“အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ
မိုးမခ မှ တဆင့်ကူးယူဖော်ပြသည်။
“အချစ်ဂျီဟဒ်” ဆိုတဲ့ အသုံး လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က နိုင်ငံတကာ မှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ဗမာပြည်မှာလည်း အလားတူ သဘောတရားတခု ခုနှစ်ပိုင်း ပို ခေတ်စားလာတယ်။ နိုင်ငံတကာမှာတော့ နာမည်ကို နားဝင်သာအောင် ပေးကြတယ်။ နောက်တမျိုးက ပိုတောင် ယဉ်သေးတယ်။ “ရိုမီယိုဂျီဟဒ်” တဲ့။ ဆိုလိုချင်တဲ့ အဓိပ္ပာယ် အနက် ကို ပို ပေါ်လွင် အားပါစေတဲ့ အသုံး ကျ “အချစ်ထောင်ခြောက်” တဲ့။ စာရေးသူ တို့ဆီမှာလည်း လှပါတယ်။ တခါတည်း ပေးလိုက်တာ ဒုတ်ထိုးအိုးပေါက် ကွက်ကွက်ကွင်းကွင်း “သားဖောက်သာသနာပြုခြင်း” ဆိုပဲ။ မြန်မာ စကားလုံး ရဲ့ လားရာ “Etymology” ကို စစ်ရင် နိုင်ငံတကာက အသုံးထက် ပိုတောင် ရှေးကျဦးမလား မသိဘူး။ စာရေးသူတော့ ကြားဖူးခဲ့တာ တော်တော်ကြာပေါ့။
စကားလုံးရဲ့ ပုံဖော်နိုင်မှု၊ တနည်းအားဖြင့် စကားလုံးရဲ့ အားက သိပ်ကောင်းတယ်။ ဒါကြောင့် အထက်မှာ လှတယ်လို့ သုံးလိုက်တာပါ။ ဒါပေမယ့် ကိုးကွယ်ယုံကြည်မှု ဘာသာတရား တခုခုနဲ့ ဆက်စပ်တဲ့ ကိစ္စကို ဆိုရာမှာ စကားလုံးရွေးချယ်မှုက အားကောင်းဖို့ထက် တဘက်သား နာခံသာပြီး ယဉ်ကျေးဖွယ်ရာဖြစ်ဖို့က ပိုအရေးကြီးတယ်။ ဒါ့အပြင် စွပ်စွဲချက်က မှန်နေရင် တော်သေးတယ်။ မမှန်ရင် တဘက်အုပ်စုက ပို အခံရခက်တာပေါ့။ ပြီးတော့ စကားလုံး အားကောင်းလေ လူအများကြား ဟုတ်နိုးနိုးနဲ့ ပို ယုံထင်ကြောင်ထင် ဒွိဟဖြစ်လေ၊ ပြဿနာပိုကြီးလေ၊ ရှင်းဖို့ခက်လေ နဲ့ နောက်ဆုံးတော့ တဘက်နဲ့ တဘက်နဲ့ မယုံသင်္ကာပိုဖြစ်၊ သံသယတွေ ပိုထားလာပြီး နောက်ဆုံး ပြင်းထန်တဲ့ ပဋိပက္ခတွေ အထိ ဖြစ်လာပြီး အရှည် မှာ ဖျောက်ဖို့ခက်တဲ့ ဒဏ်ရာအမာရွတ်တွေ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခုကြားမှာ ထင်ကျန်လာတော့တာပေါ့။
“မျိုးစောင့်ဥပဒေ” ထုတ်ပြန်လိုမှု ရဲ့ အကြောင်းရင်း
ခု ဗမာပြည်မှာ ဖြစ်ပေါ်လာတဲ့ အငြင်းပွားဖွယ် “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု ရဲ့ အရင်းစစ်က ဒီ “အချစ်ဂျီဟဒ်” စကားလုံး (သို့) သီအိုရီ ကြောင့်လို့ ဆိုနိုင်တယ်။ Theory ဆိုတာထက် “Conspiracy Theory” ဆိုရင် ပိုမှန်မယ်။ အင်အားကြီးတဲ့ လူတစုက ရည်ရွယ်ချက်ရှိရှိ၊ အကွက်ကျကျ၊ လျှို့ဝှက်ကြံစည် နေမှု တခုခုကြောင့် ဖြစ်ရပ်တချို့ရဲ့ နောက်ကွယ်မှာ မနှစ်မြို့ဖွယ် အခြေအနေတခုခု ရှိနေတယ်ဆိုပြီး မှန်းဆ တွေးတော ကောက်ချက်တွေထုတ် ယုံကြည်နေမှု တခုခုလို့ ဆိုပါတော့။
လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ
