ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၃
M-Media
www.mmtimes.com မှ Anti-Muslim monks: Sri Lanka redux? ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၃ ၊ ၂၀၁၂ တွင်တင်ပြခဲ့သော Alex Bookbinder ၏ဆောင်းပါးကို ဆီလျော်သလို မြန်မာပြန်ပါသည်။
လူငယ်တွေကြားမှာလည်း စံပြဖြစ်သလို ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတကြွယ်ဝပုံပေါ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ကျနော်၊ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ခန့်က စိတ်ဝင်စားစရာ စကားစမြည်ဝိုင်းကလေး တစ်ဝိုင်း ဖြစ်ဖူးတယ်။ ဒီဘုန်းကြီးက နိုင်ငံရေးနဲ့ နည်းပညာပိုင်းတွေမှာ စိတ်အားထက်သန်သလို သူ့ရဲ့ဘာသာ၊ သာသနာမှာလည်း ဟင်းလေးအိုးကြီးဖြစ်တဲ့အပြင် ဘာသာရေးတွေ၊ နိုင်ငံရေးတွေနဲ့ လူမှုရေးနယ်ပယ်တွေနဲ့ပတ်သတ်ပြီးတော့လည်း ကုံလုံကျွမ်းဝင်တဲ့ ဘလော့ဂါတစ်ယောက်ပါ။
ဒီဘုန်းကြီးနဲ့ကျနော် လပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့တယ်၊ အဆုံးမှာတော့ သူနေထိုင်သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဖို့ အခွင့်အရေးတစ် ခု ရခဲ့တယ်။ လက်ဖက်ရည်ပွဲကလေးနဲ့အတူ ကျနော်တို့နှစ်ယောက် မြန်မာပြည်က မတူကွဲပြားတဲ့လူနည်းစုများရဲ့ နိုင်ငံရေးပေါ်လစီတွေ အကြောင်း တစ်မနက်လုံး ပြောဖြစ်ခဲ့ကြတယ်။
ဒီလိုနဲ့ဆွေးနွေးလာလိုက်တာ မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်တိုင်းပြည်ထူထောင်ရေးမှာ ဒီမတူကွဲပြားတဲ့လူနည်းစုတွေ၊ ဘာသာခြားလူနည်းစုတွေကို အခန်းကဏ္ဍတစ်ခုပေးဖို့ဆိုတဲ့ အကြောင်းရောက် လာပါတယ်၊ ကျနော်က ဒီအကြောင်းအရာကို ဆွေးနွေးရင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို မှားယွင်းစွာ ပြောထွက်လိုက်တဲ့ အချိန်ထိ စကားဝိုင်းကလေးဟာ ချောချောမွေ့မွေ့ဖြစ်နေခဲ့တာပါ။
ဒီအခါမှာ ဘုန်းကြီးက ကျနော့်ကို အမှားပြင်ပေးဖို့ ကြိုးစားတော့တာပဲ။ သူပြောပုံက အစ္စလာမ်သာသနာဟာ မြန်မာဗုဒ္ဓအသိုင်းအ၀ိုင်းကြီးကို ၀ါးမြိုတော့မယ့် ကင်ဆာရောဂါလို့ ၀ိသေသပြုသလို ရိုဟင်ဂျာတွေကလည်း တိုင်းတပါးသားတွေဖြစ်ပြီး မြန်မာပြည်ကြီးကို သူတို့ ကိုယ်ပိုင်အဖြစ် သိမ်းသွင်းကြမယ့် လူတွေ၊ အဲသလို ဆိုပါတယ်။ ဒီကိစ္စကလွဲလို့ပေါ့ဗျာ၊ တခြားအကြောင်းတွေမှာ သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်၊ ဗဟုသုတရှိပုံရတယ်။ သူရဲ့ ဒီမှတ်ချက်မှာ ကျနော်ဘာကို သွားတွေ့သလဲဆိုတော့ဗျာ၊ ဒါက မတူကွဲပြားတဲ့ လူနည်းစုတွေအကြား အခြေအနေဟာ ၀မ်းနည်းဖွယ်အဖြစ် ပုံရိပ်ထင်လာသလို မွတ်စလင်တွေကို ဒီလိုမျိုး ပစ်ပစ်ခါခါကြီးမုန်းတီးနေတာဟာ လက်ခံဖွယ်အခြေအနေတစ်ရပ်အထိ ဘယ်လိုလုပ် ရောက်ရှိတာများပါလဲ။
