဇာလွှမ်းမိုးလာမှု၊ အနောက်တိုင်းပုံစံနိုင်ငံရေး စနစ် အားကောင်းလာမှုနဲ့ ဒေသတွင်း အာဏာရှင်စနစ်ကြီးထွားလာမှုတွေကို တန်ပြန်တဲ့အနေနဲ့ ခေတ်ရဲ့ တိုးတက်မှုနဲ့ နိုင်ငံရေးလမ်းကြောင်း အစ္စလာမ့်တန်ဖိုးများနဲ့ ညှိယူကြိုးပမ်းမှုရှိခဲ့တယ်။ အဲ့ဒီ့ သန္ဓေတည်လှုပ်ရှားမှုတွေက Pan-Islamism လို့ခေါ်တဲ့ မွတ်စလင်မ်တွေ အားလုံး ခေါင်းဆောင်တစ်ယောက်အောက် သို့မဟုတ် နည်းစနစ်တစ်ခုအောက်မှာ အကုန်စုစည်းကြမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ဝါဒအပေါ်အခြေခံခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်း လှုပ်ရှားမှုတွေက မူလဝါဒလမ်းကြောင်းပေါ်ကနေ ခွဲထွက်ပြီး နိုင်ငံအလိုက် ဒေသအလိုက် ကာလံဒေသကိုကြည့်ပြီး သူ့အရပ် သူ့ဇာတ်နဲ့ အညီကြိုးပမ်းမှုတွေ ဖြစ်လာကြတယ်။ ဂျော်ဒန်က မွတ်စလင်မ် ညီအစ်ကိုတော်များ အဖွဲ့က ဘုရင်ရဲ့ ထောက်ခံသူတွေဖြစ်ကြတယ်။ ဆူဒန်မှာ ပညာရှင် အလ်သူရဗီရဲ့ လှုပ်ရှားမှုကြတော့ ၁၉၈၉ အာဏာသိမ်းမှုကို ထောက်ခံခဲ့ပြန်တယ်။ ကူဝိတ်မှာတော့ အီရတ်သမ္မတ ဆက်ဒမ် ရဲ့ ကျူးကျော်မှုကို တိုက်ထုတ်ဖို့ ကူဝိတ်အစိုးရက အမေရိကန်နဲ့ ပူးပေါင်းမှုကို အပြည့်အဝထောက်ခံခဲ့လို့ တခြားနိုင်ငံတွေက ညီအစ်ကိုတော်အဖွဲ့များရဲ့ ဝေဖန်ခံခဲ့ရတယ်။ တူနီးရှားမှာတော့ အန်နဟ်ဒါအစ္စလာမ့်မစ်ပါတီက အစောပိုင်းထဲက ဒီမိုကရေစီ လမ်းကြောင်းကို ခြေချခဲ့ပြီး ပါတီစုံစနစ်ကို အားပေးကာ ကြိုးပမ်းမှုစခဲ့တယ်။ ပါလက်စတိုင်းမှာတော့ အစပိုင်းမှာ အစ္စလာမ့်မစ်လှုပ်ရှားမှုဟာ ဘာသာတရားရဲ့ တန်ဖိုးမြှင့်တင်ရေးကြိုးပမ်းမှုအနေနဲ့သာရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အစ္စရေးလက်မှ တိုင်းပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တယ်။ လတ်တလောဆိုရင် အီဂျစ်မွတ်စလင်မ်ညီအစ်ကိုတော်များအဖွဲ့ဟာ စစ်တပ်အာဏာသိမ်း မခံရခင်အထိ နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ အစိုးရဖြစ်လာခဲ့တယ်။
