ဇွန် ၅ ၊ ၂၀၁၃
ဆောင်းပါးရှင်-အောင်တင်
PR (Proportional Representation) ရွေးကောက်ပွဲစနစ်ဆိုတာ တစ်နိုင်ငံလုံးက မဲပေးပွဲတွေ အကုန်ပြီးလို့ ပါတီအလိုက်ရတဲ့ မဲတွေစုစုပေါင်းကို မဲဆန္ဒနယ်မြေတွေ အားလုံးပေါင်းစည်း တွက်ချက်ပြီးမှ ပါတီတစ်ခုချင်းက ရထားတဲ့ စုစုပေါင်း မဲအချိုးအလိုက် အမတ်ခွဲတမ်း ချပေးတဲ့စနစ်ဖြစ်တယ်။ ပါတီတွေက မိမိရတဲ့ အမတ်ဦးရေအလိုက် မိမိပါတီသဘောကျ အမတ်အမည်စာရင်းကို အပြီးသတ် ရွေးချယ်တဲ့စနစ်ရှိသလို၊ မိမိပါတီတွင်းက လူထုထောက်ခံမဲ ပိုရသူတွေကိုသာ သက်ဆိုင်ရာ ပါတီရဲ့ ခွဲတမ်းဘောင်အတွင်းက ပေးအပ်တာမျိုးလည်း ရှိပါတယ်။ စနစ်ဟောင်းလို မဲပေးပြီးတာနဲ့ အနိုင်ရသူ ဦးဖြူ ဦးနီဆိုပြီး ချက်ချင်းမသိနိုင်လို့ အားရစရာ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။
PR စနစ်သစ်ကို မြန်မာပြည်သူတွေ အတွေ့အကြုံ မရှိသေးတဲ့အတွက် ရှုပ်ထွေးတယ်လို့ ပြောကြပေမဲ့ တစ်ကယ်တော့ မဲပေးရတဲ့ ပြည်သူတွေအဖို့က မဲပေးတဲ့အခါမှာ ရှုပ်ထွေးစရာ အကြောင်းမရှိပါဘူး။ စနစ်ဟောင်းအတိုင်းဘဲ ကိုယ်ကြိုက်တဲ့ ပါတီ (သို့မဟုတ်) ကိုယ်ကြိုက်တဲ့လူ (ပါတီအမည်နဲ့ တွဲထားပေးတယ်)ကိုဘဲ မဲခြစ်လိုက်ရတာပါဘဲ။ ထူးခြားတာက စနစ်ဟောင်းလို ဒီမဲရုံမှာ မဲနိုင်တိုင်း အမတ်တန်းမဖြစ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မဲတွေပေါင်းပြီးမှ မဲရတဲ့ရာခိုင်နှုံးအရ အမတ်ခွဲတန်းရတာမို့ မဲဆန္ဒနယ်မြေတစ်ခုမှာ နိုင်လိုက်တိုင်း အမတ် ချက်ချင်းမဖြစ်ပါဘူး။ PR စနစ်ကို တိုင်းပြည်တွေရဲ့ အခြေအနေအလိုက် အနည်းငယ်ခြားနားပြီး ကျင့်သုံးတာမျိုးလည်း ရှိပေမဲ့ အခြေခံသဘောက အတူတူဖြစ်ပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ BV (Bloc Voting or Winner Takes All) ရွေးကောက်ပွဲစနစ်က မဲဆန္ဒနယ်မြေမှာ တစ်မဲအသာနဲ့ဘဲ နိုင်နိုင် နိုင်တဲ့လူကို ချက်ချင်းရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကျင့်သားရတဲ့ စနစ်ဖြစ်ပါတယ်။ နိုင် ပြုံး၊ ရှုံး မှိုင်၊ ရော့ ပတ္တမြား၊ ရော့ နဂါးစနစ်ဖြစ်တယ်။
ဘယ်စနစ်မဆို အားသာချက် အားနဲချက်ရှိတတ်တာမို့ အသစ်ပုံစံဖြစ်တဲ့ PR စနစ်သစ်ကို သုံးသုံး၊ လက်ရှိကျင့်သုံးနေတဲ့ BV စနစ်ဟောင်းကို သုံးသုံး အကျိုး အပြစ်၊ အားသာချက်၊ အားနဲချက်က နှစ်မျိုးလုံးမှာ ရှိပါတယ်။ အကျိုးချည်းဘဲ ရှိတဲ့စနစ်၊ အပြစ်ချည်းဘဲ ရှိတဲ့စနစ်ဆိုတာ လောကမှာ မရှိစကောင်းပါဘူး။ ရောဂါပျောက်အောင် သောက်တဲ့ဆေးမှာတောင် ဘေးထွက် ဆိုးကျိုးဆိုတာ ရှိနေတတ်ပါတယ်။