အံ့သြစရာ အကောင်းဆုံး အချက်လို့ ဆိုနိုင်တာက ဒီလိုမွတ်စလင်မုန်းတီးရေးကိစ္စမျိုးက မြန်မာပြည်မှာ မဖြစ်ခဲ့ပေမယ့်၊ ၂၀၀၉ အစောပိုင်းလောက်မှာ တမီလ်ကျားသူပုန်တွေကို သီရိလင်္ကာအစိုးရ က နောက်ဆုံးထိုးစစ်ဆင်ခဲ့တဲ့အချိန်၊ အဲဒီအချိန်မှာ ဒီလိုမျိုး မွတ်စလင်မုန်းတီးရေးက သီရိလင်္ကာ မှာ ဖြစ်ခဲ့တယ်။
မြန်မာနဲ့ သီရိလင်္ကာတို့ဟာ နိုင်ငံရေးမှာရော လူမျိုးရေးအခြေအနေတွေမှာရော တကယ့်ကို ကွဲပြားခြားနားတယ်။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ မဟိန္ဒိ ရာဇပသ အစိုးရလက်အောက်မှာ ကြီးထွားတိုးတက် လာတဲ့ အမျိုးသားရေးအစွန်းရောက် နိုင်ငံရေးပေါ်လစီက၊ မြန်မာပြည်က အဆိပ်ပြင်းတဲ့ အန္တီမွတ် စလင်ဘုန်းကြီးတွေ ကိုင်စွဲတဲ့ xenophobia ခေါ် အမုန်းတရားရောပြွမ်းတဲ့ အကြောက်လွန်ရောဂါနဲ့ ထိထိမိမိအံဝင်ဂွင်ကျကြီးကို ထပ်တူညီနေတော့ တာပါပဲ။
မြန်မာနဲ့ သီရိလင်္ကာတို့အကြားမှာ ရာစုနှစ်များစွာ ယဉ်ကျေးမှုချင်း စိမ့်ဝင်ပျံ့နှံနေခဲ့တယ်။ ဒီလိုမျိုး မြန်မာပြည်တွင်းမှာ အမျိုးသားရေး အစွန်းရောက်တွေ၊ နိုင်ငံရေး အမြင်ပေါ် အခြေခံတဲ့ အန္တီမွတ်စလင် ဘုန်းကြီးတွေ ပေါ်လာတာဟာဆိုရင်ဖြင့် (မြန်မာနဲ့ သီရိလင်္ကာတို့အကြား) ယဉ်ကျေးမှုချင်း ဖလှယ်ကြ တာတွေ ၊ အတွေးအခေါ်ချင်း ဖလှယ်ကြတာတွေအပေါ်မှာ အနည်းအကျဉ်းဖြစ်ဖြစ် တည်မှီနေတယ်။
အကြမ်းဖျင်းပြောရရင် မြန်မာပြည်က ဘုန်းကြီး ၃၀၀ လောက်ဟာ သီရိလင်္ကာမှာ အခြေချနေထိုင်ကြတယ်၊ ဒီပမာဏက ပြည်ပအခြေ စိုက် မြန်မာဘုန်း ကြီးတွေ ထဲမှာ အများဆုံးပဲ။ ဒီလိုမျိုး သီဟိုဠ်ကျွန်းပေါ်မှာ မြန်မာဘုန်းကြီးတွေ ရောက်နေတာက အသစ်အဆန်း ကိစ္စလည်းမဟုတ် ဘူး။ သီရိလင်္ကာမှာ ကျင့်သုံးလာတဲ့ ဗုဒ္ဓဘာသာအမျိုးအစားကို ကမ္ဘာက (စိတ်ဝင်စားမှုမပြ) သေသေချာ ချာ မစူးစမ်းဘဲထားခဲ့တာဟာဆိုရင် တခြားနေရာတွေနဲ့ ယှဉ်ရင် အချိန်အားဖြင့် တော်တော် ကြာခဲ့ပြီ။ ဒါပေမယ့် မဟာယနကြီးစိုးချိန်နဲ့ ကိုလိုနီခေတ်မှာ အထိန်းချုပ်ခံ ဘ၀ရောက်ခဲ့ရချိန်တွေကြောင့် (ထေရ၀ါဒ) ဗုဒ္ဓဘာသာဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်းနဲ့ အကွယ်ဘက် ဦးတည်သွားခဲ့တယ်။
