ဒီဇင်ဘာ ၃ ၊ ၂၀၁၂
M-Media
ဆန်တာ ကလာရာ၊ ကယ်လီဖိုးနီးယား။ ။ အမေရိကန်ရှိ အစ္စလာမ့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Deaf Muslim (GDM) မှ စကားမပြောတတ် ၊ နားမကြားတဲ့ မွတ်စလင်များ ကုရ်အာန် ကျမ်းတော်မြတ်ကို လေ့လာနိုင်ရန်အတွက် အမေရိကန် လက်သင်္ကေတ ဘာသာစကားဖြင့် ကျမ်းတော်မြတ်ကို ဘာသာပြန်မည့် အစီအစဉ်ကို စတင်လိုက်သည်။
“Global Deaf Muslim (GDM) ဟာ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို နားမကြားတဲ့ မွတ်စလင်တွေ လေ့လာခွင့်ရဖို့ အာရုံစိုက်ဆောင်ရွက်နေတဲ့ အမေရိကန်က တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါတယ်။” ဟု အစ္စလာမ် ဘာသာသို့ပြောင်းလဲ သက်ဝင်ခဲ့သူ Davi Barker က Examiner ၀ဘ်ဆိုဒ်၏ ခေါင်းကြီးပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို မွတ်စလင်အသင်း (Muslim Community Association (MCA)) ၏ ကယ်လီဖိုးနီးယားပြည်နယ် South bay တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် GDM မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုအခမ်းအနားသို့ GDM ၏ ဥက္ကဌဖြစ်သူ Nashiru Abdulai တက်ရောက်ခဲ့ပြီး အစ္စလာမ့် အသုံးအနှုန်းများကို အမေရိကန် လက်သင်္ကေတ စကားဖြင့် တင်ပြခြင်းကို အကျဉ်းရုံး တင်ဆက်ခဲ့သည်။
ထို့နောက် စကားမပြောတတ် ၊ နားမကြားသော မွတ်စလင်များက ၎င်းတို့ ကြီးပြင်းလာခဲ့သည့် ဘ၀တစ်လျှောက် လစ်ဟာခဲ့ရသည့် လူမှုရေးလှုပ် ရှားမှုများ အကြောင်းကို မျှဝေခဲ့သည်။
“စကားမပြောတတ် နားမကြားသူတွေအတွက် ASL (American Sign Language) (အမေရိကန် လက်ဟန်ဘာသာစကား) ဟာ ပထမဖြစ်ပြီး၊ အင်္ဂလိပ်စကားကတော့ ဒုတိယဖြစ်ပါတယ်။ ပြီးတော့ သူတို့အတွက် ပြည့်ပြည့်စုံစုံနားလည်နိုင်တဲ့ အစ္စလာမ့်စာပေတွေ မရှိတာ၊ ခရေစေ့တွင်းကျ သင်ပေးမယ့် ဆရာတွေမရှိတာ စတဲ့ အခက်အခဲနှစ်ခုလည်း သူတို့မှာ ရှိနေပါတယ်။” ဟု ဘာကာက ဆိုသည်။
တရားဝင်ထုတ်ပြန်မှုများမရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် မွတ်စလင် ၆ သန်းမှ ၈ သန်း အထိ နေထိုင်ကြသည်ဟု ခန့်မှန်းကြ သည်။
စိန်ခေါ်မှုများ
အဆိုပါ လှုပ်ရှားမှုအောင်မြင်စေရန်အတွက် မွတ်စလင်ပညာရှင်များ၊ ဘာသာဗေဒပညာရှင်များ၊ ဗီဒီယိုရိုက်ကူးရေး ပညာရှင်များ ပူပေါင်းပါဝင်ကူညီပေးရန် ဘာကာ ကမေတ္တာ ရပ်ခံခဲ့သည်။
“ASL ဆိုတာ လက်ဟန်ခြေဟန်၊ လှုပ်ရှားမှု၊ ကိုယ်ဟန်နေထား၊ မျက်နှာအမူအရာတွေနဲ့ ပေါင်းစပ်ထားတဲ့ ဘာသာစကားတစ်ခုပါ။” ဟု သူက ဆိုသည်။
အဆိုပါ ရည်ရွယ်ချက်များအောင်မြင်စေရန် အစ္စလာမ့် အခမ်းအနားများနှင့် ဗလီများတွင် ASL ဘာသာပြန်များထားရှိခြင်းဖြင့် ကူညီထောက် ပံ့ပေးရန် မွတ်စလင်အဖွဲ့အစည်းများအား GDM မှ ဆော်အော်ခဲ့သည်။ လိုအပ်သည့် ကုန်ကျစရိတ်များကို စုဆောင်းရန်အတွက် ရန် ပုံငွေကောက်ခံမည့် အစီအစဉ်ကိုလည်း စီစဉ်ခဲ့ကြသည်။
“စူရာ ၁၁၄ ခုကို ရိုက်ကူးဖို့အတွက် အလှူငွေ ဒေါ်လာ ၁၃၅၀ လောက် ယခုလောလောဆယ် လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ရည်ရွယ် ချက်ကတော့ လက်သင်္ကေတ ဘာသာ စကားနဲ့ ဖော်ပြထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ် အစအဆုံး DVD ကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ နားမကြားတဲ့ မွတ်စလင်တွေကို အခမဲ့ ဖြန့်ဝေသွားဖို့ပဲဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုအားလုံး GDM ၀ဘ်ဆိုဒ်ကနေလည်း ရရှိနိုင်မှာပါ။” ဟု ဘာကာ က ဆိုသည်။
GDM သည် အမေရိကန်တွင် မှတ်ပုံတင်ထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင် များ၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ နားမကြားသည့် ပညာတတ်မွတ်စလင်များက ဦးဆောင် ကာ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ (ကိုးကား- http://www.onislam.net/english)
မှတ်ချက် -လက်သင်္ကေတဖြင့် သတင်းကြေညာသူ မောင်လူငယ်ရေးသားသည့် နားမကြားသူများ သုံးစွဲနေသော ဘာသာစကားအကြောင်း M-Media စာမျက်နှာတွင် ဖတ်နိုင်သည်။
Comments