သို့သော် ဘယ်စနစ်ကို ကြိုက်သလဲဆိုတာက ဘယ်စနစ်ကို သုံးရင် ကိုယ့်ပါတီက ပိုအကျိုးရှိမလဲဆိုတဲ့ ပေတံနဲ့ တိုင်းပြီး နိုင်ငံရေးပါတီတွေက ကြိုက်တယ်၊ မကြိုက်ဘူးပြောကြတာကိုး။ ဒါကြောင့် ပါတီအသီးသီးက မိမိအကျိုးစီးပွါးအလိုက် ကြိုက်သူရှိသလို မကြိုက်သူရှိကြမှာပါ။ တစ်ကယ်တော့ နိုင်ငံရေး ပြသနာဆိုတာ အရင်းစစ်ရင် အကျိုးစီးပွါး ပြသနာကို လူကြားကောင်းအောင် နိုင်ငံရေးဆိုတဲ့ နာမည်လှလှလေး ပေးထားတာဘဲ မဟုတ်ပါလား။ လူထုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံနဲ့ လူတစ်စုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံ တူနိုင်ပါ့မလား။
ယနေ့ပြောနေကြတဲ့ ရွေးကောက်ပွဲ စနစ်သစ်PR အကြောင်းကို နားလည်လွယ်အောင် ဥပမာပေးကြည့်ချင်ပါတယ်။ တစ်ကယ်လို့ PR စနစ်သစ်ကိုသာ ၁၉၉၀ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့မယ်ဆိုရင် အင်အယ်လ်ဒီက အမတ်နေရာ ၈၂%ကို ရခဲ့မှာ မဟုတ်ဘူး။ သူ့နောက်က လူထုထောက်ခံမဲ အရေအတွက် ကပ်လိုက်နေတဲ့ တစညကလည်း လူထုထောက်ခံမဲ ရသလောက် အမတ်နေရာ ခွဲတမ်းရမှာမို့ အင်အယ်လ်ဒီက အမတ် ၄၅%သာ ရပြီး (၈၂% မရတော့ဘူး။) ရွေးကောက်ပွဲ စနစ်ဟောင်းအရ မဲအပြတ်ရှုံးနေတဲ့ တစညက ရွေးကောက်ပွဲ စနစ်သစ်မှာ အမတ် ၃၅% ရသွားနိုင်တဲ့အတွက် အပြတ်ရှုံးမဲ့အစား အင်အယ်လ်ဒီကို ပုခုန်းချင်း ယှဉ်နိုင်မယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ စနစ်ဟောင်းအရ အမတ်အင်အားချိနဲ့သွားခဲ့တဲ့ တစညဟာ စနစ်သစ်အရ သူ့ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်မှာ အင်နဲ့အားနဲ့ ဆက်လက်ကိုယ်စားပြု ထမ်းဆောင်ခွင့် ရသွားမှာဖြစ်တယ်။
တစ်ဖန် ၁၉၉၀ရွေးကောက်ပွဲကို စနစ်သစ်အရ ကျင်းပခဲ့ပြီး အင်အယ်လ်ဒီက အမတ်များဆဲမို့ အစိုးရသာဖွဲ့ခွင့် ရခဲ့မယ်ဆိုရင်လည်း အမတ် ၄၅%သာရတော့တဲ့ အင်အယ်လ်ဒီက သူ့တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်တဲ့အတွက် အစိုးရဖွဲ့ဖို့ ပါတီငယ်တွေရဲ့ ထောက်ခံမှုကို ယူရမယ်။ ဒါကြောင့် ပါတီငယ်တွေရဲ့ ဆန္ဒသဘောထားကို အစိုးရဖွဲ့မဲ့ ပါတီကြီးက မလဲမသွေ ထဲ့စဉ်းစားပေးရမှာမို့ PR စနစ်ကို အားကောင်းတဲ့ ပါတီကြီးတွေက ကြိုက်တတ်တဲ့ သဘောမရှိဘူးလို့ ပြောနိုင်တယ်။ ဒီအတိုင်းဘဲ အားနည်းတဲ့ ပါတီငယ်တွေက မိမိရဲ့ လူထုထောက်ခံမှု တစ်မဲကိုတောင် အလဟသမဖြစ်စေတဲ့ စနစ်သစ်ကို ပိုကြိုက်တတ်တဲ့ သဘောရှိတယ်လို့ ပြောနိုင်ပါတယ်။