၁၉ ရာစုရောက်တော့၊ သီရိလင်္ကာ ခေါင်းဆောင်တွေက အတိတ်က ကွယ်ခဲ့တဲ့ ထေရ၀ါဒကျောင်းတွေကို ပြန်ပြီး အသက်သွင်းဖို့ လုပ်လာကြတယ်။ ဒီလိုလုပ်လာကြာတော့ မြန်မာပြည် ဘုန်း ကြီးကျောင်း တွေကနေ လိုအပ်တဲ့ အကူအညီကို တောင်းခဲ့တယ်။
မြန်မာပြည်မှာလိုပဲ၊ သီရိလင်္ကာမှာလည်း ကိုလိုနီခေတ်တွင်း တော်လှန်ရေးတွေလုပ်တော့ ဗုဒ္ဓဘာသာက ထူးခြားတဲ့အခန်းကဏ္ဍကနေ (အသုံးချ ခံ) ဖြစ်ခဲ့တယ်။ ၁၈၉၈ မှာ ဖွဲ့ခဲ့ ဗုဒ္ဓကလျာဏယုဝခေါ် ၀ိုင်အမ်ဘီအေက ခရစ်ယာန်တွေ မောင်ပိုင်စီးလာတာတွေ၊ ကိုလိုနီစနစ်ရဲ့ အခန်းကဏ္ဍတွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာပဲ။ ၁၉၀၆ မှာ မြန်မာကလည်း သူတို့အိမ်နီးချင်း သီရိလင်္ကာနည်းလမ်းအတိုင်း အတုခိုးပြီး ၀ိုင်အမ်ဘီအေကို တည်ထောင်ခဲ့ တယ်။
လွန်ခဲ့တဲ့နှစ်များမှာတော့ တိုင်းပြည်နိုင်ငံရေးနဲ့ တော်တော်ကြီးနီးနီးစပ်စပ်ရှိတဲ့ အစွန်းရောက် သီရိလင်္ကာဘုန်း ကြီးတွေ တော်တော်အသံကျယ် လာကြတယ်။ သူတို့ရဲ့ သီရိလင်္ကာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး သန့်စင်အောင်လုပ်ရမယ်ဆိုတဲ့ ၀ါဒဖြန့်နှိုးဆော်မှုတွေက အစိုးရရဲ့ စစ်ဘက်ဆိုင် ရာ အမျိုးသားလုံခြုံရေး အစီအမံဆောင်ရွက်ချက်တွေကို အထောက်အပံ့သွားဖြစ်နေတယ်။ ဒါ့ပြင် မဟိန္ဒိ ရာဇပသအစိုးရရဲ့ သီရိလင်္ကာနိုင်ငံတွင်း ဒီမိုကရေစီ အစီအမံအလုပ် အကိုင်တွေသာမက civil liberties လို့ခေါ်တဲ့ လွတ်လပ်ခွင့်တွေကို ကျုံ့သွားအောင်၊ လျော့သထက် လျော့သွားအောင် လုပ်ကိုင် နေကြတာတွေရှိနေတယ်။ အဲဒီလို လုပ်ကိုင်နေတဲ့ အပေါ်မှာ (ပြည်သူလူထုက ထားရှိတဲ့) အာရုံစူးစိုက်မှုတွေ ပျောက်သွားအောင် ရည်ရွယ်ပြီး ဒီလိုမျိုး ဘုန်းကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေက ၂၀၀၉ ခုနှစ်၊ ပြည်တွင်းစစ်ပြီးကတည်းက စပြီးလုပ်နေကြတာပဲ။
မြန်မာပြည်က သံဃာထုက အစိုးရကို အကြံပေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆန့်ကျင်တဲ့နေရာကပဲဖြစ်ဖြစ် တနည်းနည်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ် သတ်နေတာကြောင့် သံဃာထုရဲ့ (နိုင်ငံရေး) လှုပ်ရှားမှုတွေ ဟာ စည်းဝင်ဘောင်ဝင် နိုင်ငံရေးနယ်ပယ်ရဲ့ အပြင်မှာ အမြဲလိုလို ရှိနေတတ်တယ်။ အဲ၊ သီရိလင်္ကာမှာကျတော့ ဒီသာသနာပိုင် ဘုန်းကြီးတွေက National Heritage Party, or JHU လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို ၂၀၀၄ မှာ ထူထောင်လိုက် တယ်၊ ဒီပါတီက ကိုယ်စားလှယ် (ရဟန်း)တွေဟာ ပါလီမန်မှာ ပါဝင်နေတယ်၊ ၂၀၀၇ ကျတော့ အစိုးရပိုင်းမှာပါ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်လာ တယ်။
ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သတ်ပြီး အာရုံထားစိတ်ဝင်စားသူတွေအားလုံးက အမှန်ထက်ပိုတဲ့ ချဲ့ကားလံကြုတ်တွေကို ရင်းနှီးကျွမ်း ၀င်လာတယ်။ ဒီလိုဘဲ သီရိလင်္ကာက JHU ပါတီဝင် ရဟန်းတွေဟာ တမီလ်ကျားသူပုန်တွေကို အမြစ်ဖြုတ်ဖို့ ကြိုးစားတဲ့ အစိုးရကို အစွန်းတဖက်ရောက်တဲ့အထိ ထောက်ခံကြတယ်၊ ဒါပြင့် သူတို့တွေက နိုင်ငံရဲ့ (တမီလ်) မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ လက်ရှိရှိနေတဲ့ ကိုယ်ပိုင်အုပ် ချုပ်ရေး အာဏာစက်ကို ကန့်သတ်ဖို့ အဆိုပြုချက်တွေ ဖြစ်လာအောင် တပ်သုတ်ရိုက်ဆောင်ရွက်ရမယ်လို့ ဖိအားပေးကြတယ်။
မြန်မာရဟန်းတွေကျတော့ JHU လိုပါတီမျိုးထောင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ဆိုတဲ့ အတွေးအခေါ်မျိုးကို ထက်ထက်သန်သန်ပဲ ဆန့်ကျင်တယ်လို့ ထင်ရတယ်။ ဒါပေမယ့် ထူးခြားတာက သီရိလင်္ကာရဲ့ လောင်းရိပ်အောက်က လှုပ်ရှားနေတဲ့ ဘလော့ဂါ ရဟန်းတွေဟာ ဒါမျိုးကိစ္စကို အတိအကျဆောင်ရွက် ကြဖို့ရာ အကြံပြုတင်ပြလာတာမျိုးတွေကို ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ပြုလုပ်လာတယ်။
သီရိလင်္ကာရဲ့ မွတ်စလင်ဦးရေက အနည်းအကျဉ်းပါပဲ၊ အကြမ်းဖျင်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ရှိမယ်။ သူတို့တွေက ပြည်တွင်းစစ်ဖြစ်နေတဲ့ ၂၅ နှစ်လုံးလုံး အစိုးရဖက်မှာရော တမီလ်ကျား သူပုန်တွေဘက်မှာပါ ဓားစာခံတွေဖြစ်နေခဲ့တယ်။ နှစ်ဖက်စလုံးက သူတို့ကို ဖမ်းဆီးတယ်။ ဒါတင်မက အမျိုးသားရေးလို့ အော်နေတဲ့ ရဟန်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေက ဒီမွတ်စလင်တွေ ကို နိုင်ငံတွင်းကနေ မောင်းထုတ်ပြစ်ဖို့ နှိုးဆော်ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာတုန်းကလည်း ဒီဘုန်းကြီးတွေနဲ့ သူတို့ကို ထောက်ခံသူတွေပေါင်းပြီး ရှေးဟောင်း တော်ဝင်မြို့တော် အနုရတ္ထပူရမှာ ရှိတဲ့ မွတ်စလင်အဆောက်အဦတွေကို ဖျက်ဆီးပြစ်ခဲ့တယ်။
ဒီနှစ် (၂၀၁၂) ဧပြီမှာလည်း အချက်အချာကျတဲ့ ဒမ္ဗူလမြို့က ဗလီတလုံးမှာ မွတ်စလင်တွေ သောကြာနေ့ ဘုရားဝတ်ပြုနေစဉ် လူပေါင်း ၂၀၀၀ နီးနီးက အုပ်စုဖွဲ့ပြီး မွတ်စလင်တွေ ကို မောင်းထုတ်ပြစ်ခဲ့ တယ်။ ဒီလူအုပ်ကြီးကိုလည်း ရဟန်းတွေပဲ ဦးဆောင်ခဲ့တာဖြစ်တယ်။
