M-Media
မြန်မာပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
မတ်လနှောင်းပိုင်းအထိ မြန်မာပြည်အလယ်ပိုင်းတစ်ကြော မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုလှိုင်းလုံးတွေ ရိုက်ခတ်ပြီးတဲ့နောက်မှာ ၈၈ မျိုးဆက်ခေါင်းဆောင်များဖက်က အရေးပါတဲ့စကားတစ်ရပ်ဆိုလာတယ်။ မတ်လ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ ဆူပူသောင်းကျန်းမှုတွေက ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တွေအကြား အပြန်အလှန် ပဋိပက္ခကို ကိုယ်စားမပြုပါဘူး။ စံနစ်ကျကျလေ့ကျင့်ပြင်ဆင်ထားတဲ့ အကြမ်းဖက်သမားတွေက သွတ်သွင်းခဲ့ကြတယ် ဆိုတာ ထင်ရှားလွန်းပါတယ် ” လို့ မင်းကိုနိုင်က ပြောခဲ့တယ်။
အလားတူ ခါးသည်းလှတဲ့ သင်ခန်းစာတစ်ရပ်ကို ၁၉၉၀ နှစ်များကာလတုန်းက ကျွန်တော်ကိုယ်တိုင် ဘော့စ်နီးယားမှာ ရရှိနားလည်ခဲ့ပါတယ်။ မျိုးနွယ်သန့်စင်ရေး (တစ်နည်း) မျိုးဖြုတ်သုတ်သင်မှုဆိုတာ လျှပ်တစ်ပြက်ထပေါက်ကွဲတတ်တဲ့ လူရမ်းကားတစ်စု သို့တည်းမဟုတ် အချင်းချင်းမုန်းတီးနေတဲ့ အခြေခံလူတန်းစားတွေက ဘယ်တော့မှ မလုပ်တတ်ကြပေဘူး။ စံနစ်တကျလေ့ကျင့်ပြင်ဆင်ပေးထားပြီး လက်နက်ပစ္စည်းတွေဆင်ယင်ပေးထားတဲ့ စစ်တပ်ဆန်ဆန်(ပြည်သူ့စစ်)အုပ်စုများရဲ့ လုပ်ဆောင်ချက်မျိုးသာ ဖြစ်လေ့ရှိပါတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်က ဘာလဲ။ သူတို့နဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ အင်အားစုတွေ၊ အာဏာပိုင်တွေနဲ့ သူတို့ရဲ့တွဲဖက်နိုင်ငံရေး သမားတွေကို လှစ်ဟမပြဘဲ အောက်တန်းကျကျလုပ်ကိုင်ဆောင်ရွက်ဖို့ဘဲ ဖြစ်တယ်။
မြန်မာပြည်ထဲဖြစ်ပျက်နေသမျှကို ယခင် ယူဂိုဆလားဗီးယားမှာဖြစ်ခဲ့တာမျိုးနဲ့ အခြေခံကျကျ ရှင်းပြနိုင်ဖို့မလွယ်ဘူး။ ဒါပေမယ့် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲက စစ်ရေးဆန်ဆန် အုပ်စု(စံနစ်တကျလေ့ကျင်ပြင်ဆင်ပေးထားတဲ့ အကြမ်းဖက်သမားတွေ)ရဲ့ အခန်းကဏ္ဍတွေ၊ သူတို့နဲ့စစ်တပ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်တဲ့ လမ်းကြောင်းတွေဟာ မြန်မာပြည်သူတွေ အားလုံး အဖို့ တုန်လှုပ်စရာ သတိပေးချက်တစ်ခုပါဘဲ။ သူတို့ဟာ အစိုးရထဲကဖြစ်ဖြစ်၊ လွှတ်တော်ထဲကဖြစ်ဖြစ်၊ အတိုက်အခံထဲကဖြစ်ဖြစ်၊ မီဒီယာထဲကဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းထဲကဖြစ်ဖြစ် ဒီအခြေအနေ အတိုင်းဖြစ်နေတယ်။
မျိုးနွယ်အုပ်စုသန့်စင်ဖယ်ရှားရေးဆိုတာ အလွန်ရှုပ်ထွေးသွားအောင် တွက်ချက်ပြင်ဆင်စီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်မျိုးပါ။ အချို့အချို့သောနိုင်ငံတော် အဆင့်တွေကနေ ဗျူဟာနည်းကျကျ ပါဝင်ပတ်သက်မှု မရှိဘဲ ဒီလိုကိစ္စ ဖြစ်ပွားလာစရာအကြောင်း မရှိပါဘူး။ အမျိုးသားရေးဝါဒီ ပညာရှင်တွေ၊ ကိုယ့်ဖက်ကိုယ်ယက်အစွန်းရောက် ဘာသာရေးခေါင်းဆောင်တွေ၊ မျက်ကန်းမျိုးချစ်မီဒီယာတွေကလည်း ဒီအခန်းကဏ္ဍမှာ အလိုတူအလိုပါတွေ ဖြစ်ကြတယ်။ အာဏာရှင်ခေတ်လွန်နိုင်ငံတစ်ခုရဲ့ မြင်သာသော၊ မမြင်သာသော သြဇာကြီးလက်ကိုင်တုတ်တွေဖြစ်လို့ အလွယ်တကူ ထိန်းချုပ်မရတတ်ကြဘူး။