နောက်ဥပမာတစ်ခု ထပ်ပေးပါမယ်။ တစ်ချို့ပါတီတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားကြီးပါတီ မဟုတ်သော်လည်း သူတို့ကို ထောက်ခံတဲ့ပြည်သူတွေက နိုင်ငံအနှံ့ မဲဆန္ဒနယ်မြေ အများအပြားမှာ အထိုက်အလျောက် ရှိနေတယ်ဆိုပါစို့။ အဲဒီလို ပါတီမျိုးတွေဟာ စနစ်ဟောင်းအတိုင်းသွားရင် လာမဲ့ရွေးကောက်ပွဲမှာ သူတို့တွေဟာ သူတို့ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲ ၁၀%၊ ၂၀%၊ ၃၀%ကနေ ၄၉%လောက်ဘဲရနေရင် လူထုထောက်ခံမှု တစ်စုံတစ်ရာ ရှိပင်ရှိနေငြားသော်လည်း တစ်ကယ်တန်းကျတော့ အမတ်တစ်ယောက်မှ မရဘဲ မျိုးပြုတ်သွားမဲ့ အန္တရာယ်ရှိနေပါတယ်။ PR ရွေးကောက်ပွဲ စနစ်သစ်အရဆိုရင် သူတို့ရခဲ့သမျှမဲ ၂၀%ဖြစ်ဖြစ်၊ ၅%ဖြစ်ဖြစ်၊ ၁%ဘဲဖြစ်ဖြစ် ရသလောက်မဲတွေကို နောက်ဆုံးမှာ စုပေါင်းလိုက်ပြီး ရတဲ့အချိုးအတိုင်း အမတ်ခွဲတမ်းရမှာဆိုတော့ မျိုးမပြုတ်တော့ဘဲ အမတ်အနဲဆုံး တစ်ယောက်ဖြစ်ဖြစ် ရနိုင်တဲ့ အခွင့်အလန်းရှိနေနိုင်တယ်။
တစ်ကယ်လို့ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးသိန်းညွန့်တို့လို ပါတီတွေက သူတို့ရဲ့အနေအထားက အဲဒီလို အခြေအနေမျိုးမှာ ရှိနေတယ်လို့ ယုံကြည်ကြရင် အနယ်နယ် အရပ်ရပ်သော မဲဆန္ဒနယ်မြေတွေက လူထုထောက်ခံမှုမဲ စုစုပေါင်းအပေါ်မှာ မူတည်ပြီး အမတ်ခွဲတမ်းချပေးတဲ့ စနစ်သစ်ကို သဘာဝကျစွာဘဲ ထောက်ခံကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ စနစ်ဟောင်းအတိုင်းသွားရင် အမတ်တစ်ယောက်မှ မရတဲ့အနေအထားကနေ စနစ်သစ်အရ အမတ်အချို့ကို ရလာနိုင်ကြမယ်။ ဒါမှလဲ သူတို့ပါတီရဲ့ မူဝါဒကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်မှာ ကိုယ်စားပြု ပြောဆိုနိုင်ခွင့် ရလာမှာဖြစ်ပါတယ်။
တစ်ချို့ပါတီတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတိုင်းအတာနဲ့ဖြစ်ဖြစ် မဲဆန္ဒနယ်မြေတွေမှာ ဖျမ်းမျှခြင်းအားဖြင့် မဲပေးသူ အများစု (သို့မဟုတ်) တစ်ဝက်ကျော်က သူတို့ကို ထောက်ခံနေကြတယ်လို့ ယုံကြည်ကြရင် တစ်မဲပိုရတာနဲ့ အမတ်ဖြစ်သွားတဲ့ လက်ရှိစနစ်ကို ပိုကြိုက်ကြမှာဖြစ်တယ်။ ဒါမှလည်း သူတို့ပါတီက အခြားပါတီငယ်တွေကို မဲရတဲ့အရေအတွက် အချိုးအရ အမတ်ခွဲတန်း ခွဲဝေပေးစရာမလိုဘဲ အမတ်အင်အားများများ သပိတ်ဝင် အိတ်ဝင် ချက်ချင်းရလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ အင်အားကောင်းနေတဲ့ အင်အယ်လ်ဒီ အပါအဝင် ဒေသဆိုင်ရာမှာ လူထုထောက်ခံမှု အားကောင်းတဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်စတဲ့ ပါတီတွေက လက်ရှိမဲပေးပုံစနစ်ကိုဘဲ ကြိုက်ကြမယ်ဆိုရင် သဘာဝ ကျပါတယ်။ တစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေကို အင်အားကောင်းကောင်း အရှိန်အဟုန်နဲ့ လုပ်နေချင်တဲ့ အင်အယ်လ်ဒီအတွက်ကတော့ စနစ်ဟောင်းက သူ့အတွက် ပိုလက်တွေ့ကျနေပါတယ်။ ဒါကြောင့်လဲ တနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲစနစ်သစ်PRကို လက်မခံနိုင်ကြောင်း၊ စနစ်ဟောင်းကိုဘဲ ကြိုက်ကြောင်း အင်အယ်လ်ဒီအမတ် ဦးဝင်းထိန် ပြောခဲ့ပါတယ်။