တူနီးရှား၊ အီဂျစ်နဲ့ လစ်ဗျားတို့မှာ အစ္စလာမ့်မစ်အုပ်စုတွေရဲ့ ဒီမိုကရေစီ၊ ပါတီစုံစနစ်နဲ့ (မတူကွဲပြားမှုကိုလက်ခံတဲ့) ဗဟုဝါဒ(Pluralism)အောက်ကနေ လှုပ်ရှားလာတဲ့ အရွေ့ဟာ သိသာထင်ရှားလှတယ်။ တူနီးရှားရဲ့ အစ္စလာမ်မစ်ပါတီဆို သူတို့ကို သူတို့ “မွတ်စလင်မ်ဒီမိုတွေ”လို့ ဂုဏ်ယူနေကြပြီ။ အဲ့ဒီ့အရွေ့က အရင် နှစ်ဆယ်ရာစုလယ်က အစ္စလာမ့်မစ်လှုပ်ရှားမှုပုံစံနေရာမှာ ဒီနေ့ခေတ်နဲ့ အညီ ဒီမိုကရေစီနဲ့ ဗဟုဝါဒနဲ့အညီ လှုပ်ရှားမှုက တစတစ နေရာပြောင်းယူနေပြီဆိုတာ သက်သေပါပဲ။
တချိန်တည်းမှာပဲ အံ့သြတုန်လှုပ်ဖို့ ကောင်းတဲ့ ပြောင်းပြန်အရွေ့တစ်ခုက မွတ်စလင်မ် လူများစုနိုင်ငံတွေမှာ အာဏာကို မောင်ပိုင်စီးထားတဲ့ အကျင့်ပျက် ချစားတဲ့ အာဏာရှင်တွေ၊ ဘုရင်တွေနဲ့ ဒီမိုအာဏာရှင်တွေက ဘာသာရေးကို ဇောင်းပေးတဲ့ နိုင်ငံရေးရှေ့တန်းတင်လာတာပါပဲ။ ဒီတစ်လောပိုင်းဆို အီဂျစ်က အာဏာရှင် စီစီ က သူ့ကိုယ်သူ အလယ်အလတ်ကျတဲ့ အစ္စလာမ်ကို စောင့်ရှောက်သူ ပရိုမုတ်လုပ်သူအဖြစ် ပုံဖော်လာတယ်။ ဂမ်ဗီယာရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်းဟောင်း သမ္မတ ယာဟ်ယာက နိုင်ငံရေးagenda အနေနဲ့ ခြေဥကို ဖောက်ပြီး နိုင်ငံကို အစ္စလာမ်မစ်နိုင်ငံ အဖြစ် သွတ်သွင်းခဲ့တယ်။ 1MDB ချစားမှုကြီးနဲ့ မကောင်းသတင်းကျော်ဇောမှုဖြစ်နေတဲ့ မလေးရှားရဲ့ နာဂျစ်က ဟုဒုဒ် ရှရီအသ်ဆိုင်ရာပြစ်ဒဏ်ပေးမှု ဥပဒေကို အာရုံပြောင်းအနေနဲ့ ထောက်ခံ ပရိုမုတ်လုပ်ခဲ့တယ်။ တူရကီ ဒီမိုအာဏာရှင် အာဒိုဂန်က ဘာသာရေးနဲ့လူမျိုးကြီး အမျိုးသားရေးဝါဒပုံစံနဲ့ အာဏာကို တည်ဆောက်ယူနေတယ်။ စသဖြင့် အများကြီးပါ။
အာဏာရှင်နဲ့ ဘုရင်တွေ ကြီးစိုးတဲ့ မွတ်စလင်မ်လူများစုနိုင်ငံတွေမှာ အစ္စလာမ်မစ်ပါတီတွေ၊ အုပ်စုတွေရော အခြား လက်ယာယိမ်း လက်ဝဲယိမ်း နိုင်ငံရေးပါတီတွေပါ အဖိနှိပ်ခံခဲ့ရ ခံနေရပြီး နိုင်ငံရေးနေရာ မရပါဘူး။ အာဏာရှင်တွေနဲ့ ဘုရင်တွေက မိမိတို့လုပ်ရပ်နဲ့ အာဏာတည်ဆောက်မှုတွေ အတွက် လူထုသည်းချေကြိုက် ဘာသာရေးကိုဇောင်းပေး နိုင်ငံရေး လုပ်လာတာတင်မကဘဲ မိမိတို့လုပ်ရပ်နဲ့ အာဏာကို ကာကွယ်ဖို့ ဓမ္မစက်ကိုလည်း လက်ကိုင်တုတ်လုပ်ထားပြီးသားပါ။ နိုင်ငံတော် မုဖ်သီဓမ္မသတ်မှူးချုပ်နဲ့ နိုင်ငံတွင်း သြဇာရှိတဲ့ သာသနာ့ပညာရှင်တွေက အုပ်ချုပ်သူတွေရဲ့ အကြိုက်အတိုင်း ရှေးရိုးစဉ်လာ သင်ကြားမှုတစ်ခုဖြစ်တဲ့ ဖစ်(သ်)နာခေါ် မတည်ငြိမ်မှုတွေဖြစ်အောင် မလုပ်ရဘူးဆိုတာနဲ့ မွတ်စလင်မ်အုပ်ချုပ်သူကို မပုန်ကန်ရဘူးဆိုတာနဲ့ အများပြည်သူကို ချွေးသိပ်ထားကြတယ်။ အီဂျစ်မှာ စစ်ဗိုလ်ချုပ် ဆီဆီရဲ့ အာဏာသိမ်းမှုကို ထိုစဉ်က နိုင်ငံတော်မုဖ်သီချုပ် အလီဂိုမားနဲ့ အလ်အဇ်ဟရ် ထိပ်တန်းပညာရှင်တွေက ထောက်ခံခဲ့တယ်။ ပြီးတော့ ယခုဆော်ဒီနိုင်ငံခေါ်တဲ့ နိုင်ငံမှာ တမန်တော်မုဟမ္မဒ်ရဲ့ ဟာရှင်အနွယ်တော်တွေဆီကနေ အင်္ဂလိပ်အကူအညီနဲ့ အာဏာသိမ်းခဲ့တဲ့ စအူးဒ်မျိုးနွယ်ကို အာဏာစက် ဓမ္မစက်အပြန်အလှန် စောင့်ရှောက်ရေး သဘောတူညီမှုနဲ့ ယခင်မုဖ်သီချုပ် ဘင်ဘားဇ်မှစလို့ သာသနာ့ပညာရှင်တွေ ထောက်ခံတာမျိုး၊ ဆီးရီးယားမှာ လူနည်းစု အာလာဝီတွေဖြစ်တဲ့ အာဏာရှင်လူတန်းစားကို လူများစုစွန္နီကလာတဲ့ နိုင်ငံတော်မွဖ်သီချုပ်တွေက အစဉ်အဆက်ထောက်ခံခဲ့တာမျိုး။
ပိုဆိုးတာကတော့ အဲ့ဒီအာဏာရှင် လက်ကိုင်တုတ် ပညာရှင်ဆိုသူတွေက ဒီနေ့ အစ္စလာမ်ကို အထင်အမြင်လွဲမှားမှုတွေ အလွဲသုံးစားလုပ်မှုတွေဖြစ်နေတဲ့ အပေါ်မှာ အစ္စလာမ်ရဲ့ အနှစ်သာရဖြစ်တဲ့ ငြိမ်းချမ်းရေး အကြမ်းမဖက်ရေးနဲ့ အလယ်လမ်းစဉ်ကို မြှင့်တင်ဖို့ ကြိုးစားမှုတွေကို ဦးဆောင်နေတဲ့သူတွေထဲက ဖြစ်နေတာ၊ အဲ့ဒီ ကြိုးပမ်းမှုတွေထဲမှာ ပါနေတာပါပဲ။
အဲ့ဒီ့ရဲ့ ဆိုးကျိုးကတော့ အော့စဖို့ဒ် တက္ကသိုလ်က ပညာရှင်လည်းဖြစ် မွတ်စလင်မ်ညီအစ်ကိုတော်များအဖွဲ့ရဲ့ တည်ထောင်သူ ကျောင်းဆရာ ဘန်နားရဲ့ မြေးလည်းဖြစ်သူ ပါမောက္ခဒေါက်တာ သွာရိက်ရမဒွန် သုံးသပ်ထောက်ပြသလိုပါပဲ။
အာဏာကို မတရားတဲ့ နည်းနဲ့ ရယူထားသူတွေကို နောက်ခံပေးနေတဲ့ ပညာရှင်ဆိုသူတွေရဲ့ အစ္စလာမ်မှာ အကြမ်းဖက်တာ မရှိဘူး အစ္စလာမ်ဟာ ငြိမ်းချမ်းရေး အစ္စလာမ်မှာ အသေခံဗုံးခွဲတာ မရှိဘူးဆိုပြီး ပြောဆိုနေမှုတွေ ဖသဝါဓမ္မသတ်ဆုံးဖြတ်ချက်တွေနဲ့ ကိုယ်စားပြုမှုတွေကို