မြန်မာပြည်ကတုန်လှုပ်ဖွယ်ဖြစ်ရပ်များအတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲဆိုတာ ကျွန်တော် မသိဘူး။ ယခင်က ယူဂိုဆလားဗီးယားနိုင်ငံအဖြစ်ကိုအခြေခံပြီး နှိုင်းယှဉ်ထောက်ပြဖို့ ကျွန်တော် မစွမ်းသာဘူး။ သို့ပင်သို့ငြားလည်း ယူတတ်မယ်ဆိုယင် တူညီတဲ့သင်ခန်းစာတွေ၊ သတိပေးချက်တွေတော့ ရှိနေပါတယ်။
အမျိုးသားရေးဝါဒီဆိုတာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်ကြောင်းတစ်ခု
ဒီမိုကရေစီလောကတစ်ခုလုံးရဲ့ ပထမဆုံးပင်မကျောရိုးက လူ့အုပ်စုအသီးသီးရဲ့ ပတ်သက်ဆက်ဆံမှုတွေ ဖြစ်တယ်။ နိုင်ငံရေးပွင့်လင်းလာခြင်းနဲ့အတူ အဖိနှိပ်ခံ၊ ခွဲခြားနှိမ့်ချ ဆက်ဆံခံရတဲ့ အုပ်စုများရဲ့ ပရိဒေ၀တွေ၊ တောင်းဆိုမှုတွေက လူ့မြင်ကွင်းမှာ ပေါ်လွင်လာလေ့ရှိတယ်။ ပါတီစုံစံနစ်၊ မီဒီယာလွတ်လပ်မှု၊ လွတ်လပ်စွာအသင်းအဖွဲ့ ထူထောင်နိုင်ခြင်း တို့ကြောင့်ဖြစ်တယ်။ ဒီတောင်းဆိုချက်၊ နစ်နာချက်များစွာက ခံစားချက်ပြင်းတဲ့အမျိုးသားရေးဝါဒကို မီးမွှေးပေးတယ်။ မီးမွှေးခံရတဲ့အမျိုးသားရေးဝါဒက ဒီမိုကရေစီနည်းကျ အသိတရားထွက်ပေါ်လာရေးအတွက် ဧရာမ ဖိအားကြီးတစ်ရပ် ဖြစ်သွားစေတယ်။
ဒီမိုကရေစီဖြစ်ထွန်းမှုအပေါ် အန္တရာယ်ဖြစ်သွားစေမယ့် နောက်ထပ်အမျိုးသားရေးဝါဒတစ်မျိုး ရှိနေတယ်။ နေရာအတော်များများမှာရှိတဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုကြည့်လိုက်ယင် တစ်ချိန်ကအာဏာရှင် အသိုင်းအ၀ိုင်းရဲ့ နောက်ဆုံးခံစစ်ကြောင်းဖြစ်နေတာကို တွေ့ရလေ့ရှိတယ်။ ယူဂိုဆလားဗီးယားနိုင်ငံဟောင်းက ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် စလိုဘိုဒန် မီလိုစီဗစ်က အမျိုးသားရေးဝါဒနဲ့ ဘယ်လိုဆွဲဆန့်ခဲ့တယ် – ပြည်သူတွေရဲ့ဒဏ်ခတ်မှု ဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောပါရစေ။
ယူဂိုဆလားဗီးယားဟာ ဆိုဗီယက်လက်အောက် ခံစစ်စစ် မဟုတ်ပေမယ့် ကွန်မြူနစ်နိုင်ငံတစ်ခုပါ။ ၁၉၈၉ ခုနှစ်အတွင်း ဗဟိုဥရောပနဲ့အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒပြိုလဲခြင်းနဲ့အတူ ယူဂိုဆလားဗီးယားထဲက မလောက်မလား ကွန်မြူနစ်အုပ်ချုပ်မှုဟာလည်း ဆက်လက်ဆုပ်ကိုင်ထားလို့ မဖြစ်တော့တဲ့အခြေအနေရောက်သွားပါတယ်။
ကွန်မြူနစ်အုပ်စုတွေက ယေဘူယျအားဖြင့် အကြောင်းနှစ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အလွန်သွေးကြောင်လေ့ရှိတယ်။ ပထမတစ်ချက်ကတော့ ဒီလိုပါ။ မိမိတို့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို စွန့်လွှတ်ခြင်း နဲ့ မိမိကိုယ်ကို ဆိုရှယ်လစ် (လူထုနဲ့တစ်သားတည်းဖြစ်တဲ့)အုပ်စုအဖြစ် အသွင်ပြောင်းယူခြင်း ဖြစ်တယ်။ သူတို့တစ်တွေဟာ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်အရွေးခံမှုကို လက်ခံကောင်းလက်ခံမယ်။ ပထမဆုံးရွေးကောက်မှုတွေမှာ အကြီးအကျယ် ရှုံးနိမ့်နိုင်ချေကိုလည်း ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်မယ်။ ယှဉ်ပြိုင်မှုအနေနဲ့ အဓမ္မ၀ါဒီဟောင်းတွေဟာ မိမိရဲ့ကိုယ်ပိုင်ရာထူးရာခံတွေကို ဖယ်ရှားလို့ ပြိုင်ဖက်ဗျူဟာရှင်တွေအဖြစ် ရပ်တည်ကောင်းရပ်တည်လာပါမယ်။ တစ်ချိန်တည်းမှာဘဲ ပထမဆုံး လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမှာ အုပ်စုသစ်ပါတီသစ်တွေကို ဆန္ဒမဲထည့်ဝင်သူတွေအပေါ် များမကြာမီ ငြိုးတေးစိတ်ကွက်လာကြတယ်။ အဲ့ဒီနောက် ဆိုရှယ်လစ် အသွင်ပြောင်း (အာဏာရှင်)ကွန်မြူနစ်ဟောင်းတွေက လက်ခွဲအရံအုပ်စုတွေဖန်တီးပြီး ဒီမိုကရေစီအပြောင်းအလဲအလွန် ဒုတိယ သို့မဟုတ် တတိယရွေးကောက် ပွဲတွေမှာ ပြန်လည်အောင်မြင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုကို ဖော်ဆောင်ကြတယ်။
ဥရောပကွန်မြူနစ်တိုင်းပြည်များစွာမှာ ဖြစ်ပေါ်ခဲ့တဲ့ စပ်ကူးမတ်ကူးအပြောင်းအလဲကာလကို ကြည့်ရှုလေ့လာကြည့်ယင် ဒီပုံအတိုင်းဖြစ်ခဲ့တာချည်းပါဘဲ။
နောက်ထပ်အချက်တစ်ခုကတော့ ဒီလိုပါ။ (အာဏာရှင်)ကွန်မြူနစ်အုပ်စုတွေဟာ ရတဲ့နည်းလမ်းနဲ့ အာဏာသြဇာကို အာသာငမ်းငမ်းဖက်တွယ်ထားလေ့ရှိကြတယ်။ စလိုဘိုဒန် မီလိုစီဗစ်နဲ့ သူ့ရဲ့ ဆာဗီးယားကွန်မြူနစ်ပါတီက ဒီလမ်းကြောင်းကိုလျှောက်ခဲ့ကြတယ်။ ကွန်မြူနစ်ဝါဒဆိုတာကတော့ အငွေ့ပျံပျောက်ကွယ်သွားပေမယ့် စံနစ်တကျ ဖွဲ့စည်းပြင်ဆင်ထားတဲ့ သူတို့ရဲ့ ယန္တရားကတော့ တည်ရှိနေဆဲပါ။ စီးပွားရေး၊ မီဒီယာ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ ကဏ္ဍများအပေါ်မှာလည်း ချုပ်ကိုင်ထားမြဲဖြစ်တယ်။
အတိုက်အခံတွေအပေါ် ဆယ်စုနှစ်များစွာ ဖိနှိပ်ခဲ့ကြတဲ့ – စက်ရုံမှူးတွေ၊ လယ်ယာနဲ့စိုက်ပျိုးရေးစီမံသူတွေ၊ ဘဏ်အုပ်ချုပ်သူတွေ၊ ကုန်သွယ်ရေး အကြီးအကဲတွေ၊ ပြည်တွင်းရေဒီယိုနဲ့ရုပ်မြင်သံကြားကို ကိုင်တွယ်ညွန်ကြားသူတွေ၊ စစ်တပ်ကဗိုလ်ချုပ်တွေ၊ ရဲမှူးရဲချုပ်တွေ၊ ထောက်လှမ်းရေးအေးဂျင့်တွေက မိမိတို့အပေါ်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကို သေလုမတတ်ကြောက်ရွံ့ကြတယ်။ မီလိုစီဗစ်ကလည်း သူတို့တစ်တွေ ဆက်လက်ရှင်သန်ဖို့၊ သြဇာအာဏာတည်မြဲနေဖို့ သီးသန့်လမ်းကြောင်းတစ်စ ဖော်ထားပေးခဲ့တယ်။ အဲ့ဒီလူတွေအားလုံးကလည်း တစ်နွယ်ငင် တစ်စင်ပါ ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတယ်။
တစ်ချိန်က အခွင့်ထူးခံ အထက်တန်းနဲ့အလယ်အလတ်တန်းရာထူးပိုင်ရှင်တွေ၊ ဗျူဟာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုများက ပါတီစုံရွေးကောက်ပွဲမှာ လုံလောက်တဲ့မဲများကို မရစေတော့ဘူး။ နိုင်ငံတော်အာဏာကဏ္ဍတိုင်းမှာ သူတို့ရဲ့ထိန်းချုပ်မှုစံနစ်ကလည်ပတ်နေဆဲဖြစ်သော်လည်း ပြည်သူတွေကို မဲဆွယ်နိုင်ဖို့ ပုံရိပ်ကောင်းတွေ၊ အမြင်ကောင်းတွေ တစ်စုံတစ်ရာမှ မရှိကြတော့ဘူး။ ဒီတော့ အလွယ်ကူဆုံး နဲ့ အထိရောက်ဆုံး နည်းလမ်းသစ်ကတော့ အကြံကုန်ဂဠုန်ဆားချက်မယ့် အမျိုးသားရေးဝါဒကို အသုံးပြုကြပါတော့တယ်။
အမျိုးသားရေးဝါဒီပညာရှင်များ နဲ့ မျိုးချစ်မီဒီယာ အခန်းကဏ္ဍ
