ဇူလိုင်-၁၆၊၂၀၁၁
M-Media
(၁၆)နှစ် (၁၇)နှစ်အရွယ် လူငယ်လေးနှစ်ဦးဖြစ်ပါသည်။ ထိုလူငယ်လေးနှစ်ဦးသည် မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်လုပ်ရန်အကောင်းဆုံးအရွယ်၊ ရဲရင့်ခြင်း၊ ဖျတ်လပ်ခြင်း၊ တက်ကြွခြင်းတို့ဖြင့် ဝင့်ထည်နေဆဲအရွယ်တွင် ကွယ်လွန်ခဲ့ကြပါသည်။ သို့သော် သူတို့ဘဝကူးပုံချင်းတော့ မတူညီကြပါလေ၊ တစ်ဦးက တိုင်းပြည်နှင့် လူမျိုးအတွက် အာဇာနည်တို့၏ အသက်စွန့်ပေးဆပ်ခြင်းမျိုးဖြင့် မြန်မာ့သမိုင်းတွင် မွန်မြတ်စွာ စာရင်းဝင်ခဲ့သည်။ ကျန်တစ်ဦးမှာ ရက်စက်သော၊ ယုတ်မာသော၊ ပက်စက်သော လုပ်ရပ်ကြောင့် ပြည်သူတို့၏ မုန်းတီးရွံရှာမှု တရားဥပဒေ၏ ပြစ်ဒဏ် စီရင်မှုတို့ကို ခံယူ၍ သေပွဲဝင်ခဲ့ရသည်။
၎င်းတို့နှစ်ဦးမှာ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံခဲ့ရရှာသော ရဲဘော်ကိုထွေးနှင့် ၁၉၄၈-ခုနှစ် မေလ ၈ ရက်တွင် ကြိုးပေးစီရင်ခံခဲ့ရသော နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင် တို့ပင်ဖြစ်ပါသည်။ သူတို့နှစ်ဦးအကြောင်းကို လူငယ်များသင်ခန်းစာရယူနိုင်ရန် သံဝေဂရနိုင်ရန် နှိုင်းယှဉ်ဖော်ပြချင်ပါသည်။
ကိုထွေးလေးသည် အဘ ဦးကိုလေး၊ အမိ ဒေါ်မင်းရီတို့၏ ရင်နှစ်သည်းခြာ သားရတနာလေးတစ်ဦးဖြစ်သည်။ ဦးကိုလေးသည် ဆရာကြီးဦးရာဇတ်နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်လေသည်။ ဆရာကြီး ဦးရာဇတ်က ယုံကြည်စိတ်ချ ရသော သက်တော်စောင့် တစ်ဦးလိုသဖြင့် ဦးကိုလေးကိုပြောရာ ဦးကိုလေးက သားဖြစ်သူကိုထွေးကို ဦးရာဇတ်ထံ အပ်နှံလိုက်သည်။ ဦးကိုလေး၏ သားသမီးများထဲတွင် ကိုထွေးတစ်ယောက်သာ လူပျိုလူလွတ်ကျန်ရှိနေ၍ ကိုထွေးကို ထည့်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ကိုထွေးသည် နေရှင်နယ်ကျောင်းသား တစ်ဦးလည်းဖြစ်၍ ဦးရာဇတ်အား ကြည်ညိုလေးစားသူလည်းဖြစ်ပါသည်။
ဦးရာဇတ်နှင့် လက်ပွန်းတတီးနေထိုင်စဉ် ကာလအတွင်း ကိုထွေးလေးသည် ဦးရာဇတ်ထံမှ နိုင်ငံရေးဗဟုသုတ၊ လူမှုရေးအသိအမြင်၊ ဘာသာရေး အဆုံးအမများကို ရရှိခဲ့မည်မှာ မလွဲပေ။ အကယ်၍သာ ဦးရာဇတ်ပြုစုပျိုးထောင်ခဲ့သော ရဲဘော်ကိုထွေးလေး မသေခဲ့လျှင် နိုင်ငံတော်၏ ယုံကြည်စိတ်ချ အားထားရသော သားကောင်းရတနာတစ်ဦး ဖြစ်လာမည်မှာ အမှန်ပင်။ အဘဖြစ်သူ ဦးကိုလေးက ကိုထွေးလေးကို ဦးရာဇတ်ထံအပ်နှံရာတွင် ”ဦးရာဇတ်သွားတဲ့နေရာ ခေါ်သွားပါ” ဟု ပြောခဲ့ဖူးသည်။ ထိုစကားကြောင့်များ ဦးရာဇတ်သည် သူယုံကြည်စိတ်ချရသော တပည့်ရင်းကိုထွေေးလးကို တမလွန်ထိ ခေါ်သွားလေရော့သလားဟု ကျန်ရစ်သူမိသားစုက လွမ်းတသသနှင့် ပြောစမှတ်ဖြစ်နေခဲ့ကြပါသည်။ ရန်ကြီးအောင်မှာ ဦးစော၏ တူဝမ်းကွဲတော်စပ်သည်။ နိုင်ငံရေးကိစ္စနှင့် အုတ်ဖိုသို့ ဦးစောရောက်လာရာ ရန်ကြီးအောင်သည် အဒေါ်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် သွားရောက်တွေ့ဆုံခဲ့လေသည်။ ထိုအချိန်မှစ၍ အသွားမတော် တစ်လှမ်းဆိုသည့် မြန်မာစကားပုံအတိုင်း ရန်ကြီးအောင်၏ ခြေလှမ်းများသည် ကြိုးစင်သို့ ဦးတည်ခဲ့ရလေတော့သည်။
