မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ
ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်
(၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်န၀ါရီ ၁၉၇၀)
ပျဉ်းမနာမြို့နေ၊ ရွာကောက်ရပ်ဇာတိဖြစ်သည်။ ၁၉၁၅ ခု ဒီဇင်ဘာ ၂၇ ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ အဖ ကျောင်းဆရာ ဦးဟိန်၊ အမိ ဒေါ်စောရင်ဖြစ်သည်။ အမည်ရင်းမှာ ဘရှင်ဖြစ်သည်။ အရဗီအမည်မှာ မုဟမ္မဒ်ဒါဝူဒ်ဖြစ်သည်။ ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ် ယုဒသန်ကောလိပ်၌ ပညာသင်ကြားသည်။ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇ၀င် ဂုဏ်ထူးတန်းအောင်မြင်ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇ၀င်ဌာနတွင် နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ၁၉၄၀ ပြည့်နှစ်တွင် လက်ထောက်ကထိကရာထူး တိုးမြှင့်ခံရသည်။
၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ ဥာဏဗလတာဝန်ခံ၊ ၁၉၃၄ ခုနှစ်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်၌ ဗိုလ်ကြီး၊ တပ်မတော်ပညာရေးအရာရှိ၊ ပဲခူးစံပြတပ်မတော်သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄) မှပါဝင်ခဲ့သည်။ ၁၉၄၅-၅၆ တွင် မြန်မာ့တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး၊ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ မှ ၇၀ တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင် ဆပ်ကော်မရှင်(ခ)အလယ်ခေတ်(အေဒီ၁၃၆-၁၇၅၂) ကျမ်းပြုအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာ ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်သင်တန်းများတွင် အထူးကထိက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)အဖြစ် ဆောင်ရွက်ခဲ့သည်။
ဗိုလ်မှူးဘရှင်သည် မြန်မာတိုင်းရင်းသားဘာသာစကားအချို့နှင့် မွန်ခမာ၊ တိဘက်မြန်မာ၊ ရှမ်းတရုတ်နှင့် အိန္ဒိယဘာသာစကားတို့ကို လေ့လာလိုက်စားခဲ့သည်။ အင်္ဂလိပ်အရေးအသားနှင့် အပြောအဆိုကျွမ်းကျင်မှုမှာ နိုင်ငံတကာပညာရှင်အဆင့်ကို ကောင်းစွာမီသည်။ တက္ကသိုလ်ကျောင်းသားဘ၀ကပင် မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာတို့၏ ယုဒသန်ကောလိပ်သတင်းထောက်၊ ]ခြင်’လက်ရေး စာစောင်အယ်ဒီတာ၊ ကောလိပ်မဂ္ဂဇင်း၊ မြန်မာပိုင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျေးလက်ပြုပြင်ရေးအတွက် “Socrate