သမ္မတနဲ့အာဏာရပါတီနောက်ကွယ်ကလူတွေကို စုစည်းနိုင်ဖို့အတွက် အကြောက်တရားနဲ့အာဃာတတရားဝန်းကျင် တစ်ခုကို ဖန်တီးဖို့လိုအပ်တယ်လေ။ ပထမဆုံး လှုပ်ရှားမှုခြေလှမ်းကတော့ အမာခံ အရံ တပ်သားတွေပါဘဲ။ သူတို့ဟာ ဆယ်စုနှစ်များစွာ လက်သပ်မွေးခြင်းခံထားရသလို ၊ မီဒီယာနဲ့လူ့ဝန်းကျင်အတွင်း ထိန်းချုပ် စိုးမိုးထားဆဲဖြစ်ကြတဲ့ အမျိုးသားရေးဝါဒီပညာတတ်/ပညာရှင်တွေ နဲ့ ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတယ်။ သူတို့ကို ဇက်လွှတ်ပေးလိုက်ကြတဲ့အခါ တစ်ချိန်က ဖိနှိပ်ညှင်းဆဲခံထားရတဲ့ပြည်သူများက မထင်မှတ်ဘဲ အာရုံပြောင်းသိမ်းသွင်းခံကြရတော့တယ်။ သူတို့ရဲ့ အမျိုးသားရေးနဲ့ဘာသာရေးဆိုင်ရာယုံကြည်ချက်တွေဟာ ရုပ်မြင်သံကြားမှာ ရုတ်တရက်ပေါ်ပေါက်လာကြတယ်။ လူထုတရားပွဲတွေ လုပ်စေတယ်။ အငြင်းပွားစရာဖြစ်မယ့် အကြောင်းတွေ၊ စာတွေကို ပုံနှိပ်မီဒီယာကနေတစ်ဆင့် ရေးသားဖော်ပြစေတယ်။ သူတို့တစ်တွေဟာ အဓိကအားဖြင့် အတိတ်သမိုင်းဟောင်းက မကြေလည်မှုတွေ၊ ခံစားချက်တွေ၊ “ ငါတို့ခံရတဲ့မတရားမှုနဲ့ကျူးလွန်မှုမှန်သမျှဟာ တခြားသူ(လူမျိုးခြား)တွေကြောင့် ”ဆိုတဲ့စကားမျိုးတွေကိုသာ မရိုးအီနိုင်အောင် တသွင်သွင်ပြောဆိုကြတယ်။
သူတို့လိုချင်နေတဲ့ ၀န်းကျင်တစ်ခုက လူ့ဘောင်အဖွဲ့အစည်းထဲမှာ ခေါင်းထောင်လာပါတော့တယ်။ မျက်ကန်းမျိုးချစ်ဝါဒဆိုတာ အခြားသူတွေအပေါ် မိမိတို့ရဲ့ကိုယ်ပိုင် အမျိုးသားရေးအမြင်ကို တစ်ဖက်သတ် လက်ခံအောင် လုပ်နေခြင်းသာဖြစ်တယ်။ အခြားသူများဆီမှာလည်း သမိုင်းကြောင်းတွေ၊ နာကြည်းမှုတွေ၊ စာပေပညာရှင်တွေ၊ ကိုယ်ပိုင်အမှတ်သညာ/ဖြစ်တည်မှုကိုထိန်းသိမ်းသူတွေ ကိုယ်စီကိုယ်ငှ ရှိနေတာချည်းဘဲဖြစ်တယ်။ ထို့နည်းတူ အာဏာရှင်ခေတ်လွန် ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကိုယ်ပိုင်အတွေးအမြင်နဲ့ နိုင်ငံရေးသမားတွေလည်း ရှိနေကြတာပါဘဲ။
အတိတ်သမိုင်းဟောင်းက မကြေလည်မှုတွေ၊ ခံစားချက်တွေ၊ ဂုဏ်ထယ်မှုတွေ၊ “ ငါတို့ခံခဲ့ရတဲ့ မတရားမှုနဲ့ကျူးလွန်မှုမှန်သမျှဟာ တခြားသူ(လူမျိုးခြား)တွေကြောင့် ”ဆိုတဲ့စကားမျိုးတွေဟာ လူထုကြားထဲ အတိုင်းထက်အလွန် အောင်မြင်တွင်ကျယ်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာကနေ အသစ်အဆန်းပုံစံနဲ့ အရှိန်အဟုန်ပြင်းပြင်း ပမာဏကြီးကြီး တင်ပြဖော်ဆောင်လိုက်လို့ဖြစ်တယ်။ ဒီလိုလုပ်ကြံတိုက်ခိုက်မှုတွေကို လူထုတွေအနေနဲ့ ကြိုတင်ပြင်ဆင်မထားနိုင်ခဲ့ကြဘူး။ သူတို့ဟာ ရှေးရိုးစွဲမှိုင်းသွင်းမှုထဲမှာ အသားကျနေရာကနေ ခေတ်သစ်မီဒီယာမျိုးစုံရဲ့ဆွဲဆောင်မှုတွေကြောင့် တမဟုတ်ချင်း နိုင်ငံရေးဆင်လုံးဖြစ်တဲ့ မျက်ကန်းမျိုးချစ်လှောင်အိမ်ထဲ ရောက်မှန်းမသိ သက်ဆင်းရောက်ရှိသွားပါတော့တယ်။
