ဇွန်-၇ ၊၂၀၁၃
M-Media
မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်
ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်ဒေသ အာဏာပိုင်များက ရိုဟင်ဂျာ မွတ်စ်လင်မ်များကို ဇနီးတစ်ဦးသာယူရန် နှင့် ကလေးနှစ်ဦးထက် ပိုမယူရန် တားမြစ် ပိတ်ပင်ခဲ့ပါသည်။ သောင်းနှင့်ချီသောပြည်သူတို့မှာ လူမျိုးရေးပြဿနာကြောင့် ပြောင်းရွှေ့မှုခံရသည့်ကြားမှ ယင်းအနောက်ပိုင်းပြည်နယ်မှ အရာရှိများသည် လူသိနည်း မှေးမှိန်နေခဲ့သော ကန့်သတ်ချက်အား ပြန်လည် အသက်သွင်းကာ လတ်တစ်လော နိုင်ငံရေးအနေအထား အပေါ်တုန့်ပြန်သောအားဖြင့် ပြန်၍ အတည်ပြုခဲ့ကြသည်။
အင်္ဂါနေ့တစ်ရက်က ရာပေါင်းများစွာ ရခိုင်လူမျိုးတို့သည် လမ်းမပေါ်ထွက် ထိုပိတ်ပင်ချက်အား ထောက်ခံခဲ့ကြသည့်အပြင် ပြည်နယ်တစ်ခုလုံး၌ ဥပဒေအဖြစ်ပြဋ္ဌာန်းရန်အထိ မြန်မာအစိုးရကို တွန်းအားပေးခဲ့ကြသည်။
ယင်းစည်းမျဉ်းကိုထောက်ခံသော ဆန္ဒပြခေါင်းဆောင် သာပွင့်မှ “ ကျွန်တော်တို့ဟာ သူတို့ရဲ့လူဦးရေကို စောင့်ကြည့်စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောကြားသည်။ မွတ်စ်လင်မ်ဦးရေ ၉၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုသော ရခိုင်ပြည်နယ်၏ မြို့နယ်နှစ်ခုတွင် ထိုအချက်ကို လက်တွေ့ကျင့်ဆောင်လျက်ရှိသည်။
၎င်းကြေငြာချက်က ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စိတ်ပျက်ဖွယ် ငြင်းခုံမှု အမြောက်အများ ဖြစ်ပေါ်လာစေသည်။ ထိုမူဝါဒသည် မြန်မာနိုင်ငံကို နိုင်ငံတကာမှ အထူးအာရုံစိုက်နေချိန်၌ ကနဦးကပင် ရိုဟင်ဂျာ ဆန့်ကျင်ရေးလှုပ်ရှားမှုအား ကြိုးကိုင်ရန်ကြိုးစားနေသည့် နိုင်ငံရေးသမား အချို့အတွက် အကျိုးအမြတ်ထွက်စေသည်။ ဤအမြင်များ ကြီးထွားလာသည်နှင့်အမျှ အကြမ်းဖက်မှုကို လျှော့ချနိုင်မည်ဟု တွက်ဆကြသည်။
ရိုဟင်ဂျာလူဦးရေကို ထိန်းချုပ်ခြင်းသည် အမျိုးသားလုံခြုံရေး ကိစ္စတစ်ခုဖြစ်ကြောင်း တားမြစ်ချက်ထောက်ခံအားပေးသူများက ဆိုကြသည်။ ၄င်းသည် လူ့အခွင့်အရေးထက် ပို၍ဦးစားပေးရမည့်အရေးဟု ၄င်းတို့မှ ယုံကြည်နေကြသည်။ ယင်းကန့်သတ်ချက်ပေါ် ရပ်တည်ထောက်ခံသူများက တရုတ်နိုင်ငံ၏ ကလေးတစ်ဦး မူဝါဒ၊ ဗီယက်နမ်နိုင်ငံ၏ ကလေးနှစ်ဦးမူဝါဒ စသည်များကို လိုရာဆွဲဥပမာပေးကြသည်။ ထိုတိုင်းပြည်များသည် ထိုမူဝါဒများကို မိသားစု စီမံကိန်းအတွက် ရွေးချယ် ကျင့်သုံးခြင်းသာဖြစ်ကြောင်း