ဖေဖော်ဝါရီလ ၁၆ရက်၊၂၀၁၃
M-Media
ပသီဆောင်းနှင်းမှုံ
မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်းတွေမှာ သင်ခန်းစာ ယူစရာ၊ဂုဏ်ယူ စရာ၊အားကျ အတုယူစရာ၊ မျိုးချစ်စိတ် တဖွားဖွား ပေါ်စရာတွေ ပြည့ှ်နှံ့နေတဲ့ အတိတ်ကာလများစွာနဲ့ တည်ဆောက်ထားတာပါ။ကျွန်မတို့ရဲ့ မြန်မာ့ သမိုင်း စာမျက်နှာကို ပြန်လှန်ကြည့်ရင်လည်း မြန်မာ့ အာဇာနည်တို့ ဇွဲမရှိခဲ့ပါလျှင် မြန်မာ့ မြေပုံသည် ကမ္ဘာ့ဘုံမှ ပျောက်ကုန်သွားမည် ဖြစ်ကြောင်း မှတ်သား ရဖူးပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ် ပုံရိပ်များကို အပတ်တကုပ် စိုက်လိုက်မတ်တတ် စုဆောင်းရေးသားသူ တစ်ဦးဖြစ်သော ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်ဟာ သမိုင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ လူသိမများခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကုလားကုန်း ကျေးရွာသူ ကျေးရွာသား အားလုံးနီးပါး ရွာလုံးကျွတ် လူကြီးလူငယ် အဘိုးအို အမယ်အိုကစပြီး ရင်နှစ်သည်းချာ ကလေးတွေအထိ အရှင်လတ်လတ် ရက်စက်မူ သရဖူ ဆောင်းခဲ့တဲ့ လူသတ်ပွဲကြီး သမိုင်းကို ဆရာကြီးဟာ စာတစ်အုပ် ပေတဖွဲ့ အနေနဲ့တိုင်းပြည်မှာ ရှိဖို့လိုတယ်လို့ ခံယူပြီး သူဟာ အန္တရယ်တွေကြားက အသက်ကို ဖက်နဲ့ထုပ်ပြီး သွားကာ သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။ဆရာကြီးဟာ ထိုစာအုပ်ကို ” ကျိုက်မရောနယ်ရဲ့ အလှကို အကျဉ်းတန် အရုပ်ဆိုးစေတဲ့ သမိုင်းဖြစ်ရပ်” လို့ အမည်ပေးခဲ့ပါတယ်။ ကုလားကုန်း ရွာသားတွေဟာ အဲဒီဒေသတွင် လှုပ်ရှားသော မြန်မာ့ တော်လှန်ရေး ပြောက်ကျားတပ်သားများနဲ့ ဗြိတိသျှ လေထီး တပ်သားများကို အကူအညီပေးခဲ့လို့ ဂျပန်တွေက ရွာလုံးကျွတ် ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ထိုသမိုင်းကို ဖတ်ရှု့ရခြင်းဖြင့် ကုလားကုန်းရွာသား အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်ပေါ် ဘယ်လောက်ထိ ချစ်ခင်လဲ ဘယ်လောက်ထိတိုင်းပြည်ပေါ်မှာ တာဝန်ကျေခဲ့ ကြသလဲ ဆိုတာကို ဆရာကြီးဟာ စာပေဖြင့် မီးမှောင်းထိုးပြနိုင်ခဲ့ပါတယ်။။
ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်ကို ပသီအမျိုးသား အစ္စလာမ် ဘာသာဝင် အဖဦးဟာနစ်၊အမိ ဒေါ်စိန်ညွှန့်တို့မှ ၁၆-၂-၁၉၂၀ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာကြီးဟာ ကချင်ပြည်နယ်၊ဗန်းမော်သားပါ။အင်္ဂလိပ်-မြန်မာ (၁၀)တန်းထိ ပညာသင်ကြားခဲံပါတယ်။ပန်းချီ ၀ါသနာ ပါသူဖြစ်ပါတယ်။ဆရာကြီးဟာ ဘီဒီအေ(ဗမာ့ ကာကွယ်ရေး တပ်မတော်)၊လေယာဉ်ပစ် အမြောက်ကြီးတပ်၊ဘီဒီအေ မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယ အပတ် ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်နေတုန်း