အစွန်းရောက်အမျိုးသားရေးဝါဒီအုပ်စုများကို ပိုမိုအင်အားကြီးလာအောင် လွှတ်ထားကြတယ်။ သူတို့ထဲက အချို့ကို ထောက်လှမ်းရေးအေးဂျင့်ဟောင်းတွေနဲ့ ဦးဆောင်စေခဲ့တယ်။ သူတို့ရဲ့မှိုင်းသွင်းမှုကို မပြောသာတော့တဲ့အဆင့်အထိ တိုးမြှင့်ကြီးထွားစေတယ်။ ခွေးပေါက်လေးတွေကို ဟောင်လာအောင်လုပ်ပြီး အသံကျယ်သထက်ကျယ်အောင် လွှတ်ပေးထားတာက အာဏာရှင်စံနစ်ဖက်ပြန်လှည့်လိုတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ လုပ်ထုံးလုပ်နည်းပါဘဲ။ ဒါမှ လူမျိုးစုအမျိုးမျိုးကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ ဖွံ့ထွားအမြစ်တွယ်လာမှာကိုးဗျ။
ညစ်စုတ်တဲ့ မုဒိမ်းမှုကို မောင်းခလုတ်အဖြစ် အသုံးချမယ်
ဒါတွေအားလုံးသုံးရုံနဲ့ ရွေးကောက်ပွဲမှာနိုင်ဖို့ မလုံလောက်သေးဘူး။ တမြည့်မြည့်နဲ့မမေ့နိုင်တဲ့ဒဏ်ရာ ပေးတဲ့နည်းကို ထပ်သုံးဖို့လိုအပ်နေတယ်။ ဒီတော့ ညစ်စုတ်လွန်းတဲ့ အကျည်းတန်လွန်းတဲ့ ရွံစရာကောင်းတဲ့ ဖြစ်ရပ်တွေကို အသုံးချမှာပေါ့။ အဲ့ဒီလိုအရာတွေကို မီဒီယာကနေတစ်ဆင့် အပြန်တလဲလဲ ထုတ်လွှင့်ဖော်ပြပါမှ ပိုဆိုးတဲ့ကိစ္စတွေ ဖြစ်လာမယ် မဟုတ်လား။ ဒီလိုနဲ့ ပုံမှန်အသိရှိသူတွေ၊ ဆင်ခြင်ဥာဏ်ထားသူတွေ၊ သမမျှတတဲ့လူတွေပင်လျှင် အမှန်တရားကို မျက်ကွယ်ပြုလာပြီး ကာကွယ်ရေးဆိုပြီး အုပ်စုဖွဲ့လာကြတော့တယ်။ အဲ့ဒီအခါမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူအဖြစ်သဘောထားပြီး တစ်ပါးသူတွေကို သတ်ဖြတ်ဖို့၊ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းဖို့ ၀န်မလေးကြတော့ဘူးလေ။
ဆာဗီးယားရွာသား Djordje Martinovic ကို မုဒိမ်းကျင့်တယ်ဆိုတဲ့ ကိစ္စဟာ မီလိုစီဗစ်ရဲ့ကျော်ကြားမှုကို ပိုမိုအားဖြည့်ပေးလိုက်ယုံသာမက သူ့နောက်ကွယ်ရှိ ဆာဗီးယားလူမျိုး အားလုံးနီးပါးကိုလည်း စည်းရုံးပြီးသား ဖြစ်သွားခဲ့တယ်။ စွပ်စွဲသတင်း လွှင့်ခဲ့ပုံက ကိုဆိုဗို အယ်လ်ဘေးနီးယန်း အစွန်းရောက်များက အဲ့ဒီဆာဗီးယားရွာသားကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘီယာပုလင်းတစ်လုံးနဲ့ သူ့ကို မဖွယ်မရာ မုဒိမ်းကျင့်ခဲ့တယ် လို့ဆိုတယ်။ ထုတ်ပြလိုက်တဲ့ဇာတ်လမ်းတစ်ခုလုံးမှာ ညစ်စုတ်ရွံရှာမှုများနဲ့ပြည့်နှက်နေခဲ့ပြီး အဖြစ်မှန်ကိုတော့ ယနေ့ထက်ထိ ဘယ်သူမှ မသိခဲ့ကြဘူး။ ဒါပေမယ့် ဆာဗီးယားမျိုးချစ်တွေ၊ အမျိုးသားရေးဝါဒီတွေရဲ့ မီဒီယာတွေမှာတော့ အယ်လ်ဘေးနီးယန်းလူမျိုးတွေဟာ ဆာ့ဘ်တွေကို အန္တရာယ်ပေးနေတဲ့ အကြွင်းမဲ့ဒုစရိုက်သားတွေ အဖြစ် ရုပ်လုံးဖော်ခဲ့ကြတယ်။
ကိုဆိုဗိုက မီလိုစီဗစ်ရဲ့ ခွဲခြားနှိမ့်ချ ဆက်ဆံရေးမူဝါဒတွေကို အပြည်ပြည်ဆိုင်ရာဝေဖန်ချက်က ပြည်တွင်းရောပြည်ပပါ အန္တရာယ်ဝိုင်းရံနေပါပေါ့လား ဆိုပြီး ဆာ့ဘ်အများစုရဲ့ ရင်ထဲကိုစူးဝင်သွားခဲ့တယ်။ နိုင်ငံရေးလောကထဲမှာ မီလိုစီဗစ်ရဲ့ပေါ်လစီကို ဝေဖန်ရဲတဲ့သူ မည်သူ့ကိုမဆို အမျိုးသားသစ္စာဖောက်/နိုင်ငံ့သစ္စာဖောက် လို့ တံဆိပ်တပ်ခဲ့ကြတယ်။ ဒီမိုကရေစီယှဉ်ပြိုင်မှု သို့မဟုတ် ဒီမိုကရေစီဆွေးနွေးဝိုင်းတွေဟာ ဒီအမြင်တွေအကြား ခေါင်းမပြူဝံ့တော့ဘူး။ “သူတို့ ” နဲ့ “ငါတို့” ဆိုတာဘဲ ကျန်ရစ်တော့တယ်။ “ငါတို့”ဆိုတာက အဲ့ဒီနိုင်ငံခေါင်းဆောင်များနောက်ကွယ်က မဝေဖန်မသုံးသပ်ကြတဲ့ (အထက်ပါ အချက်တွေကို မျက်စေ့မှိတ်ယုံလိုက်ကြတဲ့) လူတွေအားလုံးကို ဆိုလိုခြင်းဖြစ်တယ်။