ဒီ “အချစ် ဂျီဟဒ်” ရဲ့ အရင်းစစ်က အစွပ်စွဲခံ အုပ်စုတွေရဲ့ ဘာသာတရား အစ္စလာမ် ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ကြောင့်လို့ ဆိုနိုင်မယ် ထင်တယ်။
ဥပမာ – ကမ္ဘာ့ ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒို ဘာသာယုံကြည်မှုအရဆိုရင် ဘုရားကို ရှာတဲ့ နေရာမှာ၊ တနည်းအားဖြင့် ပရမတ္တသစ္စာ (Absolute Truth) ကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့ လမ်းတွေ ရှိမယ်။ ဒါပေမယ့် ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲ လို့ ယူဆတဲ့ အတွက် ဟိန္ဒို တယောက် နဲ ဟိန္ဒို မဟုတ်သူ တယောက် အကြား မှာ အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားမှု မရှိဘူး။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိက အခွင့်အရေး နဲ့ ရွေးချယ်မှု သက်သက် ဖြစ်တယ်။ ကြိုက်တဲ့ လမ်းရွေး၊ ကြိုက်တာ ကိုးကွယ် ဆိုတဲ့ အယူအဆ အရ ဘာသာကွဲနဲ့ လက်ထပ်မှု ကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှု ပြုမထားဘူး။
ခရစ်ယာန် ဘာသာ မှာ ဆိုရင်လည်း သမ္မာကျမ်းစာ ကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့ တခု အနက်ကောက်ရာမှာ မတူညီတဲ့ အတွက် ဘာသာကွဲ လက်ထပ်မှု ခွင့်ပြုတာ ရှိသလို၊ ပြင်းထန်တဲ့ အစုအဖွဲ့ တွေမှာလည်း တားမြစ်ထားတာ ရှိတယ်။ ဓမ္မသစ်ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့) မယား ဟာ ယုံကြည်မှုရှိသူ မိမိ အိမ်ထောင်ဘက် မှ တဆင့် မြင့်မြတ်တဲ့ ကောင်းကင်ဘုံ (နိဗ္ဗာန်) ကို ရောက်နိုင်တယ် ဆိုတဲ့ သဘောမျိုးပါတဲ့အတွက် ယေဘုယျ သဘော ဘာသာကွဲနဲ့ လက်ထပ်ခြင်းကို ခွင့်ပြုတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံ ဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုး မရှိဘူး။
(စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။ ဆောင်းပါးပါ ရေးသားချက်မှာ ယေဘုယျ သဘောကိုသာ ဆိုလိုခြင်း ဖြစ်တယ်။)
ဗုဒ္ဓဘာသာ မှာ ဆိုရင်လည်း ကိလေသာ နဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စ “Pure Secular Affair” ဖြစ်တယ်။ ငါးပါးသီလ လို ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက် ရှိတယ်။ ဒါပေမယ့် အိမ်ထောင်မှုပြုခြင်း အတွက် သီးသန့် လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိဘူး။ ဒါဟာ ဗုဒ္ဓဘာသာ မှာ အိမ်ထောင်မှုပြုခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ဘူး။ ဆန့်ကျင်ခြင်း၊ ကန့်သတ်ခြင်း မရှိသလို၊ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းထားပြီး လမ်းညွှန် အားပေးထားခြင်းမျိုးလည်း မရှိဘူး ဆိုတဲ့ သဘောသာ ဖြစ်တယ်။