ဆိုတော့ လာမဲ့ရွေးကောက်ပွဲက စနစ်ဟောင်းအတိုင်း သွားမလား။ စနစ်သစ်ကို ရွေးမလားဆိုတာ တွက်ချက်ကြည့်ရအောင်။
ဒီအခါမှာ ရွေးကောက်ပွဲစနစ်ကို ဘယ်သူက ဆုံးဖြတ်ရွေးချယ်နိုင်ခွင့် ရှိသလဲဆိုတဲ့ မေးခွန်းကို အရင်ဆန်းစစ်ဖို့ လိုလာပါပြီ။
တိုတိုပြောရရင် လက်ရှိ အနေအထားအရ ကြံ့ဖွံ့က တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားတာဖြစ်လေတော့ ဘယ်စနစ်ကို ရွေးမလဲဆိုတာ ကြံ့ဖွံ့ပေါ်မှာဘဲ လုံးလုံးလျားလျားတည်နေတယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ဒါကြောင့် ကြံ့ဖွံ့က သူ့အတွက် ဘယ်စနစ်ကအကျိုးရှိမလဲ၊ အကျိုးဆုတ်မလဲ ဆိုတာပေါ်မှာ မူတည်ပြီး မဲပေးပုံစနစ်ကို လာမဲ့ရွေးကောက်ပွဲမှာ ရွေးချယ်ကျင့်သုံးမှာက သေချာနေပါတယ်။
ကြံ့ဖွံ့ ဘယ်လိုတွက်မလဲဆိုတာကို ဆက်စဉ်းစားကြရအောင်။
(၁) တစ်ကယ်လို့ လာမဲ့၂၀၁၅ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက ၁၉၉၀ရွေးကောက်ပွဲတုန်းကလို၊ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို တစ်မဲအသာနဲ့ဖြစ်ဖြစ်၊ မဲအပြတ်နဲ့ဘဲဖြစ်ဖြစ် မဲဆန္ဒနယ်တွေမှာ သိမ်းကြုံးအနိုင်ယူနိုင်တဲ့ အနေအထားရှိနေတယ်လို့ ကြံ့ဖွံ့က ယုံကြည်ရင် ဘယ်နိုင်ငံရေးပါတီက ကိုယ့်သေလမ်းကိုယ်ရွေးပြီး ကိုယ့်အမတ်တွေ မျိုးပြုတ်ကုန်မဲ့ စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေမှာလဲ။ Do or Die ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဟန့်တားကာကွယ်ဖို့က တစ်နိုင်ငံလုံးမှာ လူထုထောက်ခံမှု အင်အားအတော်အသင့်ရှိနေတဲ့ ကြံ့ဖွံ့အတွက် ရွေးကောက်ပုံစနစ်သစ် (PR) ကို မလွဲမသွေ ရွေးချယ် ဆုံးဖြတ်ရမှာဘဲ။
(၂) အကယ်၍ ကြံ့ဖွံ့က အင်အယ်လ်ဒီကို တရားတဲ့နည်းအရဖြစ်စေ၊ မတရားလုပ်လို့ဖြစ်စေ မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင် အနိုင်ကြဲနိုင်တယ်လို့ ယူဆနေသေးရင်တော့ လက်ရှိမဲပေးပုံစနစ်ဟောင်း(BV)ကိုဘဲ သူဆက်ရွေးမှာပါ။
စာဖတ်သူ မိတ်ဆွေက ဘယ်လိုထင်ပါသလဲ။
ကျနော့အမြင်မှာ အင်အယ်လ်ဒီဟာ ၁၉၉၀က ပုံစံမျိုးလို အပြတ်အသတ် အနိုင်ရမှုမျိုးကို စိတ်ကူးမယဉ်နိုင်သော်လည်း လက်ရှိမဲပေးပုံ စနစ်ဟောင်းအတိုင်းဆိုရင် ပြည်မမဲဆန္ဒနယ်မြေတွေမှာ ကြံ့ဖွံ့ကို အလဲထိုးနိုင်တယ်လို့ ယုံကြည်တာမို့ ကြံ့ဖွံအတွက်က စနစ်သစ်ဖြစ်တဲ့ PR ကို မလွဲမသွေ ရွေးချယ်မယ်လို့ ယူဆမိပါတယ်။
အောင်တင်
ဇွန်လ ၅၊ ၂၀၁၃
** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
Comments