ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၃
M-Media
ကျော်မိုးအောင်
ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ ဝတ္ထုတိုတစ်ပုဒ်ပါ။ ရောင်စုံ သူပုန်တွေ နယ်တွေမှာ ကြီးစိုးနေစဉ်ကပေါ့ … ရွာသားတွေခမျာ တစ်ဖွဲ့ကလာလိုက် မင်းတို့က ဘာရောင်လဲမေးလိုက် (ကွန်မြူနစ် အလံနီလား … ရဲဘော်ဖြူလား … ဘယ်ဘက်ကိုထောက်ခံတာလဲဆိုတာပါ။) ရွာသားတွေကလည်း အလိုက်အထိုက် လာတဲ့သူပေါ်ကြည့်ပြီး သူ့အရောင်ကို ဖြေပေးလိုက်၊ နောက်တစ်ဖွဲ့ကမေးရင် သူ့အကြိုက် လိုက်ဖြေလိုက်ရ …. တစ်ခါတစ်လေ နှစ်ဖက်လုံးက မကျေနပ်ရင်လည်း အထုအထောင်း ခံလိုက်ရနဲ့ပေါ့လေ။
တစ်ခါမှာတော့ ထုံးစံအတိုင်း မင်းတို့ ဘာရောင်လဲဆိုတော့ ရွာသားတစ်ယောက်က ကျွန်တော်တို့က အပြာပါတဲ့။ ထူးထူးဆန်းဆန်း … မရှိသေးတဲ့ အဖွဲ့လားပေါ့ … မေးခွန်းထုတ်စရာ။ သူပြန်ဖြေပုံက … ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ… အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာတွေပါတဲ့။
ကျွန်တော်တို့ကတော့ ကွန်မြူနစ်ခေတ် မဟုတ်လည်း အပြာကတော့ အပြာပဲ။ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်တုန်းကတည်းက မွဲပြာပုဆိုး အပ်ကြောင်းထပ်နေတဲ့ ဇာတ်ဆရာ အလိုကျ ဇာတ်ထုတ်ထဲမှာ အသုံးတော် ခံနေရစဲပါပဲလား။
ဘယ်အဖွဲ့ တက်တက် .. ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ၊ ခလုတ်တိုက်ခံ၊ ပြဿနာ အရှာခံ၊ စည်တော်ကြီး အတီးခံ၊ ဆွမ်းကြီးအလောင်းခံ၊ အဆဲအဆို အပုတ်အခတ်ခံ … အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာဘဝတွေမှာပါပဲလား။
အဖိုးတို့ကို အားနာလိုက်တာဗျာ …..။
ကျွန်တော်တို့ကတော့ …. အင်း ဒေါက်တာသန်းထွန်းရေ …. “အ” မြဲ “အ” လျက်ပါပဲဗျာ။ အအ တွေကြား ရုန်းကန်နေရစဲ၊ အမုန်းခံနေရစဲ …. ကုန်းခံနေရစဲပါပဲဗျာ။
by ကျော်မိုးအောင် FB မှ ကူးယူဖော်ပြသည်။
Comments