ဒါပေမယ့် ယေဘုယျ ဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်း ချည်းပဲ ဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရား ကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေ အဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီလူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆပ်စပ်ဘူးလို့ ဆိုလိုတယ်။
အစ္စလာမ် အယူဝါဒ မှာတော့ ဆိုခဲ့သလို အိမ်ထောင်ပြုမှုဆိုင်ရာအတွက် လမ်းညွှန်ချက်တွေ သီးသန့် ရှိတယ်။ ယေဘုယျ သဘောအရ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးဘူး။ အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြား ဘာသာ နှစ်ခု ဖြစ်တဲ့ ဂျူး နဲ့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးတယ်။ သားသမီးကိုလည်း မွတ်ဆလင် အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားတယ်။
ဒီလို တိတိကျကျ သတ်မှတ်ထားမှု သဘောကြောင့် ဒါဟာ မွတ်ဆလင် ဘာသာဝင် အရေအတွက် တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး ဆိုခဲ့တဲ့ “အချစ်ဂျီဟဒ်” သီအိုရီ ပေါ်လာခြင်း ဖြစ်တယ်လို့ ယူဆနိုင်တယ်။ မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင် မဟုတ်တဲ့ အခြား ဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခု ချို့ယွင်း မှု ကြောင့် သိမ်းသွင်းဖို့ပိုလွယ် “Vulnerable“ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆတရပ်၊ စွပ်စွဲမှုတရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာတယ်။
အိန္ဒိယ ဖြစ်စဉ်
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယ မှာ အစ္စလာမ် ဘာသာရေး အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး “အချစ်ဂျီဟဒ်” ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒို နဲ့ ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးတယ်။ ဒီလို စနစ်တကျ နဲ့ လူပ်ရှားမှု “Campaign” ပုံ သဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ် အခြေခံဝါဒီ အုပ်စုကိုလည်း နိုင်ငံခြားက အစ္စလာမ် အဖွဲ့အစည်းတွေကလည်း ငွေကြေးထောက်ပံ့ ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြတယ်။ ဒါကြောင့် အစိုးရနဲ့ တရားရေး အဖွဲ့တွေက ဒီကိစ္စ ကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတယ်။ ပုဂ္ဂလိက တဦးချင်း ဆန္ဒ နဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမယ့် အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှု ပုံစံ မျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေး ရေးသား ဆွေးနွေးနေဆဲ ဖြစ်တယ်။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှု တွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အားတိုက် ဝါဒဖြန့်နေကြဆဲ ဖြစ်တယ်။ သာမန် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေကလည်း “အချစ်ဂျီဟဒ်” ကိစ္စ ဆက်လက် ထောက်ပြ၊ စုံစမ်းစစ်ဆေးအရေးယူဖို့၊ သူတို့ သမီးတွေ နဲ့ အိန္ဒိယ ကို ဟန်ဆောင် အချစ် “အချစ်ဂျီဟဒ်” စစ်ပွဲ မွတ်ဆလင်တွေက စနစ်တကျ ဆင်နွှဲနေတာကို ကာကွယ်ဖို့ တောင်းဆိုနေကြဆဲ ဖြစ်တယ်။
ယူကေ ဖြစ်စဉ်
ဗြိတိန် နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးတယ်။ ဆစ်ခ် အမျိုးသမီးငယ် ပညာတတ် ကောလိပ် ကျောင်းသူလေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား “အချစ်ထောင်ခြောက်” နဲ့ သိမ်းသွင်းခြင်းခံနေရတယ်။ နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ် အသိုင်းအဝန်းမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် “လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး ဌာန” က ဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ဖူးတယ်။ လေ့လာချက်အရ ဆစ်ခ် အသိုင်းအဝန်းရဲ့ စိုးရိမ် စွပ်စွဲ မှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်တယ် ဆိုတာ တွေ့ရှိခဲ့တယ်။ မွတ်ဆလင်တွေကို မကောင်းဆိုးဝါးတွေ အဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါ (Islamophobia) ရဲ့ ပြဿနာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ လူထု နဲ့ ဆစ်ခ် အသိုင်းအဝန်းကို ထုတ်ပြန် တင်ပြခဲ့ရဖူးတယ်။
ဗမာပြည် ဖြစ်စဉ်
ဆိုတော့ ဆိုလိုချင်တာက “အချစ်ဂျီဟဒ်” ပြဿနာ ဟာ နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ၊ စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုခဲ့တယ်။ အခု ဗမာပြည်မှာလည်း ဒီ “အချစ်ဂျီဟဒ်” သဘောနဲ့ ဆက်နွယ်ပြီးတော့ လူအများကြား ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစား၊ ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ နှစ်မျိုးစလုံးအနေနဲ့ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချီ လာကြတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမို အထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရား နဲ့ သံသယ ဟာ ဗမာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ပြန့်နှံ့ လာနေတယ်။ အခုနောက်ဆုံး လောကီရေးရာ နဲ့ အမြဲလိုလို ကင်းကင်းနေလေ့ရှိတဲ့ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များကပါ ဘာသာ၊ သာသနာအရေးအတွက် စိုးရိမ်သောက ရောက်လာပြီး “အချစ်ဂျီဟဒ်” ကို ကာကွယ်လိုမှု သဘော “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု မျိုး ပုံစံ အထိ အဆိုတင်သွင်းလာကြတယ်။