ဂျပန်တော်လှန်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်နဲ့ မြန်မာပြည် မြောက်ပိုင်းရောက်နေတဲ့ မဟာမိတ်တွေနဲ့ သွားရောက် ဆက်သွယ်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ သွားရောက်ဆက်သွယ်ရင်း လမ်းခုလပ်မှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။မြေအောက် ရဲဘော်တွေရဲ့ အကူအညီနဲ့ ဆရာကြီးဟာ အချုပ်ခန်းကို သော့တူနဲ့ ဖွင့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဂျပန်ဖက်ဆစ်တွေရဲ့ သမိုင်းမှာ ဒီလို လှောင်အိမ် အချုပ်ခန်းထဲမှာ သေဒဏ်ပေးခံရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ လူ သူတို့သမိုင်းမှာ အင်မတန် ရှားမယ်လို့ သိရပါတယ်။ဒါကြောင့် ဆရာကြီးဟာ ဒီအကြောင်းတွေကို မြန်မာ့ သမိုင်းမှာ စာတတန် ပေတဖွဲ့ အနေနဲ့ ကျန်ရစ်ခဲ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး”ဆိုတဲ့ စာအုပ်ကို ရေးပြီး စာပေလောကထဲ ၀င်ခဲ့ပါတယ်။
ထိုစာအုပ်နှင့် ပတ်သက်ပြီးစာရေးဆရာ သတင်းစာဆရာ ဆရာမောင်ဝံသက“သက်ကြီဝါရင့် နိုင်ငံရေး သမားကြီးတွေ မှတ်ညဏ်ကောင်းတုန်း ကိုယ်တွေ့တွေကို ပြန်ရေးကြတာ ကျွန်တော်တို့ အလွန်ကျေးဇူးတင်တယ်။အသက် ၃၀အောက် လူငယ်တွေကို အဲသလို နိုင်ငံရေး ကိုယ်တွေ့ မှတ်တမ်းတွေ ဖတ်စေချင်တယ်။ဆရာကျော်ဝင်းမောင်ရေးတဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့ မြေအောက်တော်လှန်ရေး ”လိုစာအုပ်မျိုးက သမိုင်းမှတ်တမ်း အရေးအသားတွေထက် လူငယ်တွေကို ပိုပြီး ဆွဲဆောင်မယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ပထမတန်းစား နိုင်ငံ ပထမတန်းစား စိတ်ဓာတ် စာအုပ်တွင် ရေးသားတာကို တွေ့ရပါတယ်။ဆက်လက်ပြီး ထိုစာအုပ်တွင် ဆရာမောင်ဝံသမှ “ယနေ့ခေတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေကို ၀မ်းအိုဝမ်းကျော်ဝင်းမောင်ရဲ့ စာအုပ်တွေ ဖတ်စေချင်ပါတယ်။သူတို့ခေတ်က လူငယ်တွေ နိုင်ငံရေးထဲ ဘယ်လိုပါခဲ့ကြတယ်၊ ဘယ်လို စွန့်စားခဲ့ရတယ်၊ဘယ်လို လှိုင်းတံပိုးတွေကို ရင်ဆိုင်ခဲ့ရတယ် စတာတွေကို တွေ့ရပါလိမ့်မယ်။ ငါတို့သာ တိုင်းပြည်ကို ချစ်တယ်၊ငါတို့သာ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်နေတာလို့ တစ်လွဲမာန်တက်နေသူတွေလည်း ဖတ်ဖြစ်အောင် ဖတ်စေချင်တယ်။နိုင်ငံရေး သမားဆိုတာ တိုင်းသူပြည်သား လူအများ အသာစံဖို့အတွက် မိမိတို့ရဲ့ဘ၀ အနာခံပြီး လုပ်ပေးရသူဆိုတဲ့ အနက်အဓိပယ်ကို ဦးကျော်ဝင်းမောင်ရဲ့ နိုင်ငံရေး ဘ၀ထဲမှာ တွေ့လာရပါလိမ့်မယ်”ဟု ရေးသားထားသည်ကို တွေ့ရပါတယ်။