အစ္စလာမ့်အမည်(အလွဲသုံးစားလုပ်ထားတဲ့)ခံ ဘယ် လက်နက်ကိုင် အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကမှ လက်ခံဖို့ မရှိတဲ့ အပြင် ဇိမ်ခံအပေါ့်လွှာ ပညာရှင်အမည်ခံ ပညာမဲ့တွေ သာသနာ့ကို သစ္စာဖောက်သူတွေ အာဏာရှင်လက်ကိုင်တုတ်တွေဆိုတဲ့ တန်ပြန် လှောင်ပြောင်မှုပဲ ရနေပါတယ်။
ဒီနေရာမှာ အများပြည်သူ အလွယ်တကူ သတိမထားမိတဲ့ ဖုံးကွယ်အချက်ရှိပါတယ်။ ပညာရှင်ဆိုသူတွေက အာဏာရှင်တွေနဲ့ ဘုရင်တွေကို အကာအကွယ်ပေးရေးမှာ သူတို့ရဲ့ နေရာတည်မြဲမှုနဲ့ သူတို့ရဲ့ ကျောင်းတော်ဝါဒလွှမ်းမိုးမှုက အဓိကအကြောင်းတစ်ရပ်အနေနဲ့ ပါပါတယ်။ အနည်းငယ် ဥပမာပေးတင်ပြရရင် အီဂျစ်က ဒီမိုသမ္မတမော်စီရဲ့ မွတ်စလင်မ် ညီအစ်ကိုတော်များပါတီကို စစ်ဗိုလ်ချုပ်ဆီဆီနဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ကိစ္စမှာ စစ်တပ်ကို စွန္နီကမ္ဘာမှာ သြဇာကြီးလှတဲ့ အလ်အဇ်ဟရ်တက္ကသိုလ်က ပညာရှင်တွေ ကြားကန်ထောက်ခံခဲ့တဲ့ ကိစ္စပါ။ ဘာသာရေးသြဇာနဲ့ အာဏာပိုင်းကကြည့်ရင် အီဂျစ်မွတ်စလင်မ် ညီအစ်ကိုတော်များဖွဲ့ဝင်ဟောင်းလည်းဖြစ် အလ်အဇ်ဟရ်ကျောင်းထွက်လည်းဖြစ်တဲ့ ကာတာအခြေစိုက် ပညာရှင် ဒေါက်တာယူစွဖ်အလ်ကဒွာဝီနဲ့ အီဂျစ်မွတ်စလင်မ် ညီအစ်ကိုတော်များ အတွေးအခေါ်နဲ့ (ထိုစဉ်က) အီဂျစ်မုဖ်သီချုပ်အလီဂိုးမားနဲ့ အလ်အဇ်ဟရ်ပညာရှင်များနဲ့ သူတို့ရဲ့ ကျောင်းတော်အကြား အားပြိုင်မှုပါ။ နောက်တစ်ချက်က အာဏာရှင်တွေကြီးစိုးတဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အီဂျစ်ရဲ့ ဒီမိုလှုပ်ရှားမှုနဲ့ မွတ်စလင်မ်ညီအစ်ကိုတော်ဝါဒ အားကောင်းလာပြီး သူတို့အာဏာနဲ့ နေရာကို ထိပါးမှာ မလိုလားဘူး။ တဆက်တည်း စံနှစ်ခွကျင့်သုံးတတ်တဲ့ အနောက်ကမ္ဘာကလည်း အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီအားကောင်းတာကို သဘောခွေ့ပေမယ့် သူတို့ရဲ့ မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့မဟာမိတ်တွေကို ထိခိုက်မခံနိုင်တာရယ်၊ နောက်ပြီး သူတို့အကြောက်ဆုံးဖြစ်တဲ့ အရှေ့အလယ်ပိုင်းရဲ့ ညီညွတ်မှု အစ္စလာမ့်ညီအစ်ကိုတော်ဝါဒအောက်မှ ရသွားမှာစိုးရိမ်ကြတယ်။ ဒါကြောင့် တူနီးရှားကစတဲ့ အာရဗ်နွေဦးတော်လှန်ရေးဟာ အီဂျစ်ရဲ့ ပထမဆုံးဒီမိုအစိုးရကို စစ်တပ်က အာဏာသိမ်းစေပြီး ရပ်တန့်သွားစေခဲ့တာပါပဲ။