at School”ကို ခေတ်သစ်မာဃ} အမည်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ကျေးလက်ပြုပြင်ရေး စာစောင်ကို ဒေါက်တာဂျေ၊ အာရ် အန်ဒရပ်၊ ဦးသာဆိုင်တို့နှင့်အတူ ပူးတွဲရေးသားခဲ့သည်။ ထို့အပြင် မြ၀တီ၊ ငွေတာရီ၊ ရှုမ၀ မဂ္ဂဇင်းစသည့် စာနယ်ဇင်းများတွင် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ သုတေသနစာတမ်း၊ ဆောင်းပါးများကို ရေးသားခဲ့သည်။ဲJBRSနှင့် Working People Daily တို့တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် စာတမ်းဆောင်းပါးများ ရေးသားခဲ့သည်။
ဗိုလ်မှူးဘရှင်သည် စံမောင်၊ သုတေသီ၊ ဗိုလ်မှူးဥာဏ၊ တိုင်း ၄ ရဲဘော်ဟောင်း၊ မောင်ပင်တည်၊ ကင်းထောက်မောင်၊ ၀ရီးစံ၊ ဒုဗိုလ်မှူးကြီး ဘရှင်၊ ဦးဘရှင်ဟူသော ကလောင်အမည်များဖြင့်လည်း စာပေရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင်ဟူသော ကလောင်အမည်ကို လူသိများထင်ရှားသည်။
ဗိုလ်မှူးဘရှင်သည် မြန်မာ့စွယ်စုံကျမ်းတွင် ဦးဘရှင်ဟူသော အမည်ဖြင့် တိုင်းသားများအကြောင်း ရေးသားခဲ့သည်။ ကချင်လူမျိုး(တွဲ၁၊ စာ၁၅)၊ ကယားလူမျိုး(တွဲ၁၊ စာ၇၃)၊ ကရင်လူမျိုး (တွဲ၁၊ စာ၁၅၂)၊ ကောလူမျိုး(တွဲ၁၊ စာ၂၆၆)၊ ခမာလူမျိုး(တွဲ၂၊ စာ၂၄၈)၊ ခါစီလူမျိုး(တွဲ၂၊ စာ၂၈၇)၊ ခန္တီးရှမ်း(တွဲ၂၊ စာ၃၂၃)၊ ချင်းလူမျိုး(တွဲ၂၊ စာ၃၈၉)၊ နီဂတိုလူမျိုး(တွဲ၆၊ စာ၁)၊ ပကု(တွဲ၆၊ စာ၁၉၉)၊ ပဒေါင်လူမျိုး(တွဲ၆၊ စာ၂၂၆)၊ ပလောင်နှင့်ပလေး(တွဲ၆၊ စာ၂၆၁)၊ ပိုးကရင်(တွဲ၆၊ စာ၃၈၉)၊ ပျူလူမျိုး(တွဲ၇၊ စာ၉၀-၉၄)၊ မြန်မာနိုင်ငံတိုင်းရင်းဘာသာများ (တွဲ၁၀၊စာ၁၃၁)၊ မြန်မာလူမျိုး(တွဲ၁၀၊ စာ၃၃၇-၃၅၃)၊ ရှမ်းလူမျိုး (တွဲ၁၁၊ စာ၃၆၉-၄၀၈) တို့ကို ပြုစုရေးသားခဲ့သည်။
ဗိုလ်မှူးဘရှင်သည် မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင်ထင်ရှားပြီး ကမ္ဘာ့အဆင့်မီ မြန်မာသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။ ခေတ်ဟောင်းမြန်မာ့သမိုင်း ပါရဂူတစ်ဦးဖြစ်သည့် ပါမောက္ခ G.H. Luce ကိုယ်တိုင်က အထူးချွန်ဆုံးသော မြန်မာ့သမိုင်းပညာရှင်၊ မြန်မာကျောက်စာပညာရှင်တစ်ဦးအဖြစ် ယုံကြည်စိတ်ချ အားထားခဲ့သည်။