ရန်ကြီးအောင်သည် ဦးစော၏ အိမ်နောက်ဘက်၌ တိုးချဲ့ထားသည့်အဆောက်အအုံတွင် ဦးစောတပည့်များနှင့်အတူ နေခဲ့သည်။ ဦးစောအိမ်ဝင်းထဲရှိ တပည့်များထဲတွင် ရန်ကြီးအောင်မှာ အသက်အငယ်ဆုံး၊ ဝါအနုဆုံး လူငယ်လေးတစ်ဦးပင်။ ရန်ကြီးအောင်သည် သတ်ရဲ၊ ဖြတ်ရဲ၊ ပစ်ရဲ၊ ခတ်ရဲ၊ မိုက်သွေးရှိသော လူငယ်လေးတစ်ယောက်လည်းဖြစ်သည်။ ဦးစောသည် ရန်ကြီးအောင်၏ သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးကို သူ၏ အာဏာရယူရေးလုပ်ငန်းတွင် အသုံးချနိုင်ခဲ့လေသည်။ ရန်ကြီးအောင်၏ လူငယ်အားမာန်နှင့် ရဲရင့်ခြင်း၊ တက်ကြွခြင်းတို့သည် နေရာလွဲမှားစွာ အသုံးချခံခဲ့ရလေပြီတည်း။ ရန်ကြီးအောင်နေထိုင်စဉ် ကာလအတွင်း သေနတ်အမျိုးမျိုးကို မည်ကဲ့သို့ အသုံးပြုပုံကို ဦးစောကိုယ်တိုင် သင်ပေးသည်။ ရန်ကြီးအောင်မှာ ကံမကောင်းအကြောင်းမလှစွာ ဆရာတင်မှားမိသဖြင့် နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ပါဝင်ခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမျှမမြင်ဖူးခဲ့ပါချေ။ အတွင်းဝန်ရုံးကို မည်သို့ဝင်မည်၊ မည်သို့ထွက်ရန်ဝေးစွ အတွင်းဝန်ရုံးဆိုတာ ဘာဆိုသည်ကိုပင်မသိရှာပါ။ နိုင်ငံရေးလည်းဘာမျှနားမလည်။ အခြားသူများနှင့် လိုက်သွားပြီး အခြားသူများပစ်ခတ်သော လူစုထဲသို့ ခိုင်းစေညွှန်ကြားထားသည့်အတိုင်း ဝင်ရောက်ပစ်ခတ်လိုက်မိခြင်းသာဖြစ်သည်။ သို့သော် သူပစ်လိုက်သောသူများမှာ နိုင်ငံတော်၏ ဦးသျှောင်၊ နိုင်ငံတော်၏ အသည်းနှလုံးများဖြစ်ကြောင်း နောက်ကျမှ သိခဲ့ရပေသည်။ တိုက်ဆိုင်မှုဟုဆိုရမည်လား ပို၍ရင်နင့်စရာကောင်းသော အချက်မှာ ခေါင်းဆောင်ကြီးများကို လုပ်ကြံပစ်ခတ်ပြီး ပြေးထွက်အလာ ရဲဘော်ကိုထွေးလေးကို ထပ်မံပစ်ခတ် သတ်ဖြတ်လိုက်သူမှာ ရန်ကြီးအောင် ဖြစ်နေခြင်းပင်။
ရဲဘော်ကိုထွေေးလးသည် မည်သည့်ရန်ငြိုးရန်စမျှ မရှိသော၊ သက်တူရွယ်တူ ညီအစ်ကိုအရွယ်၊ သူငယ်ချင်းအရွယ်၊ သူလိုလူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် အသက်စွန့်ခဲ့ရရှာသည်။ အစားထိုးမရသော နိုင်ငံတော်၏ ဆုံးရှုံးမှုဖြစ်ရပ်ကြီးထဲမှ လူငယ်များအတွက် လွမ်းဆွတ်ကြေကွဲဖွယ် ဖြစ်ရန်မှန်လေးတစ်ပုဒ်ပင်။ ရဲဘော်ကိုထွေး၊ ရန်ကြီးအောင်နှင့် တစ်ဆက်တည်းကြုံကြိုက်၍ ထပ်မံဖော်ပြချင်သော လူငယ်တစ်ဦးမှာ နိုင်ငံတော် လုပ်ကြံမှုတရားခံ စိန်ကြီးဖြစ်ပါသည်။ စိန်ကြီးမှာ ကြို့ပင်ကောက်ဇာတိဖြစ်သည်။ စိန်ကြီး၏ကွယ်လွန်သူအဘမှာ ဦးစော၏ မိတ်ဆွေဖြစ်သည်။ စိန်ကြီး၏မိခင်က ဦးစောသည် မိမိတို့၏ကျေးဇူးရှင်ဖြစ်ကြောင်း ပြောပြခဲ့သည်။ စိန်ကြီး၏မိဘများက ဦးစောကိုကြည်ညိုကြသည်။