မသိမြင်ကြဘဲ နှိုင်းယှဉ်တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ တိုင်းပြည်တစ်ခုလုံး၏ လူဦးရေထိန်းချုပ်သည့် အကြောင်းရင်းကို ရခိုင်ဥပဒေက လူနည်းစုလေး တစ်ခုအတွက် ပစ်မှတ်ထားအသုံးချသည်မှာ လုံးလုံးလျားလျား မလုပ်အပ်ချေ။ ( ရိုဟင်ဂျာတို့သည် မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာရှိကြောင်း ခန့်မှန်းရသည်။)
ထောက်ခံကြသူများက “အမျိုးသားလုံခြုံရေး”ဟု အသံကောင်းဟစ်ကြသော်လည်း ထိုအချက်၏ သဘောသဘာဝအား ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မရှိပေ။ အမျိုးသား လုံခြုံရေးအတွက် အဓိကပြဿနာ တစ်ခုမှာ တရားမ၀င်ခိုးဝင်လာမှုများဖြစ်ခြင်း၊ ခိုးဝင်သူများပြားလာလျှင် ပြည်နယ်ချည့်နဲ့ပြိုကွဲသွားနိုင်ခြင်း ဟူ၍ အထင်ကရ ထောက်ခံပံ့ပိုးသူတစ်ဦးမှ ဆိုသည်။ သို့သော် ထူးဆန်းလှသည်မှာ တစ်ချိန်ကလည်း ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့သော ရွှေ့ပြောင်းအခြေချ တရုတ်လူမျိုးများ အပေါ်တွင်မူ ထိုကလေးနှစ်ယောက်မူဝါဒကို အဆိုမပြုကြ၊ အသုံးမချကြချေ။ ဤအချက်ကို ထောက်ရှု၍ တရားမ၀င်အခြေချမှုသည် ၄င်းတို့၏စိုးရိမ်မှု အစစ်အမှန်ဖြစ်ကြောင်း မှတ်ချက်ပေးရန် လားလားမျှမဖြစ်နိုင်တော့ပါ။
သို့ဆိုလျှင် ပြဿနာအစစ်ကား အဘယ်အရာပါနည်း ? တရားမ၀င်အခြေချမှု သို့မဟုတ် ယဉ်ကျေးမှုကွဲပြားမှု မဟုတ်ပါ။ စင်စစ်၌ အစ္စလာမ်အားကြောက်ရွံ့နေသည့်ရောဂါ သာဖြစ်သည်။ ဤတားမြစ်ကန့်သတ်ချက်ကို ထောက်ခံကြများက ဗုဒ္ဓဘာသာမြန်မာများ၏ကြီး စိုးလွှမ်းမိုးမှုအား ကာကွယ် ထိန်းသိမ်းလိုခြင်းသာဖြစ်သည်။ သို့ရာတွင် ၄င်းတို့ သတိလွတ်နေသည့် အမှန်တရားမှာ မြန်မာနိုင်ငံသည် ဘာသာ၊လူမျိုး၊ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းပြည်ဖြစ်ပြီး၊ ဘာသာလူမျိုးမခွဲ နိုင်ငံသားတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးမှသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်မည့် အချက်ဖြစ်သည်။ ရိုဟင်ဂျာလူဦးရေ ကြီးထွားမှုက ဗုဒ္ဓဘာသာဝင်တို့၏ အခွင့်အရေးများကို ကျိုးပျက်စေလိမ့်မည်ဟူသော အကျိုးမဲ့အဖြေကိုသာ အမြင်ရှိနေကြသည်။ ထို့ကြောင့် မူဝါဒ၏ အကျိုးဆက်အားဖြင့် ဖယ်ကြဉ်မှုနှင့်အကြမ်းဖက်မှုကို တရားဝင်ပြုခွင့်ရသွားခြင်းဖြစ်သည်။ စင်စစ်သော် နိုင်ငံတော်/အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံတော်(စစ်တပ်)ထက် မည်သူမျှပိုပြီး လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိချေ။ ရိုဟင်ဂျာများကို ရှင်းထုတ်ရေးအတွက် သူတို့သည် နိုင်ငံတော်အကျိုး/ ကယ်တင်ခြင်း ခေါင်းစဉ်အောက်မှ အလွန်စက်ဆုပ်ဖွယ်ကောင်းသော ခေါင်းဆောင်ထံ အာဏာပြန်လည် လွှဲပြောင်းရောက်ရှိမည် ကိုလည်းကောင်း၊ မိမိတို့၏ နိုင်ငံရေး သဘောတရား မကြေညက်မှုကိုလည်းကောင်း သတိမထားကြတော့ချေ။
ဤအတွက်အကောင်းဆုံးဥပမာသည် ၉၆၉ လှုပ်ရှားမှုဖြစ်သည်။ ၄င်းသည် ဗုဒ္ဓဘာသာဝင် တစ်မျိုးတည်း၏ အခွင့်ထူးကို ကာကွယ်စောင့်ရှောက်ရန် သွေးဆွနေသည့် တရားမ၀င် ဗုဒ္ဓဘာသာဝင်အုပ်စုတစ်စုဖြစ်ကာ ကလေးနှစ်ဦးကန့်သတ်ရေးကို အပြင်းအထန် ရပ်တည်နေကြလေ၏။ ယင်းအုပ်စုသည် ရိုဟင်ဂျာလူမျိုး နှင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ မဟုတ်သူ အခြားမွတ်စ်လင်မ်များကို ကွဲပြားအောင် မခွဲခြားတတ်ကြ။ မွတ်စ်လင်မ်တို့၏စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်သပိတ်မှောက်ရန် လှုံ့ဆော်ကြသည့်အပြင် လက်ကမ်းစာစောင်များ၊ ဘာသာရေးအမည်ခံတရားပွဲများ၊ ဒီဗီဒီများ၊ facebook ရေးသားချက်များအပါအ၀င် မွတ်စ်လင်မ် ဆန့်ကျင်ရေးဝါဒဖြန့်မှိုင်းတိုက်လျက်ရှိကြသည်။ ထို့ကြောင့် လက်ရှိကာလ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ဤအုပ်စု၏ သွေးထိုးမီးမွှေးမှုအဖြစ် ပြောဆိုကြခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအ၀ိုင်းအား ချွေးသိပ်ခြင်းဖြင့် အမြတ်ထုတ်နိုင်မည့် သဘောထားကြီးပြခြင်း နှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ရပ်တည်ချက် အကြား ချိန်ခွင်လျှာညှိရန် ပြုလုပ်လာကြသည်။
ပမာဆိုရသော် သမ္မတဦးသိန်းစိန်၏ပြောခွင့်ရပုဂ္ဂိုလ်သည် ယင်းကလေးနှစ်ဦး မူဝါဒသည် နိုင်ငံတော်၏ထုတ်ပြန်ချက် မဟုတ်ကြောင်း ပယ်ချခဲ့သည်။ ကျွန်ုပ်တို့မှဆောင်ရွက်သွားမည် မဟုတ်ဟု သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံတကာ၏လ က်ခံမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အလွန်အမင်း လိုအပ်လျက်ရှိသော အစိုးရသည် အနာဂတ် လူဦးရေ မူဝါဒအား ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အမြန်ဆုံး သုံးသပ်ရပါတော့မည်။ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်သည်လည်း