ပြီးခဲ့တဲ့ သောကြာနေ့ အော်စလိုမြို့ အစိုးရရုံးတွေကို ဗုံးခွဲခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး၊ အော်စလိုအနီး အူးတိုယား ကျွန်းလေးပေါ်မှာ လူငယ် ၈၆ ယောက် ကို
ပစ်သတ်ခဲ့တဲ့ လူသတ်သမား ဘရီဗစ်ခ် (Anders Behring Breivik) ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းက နာရီနဲ့အမျှ အံဩထိတ်လန့်စရာ ဖြစ်လာသည်။
အသက် ၃၂ နှစ်ရှိ နော်ဝေနိုင်ငံသား ဘရီဗစ်ခ်က ယခုလို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကိုးနှစ်ကြာ အချိန်ပေးစီစဉ်ခဲ့ရကြောင်း၊ ရဲကို ၀န်ခံပြောခဲ့သည်။ အကြီးအကျယ် တိုက်ခိုက်မှုနှစ်ခုကို တကိုယ်တော် မလုပ်ခင်လေးမှာပဲ၊ အင်တာနက် အီးမေးလ်တွေကနေ သူရေးထားတဲ့ စာမျက်နှာ ၁၅၁၆ ရှိ ကြေငြာစာတမ်း (manifesto) တစ်ခုကို လူ ၅၇၀၀ ဆီ ဖြန့်ဝေခဲ့သည်။ စာတမ်းရဲ့ ခေါင်းစဉ် က “၂၀၈၃ ခုနှစ်၊ ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” (2083- A European Declaration of Independence) ဟု ဖြစ်သည်။
ဘရီဗစ်ခ် ရဲ့ ပြောဆိုချက်များအရ ယခုလို သတ်ဖြတ်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ငွေရှာဖွေ စုဆောင်းခဲ့ရပြီး၊ အသက် ၇၀ ကျော် သူ့မိခင်ရဲ့ အခန်းမှာ ခြိုးခြံချွေတာနေထိုင်ခဲ့သည်။ သူ့ရည်ရွယ်ချက်ကို ဆွေမျိုးနဲ့ သူငယ်ချင်းမိတ်ဆွေတွေ မရိပ်မိအောင် သိုသိုသိပ်သိပ် နေခဲ့သည်။ အဲဒီအချိန်တွေအတွင်း အစ္စလာမ်ဘာသာ ဆန့်ကျင့်ရေး ၀ဘ်ဆိုဒ်တွေ လုပ်ခဲ့ပြီး၊ သေနတ် ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်ဖို့နဲ့ ဗုံးထောင်နည်းကို အချိန်ပေး လေ့လာခဲ့သည်။ ဘရီဗစ်ခ် က ဥရောပ တက္ကသိုလ်တစ်ခုမှ အွန်လိုင်းဖြင့် စီးပွားရေး စီမံခန့်ခွဲမှု ဘွဲ့ရယူထားသူလည်း ဖြစ်သည်။

ရဲဝတ်စုံ၊ ပြည်သူ့စစ်ယူနစ်ဖောင်း၊ နော်ဝေရိုးရာဝတ်စုံ မျိုးစုံကို ဗြူတီပါလာတွေမှာ စနစ်တကျ ၀တ်ပြီး၊ သူ့ဓာတ်ပုံတွေကို ၀ဘ်ဆိုဒ်တွေပေါ် တင်တတ်သည်။ နောက်ဆုံး အော်စလို အရှေ့ဘက် လယ်ယာခြံကြီးတစ်ခုထဲ အထီးကျန်နေထိုင်ရင်း ဗုံးလုပ်ဖို့ အမိုးနီးယား နိုက်ထရိတ်မြေဩဇာတွေ ၀ယ်ယူပြီး ယမ်းတွေဖော်စပ်နေခဲ့သည်။
သူ့ရေးတဲ့ “၂၀၈၃ ခုနှစ်- ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” မှာ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အိုင်ဒီအိုလော်ဂျီကို ဖော်ပြထားတာက ခရစ်ယာန် အခြေခံဝါဒသစ်ကို ပြန်လည်ထူထောင်ဖို့ ဖြစ်သည်။ အစ္စလာမ် ကိုလိုနီပြုလာမှု၊ မာက်စ်ဝါဒနဲ့ လူဖြူမဟုတ်သူများရဲ့ အန္တရာယ်၊ ဥရောပကို ရောက်ရှိလာတဲ့ ပဒေသာစုံယဉ်ကျေးမှု (multiculturalism) တို့ရဲ့ အန္တရာယ်တွေကို တားဆီးကြဖို့ သူ့စာတမ်းမှာ ရေးထားသည်။
