ကျွန်တော်တို့ ငယ်ငယ်က ကစားကွင်းများသို့ ရောက်ဖူးကြလိမ့်မည်။
ဒန်းများ၊ လျှောများ၊ စီးဆောများ စီးဖူးကြလိမ့်မည်။ လူငယ်တို့ သဘာဝ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက် ဆော့ကစားဖူးကြပါမည်။
ကျွန်တော်လည်း လူငယ်ပီပီ လွတ်လပ်ပေါ့ပါး ပြေးလွှားဆော့ကစားဖူးခဲ့သည်။ သို့သော် အမှုအမှတ်မထား။ များမကြာမီကမှ အမှတ်မထင် သတိပြုမိသော ကစားနည်းမှာ ‘စီးဆော(See -Saw)’ပင်ဖြစ်သည်။
စာဖတ်သူလည်း ငယ်ငယ်က စီးဖူးလိမ့်မည်ဖြစ်၍ မျက်စိထဲ မြင်ယောင်ကြည့်စေလိုပါသည်။ စီးဆော၏ ပုံသဏ္ဌာန်မှာ ပျဉ်ပြားတစ်ချပ်နှင့် အလယ်မှ ထောက်တိုင်တခု ပါရှိပါသည်။ ပက်လက်ပျဉ်ပြားတချပ်၏ အလယ်တည့်တည့်တွင် အပေါက်ဖောက်၍ဖြစ်ဖြစ်၊ အပေါက်မပါဘဲဖြစ်ဖြစ် ထောက်တိုင်တစ်ခု ထောက်ထားပါသည်။
ကလေးငယ်နှစ်ဦးက ပျဉ်ပြားတစ်ဘက်တစ်ချက်ဆီတွင် တက်ထိုင်သည်ဆိုပါစို့။ ဘယ်ဘက်က ကလေးက ဖိနှိပ်ထိုင်ချလျှင် ညာဘက်မှ ကလေးမှာ မြင့်တက်သွားပါသည်။ ဘယ်ဘက်မှ ကလေး ထိုင်ရာက ထလျှင် ညာဘက်မှ ဖိနှိပ်ထိုင်ချရသည်။ တနည်းဆိုရသော် ဘယ်ဘက်မှကလေးက မြင့်သွား၍ ကျန်တဘက်မှာ နိမ့်ဆင်းသွားရသည်။ ‘တဘက်မှာ မြင့်တက်နေလျှင် ကျန်တဘက်မှာ နိမ့်ကျနေမည်‘ဆိုသော သဘောတရားကို ပထမဆုံး ဆင်ခြင်မိပါသည်။
ထို့ပြင် ပန်းခြံထဲ၌ စီးဆော ဆော့ကစားနေသော ကလေးငယ်နှစ်ဦးအနက် အမြင့်ရောက်သွားသည့် ကလေးမှာ တဘက်ကလေး ထက်ပို၍ ပန်းခြံ၏ရှုမျှော်ခင်းများကို မြင်တွေ့နိုင်မည်။ ပတ်ဝန်းကျင်၏ အလှတရားများကို ခံစားနိုင်မည်။ တဖန် မိမိက နှိမ့်ချပေးခြင်းအားဖြင့် တဘက် ကလေးအား ထိုရှုခင်းများအား ကြည့်ရှုခွင့်ပေးရာရောက်သည်။
ဤသို့ဖြင့် အတုန့်အလှည့်သဘော လိုက်လျောပေးကြသည်။ အပေးအယူသဘော အပြန်အလှန် ဖြည့်စည်းပေးကြသည်။ အနိမ့်၌ရှိနေစဉ်ထက် အမြင့်သို့ ထောင်တက်ရချိန်တွင် ပို၍ ပျော်စရာကောင်းသည်။ ထို့ကြောင့် ပျော်ရွှင်မှုကို ဝေမျှခံစားမိကြသည်။ win-win (သူမသာ၊ ကိုယ်မနာ)သဘောမျိုးဖြစ်သည်။
အတ္တကင်းစင်သော ကလေးတို့ဘ၀တွင် ဆော့ကစားခဲ့ကြသည့် အဆိုပါ ကစားနည်းမှာ အတ္တ၀ါဒ ချိုးနှိမ်ရေးကို ကောင်းစွာ လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