ဗိုလ်မှူးဘရှင်သည် စစ်ပြီးခေတ်တပ်မတော်၌ ဆက်လက်အမှုထမ်းနေစဉ် ] ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်း} စာအုပ်ကို ရေးသားခဲ့သည်။ ဗိုလ်မှူးဘရှင် ဘီအေ(ဂုဏ်ထူး)အမည်ဖြင့် ရေးသည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ရေးသားပြီးစီးခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နောင်အခါ တက္ကသိုလ်ဝင်တန်း၌ ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်းခြင်း ခံရသည်။ ထိုစာအုပ်သည် မြန်မာရာဇ၀င်ဟူသော ဝေါဟာရအစား ] မြန်မာ့သမိုင်း } ဟူသောစကားကို ပထမဆုံး အသုံးပြုသည့် သမိုင်းဘာသာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်သည်။
ထိုစာအုပ်တွင် ရှေးဟောင်းမြန်မာနိုင်ငံ၊ မြို့စားရွာစား ဘုရင်ခေတ်( ၁၀၀၀ မှ ၁၈၂၄ထိ)၊ အရင်းရှင်စနစ်ဝင်ခေတ်(၁၈၂၄မှ ၁၈၄၅ထိ)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ခေတ်(၁၉၄၅) ဟူ၍အခန်းကြီး ၄ ခန်းခွဲခြားကာ အမြင်သစ်ဖြင့် ပြုစုတင်ပြထားသည်။ ၁၉၄၅ ခု ပဉ္စမ အကြိမ်ထုတ်စာအုပ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့နိုင်ငံသမိုင်း ပါမောက္ခဟောင်းဆရာကြီး လုစ်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ထင်မြင်ချက်၊ သက်ကြီးတက္ကသိုလ် မြန်မာဘာသာပါမောက္ခ ဦးသက်တင်၊ မြန်မာ့တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဇော၏ ထင်မြင်ချက်များနှင့် ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချုပ် သခင်နု၏နိဒါန်း၊ မြန်မာ့တပ်မတော် ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးဘရှင်၏ အချီးတို့ကို ဖော်ပြထားပါသည်။
စာအုပ်အဖွင့်တွင် တင်ကြိုသိရှိထားစေလိုသော အချက်များဟူသောခေါင်းစဉ်ဖြင့် ဗိုလ်မှူးဘရှင်က ရာဇ၀င်နှင့်သမိုင်းကို ဤသို့ ခွဲခြားရှင်းပြထားပါသည်။
ရာဇ၀င်နှင့် သမိုင်း
ယခင်က ရာဇ၀င်ဟု ခေါ်သောစကားကို ယခု နိုင်ငံသမိုင်းဟု သုံးစွဲကြသည်။ မြန်မာနိုင်ငံတော်သမိုင်းကို မသင်ကြားမီ ထိုသမိုင်းဟူသော စကား၏ ဆိုလိုရင်းသဘောကို နားလည်ထားရန် အရေးကြီး၏။ ရှေးကရေးခဲ့သော ရာဇ၀င်စာအုပ်တို့တွင် မင်းပြောင်းမင်းလွှဲ၊ ခုနှစ်သက္ကရာဇ်၊ နန်းတွင်းအဖြစ်အပျက်များ၊ မင်း၏ ဆွေစဉ်မျိုးဆက်များ၊ တိုက်ခိုက်ခဲ့သော စစ်မက်များနှင့် သာသနာထွန်းကားပုံများ စသည်တို့ကိုမူတည်၍ ရေးသားထားခဲ့ကြသည်။ သို့ဖြစ်၍ ရာဇ၀င်ပညာဆိုလျှင် အထက်ပါအကြောင်းရပ်များကို လေ့လာသော ပညာဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဤမျှဖြင့် ရာဇ၀င်ပညာ၏သဘောမှာ မပြည့်စုံသေးပေ။ သို့ဖြစ်၍ အနက်သဘော ပိုမိုကျယ်ဝန်းသည့် နိုင်ငံသမိုင်းဟူသောစကားသို့ ပြောင်းလွှဲသုံးခြင်းပင်ဖြစ်သည်။