သက်တော်ရှည် စာပေပညာရှင်ကြီးဝမ်းအိုဝမ်း ရဲ့ဘ၀အောင်မြင်မူ မှတ်တိုင်တစ်ခုကတော့ အသက်၈၈နှစ်အရွယ်မှာ အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာစာအုပ်နှင့် ထွန်းဖောင်းဒေးရှင်း အတ္ထုပတိစာပေဆု ရရှိခဲ့ပါတယ်။အဲဒီတုန်းက ဆရာကြီးဟာ “၀မ်းသာလွန်းလို့ ငိုချင်တယ်”ဆိုတဲ့ ဆောင်းပါးကို Weekly Eleven ဂျာနယ်တွင် ရေးသားပြီး ပြည်သူတွေကို သူ့ရင်ထဲက စကားသံတွေ ပြောပြခဲ့တာ တွေ့ရပါတယ်။
ဆရာကြီးဟာ အတိတ်ကာလ၊ပစ္စုပန်ကာလ နှစ်ခုမှာ ဘယ်ပေတံနှင့် တိုင်းတိုင်း ဘယ်မှတ်ကျောက်နှင့် တင်တင် ဒေါင်ဒေါင်မြည် အစမ်းသပ်ခံနိုင် ခဲ့တဲ့ နိုင်ငံရေး သမား တစ်ယောက်၊နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ဆရာကြီးတို့ တပ်မတော်ထဲ ၀င်တုန်းက ပသီခေါ် မြန်မာ မွတ်စလင်အမျိုးသားတွေ ဖြစ်တဲ့အတွက် အခြား တိုင်းရင်းသား လူမျိုးတွေထက် အစားအသောက် အဆင်းရဲခံပြီး ၀င်ခဲ့ရပါတယ်။
ဆရာကြီး အသက်ရှင်စဉ်ချိန်ကာလကနေ အခုသေဆုံးချိန်ထိ ပိုင်ဆိုင်ထားတဲ့ အောင်မြင်ခြင်း၊ထင်ရှားခြင်း၊ကျော်ကြားခြင်းတွေဟာ တခဏ တစ်ခုန် တစ်လှမ်းနဲ့ ရခဲ့တာ မဟုတ်ပါဘူး။သူဟာ ခိုင်မာသော ယုံကြည်ချက်ပေါ် တစိုက်မတ်မတ်နဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလကို အရင်းတည်ပြီး အဖန်ဖန် တလဲလဲ ကြိုးစားခြင်းရဲ့ ရလာဒ်တွေသာ ဖြစ်ပါတယ်။
ဆရာကြီးရဲ့ ဘ၀ကို လေ့လာကြည့်တဲ့ အခါ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ဖူးပေ့မယ့် ရေဆန်လမ်းမှာ လက်ပန်းမကျသလို လေထန် ရေဆန်တတ်တဲ့ လောကဓံကို ကြံကြံခိုင် ရင်ဆိုင် တွန်းလှန်ကျော်ဖြတ်ခဲ့လို့ ရောက်ရှိလာရတဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။
ဆရာကြီးဟာ သူလုပ်ဆောင်စရာရှိတာတွေကို သမိုင်းပေး တာဝန်တစ်ခု အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။သူ့အကျိုးစီးပွားအတွက် မျှော်မှန်းပြီး မလုပ်ခဲ့ပါဘူး။ ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာကိုတော့ သူ အထိမခံနိုင် အပျက်မခံနိုင် သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။စွန့်လွှတ်စွန်စား လုပ်ချင်တဲ့စိတ် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ သတ္တိမျိုး သူ့မှာ အပြည့်ပါ။
ဆရာကြီးဟာ လူတွေအပေါ် ခွင့်လွှတ်သည်းခံတတ်ခြင်း၊သူ ယုံကြည်ရာ အပေါ် တယူတန် စွဲလန်းခြင်း၊အားနည်းသူတွေကို သူစားမယ့်ထဲက ခွဲဝေပေးတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ကိုယ့်ကျိုးစွန့်လွှတ်တတ်ခြင်း၊နိမ့်ချစွာ နေထိုင်တတ်ခြင်း၊သူတစ်ပါးကို ကြီးငယ်မရွေး ယဉ်ကျေးဖော်ရွေ လေးစားစွာ ဆက်ဆံတတ်ခြင်း၊မဆုတ်မနစ်သော ဇွဲ၊လုံ့လရှိခြင်း၊ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ဒေါသဆို မြူမှုန့်မရှိ ပကတိ တည်ငြိမ်အေးချမ်းခြင်း၊ တင်းတိမ် ရောင်ရဲခြင်း၊စိတ်ကောင်း စေတနာကောင်း ရှိခြင်း၊မမြှောက်ပင့် တတ်ခြင်းတွေဟာ စံနမူနာ အတုယူထိုက်စရာတွေကို ဆရာကြီးရဲ့ ဘ၀ထဲမှာ တွေ့ရပါတယ်။ဆရာကြီးရဲ့ ဘ၀မှာ ကိုင်စွဲလျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးကတော့ “လိုလျှင် ကြံဆ နည်းလမ်းရ” လို့အမြဲပြောလေ့ရှိခဲ့တယ်။