ဦးစောနယ်ထွက် တရားဟော လူစုသောအခါ စိန်ကြီးကိုတွေ့ရ၍ မျက်စိကျခဲ့သည်။ ဦးစောကလည်း ဆွဲဆောင်၊ မိဘများကလည်း တိုက်တွန်းသဖြင့် စိန်ကြီးသည် ရန်ကုန်သို့လိုက်ပါလာ ခဲ့ရသည်။ စိန်ကြီး၏ ရည်းစားက ရန်ကုန်တွင် ကျောင်းနေသည်။ ထို့ကြောင့် နိုင်ငံရေးအရ ဦးစောကိုမနှစ်မြို့သော်လည်း ရန်ကုန်တွင်နေရတာကိုတော့ စိန်ကြီးသာယာလာခဲ့သည်။ ဤသာယာမှုတွင် နစ်မွန်းနေခိုက် ဦးစော၏ ပိုက်ကွန်တွင် စိန်ကြီးမိမှန်းမသိ အမိခံလိုက်ရသည်။ ဦးစောသည် ၎င်းရာထူးအာဏာရရှိရေးအတွက် လူငယ်များကို အသုံးချခဲ့သော်လည်း တကယ်တန်းအမှုကြီးနှင့် ရင်ဆိုင်ရသောအခါ တပည့်များအတွက် တုံ့ပြန်စေတနာမထားခဲ့ချေ။ ဦးစောသည် သူ့အတွက့် နာမည်ကျော်ရှေ့နေကြီးများ ဖြစ်သော မစ္စတာဗာတားနစ်နှင့် အင်္ဂလန်ပြည်မှ နံမည်ကြီးဝတ်လုံ ကားလ်တစ်ဘက်နက်တို့ကို ငှားရမ်းခဲ့သည်။ တပည့်များအတွက်မူ အုတ်ဖိုနှင့် သာယာဝတီမှ ဒုတိယတန်းရှေ့နေများကိုသာ ငှားရမ်းပေးခဲ့သည်။
ထိုသို့ခွဲခြားငှားရမ်းမှုကို တပည့်များက စိတ်နာကြလေသည်။ တရားရေးဝန်ကြီး ဦးကျော်မြင့်က တရားခံများအား မိမိတို့အတွက် ရှေ့နေမည်သူလိုက်မည်နည်းဟု မေးသောအခါ စိန်ကြီးက ”ကျွန်တော် ရှေ့နေမငှားပါ” ဟု ထဖြေလိုက်သည်။ ဦးစောက စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး မောင်စိန်၊ မောင်စိန်၊ မောင်စိန် နှင့် လှမ်းခေါ်သော်လည်း စိန်ကြီးကလှည့်မကြည့်တော့ပါချေ။ စိန်ကြီးသည် လူငယ်စိတ်၊ လူငယ်သွေးဖြင့် လုပ်ရဲလျှင် ခံရဲရမည်ဟူသောစိတ်ရှိပုံရသည်။ အထူးသဖြင့် ဦးစောကိုလည်း စိတ်နာနေလေပြီ။ အမှုစစ်ဆေးပြီးသောအခါ မေလ ၈ ရက် နံနက်အရုဏ်တက်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့ကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေး၍ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် တစ်ချိန်တည်းလိုပင် ကြိုးပေးခဲ့သည်။ စိန်ကြီးသည် ကြိုးပေးခံရမည့်ညကတည်းက ”နောက်နေ့ကျရင် တို့ခရီးရှည်ကြီးသွားကြရတော့မယ်” ဟု နောက်ပြောင်နေသည်။ သူ၏ ရှိသမျှ ငွေ၊ ပစ္စည်းလေးများကိုထုတ်၍ သူ့ရည်းစားထံပို့ပေးပါဟု မှာကြားခဲ့သည်။ အချစ်သစ် ဖန်တီး၍ ဘဝသစ်ထူရစ်တော့ဟုလည်း အမှာစကားထားခဲ့သည်။ ဤသို့ဖြင့် ဆရာတင်မှားမိသော လူငယ်လေးနှစ်ဦး၏ဘဝသည် အကျည်းတန်စွာနိဂုံးချူပ်ခဲ့ရလေပြီတည်း—-