သီရိလင်္ကာရဲ့ အဓိက မီဒီယာတွေကလည်း သီရိလင်္ကာနိုင်ငံကြီးသည် ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဒီနိုင်ငံကြီးကို အစ္စလာမ်မိုင်ဇေး ရှင်းက ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောင်းတွေ ချည့် ထပ်တလဲလဲ ထုတ်လွှင့်ပေးတယ်။ ဒီလိုမျိုး တထေရာတည်းဆိုသလို၊ ရခိုင်အရေး ကြီး ထဖြစ်တော့ မြန်မာပြည်တွင်း အန္တီအစ္စလာမ်အုပ်စုတွေက သီရိလင်္ကာမီဒီယာတွေ လိုမျိုး မေးခွန်းတွေထုတ် လာတယ်၊ မြန်မာပြည်ကြီးဟာ ဗုဒ္ဓဘာ သာနိုင်ငံကြီးဖြစ်တယ်၊ အစ္စလာမ်မိုင်ဇေးရှင်းက မြန်မာပြည်ကြီးကို ခြိမ်းခြောက်နေတယ် စတာတွေ (သီရိလင်္ကာနဲ့ ထပ်တူညီ) အသံကျယ်ကျယ် လုပ် လာကြတယ်။
သီရိလင်္ကာရဲ့ နိုင်ငံရေးရေစီးကြောင်းက ပြည်တွင်းစစ်အရှိန်ကြောင့် နက်နက်ရှိုင်းရှိုင်းကြီး ပြောင်းလဲသွားတယ်။ မတူကွဲပြားတဲ့ လူနည်းစုအရေးတွေ၊ ဘာသာရေးကိစ္စတွေမှာ ထားရှိတဲ့ အပြန်အလှန်နား လည်မှုတွေလည်း ပြောင်းလဲကုန်တယ်။ နိုင်ငံရေးအယူတွေက ပြည်တွင်းစစ်မတိုင်မီကထက် ပိုပြင်းထန် လာသလို ပါတီတစ်ခုနဲ့တစ်ခု ရန်လိုမှုတွေကလည်း ပိုပြင်းထန်လာတယ်။ ပြည်တွင်းစစ်ကြီး တစစ အရှိန်ရလာတာနဲ့အမျှ ခါးခါးသီးသီးကြီး ရန်လိုတဲ့စရိုက်တွေဖြစ် လာတော့တာပဲ။ ကံမကောင်း အကြောင်းမလှဘူးလို့ ဆိုရမှာပဲ၊ သီရိလင်္ကာက အဲဒီလိုမျိုး အဆိပ်ပြင်းပြင်းတွေ ဟာ မြန်မာပြည် ဘက်ကို အအက်အကွဲကြီးအဖြစ် သမိုင်းတွင်မယ့် အချိန်ကောင်းမှာပဲ ကူးပြောင်းဝင်ရောက် သွားတော့တယ်။
ရိုဟင်ဂျာကိစ္စမှာတော့ သမ္မတဦးသိန်းစိန်တစ်ယောက် ကြိုးတန်းပေါ်လမ်းလျှောက်ရသလို ဖြစ်နေတယ်။ ပထမက ရိုဟင်ဂျာတွေကို လိုချင်တဲ့ တတိ ယနိုင်ငံဆီ ပို့ပေးမယ်၊ ဒီနည်းနဲ့ ရခိုင်အရေး ကို ဖြေရှင်းမယ်လို့ ဆိုတယ်၊ အဲ နောက် လေးလလောက်အကြာ အိုဘာမားမလာခင် နိုဝင်ဘာ ၁၉ ရက်လည်းရောက်ရော၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်အင်ကို အစိုးရက သေသေချာချာကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆန္ဒရှိတာပါလို့ ဖြစ်သွားပြန်ရော။ သမ္မတဦးသိန်းစိန်ရဲ့ အနောက်တိုင်းနဲ့ ကောင်း မွန်တဲ့အဆက်အဆံလိုလားပုံကိုပဲ ရိုဟင်ဂျာတွေက ကျေးဇူးတင်ရမလိုဖြစ်နေပြန်ရော။ အဲတဖက် မှာတော့ သီရိလင်္ကာ အစိုးရကြီးက တမီလ်သူပုန်တွေကို ထိုးစစ်ဆင်နေတာကြောင့် တရုတ်နဲ့ ပလဲနံပသင့်ဖို့ အရမ်းအရမ်းကို လိုလားနေသလို အနောက်တိုင်းနဲ့ ဆက်သွယ်ထားတဲ့ သံတမန်တံတားတွေ ကိုလည်း လောင်ကျွမ်းဖျက်ဆီးပြစ်လိုက်တယ်။