ဆရာကြီး လူငယ်တွေကို အမြဲရွတ်ဆိုပေးပြီး ချရေးခိုင်းလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါသေးတယ်။အဲဒါလေးကတော့
“ငါ့မှာ တာဝန်တွေ များစွာရှိတယ်
ကုန်းပေါ်မှာ သေသေ
ရေထဲမှာ သေသေ
လေထဲမှာ ကြေကြေ
အထိပ်အထိပ်မှာ ငါနေမယ်
လာမည့်ဘေး ပြေး၍ မရှောင်
တွေ့အောင် ငါသွားမယ်
ဧည်သည် အိမ်သည်ကို မစော်ကားရ ”ဆိုတဲ့ ဂျပန်ခေတ်က ဒီကြွေးကြော်သံလေးကို ချရေးခိုင်း တတ်သလို၊လူငယ် လူရွယ်တွေရဲ့ နှလုံးသားထဲထိ စွဲနစ်သွားအောင် ရိုက်သွင်းပေးပြီး စိတ်ဓာတ် အမွေပေးခဲ့ပါတယ်။ပြီး ဘ၀မှာ လက်တွေ့အသုံးချဖို့ လမ်းညွှန်ပေးခဲ့တာကို တွေ့ရပါတယ်။
သူ့ရဲ့စိတ်အားထက်သန်မူတွေဟာ အသက်အရွယ်နဲ့မလိုက်အောင် ရှေ့သို့ရောက်နေသော်လည်း ဇာရာရဲ့ ဖိစီးမူတွေက ဆရာကြီးရဲ့ခြေထောက်ကို အနောက်မှာ ကျန်ရစ်စေခဲ့ပါတယ်(ဆရာကြီးရဲ့ လမ်းလျှောက်ပုံကို မြင်တွေ့ဖူးသူတိုင်း ပြန်လည် မြင်ယောင်မိနိုင် ပါလိမ့်မယ်)။ မြန်မာ့ပြည်ရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး၊ ပသီခေါ် မြန်မာမွတ်စလင်တွေရဲ့ အရေးတွေအတွက် သောကတွေ ပိုက်ထွေးရင်း ကွယ်လွန်မည့် နေ့ရက် တစ်ရက်ကလွဲရင်း ကလောင်ကို လက်ကမချ ခဲ့သူလို့ သိရပါတယ်။ သူ့ရဲ့ဘ၀ကို ဇွဲ၊ လုံးလ ၊၀ိရိယတွေနဲ့ တည်ဆောက် ထားတာလို့ သုံးသပ်မိပါတယ်။
ဆရာကြီးရဲ့ အလ္လာဟ်ဆီသို့ပြန်ရာလမ်း မှာ သေချင်းနှင့်စီးချင်းထိုးနေရတဲ့အချိန်မှာတောင် မီးဇကုန် ရေခန်းလို့ လာရာလမ်းသို့ပြန်ရပေမယ့် သေမင်းကို အံ့တု စိန်ခေါ် အရှုံးမပေးခဲ့သူပါ။
ကျွန်မတို့လို မျက်မှောက် ကာလ လူငယ်လူရွယ်တွေနှင့် နောက်လာမယ့် အနာဂတ်ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ အတွက်ထိပါ သမိုင်းကို ရှု့မြင် ဆင်ခြင်နိုင်ဖို့၊အကောင်းနှင့်အဆိုး၊အမှန်နှင့်အမှားကို ပိုင်းခြားပြီး သင်ခန်းစာ ယူဖွယ် လေ့လာ မှတ်သားဖွယ် အတုယူဖွယ်ရာ သမိုင်းစာအုပ်တွေကို သဲသဲမဲမဲ ဇွဲနပဲ ကြီးစွာဖြင့် အခက်အခဲအမျိုးစုံကို ကျော်လွှားပြီး စာရေးဆရာတစ်ယောက် လုပ်သင့်တဲ့ အလုပ်တာဝန်တွေကို လုပ်ခဲ့သူရဲ့ ယနေ့ မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ (၉၅)နှစ်ပြည့် မွေးနေ့ အမှတ်တရ အနေဖြင့် M-Media မှ ဂုဏ်ပြုမှတ်တမ်း တင်လိုက်ပါတယ်။
** ဓါတ်ပုံအချို့ကို ဆရာကြီးမိသားစုထံမှာ ကင်မရာဖြင့် ပြန်လည် ရိုက်ကူးသောကြောင့် ယနေ့ နေ့စွဲဖြစ်နေခြင်းဖြစ်ပါသည်။
Comments