ဗမာပြည် ဖြစ်စဉ်အတွက် ဦးစားပေး စတင် လုပ်သင့်တဲ့အရာ
ဒီလို ဗမာပြည်မှာ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒို နဲ့ အစ္စလာမ် မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးထဲက အမျိုးသမီးငယ်လေးတွေ ဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ် သားကောင် အနေနဲ့ ဟန်ဆောင် အချစ် (သို့) ငွေကြေး နဲ့ မြူဆွယ် ဖြားယောင်းမှု ထောင်ခြောက် ဒဏ် ကို စနစ်တကျ ကျူးလွန် ခံနေရပြီး အဓမ္မ ဘာသာပြောင်းခြင်း ခံနေရတဲ့ ဖြစ်စဉ်မျိုး ဗမာပြည်မှာ တကယ် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါက အမှန်တကယ် လျစ်လျူရှုထားလို မရတဲ့ ပြဿနာ အကြီး ဖြစ်ကာ တကယ်လည်း အလေးထား အရေးယူ၊ ကာကွယ်မှု တခုခု ပြုလုပ်ရာမှာ အမှန်ဖြစ်တယ်။
ဒါပေမယ့် အခု သံဃာတော် များ ဆွေးနွေး ညှိနှိုင်းပြီး ထုတ်ပြန်ဖို့ ဆန္ဒ ရှိတဲ့ “မျိုးစောင့်ဥပဒေ” လို မျိုးနဲ့တော့ မဟုတ်ပါ။
“အချစ်ဂျီဟဒ်” သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက်ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် အနေနဲ့ကို ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ မျှတတဲ့ စုံစမ်း စစ်ဆေးမှု မဖြစ်မနေ အရင်လုပ်ရပါမယ်။
တကယ်လို့ “အချစ်ဂျီဟဒ်” ဖြစ်စဉ် အမှန်တကယ် ဖြစ်ပေါ်နေတယ်၊ ဒါမှမဟုတ် ဖြစ်ပေါ်လာနိုင်ဖို့ အလားအလာ ရှိတယ်၊ နောက်ဆုံး ယုတ်စွအဆုံး တကယ်မဖြစ်ပေါ်နေ၊ မဖြစ်ပေါ်နိုင်သော်ငြားလည်း အမျိုး၊ ဘာသာ၊ သာသာနာ ကို ကာကွယ်စောင့်ရှောက်လိုမှုသဘောနဲ့ အရေးယူ ဆောင်ရွက်မှုမျိုး၊ ဥပဒေပြူမှုမျိုး လုပ်ချင်တာဆိုရင်လည်း အခု သံဃာတော်များ ဆွေးနွေး အဆိုပြု ခဲ့တဲ့ “မျိုးစောင့်ဥပဒေ” သဘောမျိုးနဲ့တော့ ပြဿနာ အဖြေ မရှာနိုင်ပါ။
အထူးသဖြင့် “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း)” အဆိုပါ ထည့်သွင်းထားတဲ့ သဘောမျိုးနဲ့တော့ လုံးဝ အရေးယူမှု ပြုလို့ မရပါ။ ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက် နဲ့ ဖြစ်သင့်တဲ့ သဘောကို အောက်ပါ ဆွေးနွေးချက် (၁၁) ချက်မှာ ဆက်လက် ရှုပါ။
၁) ပုဂ္ဂလိက ဆန္ဒ နဲ့ အခွင့်အရေး ကို လေးစား အသိအမှတ်ပြုရမယ်။
အိမ်ထောင်သားမွေးပြုခြင်း (လက်ထပ်ခြင်း) နဲ့ လိင်ဆက်ဆံခြင်း ဆိုတာဟာ အရွယ်ရောက်ပြီး ကျား/မ လူသားတိုင်းအတွက် ကိုယ်ပိုင် အသိဉာဏ်၊ ပညာ နဲ့ ဆင်ခြင်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိတဲ့ တကိုယ်ရေ ပုဂ္ဂလိက ရွေးချယ်မှု၊ သဘော နဲ့ ဆန္ဒသာ ဖြစ်တယ်။
၂) အခြေတည် ပြီးသား ကောင်းမွန်တဲ့ ဓလေ့ထုံးကို ထိန်းသိမ်းရမယ်။
