– ဘယ်လိုအရာမျိုးကိုပဲ ထုတ်လုပ်သည်ဖြစ်စေ စွမ်းအင်ကတော့ လိုအပ်စမြဲပါပဲ။ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ လည်ပတ်တဲ့ စက်တွေ မပေါ်ခင်မှာ စွမ်းအင်တွေကို ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ထုတ်ယူသုံးစွဲကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအရင်က အစ္စလာမ်ကမ္ဘာမှာ စက်ပစ္စည်းတစ်ခု လည်ပတ်ဖို့အတွက် ရေစွမ်းအင်ကို အသုံးပြုခဲ့ကြပြီး စက်ဝိုင်းပုံ လည်ပတ်မှုကနေ အလျားလိုက်လည်ပတ်မှုကို ပြောင်းပေးတဲ့ ဂေါက်တံအသုံးပြု စနစ်ကြောင့်လည်း ဒီ စက်ပစ္စည်းတွေရဲ့ အသုံးဝင်မှုက တွင်ကျယ်ခဲ့ပါတယ်။
အဲဒီလို စက်မျိုးတွေကို ရေသွယ်မြောင်းတွေကနေတစ်ဆင့် မြို့တွေရွာတွေရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ရေပေးဝေရေးစနစ်မှာ အသုံးပြုခဲ့ကြပါတယ်။ ရေစွမ်းအင်ကို အသုံးပြုထားတဲ့ ကြိတ်စက်တွေကို မွတ်စလင်တွေက တီထွင်အသုံးပြုခဲ့ကြပေမယ့် အစ္စလာမ်ကမ္ဘာရဲ့ ခြောက်သွေ့လွန်းတဲ့ ဒေသတွေမှာ ရေအလုံအလောက် မရှိတာကြောင့် ဒီစနစ်က အဆင်မပြေပါဘူး။ ဒါ့ကြောင့် မွတ်စလင်တွေဟာ နောက်ထပ် စွမ်းအင်ရရှိမယ့် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။
ရေစီးအားကို ရာသီအလိုက်သာရရှိတဲ့ အာရေဗျသဲကန္တာရက နောက်ထပ် ရင်းမြစ်တစ်ခုကတော့ လေအား ဖြစ်ပါတယ်။ သဲကန္တာရက လေလမ်းကြောင်းဟာ ပုံသေရှိတတ်ပြီး တစ်နေရာတည်းကနေ တိုက်ခတ်တာမျိုးပါ။ ဒါ့ကြောင့် ၇ ရာစုမှာ ပါရှန်မွတ်စလင်တွေဟာ လေအားသုံး ကြိတ်စက်တွေကို တီထွင်ခဲ့ကြပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ကြပေမယ့် ကမ္ဘာတစ်ဝှမ်းကို လျင်လျင်မြန်မြန် ပြန့်နှံလောက်တဲ့အထိ မတွင်ကျယ်ခဲ့ပါဘူး။ သမိုင်းပညာရှင်အများစုကတော့ မွတ်စလင်တွေရဲ့ ဒီလေအားသုံးကြိတ်စက် စနစ်ကို ၁၂ ရာစုမှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်တပ်တွေကနေတစ်ဆင့် ဥရောပကို မိတ်ဆက်ပေးခဲ့တယ်လို့ ယူဆထားကြပါတယ်။
အစ္စလာမ်ကမ္ဘာကို ၆၃၄ ခုနှစ်ကနေ ၁၀ နှစ်တာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက်သမ္မတ အုမရ်သခင်ထံ ပါရှန်လူမျိုးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အနေနဲ့ လေအားကိုအသုံးပြုတဲ့ ကြိတ်စက်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမ္မတကြီးက ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းတွေ၊ ဂျုံတွေကို ကြိတ်ရာမှာသာမက ရေပေးဝေရေး စနစ်တွေမှာလည်း လေအားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပြီး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒီလို လေအားစွမ်းအားသုံး စက်ပစ္စည်းတွေကို ပါရှားပြည်က စစ္စတန်ဆိုတဲ့ ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပြီး ၁၀ ရာစု ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က ထိုဒေသကို ‘လေနှင့်သဲတို့၏ဌာနေ’ လို့ ကင်ပွန်းတပ်ခဲ့ကာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
“ဒီဒေသက ၀ိသေသလက္ခဏာတစ်ခုကတော့ ဥယျာဉ်ခြံတွေကို ရေပေးဖို့အတွက် ရေပန့်တွေကို လေစွမ်းအားနဲ့ မောင်းနှင်တာပဲ ဖြစ်ပါတယ်”