နိုင်ငံသမိုင်းဆိုသည်မှာ။ ။ သမိုင်းဟူသောစကားမှာ ဖြစ်ခဲ့သည့်အကြောင်းစဉ်ဟု ဆိုရပေမည်။ ဘုရားသမိုင်း၊ မြို့သမိုင်း၊ ထင်ပေါ်သောတောင်သမိုင်းစသည်ဖြင့် သမိုင်းဆိုသောစကားကို သုံးကြသည်။ နိုင်ငံသမိုင်းဆိုလျှင် နိုင်ငံတစ်ခု၏ ဖြစ်ခဲ့သည့် အကြောင်းအစဉ်ပင်ဖြစ်ပေသည်။ နိုင်ငံ၏ဖြစ်ပျက်ခဲ့သော အကြောင်းစဉ်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ ဤစကား၌နိုင်ငံ၏ အဓိပ္ပါယ်ကို နားလည်ရန်လိုသေးသည်။ နိုင်ငံဆိုရာ၌ နယ်နိမိတ်အားဖြင့် သတ်မှတ်ထားသော မြေပြင်ကျယ်၊ ကျွန်း၊ တောတောင်တို့ဖြစ်သည်ဟု ဆိုရုံမျှနှင့် အဓိပ္ပါယ်မပြည့်စုံသေး။ နိုင်ငံဆိုလျှင် ထိုနယ်နိမိတ်အတွင်းရှိ မြေပြင်ကျယ်နှင့်တကွ ထိုဒေသတွင် နေထိုင်ကြသော လူများကိုပါပူးတွဲ၍ နားလည်ရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသမိုင်းဟုဆိုလျှင် ထိုနိုင်ငံရှိလူများ၏ ရှေးကဖြစ်ခဲ့သည့် အကြောင်းစဉ်ကို ဖော်ပြထားသော အကြောင်းသာဖြစ်ရချိမ့်မည်။ လူတို့သည် ကမ္ဘာဦးမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ၍လာကြသည်။ သို့ပြောင်းလဲရာတွင် နိုင်ငံတစ်ခုအတွင်း၌ လူများ၏ပြောင်းလဲမှုသည် အခြားနိုင်ငံရှိ လူများ၏ပြောင်းလဲမှုနှင့် မတူပေ။ မြန်မာနိုင်ငံအတွင်းရှိ လူများသည် တစ်ဆင့်ပြီးတစ်ဆင့် မည်သို့ပြောင်းလဲလာသနည်း။ ထိုသို့ ပြောင်းလဲလာရပုံကို လေ့လာလိုက်စားခြင်းပင်လျှင် မြန်မာနိုင်ငံ သမိုင်းကို လေ့လာခြင်းဖြစ်ရပေမည်။ ဟူ၍ဖြစ်သည်။
ဗိုလ်မှူးဘရှင်၏ထင်ရှားသော အကောင်းဆုံးသုတေသနလက်ရာစာအုပ်မှာ မြန်မာနိုင်ငံသမိုင်းကော်မရှင်က ၁၉၆၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် Lokahteikpan လောကထိပ်ပန်} စာအုပ်ဖြစ်သည်။ ရှေးဟောင်းမွန်၊ ရှေးဟောင်းမြန်မာ အက္ခရာအရေးအသားနှင့်ပတ်သက်ပြီး အလွန်အားထားရသော အရေးပါသည့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင်အခန်း ၅ ခန်း ခွဲခြားတင်ပြထားသည်။ အခန်း ၁ တွင် လောကထိပန်ဂူဘုရား၏ သမိုင်းအကျဉ်းနှင့် ဗိသုကာလက်ရာပုံစံကို ဖော်ပြထားသည်။ အခန်း ၂ နှင့် ၃ တွင် ဂူဘုရားနံရံရှိပန်းချီရုပ်ပုံများနှင့် စာပေအက္ခရာအရေးအသား ဆွေးနွေးချက်များကို ဖော်ပြထားသည်။ အခန်း ၄ တွင်မင်စာများကို ခေတ်မြန်မာအက္ခရာ၊ ရောမအက္ခရာများနှင့် ဖလှယ်၍ တင်ပြထားသည်။ အခန်း ၅ တွင် အင်္ဂလိပ်ဘာသာပြန်ဆိုချက်များ ပါဝင်သည်။ နောက်ဆက်တွဲအဖြစ် ရှင်းလင်းချက်များ၊ ရှေးဟောင်းမွန်စကား ဝေါဟာရများ၊ သရုပ်ဖော်ပုံ၊ ဓာတ်ပုံများ၊ မြေပုံများဖြင့် စနစ်တကျ ပြုစုဖော်ပြထားသည့် သုတေသနလက်ရာ ဖြစ်သည်။ စာပေသုတေသီသို့ လက်ကိုင်ပြုကိုးကားရာစာအုပ် ဖြစ်သည်။ ဗိုလ်မှူးဘရှင်၏ ကြိုးပမ်းမှုဖြင့် လောကထိပ်ပန်မင်စာစာအုပ်ကြီး တခမ်းတနားထွက်ပေါ်ခဲ့သည့်အတွက် ထိုမင်စာများကို ပို၍လူသိများလာရပါသည်။