အဲ့ဒီမှာ အရေးပါတဲ့ အချက်က အနောက်ယဉ်ကျေးမှုနဲ့ တန်ဖိုးတွေနဲ့ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်တစ်ခုဖြစ်တဲ့ နိုင်ငံရေးမထိရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတာရဲ့ အောက်မှ ပျော်မွေ့နေတာကြာပြီဖြစ်တဲ့ ပြည်သူအချို့ (အချို့ဆိုပေမယ့် မနည်းလှပါ)ရဲ့ အစ္စလာမ်မစ်ပါတီတွေအပေါ် သံသယရှိနေမှုပါပဲ။ သူတို့တွေက ဒီပါတီတွေက သူတို့ သဘောခွေ့နေတဲ့ ယဉ်ကျေးမှုနဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားအောင်လုပ်မလားဆိုတဲ့ သံသယပါပဲ။ တဆက်တည်း ဒီမိုနည်းနဲ့ အာဏာရပေမယ့် အစ္စလာမ်မစ်ပါတီတွေရဲ့ နိုင်ငံရေး မပါးနပ်မှုနဲ့ လောကြီးမှုတွေလည်း ပါပါတယ်။
Political Islam ခေါ် အစ္စလာမ့်မစ်နိုင်ငံရေးက ဆင့်ကဲပြောင်းလဲတိုးတက်မှုရှိနေပါတယ်။ ကနဦး Pan-Islamism ကနေ ကာလံဒေသနဲ့အညီ ဒီမိုကရေစီ၊ ပါတီစုံစနစ်နဲ့ မတူကွဲပြားမှုဗဟုဝါဒ (Pluralism) ဆီကို သိသိသာသာပြောင်းလဲလာနေပါပြီ။
အမေရိကန်နဲ့ အနောက်တိုင်းရဲ့ စံနှစ်ခွကျင့်သုံးမှု၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်မ်ခေါင်းဆောင်တွေရဲ့ အာဏာရှင်ဆန်မှု၊ ပြည်သူတွေရဲ့ သံသယ၊ သာသနာ့ပညာရှင်တွေရဲ့ ကျောင်းတော်ဝါဒကာကွယ်လိုမှု၊ အဆိုပါ အစ္စလာမ်မစ်ပါတီတွေရဲ့ နည်းဗျူဟာအားနည်းမှုတွေနဲ့ မွတ်စလင်မ်လူနည်းစုနိုင်ငံတွေရဲ့ Political Islam အပေါ် အစိုးရိမ်လွန်မှု အပြောင်းအလဲကို မျက်ခြေပြတ်ကင်းကွာမှုတွေက ဒီအပြောင်းအလဲကို အဟန့်အတားအကြီးအကျယ်ဖြစ်နေစေပါတယ်။
အဲ့ဒီ့ရဲ့ ဆိုးကျိုးအနေနဲ့က Pan-Islamismက Pluralismကို ညှိယူဖွံ့ဖြိုးနေဆဲ ကာလမှာ အဲ့လိုအတွန်းအတိုက်တွေနဲ့တွေ့ပြီး လမ်းချော်သွားပြီး ပိုအစွန်းရောက်တဲ့ ချဉ်းကပ်မှုနဲ့ ပုံပြောင်းမှုဖြစ်သွားတာမျိုးပါ။ နိုင်ငံရေးနေရာမရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆင်းရဲကြပ်တည်းမှုတွေ၊ မကျေနပ်မှုတွေနဲ့ ညစ်ပတ်တဲ့ နိုင်ငံရေးအစီအစဉ်တွေကနေပေါက်ဖွားလာတဲ့ ဒေသတွင်း နိုင်ငံတွင်း လက်နက်ဆွဲကိုင်မှုတွေ၊ ပုန်ကန်မှုတွေ၊ လှုပ်ရှားမှုတွေ၊ အစွန်းရောက်မှုတွေက လမ်းချော်လာတဲ့ အစ္စလာမ်မစ်နိုင်ငံရေးကို မွေးစားပြီး ဘေးပယောဂတွေနဲ့ Islamic State of Iraq and the Levant ခေါ်တဲ့ IS ဖြစ်လာတာမျိုးပါ။ တစ်ကမ္ဘာလုံးက မွတ်စလင်မ်တွေကို အီရတ်က သူ့ကိုသူ ခလီဖာလို့ ကြေငြာထားတဲ့ ဘဂ်ဒဒီက အုပ်ချုပ်တယ်ဆိုတဲ့ ရူးနှမ်းမှုမျိုးပေါ့။
အဲ့ဒီလမ်းကြောင်းကိုပြောင်းဖို့ ဗုံးကြဲလို့ စစ်တိုက်လို့ မရပါဘူး။ ဗုံးနဲ့ ကျည်ဆံတွေက လူအသက်အိုးအိမ်ကိုပဲ ပစ်ခတ် ဖျက်ဆီးနိုင်ပြီး ism လို့ ခေါ်တဲ့ အတွေးအခေါ် အယူဝါဒကြီးကို ပြောင်းလဲဖို့ စိုးစဉ်းတောင် မတတ်နိုင်ပါဘူး။ အဲ့တော့ အမေရိကန်နဲ့ အနောက်ကမ္ဘာက သူရဲ့ စံနှစ်ခွကျင့်သုံးမှုလမ်းကြောင်းကို ပြောင်းဖို့လိုပါတယ်။ မွတ်စလင်မ်များစုနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေ သမိုင်းတရားခံမဖြစ်ကြရအောင် ဘာသာတရား နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုဖို့လိုမယ်။ မွတ်စလင်မ်လူနည်းစုနိုင်ငံတွေက နိုင်ငံရေးခေါင်းဆောင်းတွေ အခြားဘာသာတရားတွေရဲ့ ဘာသာရေးခေါင်းဆောင်တွေကလည်း Political Islam ကို အကြောက်မလွန်ဘဲ ဒီမိုကရေစီနဲ့ မတူကွဲပြားမှုဝါဒအောက်မှာ ဖွံ့ဖြိုးလာအောင် စောင့်ကြည့်ကူညီပေးဖို့ လိုပါမယ်။ အစ္စလာမ်မစ်ပါတီတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ နိုင်ငံရေးရာစွမ်းရည်ကို မြှင့်တင်ဖို့ လိုပါလိမ့်မယ်။
မတူကွဲပြားမှုတွေနဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို စိတ်ကူးယဉ်နေရုံနဲ့ မရပါဘူး။ ပစ်ခတ်တိုက်ခိုက်နေလို့ ရမလာပါဘူး။ အရှိတရားကို လက်တွေ့ကျကျရင်ဆိုင် အဖြေရှာ တည်ဆောက်ယူမှ ရပါမယ်။
အချို့အချက်များကို Al Jazeera မှ Abdullah Al-Arian ရဲ့ The evolution of Islamists ဆောင်းပါးမှ ထုတ်နုတ်ကိုးကားပါသည်။
Comments