ဤလူငယ်လေးများ၏ အဖြစ်အပျက်ကို သင်ခန်းစာယူ၍ လူငယ်တိုင်းဘ၏တွင် ပတ်ဝတ်းကျင်ကောင်း၊ ဆွေမျိုးကောင်း၊ ဆရာကောင်းတို့၏ အခန်းကဏ္ဍမည်မျှအရေးပါသည်ကို သိသာနိုင်ပါသည်။ လူငယ်များ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို မိမိကိုယ်ကျိုးအတွက် လွဲမှားစွာအသုံးချမည့်ဆရာမိုက်နှင့်တွေ့ခဲ့ပါက ဘဝတစ်လျှောက် မှောက်မှား ရပေလိမ့်မည်။
ဆရာတင်မှားမိသဖြင့် ဖခင်ရင်းကို နန်းချနှိပ်စက်ခဲ့သော အဇာတသတ်မင်းသား၊ မိခင်ကို ဓားနှင့်လိုက်ခဲ့သော အင်္ဂုလိမာလတို့သည် ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် သင်ခန်းစာယူကြရမည့် လူငယ် ဇာတ်လိုက်လေးများပင်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း ရဲဘော်ကိုထွေးနှင့် ရန်ကြီးအောင်တို့ကဲ့သို့ နှိုင်းယှဉ်သင်ခန်းစာယူရမည့် လူငယ်လေးတွေ များစွာရှိခဲ့ပါသည်။ တစ်ချိန်က ဗမာပြည်ကွန်မြုနစ်ပါတီတောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝါဒမှိုင်းမိသွားရသော လူငယ်များကို သတိရကြစေချင်ပါသည်။ မိကောင်းဖခင်သားသမီး၊ မျိုးကောင်းရိုးကောင်း ပညာတတ်လူငယ်လေးများ တောတွင်းမှာ ရင်နင့်စဖွယ် ဘဝဆုံးခဲ့ကြရသည်။ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။ သာဓကများသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရတော့မည်မဟုတ်သော လူငယ်တို့အတွက် ဖြစ်ရပ်မှန်သင်ခန်းစာများပင်၊ လူငယ်တို့သည် ဤအဖြစ်အပျက်များကို လေ့လာဆင်ခြင်ပြီး မိမိတို့၏ စွမ်းရည်နှင့် သတ္တိဗျတ္တိကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်နိုင်မည့် ဆရာကောင်းကို ရွေးချယ်တတ်ဖို့လိုပါလိမ့်မည်။ မိမိပိုင်ဆိုင်သည့် ပညာရည်နှင့်ပင်ကိုယ်ရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တို့ကို မိမိပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အသုံးတည့်နိုင်ဖို့ ကြိုးစားကြရပါမည်။ ရဲရင့်ပြောင်မြောက်ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ သစ္စာရှိခြင်းတို့နှင့် ပြည့်စုံသော သူရဲကောင်းလေးများဖြစ်ရန် မှန်ကန်သောပျိုးထောင်မှု လိုအပ်လှသည်။ မိမိအရည်အချင်းကို တောက်ပြောင်အောင်သွေးပေးမည့် ဆရာကောင်းနှင့်လည်း ကြုံရမည်။ မိမိကိုယ်မိမိလည်း အစဉ်အမြဲလေ့ကျင့်ပျိုးထောင်နေရပါမည်။ ယနေ့လူငယ်တိုင်းသည် ဘာသာရေးသမိုင်း၊ နိုင်ငံရေးသမိုင်းများမှ လူငယ်တို့အကြောင်းကို ရှာဖွေဖတ်ရှုလေ့လာ၍ ဆရာကောင်းထံနည်းခံ၊ လမ်းမှန်ကိုလျှောက်၊ လူငယ်တစ်ယောက်၏ဘဝကို လှပစွာ ဖန်တီးနိုင်ကြစေရန် ရည်သန်ပြဌာန်း ကြိုးပမ်းကြဖို့ အရေးကြီးသော အချိန်ရောက်နေပါပြီဟူ၍သာ …..။
မာမာ (ရှေးဟောင်းသုတေသန)
ရတနာပုံသတင်းစာ – အတွဲ (၆) အမှတ် (ဝ၇၆) ၁၃၅၉ ခုနှစ် ဝါဆိုလဆန်း (၁၁)ရက် (၁၅.၇.၁၉၉၈) အင်္ဂါနေ့၊ စာမျက်နှာ ၈
ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Comments