ဤအရေးကို အလေးအနက်ထားကာ သတိဖြင့် “ တကယ်လို့(ဒီမူဝါဒကို) ထုတ်ပြန်ခဲ့တာမှန်ယင် ဒါဟာ ဥပဒေကိုဆန့်ကျင်နေတာပါဘဲ ” ဟု ထိန်းသိမ်းပြောဆိုသွားခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ လူနည်းစု အခွင့်အရေးများအား ကာကွယ်မှုမရှိခဲ့သည့်အတွက် ဝေဖန်ခံနေရသည်။
ရပ်တည်ချက်အသီးသီး နောက်ကွယ်မှ နိုင်ငံရေး သို့မဟုတ် ကိုယ်ကျင့်တရားအတွေးအမြင်များက အဓိက မကျပါ။ အရေးကြီးသည်မှာ အစိုးရအာဏာပိုင်အဆင့်တိုင်းက မိမိ၏နိုင်ငံသားတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်းတူ အခွင့်အရေးရရှိအောင် ခိုင်မာပြတ်သားစွာ ကာကွယ်သွားရန်ဖြစ်သည်။
နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုထောက်ခံလာရန် လိုအပ်နေသည်။ လူနည်းစုမွတ်စ်လင်မ် အုပ်စုတစ်စုအပေါ် ကလေးနှစ်ဦးသာယူရန် အဓမ္မပြဋ္ဌာန်းခြင်းသည် ခွဲခြားနှိမ့်ချဆက်ဆံမှု၊ ၄င်းပြင် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောဆိုသည်။ “ တစ်ဖက်သတ်ချိုးနှိမ်ကန့်သတ်သည့် မျိုးဆက်ပွားမူဝါဒ ” အား မည်သည့်နည်းနှင့်မျှလက်မခံနိုင်ကြောင်း အမေရိကန်မှလည်း ထုတ်ဖော်အသိပေးလိုက်သည်။
အာဏာရပြုပြင်ပြောင်းလဲရေးအုပ်စု နှင့် အတိုက်အခံအုပ်စုများ နှစ်ဖက်စလုံး နှလုံးသွင်းအပ်သည်မှာ ဒီမိုကရေစီနည်းစဉ်၌ ပါဝင်သော ဒီမို ၏ အဓိပ္ပာယ် သတ်မှတ်ချက်သည် နိုင်ငံသားဝါဒဖြင့်နိုင်ငံတော်ကိုတည်ဆောက်သူများ ဟူ၍ ဖြစ်ပါသည်။ ဒီမိုကရေစီ၏ အဓိကအခြေခံအချက်သည် အမျိုးသားလုံခြုံရေး ဟူသည့် အကြောင်းအရာနှင့် လားလားမျှ မသက်ဆိုင်ပါ။
မည်သည့် ဒီမိုကရေစီအပြောင်းအလဲကာလအတွက်ဖြစ်စေ နိုင်ငံတော်အစိုးရအနေနှင့် အရေးအပါဆုံး ဖွင့်ဆိုဖော်ပြရမည့် မေးခွန်းကြီးနှစ်ရပ်ရှိနေပေသည်။
၁။ မည်သူတို့သည် နိုင်ငံတော်၏နိုင်ငံသားများ ဖြစ်ကြသနည်း၊ နိုင်ငံသား ဥပဒေအား မည်သို့သတ်မှတ်ကြမည်နည်း ?
၂။ ဤမေးခွန်းများအား သမမျှတအောင်ဆောင်ရွက်ခြင်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏အကူးအပြောင်းကြားကာလအား သမိုင်းက မည်သို့ ဆုံးဖြတ်ပြောင်းလဲပေးလိုက်မည်နည်း ?
** Foreignpolicy တွင် မင်းဇင် ရေးသားသည့် National security is no excuse for bad behavior (in Burma) ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
Comments