စစ်တပ်နဲ့ပြည်သူ့စစ် အခန်းကဏ္ဍ မရှိမဖြစ်လိုတယ်လို့ ထင်မြင်စေတယ်
မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးမှာ တရားဝင်စစ်တပ် နဲ့ တရားမ၀င်စစ်တပ်တို့ရဲ့ အပြန်အလှန်ဆက်နွှယ်ပတ်သက်မှုက အဓိကဇာတ်ကောင်ပါဘဲ။ ၂၀ ရာစုနှောင်းပိုင်း ဥရောပ ရာဇ၀င်ထဲက တုန်လှုပ်ဖွယ် ဒီ အဖြစ်သနစ်ဟာ ထာဝစဉ် တိုက်ခိုက် သတ်ဖြတ်နေခဲ့ကြတဲ့ ရှေးဟောင်း ဗော်လကန်မျိုးနွယ်အုပ်စုအချင်းချင်းအကြားက ရန်ငြိုးကြောင့်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ နိုင်ငံခြားသုတေသီများက အလွယ်တကူ ကောက်ချက်ချခဲ့ကြတယ်။ သို့သော် ခရိုအေးရှားမှာဖြစ်တဲ့ မျိုးဖြုတ်သုတ်သင်ရေးမှာတော့ ဒီအချက်နဲ့ ကြောင်းကျိုးညီညွတ်မှု မရှိတာတွေ့ရတယ်။ နောက်တော့ ကိုဆိုဗို နဲ့ ဘော့စ်နီးယားမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီအကြောင်းရင်းနဲ့ဆန့်ကျင်လို့ မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးဆိုတာ အလွန်အင်မတန် ကျိုးကြောင်းကျနအောင် စီစဉ်ထားတဲ့- အကွက်ချစီမံထားတဲ့- သေသေချာချာပြင်ဆင်ထားတဲ့ အားထုတ်ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ထင်ရှားပေါက်ရောက်လာတဲ့ အခြားအခြားသော လူ့အဖွဲ့အစည်းဝင်ကို ပစ်မှတ်ထားပြီး ဗြောင်ကျကျ ရက်စက်မှုတွေ ကျူးလွန်ကြမယ်၊ ပိုင်ဆိုင်မှုရယ်လို့ မကျန်ရစ်အောင် နေအိမ်တွေကို မီးလောင်တိုက်သွင်းမယ် ဒါမှမဟုတ် ဖြိုလဲဖျက်ဆီးကြမယ်။ “သူတို့”ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဝင်အထောက်အထားတွေ တစ်စမကျန်ဖို့ မြေမြုပ်ပစ်မယ်၊ အဲ့ဒီမြေပေါ်မှာ “ငါတို့”ရဲ့ဟာတွေပဲ ကျန်ရှိနေရမယ်၊ “ငါတို့”ရဲ့ ပိုင်နက်သာဖြစ်ရမယ်။ ဒါဟာ မျိုးဖြုတ်သုတ်သင်ခြင်းပါဘဲ။
တရားဝင်စစ်တပ်က ကျားကန်ပေးထားတဲ့ တရားမ၀င်စစ်တပ်တွေကို စံနစ်တကျ လက်နက်တပ်ဆင်ပေးထားတယ်။ ထောက်လှမ်းရေးအရာရှိဟောင်းတွေ၊ ကြေးစားစစ်သားတွေ၊ အကျဉ်းထောင်ကနေတမင်လွှတ်ပေးထားတဲ့ ဒုစရိုက်ကောင်တွေ၊ အတွေးတိမ်တဲ့လူငယ်တွေနဲ့ ရောစပ်ဖွဲ့စည်းပေးထားကြတယ်။
ဒီလိုစစ်တပ်မျိုးကို သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းမှာ မပါဝင်ရလို့ လမ်းကြောင်းချပေးထားတယ်။ ဒါကလည်း အစပိုင်းမှာပါဘဲ။ လုံခြုံရေးနဲ့ကာကွယ်ရေးအတွက်၊ တည်ငြိမ်အောင်ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းပေးတာလို့ ပြောဆိုလေ့ရှိတတ်ကြတယ်။ အမှန်တကယ်တမ်းကျတော့ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာတွေကိုထိန်းချုပ်ရတယ်၊ လမ်းကြောင်းတွေနဲ့အခြားအရေးကြီးအရင်းအမြစ်တွေရဲ့လုံခြုံရေးကို တာဝန်ယူရတယ်။ ကျူးကျော်နယ်ချဲ့လာသူတွေကို တားဆီးပိတ်ဆို့ရမယ် စသဖြင့် အကန့်အသတ်ရှိနေတယ်။ တရားမ၀င်စစ်တပ်တွေကျတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရနေတယ်လေ။ သူတို့ဟာ သူတို့ဦးတည်ထားတဲ့ လူနည်းစုတွေအပေါ် လက်နက်ကိုင်တွယ်ခွင့်၊ စုရုံးခွင့် ပိတ်ပင်လို့ရတယ်။ လူပေါင်းများစွာကို စီမံကိုင်တွယ်ခွင့်ရှိနေတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ပိုင်နက်လုံခြုံရေးအကြောင်းပြချက်နဲ့ “သူတို့”ဆိုတာကို လက်စတုန်းရှင်းထုတ်တဲ့အထိ လုပ်ခွင့်ရကြတယ်။
