မေလ ၂၀၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
ဥက္ကံမြို့  ကျွဲပုန်းလေး ကျေးရွာနေ ဒေသခံ တစ်ဦးကို M-Media မှ သိလိုသမျှ မေးမြန်းချက်များကို ယခုလို ပြောပြခဲ့ပါသည်။
“ပထမဆုံး ဧပြီလ ၃၀ရက်နေ့ ညနေ ၅နာရီ လောက်မှာ လူတွေစုပြီး လာကြတယ်၊ စလာကတည်းက ဗလီကိုလာပြီး ခဲတွေနဲ့ ၀ိုင်းပြီး ထုကြတယ်၊ ပြီးတော့ မီးရှိဲ့ကြတယ်၊ လူအုပ်က ပထမ ၃၀၀၊ ၄၀၀လောက် ရှိတယ်၊ နောက် အနောက်ကနေ တက်လာတာနဲ့ဆိုရင် ထောင်ချီ ရှိတယ်၊ ၊ ဒီလမ်းမ အတိုင်းပဲ တက်လာတာ ဆိုတော့ ဟိုဘက် ကွင်းပြင်မှာနေတဲ့ သူတွေက မြင်ရတယ် ယောက်င်္ကျားလေးတွေရော၊ အမျိုးသမီး အချို့ တ၀က်လည်း ပါတယ်၊ အဲဒီ လူအုပ်ကြီးထဲက လူတွေက ဟေးးးးး လူတွေ ရှောင်ပေးကြလို့ အော်ပြောတယ်၊ အဲဒါနဲ့ ကျွန်မတို့လည်း ကွင်းထဲကို ရှောင်ပြေး နေကြရတယ်။
ည ၁၀နာရီလောက်ကြတော့ ကျွန်မတို့ လယ်ကွင်းထဲကနေ ပြန်တက်လာတော့ ဒီမှာ တော်တော်များများ အိမ်တွေ ပြာဖြစ်ကုန်ပြီ၊ လောင်တဲ့ ဟာတွေလည်း လောင်နေကြတုန်းပဲ၊ ဘာမှမကျန်တော့ပဲ ၊နောက် ခုလို နေစရာမရှိအောင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရလောက်အောင် အားလုံးလောင်ကျွမ်း ကုန်တယ်၊ နောက် နှစ်ရက်လောက်နေတော့ တစ်ခါသူတို့က လူစုဝေးပြီး ည ၆နာရီက လာကြတယ်၊ ကျွဲပုန်းလေး ဥက္ကဌ ရွာကနေပြီးတော့ လူအစုအဝေးနဲ့ တက်လာကြတယ်၊ လူအယောက် လေးရာလောက်ရှိမယ်၊ ဟိုဘက်ရွာတွေကဆို မျက်နှာသိတွေပဲ၊ နှစ်ရွာ တစ်ရွာနေတဲ့ အခါကြတော့ ကောင်းကောင်း မှတ်မိတယ်၊ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် ကူးလူး ဆက်ဆံကြပါတယ်၊ ခင်ကြပါတယ်၊
ဒီနားက ကျွဲပုန်းလေး မူလတန်းကျောင်းလေ အကုန်လုံး ဟိုဘက်ရွာ ဒီဘက်ရွာက ကလေးတွေ တစ်ကျောင်းထဲ အတူတက်လာကြတာ၊ သူငယ်ချင်း အပေါင်းအသင်းလိုပဲ နေကြတာ၊ သာရေးဆိုလည်း သွားကြတယ်၊ နာရေးဆိုလည်း သွားကြတယ်၊
အခုတော့ အဆက်အဆံ မရှိတော့ဘူး၊ သူတို့လည်း မလာဘူး၊ ကိုယ်လည်း မသွားဘူး၊ ပထမ အကုန်ကောင်းတယ်၊ ဘာမှ ရန်စလည်း မရှိဘူး၊ အခုမှသာ ဒီကိစ္စမှသာ၊ ကျွန်မတို့လည်း မမျှော်လင့်ဘူး၊ သူတို့ လာမယ်ဆိုတာလည်း လုပ်မယ်ဆိုတာလည်း မမျှော်လင့်ဘူး၊ အဲဒီမှာ စစ်တပ်က သေနတ် သုံးချက်ဖောက်လိုက်တော့ သူတို့ နောက်ဆုတ်သွားကြတယ်၊ စစ်တပ်က ဒီမှာ ကင်းချပေးတယ်၊ မင်းတို့ဘာမှ မဖြစ်ဘူး နေကြလို့ ပြောတယ်၊ အဲဒီကနေ ခုထိ အေးအေးဆေးဆေးတော့ ဖြစ်သွားပါတယ်၊ ဒီရွာမှာ စုစုပေါင်း အိမ်ခြေ (၆၄) အိမ်ရှိတယ်၊ မီးရှို့ခံရလို့ ပါသွားတာက (၄၉) အိမ်ပါ၊ လူဦးရေ ကလေး၊ လူကြီး အားလုံးပေါင်း နှစ်ရာကျော် ရှိပါတယ်၊ ဒီရွာမှာက ဗုဒ္ဓဘာသာဝင် တစ်ဦးမှ မရှိပါဘူး၊ အားလုံး အစ္စလာမ်ဘာသာဝင်တွေ ကြီးပါပဲ။ ခုလို လာရောက်လှူဒါန်းကြတဲ့ အလှူရှင်တွေကြောင့် နေရ၊ ထိုင်ရ၊ စားရတာ အဆင်ပြေနေပါတယ်၊ အိမ်တစ်လုံး မရှိတာပဲ ပြောစရာ ရှိတာပါ၊ အခုတော့ အိမ်တွေ ဘာတွေဆောက်နေပါပြီ၊ အလုပ်ကတော့ အခု ဘာမှမရှိသေးဘူး။
အရင်တုန်းက ဒီအဖြစ်အပျက်တွေ မဖြစ်ခင်က ကျွန်မတို့ ယောက်င်္ကျားတွေက နွားပွဲစား လုပ်ကိုင်ပါတယ်၊ ကျွန်မတို့ ရွာက အိမ်တော်တော်များများက တိုက်ဆောက်ထားတဲ့သူလည်း ဆောက်ထားတယ်၊ ပျဉ်ထောင်အိမ် ဆောက်တဲ့သူလည်း ဆောက်ထားတယ် အားလုံး အိမ်အမြင့်တွေကြီးပဲ၊ အိမ်ကြီး အိမ်ကောင်းတွေများပါတယ်၊ လူတွေတော့ ထိခိုက်အောင် ရန်မရှာခဲ့ပါဘူး၊ အိမ်တွေကိုပဲ ဖျက်ဆီးသွားတာပါ၊
အခု ကလေးတွေ ကျောင်းအပ်ဖို့ ကိစ္စက ကျွန်မတို့ စိုးရိမ်ပြီး တော်တော်စဉ်းစားရပါတယ်၊ ကျွန်မ သမီးလေးက ၁၂နှစ် ဒီနှစ် (၇)တန်းတက်မှာပါ၊ ရွာမှာက မူလတန်းကျောင်းပဲ ရှိတာပါ၊ အထက်တန်းဆိုတော့ မြို့ထဲမှာ ကျောင်းသွားတက်ရတာပါ၊ ကလေးကို ကျောင်းအပ်ဖို့ အစီအစဉ်ရှိပေမယ့် စဉ်းစားနေရပါတယ် စိုးရိမ်စိတ်ကြောင့်ပါ၊ လူအုပ်ကြီးထဲက လူတွေရှောင်ပေးကြလို့ အော်သံတွေကြားတော့ ကလေး၊ လူကြီး၊ အသက်အရွယ်ကြီးတဲ့၊ လူမမာ မကျန်းမာတဲ့သူ အားလုံး တွဲခေါ်ပြီး ပြေးရတာပါ၊ တန်ဖိုးကြီး ပစ္စည်းတွေ၊ မှတ်ပုံတင်တွေ၊ စာရွက် စာတမ်းတွေ ဘာမှ မယူဖြစ်ဘူး လူပဲ ကိုယ်လွတ်ရုန်းပြီး ချောင်းကမ်းပါးက ကွင်းပြင်ကြီးထဲ ပြေးကြရတာပါ၊ ဗြုန်းခနဲဆိုတော့ ဒီလို ဖြစ်မယ်လို့ ကျွန်မတို့ မထင်ဘူးလေ၊သူတို့ လာပြီး ဖျက်ဆီးကြတဲ့ အချိန်မှာတော့ ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး၊ အားလုံး ရှောင်ပြေး နေရတာ၊ ည ၁၀နာရီလောက် ကျွန်မတို့ ပြန်ဝင်လာတော့ ဒီမှာအားလုံး ပြာဖြစ်ကုန်ပြီ၊ လောင်နေတဲ့ ဟာလည်း လောင်နေတယ်၊ မီးကို ၀ိုင်းသတ်ကြည့်တယ်၊ ပြန်ပြန်ပြီး လောင်နေတာပဲ၊ သုံး၊ လေး ရက်လောက်ကို လောင်တယ်၊ နောက်ပိတ်ဆုံး မီးသတ်ကားလာပြီးတော့ ရေဖြန်းသွားတယ်၊ အခုလို မထင်မှတ်ဘဲ ဒုက္ခရောက်တဲ့ အချိန်မှာ လာရောက်လှူဒါန်းသူတွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ် ” ဟု M-Media သို့ပြောသည်။
Comments