စာမျက်နှာ တစ်မျက်နှာချင်းစီမှာ သူ့ရဲ့ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းပေါ်ထားတဲ့အမြင်တွေ အသေးစိပ် ရေးထားသည်။ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နယ်နမိတ်ဖြတ် နိုင်ငံစုံအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားသည်။ နော်ဝေ လက်ျာဂိုဏ်း တိုးတက်ရေးပါတီကို ပျော့လွန်းသည်ဟု ဝေဖန်ထားပြီး၊ အာဏာရ လေဘာပါတီကို ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်ရမည်ဟု ဆိုသည်။ သူ့စာတမ်းအရ ဘရီဗစ်ခ် ကို ခရစ်ယာန် အခြေခံဝါဒီနှင့် လက်ျာ အစွန်းရောက်ဝါဒီ အဖြစ် နော်ဝေ အာဏာပိုင်များက သတ်မှတ်လိုက်သည်။
ဘရီဗစ်ခ် ရဲ့ အစ္စလာမ်၊ မက်စ်ဝါဒီနဲ့ လူဖြူမဟုတ်သူတွေအပေါ်ထားတဲ့ အစွန်းရောက် အမုန်းတရားက နော်ဝေနဲ့ ဥရောပရဲ့ လူမျိုးရေးပြဿနာတွေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းများနဲ့အတူ နှစ်စဉ် နိုဘယ်ဆုချီးမြှင့်မှုကြောင့် ဂုဏ်သိက္ခာထည်ဝါခဲ့ရတဲ့ နော်ဝေ အတွက် လူ ၉၀ ကျော် သေဆုံးခဲ့တဲ့အပြင်၊ ငြိမ်းချမ်းရေး သင်္ကေတကိုပါ အမည်းစက် စွန်းထင်းခဲ့ရသည်။
ပြင်သစ်မှာ နေထိုင်နေတဲ့ ဘရီဗစ်ခ် ရဲ့ ဖခင်၊ ဗြိတိန်ဆိုင်ရာ နော်ဝေသံမှုးဟောင်းက ၁၉၉၅ ခုနှစ် ကတည်းက သူ့သားနဲ့ အဆက်အသွယ်မရှိခဲ့ကြောင်း၊ ဘရီဗစ် တစ်နှစ်သား ကတည်းက လင်မယား ကွဲသွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
ခရစ်ယာန် အခြေခံဝါဒသစ် ထူထောင်ရေး၊ လူဖြူ ကာကွယ်ရေး၊ ဥရောပမြေမှ အစ္စလာမ်တွေ မောင်းထုတ်ရေး၊ မက်စ်ဝါဒ လက်ကျန်ချေမှုန်းရေးတို့အတွက် ‘ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း’ ကိုရေးသားသူ လူသတ်သမား ဘရီဗစ်ခ် ကို အော်စလိုမြို့တရားရုံးတွင် တနင်္လာနေ့မှာ ရုံးထုတ်ပြီး တံခါးပိတ် စစ်ဆေးခဲ့သည်။
တရားသူကြီး Kim Heger က သတင်းစာရှင်းလင်းရာတွင် ဘရီဗစ်ခ် ကို လူသတ်မှု၊ အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်းနှင့် အစိုးရကို မတည်ငြိမ်အောင် လုပ်မှု၊ လူထုကို ကြောက်လန့်အောင်လုပ်မှု စတဲ့ ပြစ်မှုတွေနဲ့ အရေးယူဖို့ ရှိသည်ဟု ဆိုသည်။ နောက် ဘရီဗစ်ခ် မှာ တကိုယ်တော်မဟုတ်ဘဲ၊ သူ့နောက်တွင် အကြမ်းဖက်အဖွဲ့အစည်း နှစ်ဖွဲ့လောက် ရှိနိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။

သို့သော် ဘရီဗစ်ခ် ကတော့ သူ့တွင် အပြစ်ရှိတယ်လို့ ၀န်မခံကြောင်းနှင့် နော်ဝေမှာ မူဆလင်တွေ ဩဇာကြီးလာအောင် ခွင့်ပြုတဲ့ လေဘာပါတီကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နော်ဝေနှင့် ဥရောပကို မက်စ်ဝါဒနှင့် အစ္စလာမ် ရန်ကနေ ကယ်တင်ဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောဆိုသည်ဟု ဆိုသည်။
Source: IHT & FP
Comments