ထိုစာအုပ်နှင့် ပတ်သက်ပြီး ခေတ်ပြိုင်မြန်မာ့သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဆရာကြီးဒေါက်တာသန်းထွန်းက ၂၀၀၂ ခု သြဂုတ်လထုတ် အတွေးအမြင်စာစဉ် ၁၅၆ တွင် ] မြန်မာသမိုင်းအဖွဲ့နှင့် ထုတ်ဝေပြီး ထုတ်ဝေမည့်ကျမ်းများ} ဆောင်းပါးတွင် ဤသို့ ချီးကျူးထားပါသည်။
ဘရှင်၊ လောကထိပ်ပန်၊ ၁၉၆၂
လောကထိပ်ပန်ဟုခေါ်နေကြတဲ့ ဂူဘုရားငယ်တစ်ဆူဟာ ပုဂံရွှေဆံတော်ဘုရားမြောက်ဘက် မနီးမဝေးမှာရှိပါတယ်။ ဂူနံရံမှာ ရှေးမွန်ဘာသာ၊ ရှေးမြန်မာဘာသာနှင့် စာတမ်းထိုးထားတဲ့ ဇာတ်ငါးရာ၊ ပန်းချီပုံတွေရှိတယ်။ ဒီလိုရှိတာကို ဘယ်သူမှအလေးဂရုပြုပြီး မလေ့လာခဲ့ဘူးပါ။ ၁၉၅၈ ရောက်တဲ့အခါကျမှ အရှေ့တိုင်းပညာ ပါမောက္ခ လုစ်(G.H. Luce)နှင့် ဗိုလ်မှူးဘရှင်တို့ ပုဂံလေ့လာရေးခရီးထွက်လာကြတဲ့အခါက သတိပြုမိလေ့လာမိကြတယ်။ မွန်နှင့်မြန်မာစာတွေကို အကျအနလေ့လာကြပြီး ဗိုလ်မှူးဘရှင်က စာတစ်အုပ်အနေနှင့် ရေးသားထုတ်ဝေဖို့ တာဝန်ယူလိုက်ပါတယ်။ စာအုပ်က ၁၉၆၂ မှာ ပုံနှိပ်ဖြန့်ဝေနိုင်ပါတယ်။ အဲဒီစာအုပ်ဟာ ပုဂံအနုပညာနှင့် ဗိသုကာပညာကို ကျမ်းပြုသူက အကျယ်တ၀င့် ရှင်းလင်းတင်ပြထားတာကို တွေ့နိုင်ပါတယ်။ သုတေသနတန်ဖိုး အများကြီးရှိတဲ့ တင်ပြချက်ဖြစ်လို့ အားရနှစ်သက်စရာရှိပါတယ်။ လောကထိပ်ပန်ဂူကို မွန်ခေတ်ဦး ပုံစံလို့သတ်မှတ်တယ်။ ရာဇကုမာရဲ့မြင်းကပါဂူပြောက်ကြီးနှင့် ခေတ်ပြိုင်( ခရစ်နှစ် ၁၁၁၃) ဖြစ်နိုင်စရာရှိတယ်လို့ ဆိုပါတယ်။ နံရံဆေးရေးကားတွေက မြန်မာစာ၊ မွန်စာတွေကို အသေးစိတ်ရှင်းလင်းပြီး မြန်မာစာပေရဲ့အစကို ဖော်ထုတ်ပေးတယ်။ မြန်မာသမိုင်းအဖွဲ့ရဲ့ ပထမစာအုပ်ပဲလို့ ဂုဏ်ယူနိုင်လောက်အောက် ပထမစွဲတဲ့ စာအုပ်ဖြစ်ပါတယ်။ ဟုသုံးသပ်ကာ ချီးကျူးခဲ့ပါသည်။
ဗိုလ်မှူးဘရှင်သည် ၁၉၇၀ ပြည့် ဇန်န၀ါရီလ ၇ ရက်ညနေ ၅ နာရီ မိနစ် ၅၀ တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်မေကြီး(သတ္တဗေဒကထိက)နှင့် သားတစ်ဦး၊ သမီးလေးဦး ကျန်ရစ်သည်။
ရေးသားသူ …မောင်သန်းဝင်း(မြန်မာစာ)
Pingback: Bomhu Ba Shin ဗိုလ်မှူးဘရှင် « Dr Ko Ko Gyi’s Blog