ဗမာ့ရိုးရာဓလေ့ နဲ့ ဗုဒ္ဓဘာသာ ဓလေ့ မှာ အိမ်ထောင်မှုပြုခြင်းကိစ္စဟာ အင်မတန် ရိုးရှင်း လွတ်လပ်ပြီး ဘာသာရေး လမ်းညွှန်ချက်တွေ၊ အဖွဲ့အစည်းတွေ အပြင် ဥပဒေရဲ့ တုန့်နှောင်မှု နဲ့ပါ လွတ်ကင်းပြီး (၂၁) ရာစု မျက်မှောက်ခေတ် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အံဝင်ပြီးသားလည်း ဖြစ်တယ်။ ဒါဟာ မိမိဓလေ့၊ ဘာသာထုံးရဲ့ အမြင်ကျယ်၊ သဘာထားကြီး၊ လူသားဆန်မှု နဲ့ လွတ်လပ်ခွင့် ကို ဖော်ပြရာရောက်တဲ့အတွက် ထိန်းသိမ်းရပါမယ်။
၃) ကျား/မ လိင် ခွဲခြားဆက်ဆံ ပြုမူခြင်းကို ဆန့်ကျင် ရှုတ်ချရမယ်။
အခု မူကြမ်း ဥပဒေ အဆိုပါ “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ” လို့ ခေါင်းစဉ် တပ် ကန့်သတ်ခြင်းဟာ လူ့အခွင့်အရေး ကို ချိုးဖောက်ရုံမက ကျား/မ လိင် ခွဲခြားမှု ကို ဖြစ်စေတယ်။ အစ္စလာမ် လက်ထပ်ခြင်း ထုံးမှာလည်း အလားတူပဲလို့ ပြန်အကြောင်းပြချက် ပေးလိုသူများကို တခါတည်း စဉ်းစားနိုင်ဖို့ ဒီမှာ ရှင်းပါမယ်။ အစ္စလာမ် ဘာသာ နဲ့ ဘာသာဝင် မိတ်ဆွေများကို စော်ကားလိုစိတ် ရိုးသားစွာ မရှိပါ။ ဘာသာရေး ထုံးတမ်းတွေ အများစုဟာ ရှေးဟောင်း လူ့အဖွဲ့အစည်း ကို အခြေခံပြီး အဲဒီ ခေတ် လိုအပ်ချက်အရ သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်။ ခေတ်သစ် ကမ္ဘာ (၂၁) ရာစု အတွေးအခေါ်၊ အဆင့်အတန်း ရေချိန် အရ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင် ပြောင်းလဲဖို့လိုသလို တင်းကျပ်မှုတချို့ကို ဖြေလျော့ဖို့ လိုတယ်။ အစ္စလာမ်ထုံးပါ အမျိုးသားများကိုသာ ကွက်ပြီး ဘာသာကွဲနဲ့ လက်ထပ်လိုပါက ခွင့်ပြုခြင်းဟာ ကျား/မ လိင် ခွဲခြား၊ ဖိနှိပ်ဆက်ဆံခြင်း ဖြစ်တယ်။ မျက်မှောက် လူ့အဖွဲ့အစည်းအတွက် မသင့်တော်ပါ။
၎) မလေးရှား ဒီမိုကရေစီ ကို တုချင်ရင် အာဏာရှင်စနစ်သာ ကျင့်သုံးပါ။ ဒါမှမဟုတ် “Theocracy” စနစ် ကျင့်သုံးပါ။
မလေးရှားမှာလည်း အလားတူ သဘော ဥပဒေ ရှိတယ်လို့လည်း အခု အကြောင်းပြကြတယ်။ မလေးရှားဟာ ဘာသာရေးက နိုင်ငံတော်ရဲ့ မူဝါဒ နဲ့ လမ်းစဉ်တွေအပေါ် လွှမ်းမိုးမှုလုံးလုံးကင်းတဲ့ “Secular State” စစ်စစ် မဟုတ်ပါ။ ဘာသာရေး အစွန်းရောက်တွေ မများဘဲ အလယ်အလတ်ဝါဒီ အများစုလို့ ဆိုနိုင်သော်လည်း ဘာသာရေးထုံးတမ်း နဲ့ ရှေးရိုးစွဲ အမြင်၊ အလုပ်တွေ အများကြီး ရှိနေတယ်။ ဒါဟာ အတုယူစရာ မဟုတ်ပါ။
၅) စင်္ကာပူလို လုပ်လို့မရ။ လက်ထပ်ခြင်း စံနှုန်းတွေဟာ အရပ်ဘက် ဥပဒေ အောက်မှာ ဘာသာအားလုံး အတူတူဖြစ်ရမယ်။