သီရိလင်္ကာနဲ့ မြန်မာရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းက နှစ်လမ်းသွား (အပြန်အလှန်) ဖြစ်နေတာကြောင့် နှစ်ဖက်နိုင်ငံ လူမျိုးစုတွေအကြား အဆက်အဆံကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ်၊ (ပြီးရင် လိုသလို အသုံးချဖို့) အခွင့်အရေးကောင်းတစ်ခု ရှိနေတယ်ဆိုတာမျိုး ဦးသိန်းစိန်ကို ( တင်ပြ အကြံပေးကြတယ်နဲ့) တူပါတယ်။ အိုဘာမားကတော့ မတူကွဲပြားခြင်းသည် အမေရိကန် အသိုင်းအ၀ိုင်းအတွက် ခွန်အားဖြစ်တယ်လို့ ရန်ကုန်မှာ ပြောတဲ့ သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းဖော်ပြသွားတယ်။ တကယ်လို့သာ မြန်မာအစိုးရ က နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်အကန်ကြီးလိုလားတယ်ဆိုရင်၊ စစ်အစိုးရအဆက်ဆက် အမုန်းတရားတွေနဲ့ ပတ်သတ်လို့ အမှန်တကယ်ကြီးကို (ဖယ်ထုတ်ပစ်သွားဖို့) လိုလားတယ်ဆိုရင်၊ အိုဘာမားပြောသွားတဲ့ အသွင်သဏ္ဌာန်ကို သူ့ရဲ့မူရင်းပုံစံမှန်အတိုင်း မဖြစ်မနေလိုက်နာကျင့်သုံးရမှာဖြစ်တယ်။
အခုအချိန်မှာတော့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာမွတ်စလင်လူထုကြီး တစ်ရပ်လုံးကို မိတ်ဆွေရင်းခြာပမာ ပြန်လည်ဆက်ဆံရမယ်လို့ လှုံဆော်ရင် အဲဒီလှုံဆော်မှုအသံက ဘုန်းကြီးကျောင်းတွေမှာရော၊ ပြည်သူလူထုအမြင်နဲ့ ရပ်တည်တဲ့ တရားရုံးတွေမှာပါ သိပ်ပြီး ကောင်းမွန်တဲ့ (ထောက်ခံမှု) ရလဒ်တွေ ရလာလိမ့်မယ် မဟုတ်ဘူးဆိုတာကို သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။
သီးပွင့်ဝေဆာတဲ့အသိုက်အ၀န်းမျိုးရဖို့၊ တာရှည်ခံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရဖို့ဆိုရင်တော့ ရိုဟင်ဂျာအရေးကို မြန်မာခေါင်းဆောင်တွေအနေနဲ့ (ဒီအရေးက ကာလတိုမှာ နိုင်ငံရေးရှုထောင့်အတွက် သိပ်ပြီးစိတ်ဝင်စားဖွယ်မရှိပေမယ့်လည်း) ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချပြီး ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။ ဒီလိုဆိုရင်တော့ သီရိလင်္ကာက လူတွေပါ အမြော်အမြင်ရှိရှိလေ့လာနိုင်မယ့် သင်္ခန်းစာတစ်ခု လည်း ဖြစ်သွားမှာပေါ့။
(အဲလက်စ် ဘွတ်ဘိုင်းဒါးသည် အရှေ့တောင်အာရှတွင် အခြေစိုက်လှုပ်ရှားသည့် သုတေသီနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပါသည်။)
Comments