မိမိချည်း ကောင်းစား၍ မပြီး။ ပျော်ရွှင်မှု၊ ချမ်းသာမှု၊ အောင်မြင်မှုများကို တကိုယ်တည်းရယူနေခြင်းဖြင့် လောကအလှမဆင်နိုင်။ မိမိ ညီအစ်ကို၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးနားချင်းများအပါအ၀င် လူ့အဖွဲ့ အစည်းတို့ကိုပါ သူ့အလှည့်ကိုယ့်အလှည့် နေရာပေးသင့်သည်ဟူသော အသိကို မွေးဖွားပေးသည်။
ငယ်ရွယ်စဉ်က အပျော်သဘောဖြင့် ဆော့ကစားခဲ့သော်လည်း ကြီးပြင်းလာသောအခါ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်လာချိန်တွင် သူများကောင်းကျိုး-ကိုယ့်ကျောင်းကျိုး၊ အတ္တ-ပရ ညီညွတ်မျှတအောင် ဆောင်ရွက်ရာတွင် စီးဆောကစားနည်းက သင်ခန်းစာပေးသည်။
လူ့လောက လူ့ဘ၀တွင် အနိမ့်အမြင့်၊ အတက်အကျ၊ အဆိုး အကောင်း ရှိစမြဲပင်။
ဆိုကြပါစို့ …” တဘက်ကို A ကျန်တဘက်ကို B ဟု အမည်တပ်၍ A မှာ အကောင်း၊ B မှာ အဆိုးဟု ကိုယ်စားပြုသတ်မှတ်ကြည့်ပါ။ A ဆိုသော ကောင်းခြင်းများ မြင့်တက်နေချိန်တွင် B ဆိုသော အဆိုးတရားများ နိမ့်ကျနေမည်ဖြစ်ပြီး တနည်း B ၏ အဆိုးများ မြင့်တက်လာချိန်မှာ A ဆိုသော ကောင်းခြင်းတရားများ နိမ့်ကျ လျော့ပါးသွားမည်ဖြစ်သည်။
လူတစ်ဦးချင်းစီ၏ ကောင်းမှု၊ ဆိုးမှု ကျင့်မူချက်များကို ကိုယ်တိုင် ဝေဖန်နှိုင်းယှဉ်၍ ညီမျှခြင်းထိုးကြည့်နိုင်စေရန်လည်း စီးဆောက လှုံ့ဆော် တိုက်တွန်းသည်။
ထို့ကြောင့် စီးဆောဥပမာမှတဆင့် ကျွန်တော်တို့ နေ့စဉ်ဘ၀တွင် တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေး၊ တရားမျှတရေး စသည့် နယ်ပယ်စုံတို့တွင် သဟဇာတဖြစ်စေရန် ကောက်ယူဆင်ခြင်နိုင်သည်။
ပန်းခြံများတွင် ကလေးငယ်တို့ ပျော်ရွှင်ကြည်နူးစွာ See -Saw စီးနေကြတာကို မြင်ရတိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်နှင့် မည်မျှ သဟဇာတဖြစ်ကြပြီလဲ၊ မည်မျှ အစွန်းမရောက်အောင် နေထိုင်နိုင်ကြပြီလဲ။ အပေး အယူ၊ အလျှော့အတင်း ကျင့်မူတတ်ပြီလား၊ အတ္တ-ပရ ညီညွတ်မျှတနိုင်ပြီလားဆိုတာ ဆင်ခြင်ကြည့်နိုင်ပါကြောင်း ….”။
copy from လင်းယုန်ဂျာနယ်
Comments