အဲ့ဒီတရားမ၀င်စစ်တပ်အုပ်စုတွေက အောက်တန်းကျစွာလုပ်ဆောင်ကြလေတိုင်း စစ်တပ်၊ အစိုးရ နဲ့ သမ္မတ မီလိုစီဗစ်တို့က မိမိတို့မှာ တာဝန်မရှိကြောင်း၊ မိမိတို့အနေနှင့် အခြေအနေကိုထိန်းသိမ်းပေးရန်သာ တတ်စွမ်းနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းနဲ့ပြည်တွင်း“ပရိသတ်”ကို အခါခပ်သိမ်း ပြောဆိုနေလေ့သာရှိခဲ့တယ်။ သူတို့အဆိုအရ နှိပ်စက်ခံရသူတွေက မိမိကိုယ်ကို ခုခံကာကွယ်တဲ့အတွက် တိုက်ခိုက်မှုပိုမိုအရှိန်မြှင့်တက်လာရတယ်တဲ့လေ။
အချိန်တန်တဲ့အခါ မုဒိမ်းမှု၊ သတ်ဖြတ်မှုတွေနဲ့ထွင်လုံးဆင်ထားတဲ့ ဇာတ်လမ်းတွေ မလိုအပ်တော့ဘူး။ သူတို့လိုချင်တဲ့ ဖြစ်စဉ်ဟာ အမှန်တကယ်အကောင်အထည်ပေါ်လာပြီး ထိန်းမနိုင်သိမ်းမရပွင့်အံလာတယ်။ “ငါတို့”အင်အားစုက “သူတို့”အပေါ် သွေးပျက်ဖွယ်ကျူးလွန်မှုတွေ လုပ်ဆောင်ကြတယ်။ “သူတို့” နဲ့“တခြားသူတွေ”ကလည်း ရေရှည်မှာ ငုံ့ခံလို့ မဖြစ်နိုင်တော့တဲ့အခါ မိမိကိုယ်ကိုကာကွယ်ရေးအတွက် “ငါတို့”အပေါ် အလားတူ တန်ပြန်လုပ်ဆောင်လာကြတော့တယ်။ ပြည်တွင်းက မျိုးချစ်၊ အမျိုးသားရေးမီဒီယာတွေက “ငါတို့အုပ်စု”တွေရဲ့ တစ်ဖက်သတ်အကြမ်းဖက်မှုတွေအကြောင်း ဘယ်တော့မှ မဖော်ပြခဲ့ကြဘူး။ “တခြားသူတွေ”ရဲ့ အပြစ်တွေကိုတော့ မတုန့်မဆိုင်းအလွန်မြန်ဆန်စွာ တင်ပြလေ့သာရှိခဲ့ကြတယ်။ ဒီအခြေအနေက စိုးရိမ်သောကနဲ့အမျက်ဒေါသကို ပိုမို ကြီးထွားလာစေပြီး၊ (“ငါတို့” လို့ မှိုင်းမိသွားတဲ့ ပြည်သူတွေကို) “ကာကွယ်ခြင်း”ခေါင်းစဉ်နဲ့ “တခြားသူတွေ”ကို မောင်းထုတ်ကြအောင်၊ သွေးချောင်းစီးသတ်ဖြတ်စေအောင် တွန်းပို့လိုက်ခြင်းသာဖြစ်တယ်။
ဒါဟာ ဆယ်စုနှစ်တစ်ခုအတွက် ယခင်ယူဂိုဆလားဗီးယားနိုင်ငံတစ်ဝှန်း အစွန်းရောက်အမျိုးသားရေးဝါဒကို လှိမ့်သွင်းခဲ့တဲ့နည်းလမ်းပါဘဲ။ အဲ့ဒီခေတ်မှာ မီလိုစီဗစ်နဲ့အပေါင်းအပါတစ်စုဟာ ၁၉၉၀၊ ၁၉၉၂ နဲ့ ၁၉၉၇ ရွေးကောက်ပွဲ တွေမှာ အတားအဆီးမရှိ အောင်မြင်ခဲ့ပြီး သမ္မတနေရာအတွက် ပြဿနာမပေါ်ခဲ့ဘူး။ ဆယ်နှစ်ကျော် အာဏာဆုပ်ကိုင်မှု အတွက် ပေးဆပ်လိုက်ရတာကတော့ နိုင်ငံပြိုကွဲခြင်း နဲ့ ရန်ငြိုးစစ်ပွဲကြီး ၄ ခုဘဲ ဖြစ်ပါတယ်။ လူ့အသက် နှစ်သိန်းကျော် ဆုံးရှုံးခဲ့တယ်။ ထောင်နဲ့ချီတဲ့ရွာတွေ ပြာပုံဘ၀ရောက်ခဲ့တယ်။ မြို့ပြကြီးတွေမှာ ကျည်ခွံတွေဖုံးလွှမ်းခဲ့တယ်။ သန်းနဲ့ချီတဲ့သူတွေ နယ်မြေစွန့်ရတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။ စီးပွားရေး အဖတ်ဆည်မရအောင် ပျက်စီးသွားခဲ့တယ်။
