မေ-၄၊၂၀၁၃
M-Media
ရေးသူ- ဇေယျာသူ
လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ဆရာ၊ ဆရာမတွေလေ။ အစိုးရကျောင်းက ဆရာမ၊ ဆရာမတွေတော့ မဟုတ်ဘူး။ တချို့ကလည်း ပုဂ္ဂလိကကျောင်းမှာ၊ တချို့ကလည်း ကိုယ်ပိုင် ကျူရှင်လေးဖွင့်ထားတယ်၊ တချို့ကလည်း မူလတန်းကြိုက စပြီးသင်ကြားတာ၊ တချို့ကလည်း guide သဘောမျိုးပေါ့။
အဲဒီမှာ သူငယ်ချင်းတစ်စုပြောရင်း စကားစပ်မိမိစပ်ရာရောက်သွားတာက အခု ၂၀၁၃-ခုနှစ် မတ်လနဲ့ ဧပြီလ အတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ ရောက်သွားတယ်။ ဆရာ၊ ဆရာမတွေလည်း ဖြစ်နေတော့ သူတို့ကလေးတွေ (တပည့်လေးတွေပေါ့ ကျွန်မတို့တွေက စကားပြောရင် ငါ့ကလေး သူ့ကလေးလို့ပြောကြတယ်လေ)အကြောင်းရောက်သွားတယ်။
သူငယ်ချင်းတစ်ယောက်က သူစာသင်ပေးနေတာက မူလတန်းအရွယ်ကလေးတွေလေ။ အခုက နွေရာသီဖြစ်တော့ နွေရာသီစာသင်ဝိုင်းလေးဖွင့်ထားတာ။ တစ်နေ့ကျ ကလေးတွေ ကစားချိန်မှာ ကစားခွင့်ပေးတော့ ကလေးတွေက အချင်းချင်းကစားကြမယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကစားနည်းတွေရွေးရင်း အများသဘောတူသွားတာက ‘ဖိုက်တင်ပလေးတမ်းကစားမယ်၊ အဖွဲ့လိုက် ချကြမယ်၊ ကုလားနဲ့ဗမာ ချတမ်းကစားမယ်၊ ကုလားဘက်က သေကြ’တဲ့လေ။ အဲဒီစကားကြားလိုက်ရတော့ ကျွန်မသူငယ်ချင်းလည်း ချက်ချင်းပဲ ကလေးတွေကို အဲလိုနည်းလမ်းမကစားရကြောင်းနဲ့၊ ကုလားနဲ့ဗမာ အဲလိုဖြစ်စရာမလိုပဲ အချင်းချင်းအတူတူ ညီညွတ်ကြဖို့ဆိုတာတွေကို ကလေးတွေ နားလည်အောင် ပြောပြရင်းတစ်ခြား ကစားနည်းကို ပြောင်းစေလိုက်ရတယ်။ အဲဒီမှာ ကျွန်မတို့ ပြောဖြစ်ကြတယ်။ အခုဖြစ်နေတဲ့ အကြမ်းဖက်ခံကိစ္စတွေဟာ ကလေးတွေရဲ့ သိစိတ်မှာရော မသိစိတ်မှာပါ စွဲထင်သွားခဲ့ပြီ။
ပြီးတော့ ဗုဒ္ဓဘာသာကလေးတွေဟာလည်း ကလေးတရားပွဲဆိုတာတွေမှာ အစ္စလာမ်အကြောင်း အလွဲအမှားတွေ၊ ပြီးတော့ မွတ်စလင်မ်တွေကို အထင်မြင်လွဲမှားစေတာတွေကို နားထောင်ရတယ်။ ဒီတော့ နုနယ်တဲ့ ကလေးအများစုရဲ့စိတ်မှာ အစ္စလာမ်ဆိုရင်၊ မွတ်စလင်မ်ဆိုရင် သူတို့စိတ်ထဲမှာ ကုလား၊ ကုလားကို မုန်းတီးရမယ်ဆိုတဲ့စိတ်ဝင်နေပြီ။
မွတ်စလင်မ်ကလေးတွေအနေနဲ့ အခုလက်ရှိကာလမှာ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုတွေ အများကြီး ရှိနေပါတယ်။ နေရာတိုင်းမှာ အနှိမ်ခံနေရတယ်။ ကလေးအချင်းချင်းမှာလည်း နင်တို့က ကုလားဆိုပြီး ခွဲခြားဆက်ဆံတာ၊ လှောင်ပြောင် ပျက်ရယ်ပြုတာတွေ ခံနေရတယ်။ သူတို့လေးတွေရဲ့စိတ်မှာ အနည်းနဲ့အများ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်လာတယ်။ လူတစ်ယောက်၊ ကလေးတစ်ယောက်မှာ ဒီလိုမျိုးစိတ်အခြေအနေတွေ ဖြစ်လာတာဟာ လုံးဝကောင်းတဲ့ အလားအလာမဟုတ်ဘူးဆိုတာ လူတိုင်းနီးပါးသိကြသလို စိတ်ပညာရပ်နယ်ပယ်ကလူတွေ ပိုပြီး သိကြပါတယ်။ ဒါကြောင့် … ဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေရဲ့ဘ၀တွေကို ပန်းကောင်းအညွန့်ချိုးသလို မဖြစ်ကြစေလိုပါဘူး။
ဒုတိယတစ်ချက်က မြန်မာနိုင်ငံမှာ အခု မကြာခင်ကာလမှာ နွေရာသီကျောင်းပိတ်ရက်ကျော်လွန်လို့ ကျောင်းတွေ ပြန်ဖွင့်တော့မယ့်ရာသီကို ရောက်တော့မယ်။ အဲဒီအခါမှာ ကျောင်းကိုသွားရတဲ့ မွတ်စလင်မ် ကလေးတွေကို ကျောင်းမှာ ကလေးအချင်းချင်း (State ကျောင်းက ကလေးဆိုတာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိပေါ့) နှိမ်ချပြောဆိုတာမျိုး၊ လှောင်ပြောင်ပြက်ရယ်ပြုတာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒါမျိုးတွေ မရှိအောင် မိဘတွေကလည်း သွန်သင်ပေးသင့်ပါတယ်။ နောက်ပြီးတော့ ကျောင်းက ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ကလေးတွေကို နှိမ်ချတာမျိုး မလုပ်သင့်ပါဘူး။ ဟိုးအရင် အဆက်ဆက်ကတည်းက ကျောင်းမှာ ဆရာ၊ ဆရာမတချို့ကိုယ်တိုင် မွတ်စလင်မ်ကလေးတွေကို နှိမ်ချဆက်ဆံခံရတာတွေ ရှိခဲ့ဖူးပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း “ပဉ္စဂုဏံ အဟံ ၀န္တာမိ ၊ အာစရိယ ဂုဏံ အဟံ ၀န္တာမိ”ဆိုတာနဲ့ အညီ ကျင့်ကြံနေထိုင်သင့်တယ်လို့လည်း မြင်မိတယ်။
တတိယတချက်ကတော့ … အခု မကြာခင်ကာလမှာ ကျောင်းတွေ ပြန်ဖွင့်ရင် မြို့နယ်များစွာက အကြမ်းဖက်ဖျက်ဆီးခံရတဲ့မိသားစုဝင်တွေထဲက ကလေးတွေ ဘယ်လို ကျောင်းပြန်တက်ကြမလဲ။ ကိုယ့်အိမ်ကိုယ်ရာမှာ ပြန်နေထိုင်ခွင့်ရခဲ့ပြီဆိုရင်တောင် အချိန်တိုအတွင်းမှာ မိသားစုက ပြန်လည်ရပ်နိုင်ကြမလား။ မိသားစုက မရပ်တည်နိုင်လို့ အခြားကူညီတခြားဘာသာခြားကလေးတွေ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသွားတာကို မွတ်စလင်မ်ကလေးတွေက အားငယ်တဲ့မျက်ဝန်းတွေနဲ့မျှော်ကြည့်နေကြမှာလား။ ထောက်ပံ့မှုရှိလာရင်ရော ကျောင်းတက်တဲ့အခါ အခြားကလေးတွေလို စိတ်အေးချမ်းသာနိုင်ပါ့မလား။ ကျောင်းမှာ ကလေးအချင်းချင်းရော၊ ဆရာဆရာမတွေ(အားလုံးကိုမဆိုလိုပါ)ကရော ကလေးတွေကို စာနာ နားလည်နိုင်ကြပါ့မလားလို့တွေးရင်း ကျွန်မရင်ထဲမှာတော့ နာကျင်မှုများစွာ မေးခွန်းပေါင်းများစွာပါပဲ။
ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုကြောင့်မှ ထပ်ပြီး ရိုက်မချိုးကြပါနဲ့တော့ ……………
Comments