အစောပိုင်း လေအားသုံးကြိတ်စက်တွေက နှစ်ထပ်အဆောက်အဦးတွေဖြစ်ပြီး ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်ထိပ်တွေနဲ့ ကြီးမားတဲ့အဆောက်အဦးတွေရဲ့ အပေါ်တွေမှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ ကြိတ်စက်ကိုထားပြီး၊ အောက်ထပ်မှာတော့ ပိတ်စနဲ့လုပ်ထားတဲ့ ရွက် ၆ ခု၊ ဒါမှမဟုတ် ၁၂ ခုနဲ့ လည်ပတ်တဲ့ ဘီးတစ်ခုရှိပါတယ်။ အဲဒီ အောက်ထပ်ရဲ့ နံရံတွေမှာ လေ၀င်ပေါက် ၄ ခုဖောက်ထားပြီး အတွင်းဘက်ကို ကျဉ်းအောင်လုပ်ထားကာ ၀င်လာတဲ့လေက ရွက်တွေကို တိုက်ရိုက်ထိတွေ့ပြီး လည်နှုန်း မြန်စေတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက လေအားသုံးကြိတ်စက်တွေဟာ လေရဟတ်ရဲ့အဆုံးက သစ်သားစလင်ဒါနဲ့ ကြိတ်စက်ကို ဆက်ထားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါဟာ အကျယ် မီတာဝက် (၁.၆ ပေ)၊ အမြင့် ၃.၅ မီတာကနေ ၄ မီတာ (၁၁.၅ ပေကနေ ၁၃.၁ ပေ) ရှိပြီး လေအားရရှိဖို့အတွက် အရှေ့မြောက်ဖက်ကို အဖွင့်ထားတဲ့ တာဝါဆီကို အလျားလိုက် တက်သွားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါမှာ လျှော်ဖတ်တွေ၊ စွန်ပလွန်ရွက်နေတဲ့ ပြုလုပ်ထားတဲ့ ရွက်တွေကို ၀င်ရိုးပါတဲ့ ရှက်ဖ် (Shaft) နဲ့ ဆက်သွယ်ထားပါတယ်။ တာဝါပေါ်မှာ လေတိုက်တဲ့အခါ ရွက်တွေကိုလေတိုးတာကြောင့် shaft ကလည်း လည်ကာ ကြိတ်စက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။
အဲဒီလို လေအားသုံးကြိတ်စက်တွေကို မိတ်ဆက်ပေးနိုင်ခဲ့တာဟာ သိပ္ပံနဲ့ စက်မှုအင်ဂျင်နီယာနယ်ပယ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပြီး နည်းလမ်းအသစ်တွေ ပေါ်ထွက်မှုဆီ ဦးတည်ခဲ့ပါတော့တယ်။
ကြိတ်စက်မှသည် ရေပေးရေးဆီသို့

လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) ဟာ ပါရှန်ပြည် စစ္စတန် ပြည်နယ် (Sistan) (ယနေ့ခေတ် အာဖဂန်နစ္စတန်အနောက်ပိုင်း) မှာ လေအားသုံး ကြိတ်စက်တွေကို လယ်ယာစိုက်ခင်းတွေ ရေပေးဝေတဲ့နေရာမှာ အသုံးချခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ယခင်က ရေအားသုံး ကြိတ်စက်တွေကို အသုံးပြုခဲ့ပေမယ့် ရေစီးအားနည်းသွားတဲ့ ခြောက်သွေ့ရာသီတွေမှာ ဒါက သိပ်အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် မွတ်စလင်အုပ်ချုပ်သူတွေဟာ သဲကန္တာရအတွင်း လေးလလောက် အဆက်မပြတ် တိုက်ခိုက်တဲ့ လေတိုက်အားကို အသုံးပြုပြီး လေစွမ်းအင်သုံး ကြိတ်စက်တွေကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင်တွေအုပ်စိုးတဲ့ ဒေသအတွင်းမှာ ဒီကြိတ်စက်တွေဟာ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတယ်။
ဥရောပမှာ အသုံးပြုတဲ့ လေစွမ်းအင်သုံး ကြိတ်စက်တွေနဲ့ မတူတာက အလယ်အာရှက လေအားသုံးကြိတ်စက်တွေဟာ လေတိုက်အားကို ဖမ်းယူဖို့အတွက် ဒေါင်လိုက် ရွက်တွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒီ လေစွမ်းအင်သုံး ကြိတ်စက်တွေကို ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်တွေရဲ့ထိပ်မှာ တည်ဆောက်လေ့ရှိပါတယ်။
လယ်သမားတွေဟာ ဒီလေစွမ်းအင်သုံး ကြိတ်စက်တွေကို ကောက်ပဲသီးနှံတွေ ကြိတ်ခွဲရာမှာသာမက စိုက်ခင်းတွေကို ရေပေးဝေရာမှာပါ အသုံးပြုခဲ့တာကို အလ်-မက်စ်အူဒီက တွေ့မြင်ခဲ့ပါတယ်။ ဒီ သန့်ရှင်းတဲ့ စွမ်းအင်တွေဟာ စွမ်းအင်ထောက်ပံ့ရေး ပြဿနာအတွက် ကောင်းမွန်တဲ့အဖြေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဆောက်အဦးတွေမှာ လေကောင်းလေသန့် ရရှိစေဖို့အပါအ၀င် အခြားသော ကဏ္ဍတွေမှာလည်းအသုံးပြုခဲ့ကြပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
Leave a Reply
You must be logged in to post a comment.