အဆုံးသတ်မှာတော့ ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲမှာ သူခိုးကြီးထပ်လုပ်ဖို့ကြိုးစားခဲ့တဲ့ မီလိုစီဗစ်ကို ဆာဗီးယားလူငယ်တန်ပြန်လှုပ်ရှားမှုအဖွဲ့( Serbian youth movement Otpor ) နဲ့ စုပေါင်းအတိုက်အခံအင်အားစုက ပြင်းပြင်းထန်ထန် ဖြုတ်ချနိုင်ခဲ့တယ်။ လူမဆန်အောင်ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာခုံရုံးတင်ခဲ့ကြတယ်။ စီရင်ချက်မချခင်မှာဘဲ သူ့အခန်းကျဉ်းလေးထဲမှာ သူ့အကုသိုလ်နဲ့သူ နှလုံးရပ်ပြီး နိဂုံးချုပ်သွားခဲ့တယ်။
ဗော်လကန်ရဲ့သားသတ်သမားကြီး မီလိုစီဗစ် နဲ့ သမ္မတဦးသိန်းစိန်ကို နှိုင်းယှဉ်ချိန်ထိုးတာမဟုတ်ကြောင်း နားလည်မှု မလွဲမှားဖို့ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော် ဝေမျှပေးချင်တဲ့ အချက်က လူမျိုးစုရှင်းလင်းသန့်စင်ရေးတို့၊ မျိုးဖြုတ်သုတ်သင်မှုတို့ဆိုတာ အပြန်အလှန်အကြမ်းဖက်မှုအဆက်မပြတ်ဖြစ်ပွားရာကနေ ပွင့်ထွက်လာတတ်တဲ့ အရာမျိုး မဟုတ်ကြောင်း သိစေချင်တာဖြစ်တယ်။ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်အားလုံးအထိ ခြုံလွှမ်းဦးတည်လာနေတဲ့ မျိုးဖြုတ်သုတ်သင်မှုဆိုတာမျိုးဟာ “စိတ်ဓာတ်စစ်ဆင်ရေး”အားဖြင့် အဆင့်မြင့်မြင့် ကြိုတင်ကြံစည်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ထိပ်သီးယန္တရားတစ်ချို့ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ ဘယ်လိုမှဖြစ်ပေါ်လာစရာအကြောင်းမရှိဘူး ဆိုတာပါဘဲ။
အချိန်မလွန်ခင် အစွန်းရောက်အမျိုးသားရေးဝါဒရဲ့အကျည်းတန်စက်ကွင်းကို ချိုးဖျက်ဖို့ဆိုတာ မင်းကိုနိုင်နဲ့၈၈မျိုးဆက် တို့လို့ သတ္တိကောင်းတဲ့၊ တာဝန်ယူရဲတဲ့ လူထုခေါင်းဆောင်များနဲ့တင် မလုံလောက်ပါဘူး။ လူမှုအဖွဲ့အစည်းတွေ၊ လေးစားလက်ခံအပ်တဲ့ပုဂ္ဂိုလ်တွေ၊ သမျှတအမြင်ရှိတဲ့ဘာသာရေးခေါင်းဆောင်တွေ၊ ယုံကြည်စိတ်ချရတဲ့မီဒီယာတွေ၊ အတိုက်အခံတွေအားလုံး လက်တွဲညီညီနဲ့ အကြမ်းဖက်မှုကို တန်ပြန်ဆန့်ကျင်သွားရမှာဖြစ်တယ်။ ကာကွယ်တားဆီးရမှာဖြစ်တယ်။ အဆုံးသတ်အားဖြင့် မိမိနိုင်ငံနယ်နမိတ်အတွင်း အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားတော့အောင် အစိုးရပိုင်းနဲ့နိုင်ငံတော်အာဏာပိုင်တွေသာလျှင် အဓိကတာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လှုံ့ဆော်နေကြတဲ့ တရားဝင်၊ တရားမ၀င် အင်အားစုအားလုံးအပေါ် ထိရောက်ပြတ်သားတဲ့ အရေးယူမှုကို အမြန်ဆုံးပြုလုပ်ဆောင်ရွက်ပြီး အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
*** ဆောင်းပါးရှင် Igor Blazevic သည် ဘော့စနီးယားနိုင်ငံသားတစ်ဦး၊ ချက်နိုင်ငံအခြေစိုက်လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦး၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့လူ့အခွင့်အရေးနှင့် ပညာရေးဦးဆောင်မှုအဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်သည်။ ***
ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းဆိုဒ်တွင် ဆောင်းပါးရှင်Igor Blazevic ဖော်ပြခဲ့သည့် The Vicious Cycle of Extreme Nationalism ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
Comments