စင်္ကာပူမှာ အလားတူ ဥပဒေ ရှိတယ်ဆိုတာလည်း တကယ်တော့ အပြည့်အဝ မမှန်ပါ။ အစ္စလာမ် ဘာသာမှာ အထက်တနေရာမှာ တင်ပြခဲ့သလို လက်ထပ်ခြင်းအတွက် သီးသန့် ညွှန်းဆို ပြဋ္ဌာန်းထားချက်တွေ သီးခြားရှိတဲ့အတွက် စင်္ကာပူအစိုးရက သူတို့နိုင်ငံရဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းကို သီးသန့် အခွင့်အရေးပေးတဲ့ အနေနဲ့ အစ္စလာမ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ရုံး နဲ့ ဥပဒေ ခွဲထားခြင်းသာ ဖြစ်တယ်။ ဗမာပြည်မှာ အလားတူ သဘော မွတ်ဆလင်တွေအတွက် သီးခြား ထိမ်းမြားခြင်း ဆိုင်ရာ တရားရုံး နဲ့ ဥပဒေ ခွဲဖို့လည်း လုပ်လို့ မရပါ။
အကြောင်းက မယားပြိုင်ယူခွင့် (Polygyny) ကိုပါ အရပ်ဘက် ဥပဒေ (Civil Law) အရ မွတ်ဆလင် အသိုင်းအဝန်းအတွက် သီးသန့် စင်္ကာပူမှာ ခွင့်ပြုသလို ခွင့်ပြုရမှာ ဖြစ်လို့ ဖြစ်တယ်။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ အရာ ဖြစ်တယ်။ လက်ရှိ ဗမာပြည် အရပ်ဘက် ဥပဒေမှာကို Polygamy (လင်ပြိုင်/မယားပြိုင်) ကိစ္စနဲ့ ပတ်သက်ပြီး ဗမာအမျိုးသမီးတွေဟာ တရားမျှတမှု မဲ့၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတယ်။ လက်ရှိ ဗမာပြည်မှာ ဥပဒေအရ လင်ပြိုင်ထားခြင်း (Polyandry) ကိုသာ အမျိုးသမီးများအပေါ် ကွက်တားမြစ်ထားပြီး အမျိုးသားများအတွက်တော့ မယားပြိုင်ယူခွင့် (Polygyny) တဘက်စောင်းနင်း ခွင့်ပြုထားတယ်။ ဒါကိုသာ ပြုပြင်ပြီး Polygamy (လင်ပြိုင်/မယားပြိုင်) ကို ညီတူညီမျှ ကန့်သတ်တားမြစ်တဲ့ ဥပဒေထုတ်ဖို့ ကြံဆောင်ရမှာ ဖြစ်တယ်။ ဒီလိုသဘောဟာ အရပ်ဘက် ဥပဒေ (Civil Law) နဲ့ တည်ရှိနေပြီး လူမျိုး၊ ဘာသာအားလုံး၊ နိုင်ငံသားအားလုံးအပေါ် တပြေးညီ သက်ရောက်ရမှာ ဖြစ်တယ်။
၆) အမျိုး/ဘာသာ/သာသာနာ နဲ့ အမျိုးသမီးငယ်တွေကို အမှန်တကယ် လက်တွေ့ အကျိုးရှိ ကာကွယ်နည်း
အမျိုး၊ ဘာသာ ကို ကာကွယ်ချင်သလား။ ဗမာမိန်းကလေးတွေကို လူမျိုး/ဘာသာခြားက ငွေနဲ့ သိမ်းသွင်းနေတာမျိုး ကို ကာကွယ်ချင်သလား။ ဘာသာရေးမုန်းတီးမှု မှိုင်းတိုက်နေတာတွေ ရပ်ပါ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ လူပ်ရှားမှု “Campaign” တွေ (မွတ်ဆလင်ဆိုင် ဈေးမဝယ်ရေးလိုမျိုး) ရပ်ပါ။ တိုင်းပြည်မှာ တည်ငြိမ်၊ အေးချမ်းပြီး လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပါ။ အထူးသဖြင့် တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအများစု သူဆင်းရဲမိသားစုက ဗမာမိန်းကလေးတွေရဲ့ လူမှု-စီးပွား ဘဝတိုးတက်အောင်၊ ပညာရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားပါ။ ဒါမှသာ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာပေါင်းစုံ က နိုင်ငံသား မျက်နှာမွဲ လူ့ဆင်းရဲ အမျိုးသမီးငယ်လေးတွေ ငွေကြေး အလို့ငှာ ဘဝတွေ ပေးဆပ်နေရတာတွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြားမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေရတာတွေ၊ လူကုန်ကူးခြင်း၊ အိမ်နီးချင်း တိုင်းပြည်တွေကို ဇနီး/မယား အဖြစ် ရောင်းစားခံနေရာတွေ ပပျောက်မှာ ဖြစ်တယ်။ “သားဖောက်သာသနာပြုနေတယ်” ဆိုတာကို အခု ဇောင်းပေးနေသူများ ဒီလို ကျယ်ပြန့်တဲ့ ရှုထောင့်ကနေကြည့်ပြီး အမှန်တကယ် စိုးရိမ်သင့်တဲ့ အခြေအနေ နဲ့ အကြောင်း ကို အကျိုး/အကြောင်းညီ စိုးရိမ်တတ်ပါ။
၈) ဥပဒေ ပြုရေးဟာ ဘာသာရေးခေါင်းဆောင်များ ရဲ့ ကျွမ်းကျင်မှု အလုပ် မဟုတ်ပါ။
အခုလို ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မိမိ ဘာသာ၊ သာသနာအတွက် စိုးရိမ်မှုရှိတာ သဘာဝကျတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ကဏ္ဍ အသီးအသီး နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက် စဉ်းစားဖို့လိုတဲ့ ဥပဒေပြုရေးလို အကြောင်းအရာမျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံကို ဖြန့်ကြည့်မြင်ရပါမယ်။ ဒါမျိုးဟာ ဘာသာရေးတခုသာ ဇောက်ချ လေ့လာ၊ အားထုတ်နေတဲ့ ရဟန်း သံဃာတော်များရဲ့ အလုပ် တာဝန် မဟုတ်သလို လိုအပ်တဲ့ ကျွမ်းကျင်မှု ပညာအရည်အချင်းလည်း မရှိပါ။ ဘာသာရေး တတ်ကျွမ်းမှု တခုတည်းနဲ့ စဉ်းစား၊ ဘာသာ/သာသနာ အမြင် တခုတည်းနဲ့ပဲ မြင်ကြည့်ပြီး ဥပဒေ ထုတ်မယ်ဆိုလည်း ဆိုခဲ့သလို သီအိုကရေစီ နိုင်ငံပဲ ဖြစ်သွားမှာပါပဲ။ ဒီမိုကရေစီနိုင်ငံ မဟုတ်တော့ပါ။ လူမျိုးစုံပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စုစနစ်တိုင်းပြည်မှာ သီအိုကရေစီ စနစ် ဖြစ်သွားရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ စဉ်းစာကြည့်ဖို့တောင် မဝံ့ပါ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်ဖို့ ကြံစည်ခဲ့ရုံလေးနဲ့ ကချင်အမျိုးသား ညီအကို များနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ် အခုအထိ အပြီးအပြတ် မငြိမ်းသေးပါ။ သံဃာတော် အရှင်သူမြတ်များ အနေနဲ့ ဘာသာရေးရာ တရားဓမ္မနဲ့ ဆိုင်တဲ့ လမ်းညွှန်မှုတွေ၊ ဆိုဆုံးမမှုတွေ လူ့အဖွဲ့အစည်းအပေါ် လုပ်ပါ။ ဒါပေမယ့် ပိုမိုကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ ဥပဒေပြုရေးလို တိုင်းပြည်ရဲ့ အရေးတွေမှာတော့ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များကိုသာ ဆောင်ရွက်ခွင့်ပေးဖို့ သံဃာတော် အရှင်သူမြတ်များကို ရှိခိုးဦးတင် တောင်းပန်ပါရစေ။
၉) ယနေ့ခေတ်မှာ ဘာသာတရား တခုခု ဟာ တနေရာမှာ လုံးဝ ကွယ်ပျောက်စရာ အကြောင်း အင်မတန် နည်းတယ်။
၁၀) “Islamophobia” ဟာ ပိုမို ကျယ်ပြန့်လာပြီ
၁၁) မှန်ကန်တဲ့ အလုပ်သဘောနဲ့ ကျယ်ပြန့်တဲ့ စဉ်းစားတွေးခေါ်၊ မျှော်မြင်နိုင်မှုကသာ ပြဿနာ ရဲ့ အဖြေဖြစ်တယ်။
Comments